၂၀၂၃ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မျက်နှာစာအသီးသီးမှာ ရှုံးနိမ့်လျက် ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူများသေကြေပျက်စီးရန်နဲ့ လူသားချင်းစာနာမှု အခက်အခဲဖြစ်ရန် လုပ်ဆောင်လျက်ရှိလာတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်သတိပေးပြောကြား
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံ ဆွေးနွေး
📌 ၃။ နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
📌 ၄။ ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) တို့ ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေ
📌 ၅။ စစ်ရှောင်ဒေသက ပြည်သူများအတွက်အနွေးထည်နဲ့အဝတ်အထည်များကိုယ်တိုင်ကိုယ်ကျ အရောက်ပို့နိုင်ခဲ့တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန် အသိပေး
📌 ၆။ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းကျေးရွာအုပ်စုအတွင်း ဘန်ကောက်ရပ်ကွက်မှာနေထိုင်နေသည့် စစ်ဘေးရှောင် များအတွက် အမိုးအကာများအခက်အခဲရှိနေ
📌 ၇။ ကျပ်သိန်းပေါင်း တစ်ထောင်ကျော် မူးယစ်ဆေးဝါးများ ပင်လည်ဘူးမြို့နယ်မှာမူးယစ်ဆေးဝါးကုန်သည် အမျိုးသမီး နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့
📌 ၈။ နွားထိုးကြီးမြို့တောင်ဘက်အထွက် တောင်သာ-မလှိုင်လမ်းဆုံတွင်နွားထိုးကြီး NPDF အဖွဲ့ဝင်တွေ စစ်ဆေးမှုလုပ်ဆောင်
📌 ၉။ ပဲစင်းငုံ ဧက (၁၈၀) ကျော်ကိုဒေသခံတောင်သူများ အန္တရာယ်ကင်းစွာ ရိတ်သိမ်းနိုင်ရန်ပုလဲမြို့နယ် တပ်ရင်း/တပ်ဖွဲ့များ လုံခြုံရေးပေး
📌 ၁၀။ မြစ်သားမြို့နယ်၊ ထိန်ကန်ကြီးကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမျိုးလင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှသတ်ဖြတ်၍ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိ
📌 ၁၁။ အရာတော်မှာ ပိုက်ဆံတောင်းနေတဲ့ စကစတပ်များ Drone ဖြင့် (၄) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မျက်နှာစာအသီးသီးမှာ ရှုံးနိမ့်လျက် ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူများသေကြေပျက်စီးရန်နဲ့ လူသားချင်းစာနာမှု အခက်အခဲဖြစ်ရန် လုပ်ဆောင်လျက်ရှိလာတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်သတိပေးပြောကြား
မျက်နှာစာအသီးသီးမှာ ရှုံးနိမ့်လျက် ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူများသေကြေပျက်စီးရန်နဲ့ လူသားချင်းစာနာမှု အခက်အခဲဖြစ်ရန် လုပ်ဆောင်လျက်ရှိလာတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သတိပေးဆိုပါတယ်။ ဇန်နဝါရီ ၁၂ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ကျင်းပရာမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏နောက်ဆုံး ထွက်ပေါက်ဖြစ်သော အတုအယောင်တရားမဝင်ရွေးကောက်ပွဲကို မဖြစ်ဖြစ်သည့်နည်းနှင့် ဆောင်ရွက်လာနိုင်သည်ဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးဆိုင်ရာ ဖြစ်နိုင်စွမ်းအပေါ်မှာ အစီအမံများ ရေးဆွဲချမှတ်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ မျက်နှာစာအသီးသီးမှာ ရှုံးနိမ့်လျက် ရှိသည့် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများသေကြေပျက်စီးရန်၊ လူသားချင်းစာနာမှု အခက်အခဲဖြစ်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းတို့ရည်ရွယ်ချက်မှာ ပြည်သူများကို အကြောက် တရားသွင်း၍ ပြည်သူနှင့်တော်လှန်ရေးအင်အားစုများအကြား၊ အဖွဲ့အစည်းတစ်ခု နှင့် တစ်ခုအကြား