၂၀၂၂ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံတကာအသိုင်းအဝိုင်းက အကြမ်းဖက်စစ်အုပ်စုကိုဆက်လက် ဖယ်ကျဉ်ထားဖို့ ယာယီသမ္မတ တောင်းဆို
📌 ၂။ ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စများနှင့်စပ်လျဉ်း၍ CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
📌 ၃။ CDM မူဝါဒအား အတည်ပြုနိုင်ရေးကြိုးပမ်းလျက်ရှိပြီး CDM များ၏ သားစဉ်မြေးဆက်အထိ စဉ်းစားစောင့်ရှောက်ပေးရန် လုပ်ငန်းစဉ်များ ပါရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးပြောကြား
📌 ၄။ စစ်အာဏာရှင် နဲ့၄င်းတို့ရဲ့လက်ဝေခံ များမှ ချိန်းခြောက်လာတဲ့ဆိုက်ဘာ ချိန်းခြောက်မှုများကိုလည်း ခုခံကာကွယ်ရန် အရေးကြီးလာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား
📌 ၅။ online ကျောင်းများလိုက်နာရန် “သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံရေးအစီအမံများ-လမ်းညွှန်အကြံပြုချက်ထွက်ရှိ
📌 ၆။ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF)နှင့် ထားဝယ်လူငယ်လက်ရုံးတပ်ဖွဲ့ တို့၏ မွမ်းမံစစ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနား လက်နက်အပြည့် ဝတ်စုံအပြည့်နဲ့ကျင်းပ
📌 ၇။ မြိုင်မြို့နယ်ရှိ ကျေးရွာများသို့ ယနေ့မနက် အကြမ်းဖက်စစ်တပ်ကမွှေနှောက်သောင်းကျန်း
📌 ၈။ အင်းတော်မြို့နယ် စက်တောကုန်းရွာကို စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်မှ မီးရှို့သွားရာ အိမ်ခြေ ၄၁ အိမ်နှင့် စပါးတိုက် ၃၀ မီးလောင်ပျက်စီးဆုံးရှုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံတကာအသိုင်းအဝိုင်းက အကြမ်းဖက်စစ်အုပ်စုကိုဆက်လက် ဖယ်ကျဉ်ထားဖို့ ယာယီသမ္မတ တောင်းဆို
နိုင်ငံတကာအသိုင်းအဝိုင်းက အကြမ်းဖက်စစ်အုပ်စုကိုဆက်လက် ဖယ်ကျဉ်ထားဖို့ ဒီဇင်ဘာ ၂၀ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၉) ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးမှာယာယီသမ္မတ ဒူဝါလရှီးလကတောင်းဆိုလိုက်ပါတယ်။
"ကျွန်တော်တို့ NUG အစိုးရအနေနဲ့ နိုင်ငံခြားဆက်ဆံရေး၊ သံခင်းတမန်ခင်းကိစ္စတွေမှာ အပြုသဘောဆောင်သော တိုးတက်သော အလားအလာတွေကို ခပ်စိပ်စိပ်တွေ့မြင်လာရလို့လည်း ကျွန်တော့်အနေနဲ့ အထူးဝမ်းသာဂုဏ်ယူမိပါတယ်။ ထို့အတူ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ရွေးချယ်ခံရမှု အပေါ် ထောက်ခံဝန်းရံခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဖယ်ကျဉ်ထားဖို့ တောင်းဆိုလိုပါတယ်။ ယနေ့ မြန်မာနိုင်ငံ အတွင်း ယိုယွင်းပျက်စီးနေမှုနှင့် အကြမ်းဖက်မှုလုပ်ရပ်အားလုံးရဲ့ တာဝန်ခံသည် စစ်ကောင်စီ အကြမ်းဖက်အုပ်စုသာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အာဆီယံ ထိပ်သီးအစည်းအဝေးများနဲ့ နိုင်ငံတကာ အစည်းအဝေးများကို အကြမ်းဖက် စစ်ကောင်စီဟာ တက်ရောက်ခွင့်မရဘဲ တားမြစ်ခံထားရပါတယ်။
========================
📌📌 ၂။ ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စများနှင့်စပ်လျဉ်း၍ CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စများနှင့်စပ်လျဉ်း၍ CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနတို့သည် ဒီဇင်ဘာလ ၂၀ ရက်နေ့၊ ညနေ (၁၅:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်တွေ့ဆုံ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ဖွင့်လှစ်ထားရှိသော နိုင်ငံခြားရေးရုံးများနှင့်ချိတ်ဆက်၍ နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသော ရွှေ့ပြောင်းအလုပ်သမားများ၊ CDM များနှင့် နိုင်ငံရေးခိုလှုံနေသူများအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများအား ကူညီဖြေရှင်းပေးနိုင်မည့် နည်းလမ်းများ၊ အလုပ်သမားရေးရာကော်မတီအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် ရွှေ့ပြောင်း အလုပ်သမား ပြဿနာများနှင့်စပ်လျဥ်းသည့် အခြေအနေများ၊ ဝန်ကြီးဌာနအနေဖြင့် ကူညီဖြေရှင်းပေးနိုင်သည့် အခြေအနေများနှင့် ကော်မတီအား ချိတ်ဆက်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဥ်တို့အား အကျယ်တဝင့် ဆွေးနွေးညှိနှိုင်း အကြံပြုခဲ့ကြပါတယ်။
========================
📌📌 ၃။ CDM မူဝါဒအား အတည်ပြုနိုင်ရေးကြိုးပမ်းလျက်ရှိပြီး CDM များ၏ သားစဉ်မြေးဆက်အထိ စဉ်းစားစောင့်ရှောက်ပေးရန် လုပ်ငန်းစဉ်များ ပါရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးပြောကြား
ဒီဇင်ဘာ၂၀ ရက် ပြည်သူ့ရေးရာကော်မတီနှင့် မကွေးတိုင်းဒေသကြီးမှ CDMer များ တွေ့ဆုံဆွေးနွေးရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုအသိပေးပြောကြားလိုက်ပါတယ်။
"CDM များကြောင့် တော်လှန်ရေးသည် ယခု အနေအထားအထိရောက်ရှိလာပြီး နေရာတိုင်းတွင် တော်လှန်ရေးရှိပါကြောင်း၊ ဥပဒေကဲ့သို့ ပြဋ္ဌာန်းနိုင်သော CDM မူဝါဒအား အတည်ပြုနိုင်ရေးကြိုးပမ်းလျက်ရှိပြီး ၎င်းတွင် CDM များ၏ သားစဉ်မြေး ဆက်အထိ စဉ်းစားစောင့်ရှောက်ပေးရန် လုပ်ငန်းစဉ်များ ပါရှိသကဲ့သို့ Non-CDM များအတွက်လည်း တိကျပြတ်သားသည့် အရေးယူမှုများ ပါရှိပါကြောင်းနှင့် ယခုအချိန်မှ ပြည်သူ့ဘက်သို့ ပူးပေါင်းလာသူများကို CDM အဖြစ်လက်မခံနိုင်တော့ဘဲ အလင်းဝင်သူအဖြစ်သာ သတ်မှတ်နိုင်ပြီး (၂)နှစ်နီးပါး စွန့်လွှတ်အနစ်နာခံခဲ့သည့် CDM သူရဲကောင်းများနှင့် မည်သည့် နည်းနှင့်မျှ တန်းတူမထားနိုင်သည်ကို သတင်းစကားပါးလိုကြောင်း"ပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စား လှယ်များ၊ CDM အရေး ဦးဆောင်သူများနှင့် CDMer များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ စစ်အာဏာရှင် နဲ့၄င်းတို့ရဲ့လက်ဝေခံ များမှ ချိန်းခြောက်လာတဲ့ဆိုက်ဘာ ချိန်းခြောက်မှုများကိုလည်း ခုခံကာကွယ်ရန် အရေးကြီးလာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား
စစ်အာဏာရှင်နဲ့ ၄င်းတို့ရဲ့လက်ဝေခံ များမှ ချိန်းခြောက်လာတဲ့ဆိုက်ဘာ ချိန်းခြောက်မှုများကိုလည်း ခုခံကာကွယ်ရန် အရေးကြီးလာတယ်လို့ ဒီဇင်ဘာ၂၁ ရက်"သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံရေးအစီအမံများဆိုင်ရာ လမ်းညွှန်အကြံပြုပြဋ္ဌာန်းချက်များ (Information and Technology Security Guidelines)" ထုတ်ပြန်ကြေညာခြင်း ဥယောဇဥ်မှာပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားလိုက်ပါတယ်။
"အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ကြားကာလတော်လှန်ရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍာပေါင်းစုံအား ခြုံငုံမိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိရာ စစ်အာဏာရှင် နဲ့၄င်းတို့ရဲ့လက်ဝေခံ များမှ ချိန်းခြောက်လာတဲ့ဆိုက်ဘာ ချိန်းခြောက်မှုများကိုလည်း ခုခံကာကွယ်ရန် အရေးကြီးလာတဲ့ ကဏ္ဍာတစ်ရပ်ဖြစ်လာပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် နဲ့မသမာသူများထံ သတင်းအချက်အလက်နဲ့ဒေတာများ ရောက်ရှိသွားပါက နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသက်အိုးအိမ်စည်းစိမ်များအပေါ် ကြီးမားတဲ့အန္တရာယ်ကျရောက်နိုင်တယ်လို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၅။ online ကျောင်းများလိုက်နာရန် “သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံရေးအစီအမံများ-လမ်းညွှန်အကြံပြုချက်ထွက်ရှိ
online ကျောင်းများလိုက်နာရန် “သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံရေးအစီအမံများ-လမ်းညွှန်အကြံပြုချက်ထွက်ရှိကြောင်း ဒီဇင်ဘာ ၂၁ ရက်မှာ ပညာရေး ဒုတိယဝန်ကြီးဂျာထွယ်ပန်ကအသိပေးဖော်ပြထားပါတယ်။
"တော်လှန်ရေးကာလonline ကျောင်းများတွင် မိဘပြည်သူ၊ ကျောင်းသားကျောင်းသူများလုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေးအတွက် online ကျောင်းများလိုက်နာရန် “သတင်းအချက်အလက်နှင့် နည်းပညာလုံခြုံရေးအစီအမံများ-လမ်းညွှန်အကြံပြုချက် (Information Technology Security Guideline)” ကိုထုတ်ဝေလိုက်ပါပြီ"လို့ဖော်ပြထားပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလ ပညာသင်ကြားရေးအစီအစဥ်ကို အကောင်အထည်ဖော်သင်ကြားနေသော အွန်လိုင်းနဲ့မြေပြင် စာသင်ကျောင်းများ များစွာရှိနေပါတယ်။
========================
📌📌 ၆။ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF)နှင့် ထားဝယ်လူငယ်လက်ရုံးတပ်ဖွဲ့ တို့၏ မွမ်းမံစစ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနား လက်နက်အပြည့် ဝတ်စုံအပြည့်နဲ့ကျင်းပ
ဒီဇင်ဘာ၂၁ ရက်မှာ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF) ကမွမ်းမံစစ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားနှင့်ပတ်သက်ပြီးအခုလို အသိပေးဖော်ပြပါတယ်။
"တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့(TYC-PDF)နှင့် ထားဝယ်လူငယ်လက်ရုံးတပ်ဖွဲ့ တို့၏ မွမ်းမံစစ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနား အား
ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF) ၏ ဌာနချုပ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့တယ်"လို့ဖော်ပြပါတယ်။
ဒေါင်းမင်းစစ်ဆင်ရေး တပ်ဖွဲ့ဝါ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။
========================
📌📌 ၇။ မြိုင်မြို့နယ်ရှိ ကျေးရွာများသို့ ယနေ့မနက် အကြမ်းဖက်စစ်တပ်ကမွှေနှောက်သောင်းကျန်း
ဒီဇင်ဘာ၂၁ ရက် မနက်ပိုင်းမှာ မကွေးတိုင်း မြိုင်မြို့နယ် ဆယ်ပြားရွာကို စကစတပ်များ ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။ "မနေ့ညက မြိုင်မြို့နယ်တောင်ပိုင်းပေပင်တိုက်ရွာမှာ ညအိပ်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ယနေ့မနက်ပိုင်းမှာ ပေပင်တိုက်ရွာမှ အရှေ့ဘက်သို့ ထွက်ခွာသွားပြီးဆယ်ပြားရွာကို လက် နက် များ ရမ်းသမ်း ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထို့နောက် စကစတပ်များဟာ ဆယ်ပြားရွာမှ တစ်ဆင့် ရွာတန်းရှည်ရွာနှင့် ကံယာကောင်းရွာအကြားတောတိုက်မှာ ဝင်ရောက်နေပြီးပြည်သူများ သတိထားရှောင်ရှားကြဖို့ အသိပေးကြေညာထားပါတယ်။
========================
📌📌 ၈။ အင်းတော်မြို့နယ် စက်တောကုန်းရွာကို စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်မှ မီးရှို့သွားရာ အိမ်ခြေ ၄၁ အိမ်နှင့် စပါးတိုက် ၃၀ မီးလောင်ပျက်စီးဆုံးရှုံး
" ဒီဇင်ဘာ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းအင်းတော်မြို့နယ် စက်တောကုန်းရွာကို စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်မှ မီးရှို့သွားရာ အိမ်ခြေ ၄၁ အိမ်နှင့် စပါးတိုက် ၃၀ မီးလောင်ပျက်စီးခဲ့ပါတယ်"လို့အင်းတော် တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျေးရွာ ၆ ရွာမှ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။ ယခုအချိန်တွင် စစ်ကောင်စီတပ်များမှာ နတ်မဟုတ်ကြီးရွာတွင် ရောက်ရှိနေပြီး ဖားပန်နှင့် ပင်ဝယ်ကြား တောထဲတွင်လည်း နန့်စီးအောင်ဘက်မှဆင်းလာသည့် စစ်အင်အား၁၀၀ ကျော်ခန့် ရောက်ရှိနေကြောင်းသတင်းရရှိပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment