၂၀၂၂ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကိုကျယ်ကျယ်ပြန့်ပြန့် ထပ်မံလုပ်ဆောင်နိုင်တာ တွေ ရှိနေသေးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းနှိုးဆော်
📌 ၂။ အခြေခံလူတန်းစားတွေ အဓိက အားကိုးအားထားပြုရာ ပန်းဆိုးတန်း - ဒလ ကူးတို့သင်္ဘောကို ဖောက်ခွဲမှုဟာအဓိပ္ပါယ်မဲ့ အဆင်ခြင်မဲ့ ဖောက်ခွဲမှုလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
📌 ၃။ အမာခံသတင်းပေးပို့သူများကို သတင်း အချက်အလက် အဆင့်အတန်း အပေါ်မူတည်၍ကာကွယ်ရေးဝန်ကြီးဌာနက ချီးမြှင့်ငွေများပေးအပ်မယ်
📌 ၄။ ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပညာရေးကော်မတီသည် သြစတေးလျပညာရှင် Professor Joseph Lo Bianco၊ သြစတေးလျပါလီမန်အမတ် Janelle Saffin တို့နှင့် တွေ့ဆုံဆွေးနွေး
📌 ၅။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးမဲခွဲဆုံးဖြတ်မယ်
📌 ၆။ ပြည်ပရောက် မြန်မာနိုင်ငံ သားတို့ရဲ့ သားသမီးများကို မွေးစာရင်းလက်မှတ် ထုတ်ပေးနိုင်ရေး အစိုးရကက်ဘိနက်အစည်းအဝေးမှာ ပြည်ထဲရေးဒုဝန်ကြီးတင်ပြ
📌 ၇။ အကြမ်းဖက်စစ်တပ်ကုမ္ပဏီတွေနဲ့ ရိုးမဘဏ် စီးပွားရေးပတ်သက်နေတဲ့အကြောင်း ဖော်ထုတ်ပြီးနောက် ရိုးမဘဏ်ကနေ IFC နုတ်ထွက်
📌 ၈။ မမများနဲ့ ပွဲကမယ် စတုတ္ထပရောဂျက် မကြာမီလာမယ်လို့အသိပေး
📌 ၉။ ပြည်သူအားလုံး ကူညီပေး၊ မင်းတပ်စစ်ရှောင် ပညာရေး” Campaign မျှော်မှန်းပမာဏ ပြည့်မီဖို့ ၅၀ ရာခိုင်နှုန်း ခန့် လိုအပ်နေ
📌 ၁၀။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ အပတ်စဥ်အသစ်အတွက် သင်တန်းသူ၊ သင်တန်းသားများ ထပ်မံခေါ်ယူနေ
📌 ၁၁။ အကွာဝေး ၁ မိုင်ထိ ၈၀မမ လက်နက်ကြီး အတိကျပစ်ခတ်နိုင်ခဲ့ပြီလို့ Dog Hunter တပ်ဖွဲ့ကအသိပေးကြေညာ
📌 ၁၂။ ရေးမြို့နယ် ခလရ ၅၈၆ ကိုရေးဘီလူးအဖွဲ့က RPG နဲ့ပစ်ခတ်ရာ စကစဘက်ကလေးဦးသေ၊ သုံးဦးပြင်းထန်ဒဏ်ရာရ
📌 ၁၃။ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မြွေတလိုင်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရုပ်အလောင်း လာသယ်တဲ့ကားမိုင်းထိရာက ကားလာသယ်တဲ့ စကစတပ်စစ်ကြောင်းပါမိုင်းထပ်ထိကာ လေးဦးသေဆုံး
📌 ၁၄။ မုံရွာမြို့နယ် ပ လ ဖ၊ ပ က ဖ Special Force11 တို့ပူးပေါင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ စကစရဲ့တပ်ဖွဲ့ဘက်က တစ်ဦးသေဆုံးကာ သေနတ်တစ်လက်ကိုသိမ်းဆည်းရမိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကိုကျယ်ကျယ်ပြန့်ပြန့် ထပ်မံလုပ်ဆောင်နိုင်တာ တွေ ရှိနေသေးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းနှိုးဆော်
ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကိုကျယ်ကျယ်ပြန့်ပြန့် ထပ်မံလုပ်ဆောင်နိုင်တာ တွေ ရှိနေသေးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ဒီဇင်ဘာ၂၀ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ကဆိုပါတယ်။
"ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုတာ “ရုံးမတက်ဘူး” ဆိုတဲ့ လှုပ်ရှားမှုထက် ပိုမိုကျယ်ပြန့်တာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် တခြားသော ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထပ်မံလုပ်ဆောင်နိုင်တာ တွေ ရှိနေသေးတယ်ဆိုတာ မမေ့ကြဖို့ နှိုးဆော်ချင်ပါတယ်"လို့ ယာယီသမ္မတကပြောပါတယ်။
လက်ရှိမှာ ပြည်သူလူထုဟာ အသံတိတ် သပိတ်၊ ပန်းသပိတ်တို့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်များကို မြို့ပြများမှာ ဆင်နွှဲခဲ့ကြပါတယ်။ ဒါ့အပြင် စစ်တပ်ထုတ်ကုန်ဖြစ်သော မိုင်တဲဆင်းကတ်၊ ငွေဖြည့်ကတ်နဲ့ မြန်မာဘီယာ စတဲ့ စစ်တပ်ထုတ်ကုန် အရက် ဘီယာများကိုလည်း မသုံးစွဲဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အခြေခံလူတန်းစားတွေ အဓိက အားကိုးအားထားပြုရာ ပန်းဆိုးတန်း - ဒလ ကူးတို့သင်္ဘောကို ဖောက်ခွဲမှုဟာအဓိပ္ပါယ်မဲ့ အဆင်ခြင်မဲ့ ဖောက်ခွဲမှုလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
အခြေခံလူတန်းစားတွေ အဓိက အားကိုးအားထားပြုရာ ပန်းဆိုးတန်း - ဒလ ကူးတို့သင်္ဘောကို ဖောက်ခွဲမှုဟာအဓိပ္ပါယ်မဲ့ အဆင်ခြင်မဲ့ ဖောက်ခွဲမှုလို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။ ဒီဇင်ဘာလ (၂၀) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၉) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီ၏ အရပ်သားများ အပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ဖိနှိပ်မှုများ၊ လူမျိုးခြား၊ ဘာသာခြား၊ အခြေခံ အလုပ်သမား လူတန်းစားများအပေါ် အနိုင်ကျင့်ပြီး ပဋိပက္ခများ ဖန်တီးနေမှုတွေဟာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း တစ်နိုင်ငံလုံးအနှံ့မှာ အရှိန်အဟုန်နဲ့ တိုးပွား ဖြစ်ပွားနေတာ အားလုံး အသိပဲဖြစ်ပါတယ်။ တမြန်နေ့က အခြေခံလူတန်းစားတွေ အဓိက အားကိုးအားထားပြု အားထားရာ ပန်းဆိုးတန်း - ဒလ ကူးတို့သင်္ဘောကို အဓိပ္ပါယ်မဲ့ အဆင်ခြင်မဲ့ ဖောက်ခွဲမှု၊ သွေးချင်း အညာဒေသတစ်ခွင်၊ တိုင်းရင်းသားဒေသအနှံ့မှာ လူသတ်၊ မီးရှို့၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို ကျွန်တော်တို့ အနေနဲ့ နေ့စဉ်နဲ့အမျှကြားသိနေရပါတယ်"လို့ဆိုပါတယ်။
ပန်းဆိုးတန်း-ဒလကူးတို့သင်္ဘောပေါ် ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီအချိန်မှာ ပေါက်ကွဲခဲ့ပြီးအနည်းဆုံးလူ ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
========================
📌📌 ၃။ အမာခံသတင်းပေးပို့သူများကို သတင်း အချက်အလက် အဆင့်အတန်း အပေါ်မူတည်၍ကာကွယ်ရေးဝန်ကြီးဌာနက ချီးမြှင့်ငွေများပေးအပ်မယ်
အမာခံသတင်းပေးပို့သူများကို သတင်း အချက်အလက် အဆင့်အတန်း အပေါ်မူတည်၍ကာကွယ်ရေးဝန်ကြီးဌာနက ချီးမြှင့်ငွေများပေးအပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်သည့် အရာရှိ-စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် တော်လှန်ရေးအတွက် ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်အပ်ပါတယ်လို့ဆိုထားပါတယ်။ အမာခံသတင်းပေးပို့သူ(ဖရဲသီး)အဖြစ် ပြုလုပ်မည်ဆိုပါက ကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်၍ အချက်အလက်များ ဖြည့်သွင်းခြင်းကို ဦးစွာလုပ်ဆောင်ရမည်ဖြစ်ပြီး အချက်အလက်လုံခြုံမှု ရှိစေရန် အပြည့်အဝ တာဝန်ယူ အာမခံအပ်ပါတယ်လို့ဖော်ပြပါတယ်။
ပြည်သူ့အမာခံ သတင်းပေးပို့သူ(ဖရဲသီး) ပြုလုပ်လိုသူများအနေဖြင့် ကာကွယ်ရေးဝန်ကြီး ဌာနသို့ချိတ်ဆက်ပြီး သတင်းအချက်အလက်များ လုံခြုံစွာပေးပို့နိုင်မည့်အပြင် သတင်း အချက်အလက် အဆင့်အတန်း အပေါ်မူတည်၍ ချီးမြှင့်ငွေများကိုလည်း ရရှိခံစားနိုင်မယ်လို့ဆိုပါတယ်။ ထို့ကြောင့် ပြည်သူနှင့်တစ်သားတည်း ရပ်တည်နိုင်ရေးအား စစ်ကောင်စီ ယန္တရားအတွင်း မှာပင်နေ၍ လုပ်ဆောင်နိုင်မည့်အပြင် ချီးမြှင့်ငွေများလည်း ရရှိခံစားနိုင်မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ အကာအကွယ်ပေးမှုအာမခံချက်ကိုလည်း ရရှိမည်ဖြစ်သဖြင့် အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ကြရန် စစ်ကောင်စီယန္တရားအတွင်းရှိ အရာရှိစစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်လို့ဖော်ပြထားပါတယ်။
========================
📌📌 ၄။ ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပညာရေးကော်မတီသည် သြစတေးလျပညာရှင် Professor Joseph Lo Bianco၊ သြစတေးလျပါလီမန်အမတ် Janelle Saffin တို့နှင့် တွေ့ဆုံဆွေးနွေး
ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပညာရေးကော်မတီသည် သြစတေးလျပညာရှင် Professor Joseph Lo Bianco၊ သြစတေးလျပါလီမန်အမတ် Janelle Saffin တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ် က တွေ့ဆုံရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ CRPH ၏ အကြံပေး ကျွမ်းကျင်သူ Ms.Janelle Saffin (သြစတေးလျ ပါလီမန်အမတ်)က ပညာရေးကဏ္ဍအတွက် လိုအပ်သော လုပ်ငန်းစဥ်များအား ပိုမိုချိတ်ဆက်လုပ်ဆောင်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးများ လက်ခံထားသည့် ဖက်ဒရယ်နိုင်ငံတစ်ခု တည်ဆောက်ရာတွင် လူမျိုးစုအားလုံး တန်းတူညီမျှစွာ ပါဝင်နိုင်ရေးအတွက် ထည့်သွင်းစဥ်းစားပေးနိုင်မည့် ပညာရေးစနစ်တစ်ခု လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ဒေါ်ကြည်ကြည်အုန်း က Professor Joseph Lo Bianco ၏ ကိုယ်ရေးအကျဥ်းအား ဖတ်ကြားခဲ့ကာ သြစတေးလျပညာရှင် Professor Joseph Lo Bianco က ကြားကာလပညာရေးတွင် လိုအပ်သည့် ပညာရေးမူဝါဒများ၊ ကော်မတီအနေဖြင့် အနာဂတ်တွင် အကောင်အထည်ဖော်လုပ်ဆောင်နိုင်သော ပညာရေး ဆိုင်ရာလုပ်ငန်းများအား ဆွေးနွေးမျှဝေခဲ့ပါတယ်။ ဆွေးနွေးပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးမဲခွဲဆုံးဖြတ်မယ်
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးမဲခွဲဆုံးဖြတ်မယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ၂၀ ရက်နေ့မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုထားပါတယ်။
"ကုလလုံခြုံရေးကောင်စီမှာ မနက်ဖြန်ကျရင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တခုကို မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ရပ်တည်ချက်ကို စိတ်ဝင်စားစရာ တွေ့ကြရမှာပါ"လို့ဆိုထားပါတယ်။
အဆိုပါ မဲခွဲ ဆုံးဖြတ်မယ့် မြန်မာအရေးဟာ အဆိုပြုမူကြမ်းဖြစ်ပြီးတော့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံရေးအကျဥ်းသားများ ပြန်လွှတ်ဖို့တောင်းဆိုတာအပါအဝင် မြန်မာနိုင်ငံမှ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများရပ်တန့်ရေးတို့ပါဝင်မှာဖြစ်ပါတယ်။
========================
📌📌 ၆။ ပြည်ပရောက် မြန်မာနိုင်ငံ သားတို့ရဲ့ သားသမီးများကို မွေးစာရင်းလက်မှတ် ထုတ်ပေးနိုင်ရေး အစိုးရကက်ဘိနက်အစည်းအဝေးမှာ ပြည်ထဲရေးဒုဝန်ကြီးတင်ပြ
ပြည်ပရောက် မြန်မာနိုင်ငံ သားတို့ရဲ့ သားသမီးများကို မွေးစာရင်းလက်မှတ် ထုတ်ပေးနိုင်ရေး အစိုးရကက်ဘိနက်အစည်းအဝေးမှာ ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးကတင်ပြခဲ့ပါတယ်။ ဒီဇင်ဘာ ၂၀ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထဲရေး ဒဝန်ကြီးက တင်ပြဆွေးနွေးခဲ့ပါတယ်။
ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ခူးထဲဘူးက ပြည်ပရောက် မြန်မာနိုင်ငံ သားတို့ရဲ့ သားသမီးများကို မွေးစာရင်းလက်မှတ် ထုတ်ပေးနိုင်ရေးကိစ္စ တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၇။ အကြမ်းဖက်စစ်တပ်ကုမ္ပဏီတွေနဲ့ ရိုးမဘဏ် စီးပွားရေးပတ်သက်နေတဲ့အကြောင်း ဖော်ထုတ်ပြီးနောက် ရိုးမဘဏ်ကနေ IFC နုတ်ထွက်
အကြမ်းဖက်စစ်တပ်ကုမ္ပဏီတွေနဲ့ ရိုးမဘဏ် စီးပွားရေးပတ်သက်နေတဲ့အကြောင်း ဖော်ထုတ်ပြီးနောက် ရိုးမဘဏ်ကနေ IFC နုတ်ထွက်သွားခဲ့ပါတယ်။ ဒီဇင်ဘာ၂၀ ရက်မှာ Justice For Myanmar ကဖော်ပြပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းတော့မယ့်အကြောင်း အဲဒီလုပ်ငန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကတဆင့် Justice For Myanmar က အတည်ပြုထားပါတယ်။
IFC က ရိုးမဘဏ်ရဲ့ ၄.၅ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ပြီး၊ သူ့ရဲ့ အစုရှယ်ယာအားလုံး First Myanmar Investment (FMI) ကို အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ ရောင်းချနေတာဖြစ်ပါတယ်။ ဒီတန်ဖိုးဟာ IFC က ၂၀၁၉ ခုနှစ်မှာ အပြီးသတ်ဆောင်ရွက်ခဲ့တဲ့ သူတို့ရဲ့ ၂၀၁၄ ခုနှစ် ချေးငွေ ကို ဘဏ်အစုရှယ်ယာပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲရာမှာ အသုံးပြုခဲ့တဲ့ တန်ဖိုးနဲ့ ညီမျှပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ FMI၊ Yoma Bank တို့နဲ့ ရှယ်ယာရောင်းချမှုသဘောတူစာချုပ်ကို IFC က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကုမ္ပဏီတွေကို စစ်အုပ်စုနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ ဆက်နွယ်နေတာတွေ ဖြတ်တောက်ဖို့ နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာပြည်သူလူထုရဲ့ ဖိအားပေးမှုတွေကြောင့် IFC နုတ်ထွက်တာ ဖြစ်တယ်လို့ Justice For Myanmarကဖော်ပြပါတယ်။
========================
📌📌 ၈။ မမများနဲ့ ပွဲကမယ် စတုတ္ထပရောဂျက် မကြာမီလာမယ်လို့အသိပေး
မမများနဲ့ ပွဲကမယ် စတုတ္ထပရောဂျက် မကြာမီလာမယ်လို့အသိပေးဆိုပါတယ်။ ဒီဇင်ဘာ ၂၀ ရက်မှာ မမများနဲ့ ပွဲကမယ် လူမှုကွန်ရက်ကနေအသိပေးဖော်ပြပါတယ်။
"မမများနဲ့ ပွဲကမယ် စတုတ္ထပရောဂျက်မကြာမှီ..လာမည်"လို့ထုတ်ပြန်ထားပါတယ်။ မမများနဲ့ ပွဲကမယ်' ၏ တတိယမြောက် စီမံကိန်းမှချင်းနှင့် မကွေး စီမံကိန်းအတွက် 'မမများနဲ့ ပွဲကမယ်' အဖွဲ့က ကျပ်သိန်း ၁၅,၀၀၀ မျှော်မှန်းထားခဲ့ပြီး သတ်မှတ်ရက် ပြည့်ချိန်တွင် ကျပ်သိန်းပေါင်း ၁၅,၄၃၀ ရရှိခဲ့ကာချင်းပြည်နယ်ရှိ CJDC နှင့် မကွေးရှိ တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
‘မမများနဲ့ ပွဲကမယ် စစ်ကိုင်းပရော့ဂျက်ကလည်းစစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် (ကျပ်သိန်းပေါင်းနှစ်သောင်းခုနစ်ထောင်ငါးရာတိတိ) ရရှိခဲ့ပါတယ်။
========================
📌📌 ၉။ ပြည်သူအားလုံး ကူညီပေး၊ မင်းတပ်စစ်ရှောင် ပညာရေး” Campaign မျှော်မှန်းပမာဏ ပြည့်မီဖို့ ၅၀ ရာခိုင်နှုန်း ခန့် လိုအပ်နေ
“ပြည်သူအားလုံး ကူညီပေး၊ မင်းတပ်စစ်ရှောင် ပညာရေး” Campaign မျှော်မှန်းပမာဏ ပြည့်မီဖို့ ၅၀ ရာခိုင်နှုန်း ခန့် လိုအပ်နေ သေးတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၀ ရက်မှာ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက အသိပေးဖော်ပြပါတယ်။
"ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာသင်ကြားရေးအတွက် ပြုလုပ်နေတဲ့ “ပြည်သူအားလုံးကူညီပေး ၊ မင်းတပ်စစ်ရှောင်ပညာရေး” Campaign ဟာ လက်ရှိအချိန်အထိ ကျောင်းသား “၆၀၀၀ ခန့်” အတွက် ငွေပမာဏ “သိန်းတစ်ရာကျော်” ရရှိထားပြီ ဖြစ်ပါတယ်။ Campaign ကာလပြီးဆုံးဖို့ (၃)ရက်သာလိုတော့ပေမယ့် ကျောင်းသား “၁၂၀၀၀” ကိုထောက်ပံ့ပေးနိုင်ဖို့အတွက် မျှော်မှန်းပမာဏပြည့်မီဖို့ လိုအပ်သေးတာကြောင့် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းပါဝင်ပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်"လို့ဆိုထားပါတယ်။
ကျောင်းသားတစ်ဦးစာအတွက် စာအုပ်၂ အုပ်၊ ဘောပင် ၂ ချောင်း၊ ခဲတံ ၁ ချောင်း ၊ ခဲဖျက်တစ်ခု ၊ ပေတံ ၁ ချောင်း နှုန်းဖြင့် လှူဒါန်းဖို့အတွက် စုစုပေါင်းကျပ်သင့်ငွေမှာ (ခရီးသွားလာစရိတ်အပါအပြီးအစီး) “၂၀၀၀ကျပ်” သာ ကျသင့်မှာဖြစ်ပါတယ်။ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ Page Messenger သို့ ဆက်သွယ်နိုင်ပြီး လှူဒါန်းသူများကို ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၁၀။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ အပတ်စဥ်အသစ်အတွက် သင်တန်းသူ၊ သင်တန်းသားများ ထပ်မံခေါ်ယူနေ
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ အပတ်စဥ်အသစ်အတွက် သင်တန်းသူ၊ သင်တန်းသားများ ထပ်မံခေါ်ယူနေတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလအတွင်း တပ်သားသစ်စုဆောင်းရေးနှင့်စိစစ်ရေးဌာနက တရားဝင်အသိပေးကြေညာပါတယ်။
"BPLA မှ အပတ်စဥ်အသစ်အတွက် သင်တန်းသူ၊ သင်တန်းသားများ ထပ်မံခေါ်ယူနေပါပြီ။ Page Messenger မှာ စုံစမ်းလျှောက်ထားနိုင်ပါတယ်"လို့ဖော်ပြပါတယ်။ လျှောက်ထားသူဟာ အသက်၁၈နှစ်ပြည့်ပြီး ကျန်းမာသန်းစွမ်းရမည်သူ့ဖြစ်ကာ သင်တန်းတက်ရန် ဆုံးဖြတ်ထားပါက နေအိမ်နဲ့မိသားစုကိုပါ အဆက်အသွယ်ဖြတ်ထားရန် လိုအပ်မှာလည်းဖြစ်ပါတယ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကို အမှတ်(၁၀၇)စစ်ဒေသမှာ ကျင်းပခဲ့ပါသေးတယ်။
========================
📌📌 ၁၁။ အကွာဝေး ၁ မိုင်ထိ ၈၀မမ လက်နက်ကြီး အတိကျပစ်ခတ်နိုင်ခဲ့ပြီလို့ Dog Hunter တပ်ဖွဲ့ကအသိပေးကြေညာ
အကွာဝေး ၁ မိုင်ထိ ၈၀မမ လက်နက်ကြီး အတိကျပစ်ခတ်နိုင်ခဲ့ပြီလို့ Dog Hunter တပ်ဖွဲ့ကအသိပေးကြေညာပါတယ်။ ဒီဇင်ဘာ၂၀ ရက်မှာ Dog Hunter တပ်ဖွဲ့ကအသိပေးဆိုပါတယ်။
"တပ်ရင်းဖွဲ့နိုင်ဖို့ကြိုးစားနေပါတယ်။လက်နက်ကြီးတပ်ရင်းဖြစ်ဖို့ပါ လိုအပ်တဲ့ အရာတွေစုဆောင်းပြီး အတိကျပစ်ခတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အကွာဝေး ၁ မိုင်ထိ ၈၀မမ လက်နက်ကြီး အတိကျပစ်ခတ်နိုင်ခဲ့ပါပြီ။ကျကွဲအားကောင်း ထိပ်ဖူးများအောင်မြင်ခဲ့ပါပြီ"လို့ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီးပစ်ခတ်ချိန် ကင်းပုန်းဝတ်ရန်သူများအားပြန်လည်ပစ်ခတ်ရန် မောင်းပြန်သေနတ် လိုအပ်ချက်ရှိနေတယ်လို့လည်း Dog Hunter တပ်ဖွဲ့ကဆိုထားပါတယ်။
========================
📌📌 ၁၂။ ရေးမြို့နယ် ခလရ ၅၈၆ ကိုရေးဘီလူးအဖွဲ့က RPG နဲ့ပစ်ခတ်ရာ စကစဘက်ကလေးဦးသေ၊ သုံးဦးပြင်းထန်ဒဏ်ရာရ
မွန်ပြည်နယ် ရေးမြို့နယ် ခလရ ၅၈၆ ကို ရေးဘီလူးအဖွဲ့က RPGနဲ့ပစ်ခတ်ရာ စကစဘက်ကလေးဦးသေ၊ သုံးဦးပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်မှာ စစ်ရေးသတင်းကို ရေးဘီလူးအဖွဲ့ကခေါင်းဆောင်ကအတည်ပြုဆိုပါတယ်။
"ရေးမြို့နယ် တစ်မိုင်ကျော်အကွာမှာရှိတဲ့၅၈၆တပ်ရင်းကို ကျနော်တို့ရေးဘီလူးအဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ RPGအသုံးပြုတယ်။ M4 အတိုအသုံးပြုပြီးတော့ ဘန်ကာကို ဖြိုခွင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က အကျအဆုံးကတော့လေးဦးကတော့ကျပါတယ်။ သုံးဦးကတော့ ဒဏ်ရာအပြင်းအထန်ရတယ်လို့ ကျနော်တို့သိရှိရပါတယ်"လို့ဆိုပါတယ်။ ရေးဘီလူးအဖွဲ့ဟာ ပြည်သူများထောက်ပံငွေနဲ့စစ်လက်နက်များ ဖြည့်ဆည်းထားပြီး စစ်ဆင်ရေးများဆက်လက်ဆောင်ရွက်မယ်လို့လည်း ဆိုထားပါတယ်။
========================
📌📌 ၁၃။ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မြွေတလိုင်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရုပ်အလောင်း လာသယ်တဲ့ကားမိုင်းထိရာက ကားလာသယ်တဲ့ စကစတပ်စစ်ကြောင်းပါမိုင်းထပ်ထိကာ လေးဦးသေဆုံး
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မြွေတလိုင်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရုပ်အလောင်း လာသယ်တဲ့ကားမိုင်းထိရာက ကားလာသယ်တဲ့ စကစတပ်စစ်ကြောင်းပါမိုင်းထပ်ထိကာ လေးဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ၂၀ ရက်မှာ တောကြီး မြွေပွေးအဖွဲ့ကအတည်ပြုဆိုပါတယ်။
"အုပ်ချုပ်ရေးမှုးဦးသန့်ဇင် အလောင်း လာသယ်တဲ့ကားကို မိုင်းဆွဲဲပြီး ရှေ့ဆက်မသွားနိုင်လို့ နောက်ထပ် ဖောကား နှစ်စီးနဲ့ လာပြီး မွန်းတည့် (၁၂) နာရီမှာ ခြေလျင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်များကို မိုင်းဆွဲခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဥ်မှာ စကစတပ်က လေးဦး မိုင်းထိသေဆုံးခဲ့ပြီး ထိခိုက်သူများလည်းရှိနိုင်တယ်လို့သတင်းရရှိပါတယ်။ မြွေတလိုင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို ဒီဇင်ဘာလ (၂၀) ရက် နံနက် (၇ :၄၅) တွင် တောကြီးမြွေပွေးအဖွဲ့ကပင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၁၄။ မုံရွာမြို့နယ် ပ လ ဖ၊ ပ က ဖ Special Force11 တို့ပူးပေါင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ စကစရဲ့တပ်ဖွဲ့ဘက်က တစ်ဦးသေဆုံးကာ သေနတ်တစ်လက်ကိုသိမ်းဆည်းရမိခဲ့
မုံရွာမြို့နယ် ပ လ ဖ၊ ပ က ဖ Special Force11 တို့ ပူးပေါင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ စကစရဲ့တပ်ဖွဲ့ဘက်ကတစ်ဦးသေဆုံးကာ သေနတ်တစ်လက်ကိုသိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြအသိပေးပါတယ်။ ဒီဇင်ဘာ၂၀ ရက် ညနေပိုင်းမှာ မုံရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။
"မုံရွာမြို့နယ် ပ လ ဖ၊ ပ က ဖ Special Force11 ပူးပေါင်းမစ်ရှင် ခွေး၁ သေနတ်၁. တိုက်ပွဲVideo ဖိုင် အားမကြာမှီ တင်ပြသွားမယ်"လို့ဆိုပါတယ်။ စကစတပ်များကို မုံရွာမြို့နယ်အတွင်း မကြာခဏ စစ်ဆင်ရေးများဆင်နွှဲလျက်ရှိပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUGသတင်းထောက်မင်းမင်းက ပေးပို့တာ ဖြစ်ပါတယ်။
No comments:
Post a Comment