အထင်အမြင်လွဲမှားရန် ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံ ဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဇန်နဝါရီလ (၁၁) ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အွန်လိုင်းတွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် CRPH လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဇေလတ်က မြေပြင်ရှိ တော်လှန်ရေးအင်အားစုများ၏အသံကို နားထောင်ကာ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဆွေးနွေးမေးမြန်းအကြံပြုရန်နှင့် ကြားခံဆက်သွယ်ဆောင်ရွက်ပေးရန်သည် ကော်မတီ၏ အဓိကရည်ရွယ်ချက်ဖြစ်၍ ယခုကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ပြည်သူများ စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို ပြည်သူများကိုယ်စား မေးမြန်းခြင်း ဖြစ်ပြီး ဝန်ကြီးဌာနသို့ အကြံပြုဆွေးနွေးခြင်းများလည်း ဆောင်ရွက်သွားလိုပါကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် One Year Plan နှင့်စပ်လျဥ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာအကူအညီရရှိနိုင်ရေး ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်မှုများအား မေးမြန်းရာ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။ အစည်းအဝေးသို့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်ပါတယ်။
========================
📌📌 ၃။ နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဇန်နဝါရီ ၁၂ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနကပေးပို့ခဲ့တာဖြစ်ပါတယ်။ နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ နေ့ထူးနေ့မြတ်တွင် တအောင်းအမျိုးသား ပြည်သူတရပ်လုံး စိတ္တသုခ၊ကာယသုခနှစ်ဖြာ ပြည့်စုံကြပါစေဟု ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်လို့ဆိုထားပါတယ်။
၁၉၆၃ ခုနှစ်မှစတင်၍ တအောင်းအမျိုးသားပြည်သူများသည် အာဏာရှင်အဆက်ဆက်ကို ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်ခဲ့ကြပါတယ်။နှစ်ပေါင်း (၆၀) တော်လှန်ရေးခရီးအတွင်း အသက်၊သွေး၊ချွေး၊စည်းစိမ်များစွာ ရင်းနှီးပေးဆပ် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့သော တအောင်းအမျိုးသား သူရဲကောင်းအာဇာနည်များနှင့်တကွ တအောင်း ပြည်သူများအားလုံးကို လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှ မတရားအာဏာသိမ်းယူမှု နောက်ပိုင်း တွင်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)သည် ပြည်သူလူထုတရပ်လုံး၏ ဘုံရန်သူဖြစ်သော စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းနိုင်ရန် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီစွာလက်တွဲလျက် ခုခံတွန်းလှန် လျက်ရှိပါတယ်။
ယနေ့အချိန်အခါတွင် တအောင်းအမျိုးသားများနှင့်တကွ ပြည်သူတရပ်လုံး၏ မျှော်မှန်း တောင့်တချက်ဖြစ်သော စစ်အာဏာရှင်စနစ်အား အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူများနှင့် အတူတကွ စုစည်းညီညွတ်စွာဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက် အောင်မြင်ပြည့်ဝနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
========================
📌📌 ၄။ ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) တို့ ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေ
ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) တို့ ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဆိုပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများနှင့် နွေဦးတော်လှန်ရေး အောင်မြင်ရန် စဥ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေလျက်ရှိနေပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့တွင် တိုက်ခိုက်ရေး၊ လေ့ကျင့်ရေး၊ စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရေးနှင့် ပြည်သူ့ရင်ခွင်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေကြပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။
ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) သည်လည်း စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနှင့်ပြင်ဆင်ထောက်ပံ့ရေးလုပ်ငန်းများတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပူးပေါင်းလုပ်ကိုင်နေသည့် ပြည်သူ့ဘက်ရပ်တည်လာသော စစ်သားများဦးစီးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘက်ရပ်တည်လာမည့်လူများကို ဆက်လက်ကြိုဆိုနေမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်သူနှင့်မပူးပေါင်းနိုင်သေးသူများကိုလည်း အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်သဖြင့် ပြည်သူ့ဘက်အမြန်ဆုံးရပ်တည်ရန် (သို့) အမာခံသတင်းပေးများအဖြစ် ရပ်တည်ရန် တိုက်တွန်းအပ်ပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၅။ စစ်ရှောင်ဒေသက ပြည်သူများအတွက်အနွေးထည်နဲ့အဝတ်အထည်များကိုယ်တိုင်ကိုယ်ကျ အရောက်ပို့နိုင်ခဲ့တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန် အသိပေး
စစ်ရှောင်ဒေသက ပြည်သူများအတွက်အနွေးထည်နဲ့အဝတ်အထည်များကိုယ်တိုင်ကိုယ်ကျ အရောက်ပို့နိုင်ခဲ့တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်ကအသိပေးဆိုပါတယ်။ ဇန်နဝါရီ ၁၂ ရက်မှာ ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်က ဆိုပါတယ်။
"ဒီတစ်ခေါက် စစ်ရှောင်ဒေသတွေကိုသွားရောက်ရာမှာတော့ ကျမတို့ရဲ့ CDM ပညာရေးဝန်ထမ်းများရဲ့ အလှူတွေ အခြားစေတနာရှင်များရဲ့ လှူဒါန်းမှုတွေကို စစ်ရှောင်ပြည်သူများအတွက်ကိုယ်တိုင်ကိုယ်ကျ အရောက်ပို့နိုင်ခဲ့ပါတယ်။ကြီးကြီးကျယ်ကျယ် မဟုတ်သော်လည်း CDM ဝန်ထမ်းများရဲ့မွန်မြတ်တဲ့အလှူမို့လို့တန်ဖိုးရှိလှပါတယ်"လို့ဆိုပါတယ်။ အလှူပစ္စည်းများကတော့ အနွေးထည်များ၊ အဝတ်အထည်များ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း အထုပ်ကြီး ၂၄ ထုပ်၊ ကျောင်းသုံးစာရေးကိရိယာများ၊ CDM ဆရာမများ၏ လက်ရာ အနွေးဦးထုပ်နှင့်မာဖလာများ ဆံအုပ်များ ဖြစ်ပါတယ်။
========================
📌📌 ၆။ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းကျေးရွာအုပ်စုအတွင်း ဘန်ကောက်ရပ်ကွက်မှာနေထိုင်နေသည့် စစ်ဘေးရှောင် များအတွက် အမိုးအကာများအခက်အခဲရှိနေ
ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းကျေးရွာအုပ်စုအတွင်း ဘန်ကောက်ရပ်ကွက်မှာနေထိုင်နေသည့် စစ်ဘေးရှောင် များအတွက် အမိုးအကာများအခက်အခဲရှိနေတယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်မှာ UKSY ကအသိပေးဖော်ပြပါတယ်။
"အနောက်ကယန်းအုပ်စု ဘန်ကောက်ရပ်ကွက် ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းကျေးရွာအုပ်စုအတွင်း ဘန်ကောက်ရပ်ကွက်မှာနေထိုင်နေသည့် စစ်ဘေးရှောင် အိမ်ထောင်စု (၆၀) စုရှိပြီး လူဦးရေး စုစုပေါင်း (၃၀၀) ကျော်ဦးအတွက် စားဝတ်နေရေး ဆန်၊ဆီ၊ဆားနှင့် နေရာထိုင်ခင်းအတွက် မိုးကာများအရေးပေါ်လိုအပ်နေပါတယ်"လို့ဆိုပါတယ်။
ဘန်ကောက်ရပ်ကွက်အတွင်း ပြောင်းရွှေ့နေထိုင်သည့် စစ်ဘေးရှောင်ပြည်သူများသည် ယခင် RC ဘုန်းတော်ကြီးကျောင်းမှာနေထိုင်ခဲ့ရပြီး ဘုန်းတော်ကြီး၏ကူညီမှုကြောင့်အဆင်ပြေစွာနေထိုင်ခဲ့သည်ဟုလည်း စစ်ဘေးရှောင် ပြည်သူဖြစ်သည့် CDM ဆရာမတစ်ဦးကပြောပါတယ်။
"တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတာ (၁) နှစ် နှင့် (၈)လ ရှိပြီး ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲ၊ စသည့် ကျေးရွာ အသီးသီးကနေ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ တစ်ချို့က ကောင်ဝှပ်စစ်ရှောင်စခန်းကနေတစ်ဆင့် ရောက်ရှိ လာသည့်သူတွေရှိပါတယ်"လို့ဆိုပါတယ်။
========================
📌📌 ၇။ ကျပ်သိန်းပေါင်း တစ်ထောင်ကျော် မူးယစ်ဆေးဝါးများ ပင်လည်ဘူးမြို့နယ်မှာမူးယစ်ဆေးဝါးကုန်သည် အမျိုးသမီး နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့
ကျပ်သိန်းပေါင်း တစ်ထောင်ကျော် မူးယစ်ဆေးဝါးများ ပင်လည်ဘူးမြို့နယ်မှာမူးယစ်ဆေးဝါးကုန်သည် အမျိုးသမီး နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇန်နဝါရီ ၁၂ ရက်မှာ NUG ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
"စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြိုနယ်ရှိ ကျေးရွာနှစ်ရွာကြား၌ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီ ၃၀ မိနစ် အချိန်တွင် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မြို့နယ်ပြည်သူ့ကာကွယ်ရေး၊ မြို့နယ်ပြည်သူ့လုံခြုံရေး၊ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့တို့ဖြင့် နယ်မြေ ကွင်းဆင်းစစ်ဆေးဆောင်ရွက်စဉ် မူးယစ်ဆေးဝါး(ဘိန်းဖြူ)ဆပ်ပြာခွက် - ၅၉၄ ခွက်၊ ၇၁၂၈ ဂရမ်၊ စုစုပေါင်း ကာလတန်ဘိုး ငွေကျပ်(၁၄၈၅)သိန်းကို မူးယစ်ဆေးဝါးကုန်သည် အမျိုးသမီး နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိသော အမျိုးသမီးတရားခံနှစ်ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိတယ်လို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးကြေညာထားပါတယ်။
========================
📌📌 ၈။ နွားထိုးကြီးမြို့တောင်ဘက်အထွက် တောင်သာ-မလှိုင်လမ်းဆုံတွင်နွားထိုးကြီး NPDF အဖွဲ့ဝင်တွေ စစ်ဆေးမှုလုပ်ဆောင်
နွားထိုးကြီးမြို့တောင်ဘက်အထွက် တောင်သာ-မလှိုင်လမ်းဆုံတွင်နွားထိုးကြီး NPDF အဖွဲ့ဝင်တွေ စစ်ဆေးမှုလုပ်ဆောင်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၂ ရက်မှာ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းကအသိပေးဆိုပါတယ်။
"နွားထိုးကြီးမြို့တောင်ဘက်အထွက် တောင်သာ-မလှိုင်လမ်းဆုံတွင် NPDFအဖွဲ့ဝင်တွေက စစ်ဆေးမှုပြုလုပ်နေပါတယ်။ပြည်သူများ ပါဝင်ပူးပေါင်းပေးကြပါ"လို့ဆိုပါတယ်။ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းဟာ စကစတပ်များကို အထိနာဆုံး တိုက်ခိုက်နေတဲ့တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။
========================
📌📌 ၉။ ပဲစင်းငုံ ဧက (၁၈၀) ကျော်ကိုဒေသခံတောင်သူများ အန္တရာယ်ကင်းစွာ ရိတ်သိမ်းနိုင်ရန်ပုလဲမြို့နယ် တပ်ရင်း/တပ်ဖွဲ့များ လုံခြုံရေးပေး
ပဲစင်းငုံ ဧက (၁၈၀) ကျော်ကိုဒေသခံတောင်သူများ အန္တရာယ်ကင်းစွာ ရိတ်သိမ်းနိုင်ရန်ပုလဲမြို့နယ် တပ်ရင်း/တပ်ဖွဲ့များ လုံခြုံရေးပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက် ပုလဲမြို့နယ်အခြေစိုက် ပုလဲတပ်ရင်း (၁) ကအသိပေးဆိုပါတယ်။
"ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ၁၁ရက်အထိပဲစင်းငုံ ဧက (၁၈၀) ကျော်ကိုဒေသခံတောင်သူများ စိတ်လုံခြုံမှုရှိရေးနှင့် အန္တရာယ်ကင်းစွာ ရိတ်သိမ်းနိုင်ရန် ပုလဲမြို့နယ် ပအဖ/ပကဖ/ပလဖ များ၏ စီမံညွှန်ကြားမှုနှင့် NUG ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၏ကာကွယ်စောက့်ရှောက်ပေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ကာကွယ်ရေးတပ်များ လုံခြုံရေးပေးမှုနဲ့ အင်မထီးပျူစခန်းအနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ ကောက်ပဲသီးနှံများကို ကောင်းမွန်စွာ ရိတ်သိမ်းနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၁၀။ မြစ်သားမြို့နယ်၊ ထိန်ကန်ကြီးကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမျိုးလင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှသတ်ဖြတ်၍ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိ
မြစ်သားမြို့နယ်၊ ထိန်ကန်ကြီးကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမျိုးလင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှသတ်ဖြတ်၍ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိဘူးလို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPကဖော်ပြပါတယ်။
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ထိန်ကန်ကြီးကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမျိုးလင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့တွင် ဦးမျိုးလင်း နေမကောင်းသောကြောင့် ဆေးရုံသို့လာရန် အကြောင်းကြားသောကြောင့် မိသားစုဝင်များမှ လိုက်သွားရာ ဦးမျိုးလင်းမှာ သေဆုံးပြီးဖြစ်သည်ကို တွေ့ရှိရတယ်"လို့ဖော်ပြပါတယ်။
ဦးမျိုးလင်း၏ရုပ်အလောင်း၌ ခြေ၊ လက်များနှင့် ဒူးခေါင်း၌ ညိုမည်းနေပြီး ဦးခေါင်း၌ အပေါက်ဖြစ်နေသည်ကို တွေ့ရှိရတယ်လို့ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုမှ ဦးမျိုးလင်း၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဇန်နဝါရီလ ၇ ရက်နေ့တွင် ၎င်းတို့အစီအစဉ်ဖြင့် သဂြိုဟ်ခဲ့ပါတယ်။
========================
📌📌 ၁၁။ အရာတော်မှာ ပိုက်ဆံတောင်းနေတဲ့ စကစတပ်များ Drone ဖြင့် (၄) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ပိုက်ဆံတောင်းနေတဲ့ စကစတပ်များ Drone ဖြင့် (၄) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဇန်နဝါရီ ၁၂ ရက်နံနက် (၁၀) နာရီ (၄၉) မိနစ် အချိန်တွင် အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာလမ်းတစ်လျှောက် အကြမ်းဖက်၍ ပိုက်ဆံ ကောက်ခံနေသောစကစတပ်များကို တိုက်ခိုက်ခဲ့တယ်လို့ Danger Force LPDF ကအတည်ပြုဆိုပါတယ်။
"ဇန်နဝါရီ (၁၂) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၉) မိနစ် အချိန်တွင် အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာလမ်းတစ်လျှောက် အကြမ်းဖက်၍ ပိုက်ဆံ ကောက်ခံနေသော စကစတပ်များအား Drone ဖြင့် (၄) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စကစတပ်များ ဒဏ်ရာအများအပြား ရရှိနိုင်ပြီး သေဆုံးမှုများ ရှိနိုင်တယ်"လို့ဆိုပါတယ်။
ယခုစစ်ဆင်ရေးကို Danger Force LPDF၊ Ngwe Dwin Revolution Force (NDRF)၊ MRTF တပ်ဖွဲ့၊သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing (ABN - PDF)၊မိုင်းမင်းသား မြေအောက်ပျောက်ကျားတပ်ဖွဲ့၊ IBEX တပ်ဖွဲ့ ၊ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment