13th JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဗဟိုတိုင်ကြားစာစိစစ်ရေးကော်မတီကို အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ "အနာဂတ်မြန်မာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် အသွင်ကူးပြောင်းရေး တရားမျှတမှုဆိုင်ရာ မူဝါဒရေးရာနှင့် ဥပဒေရေးရာ ထောက်ခံအကြံပြုချက်များ" စာတမ်းအား တွေ့ဆုံရှင်းလင်းတင်ပြ

📌 ၃။ ပြည်သူများရဲ့ အာဏာဖီဆန်တော်လှန်ရေးဟာ ဝန်ထမ်းများနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲပြည်သူများပါ ပါဝင်လှုပ်ရှားဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်း

📌 ၄။ အမေရိကန်နိုင်ငံ ဘော်စတွန်မှာ NUG နိုင်ငံခြားရေးဒုဝန်ကြီးက မြန်မာနိုင်ငံဖွား ပြည်ထောင်စုသားများနဲ့တွေ့ဆုံမယ်

📌 ၅။ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့ (Interim Board of Education) မှ အတန်းများပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်းအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဗဟိုတိုင်ကြားစာစိစစ်ရေးကော်မတီကို အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇန်နဝါရီလ ၁၂ ရက်‌နေ့တွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအခုလိုဆိုလိုက်ပါတယ်။


"ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းလိုက်သည့် ဗဟိုတိုင်ကြားစာစိစစ်ရေးကော်မတီသည်  ယခုအချိန်မှာ မရှိမဖြစ်လိုအပ်သည့် ယန္တရားတစ်ခု ဖြစ်ကြောင်း၊ တိုင်ကြားစာများ ဖြေရှင်း ဆောင်ရွက်လာနိုင်ခြင်းသည် အစိုးရကို ပြည်သူက ပိုမိုယုံကြည်အားကိုးစေမည့် လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ၎င်း၏နောက်ဆုံး ထွက်ပေါက်ဖြစ်သော အတုအယောင်တရားမဝင်ရွေးကောက်ပွဲကို မဖြစ်ဖြစ်သည့်နည်းနှင့် ဆောင်ရွက်လာနိုင်သည်ဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးဆိုင်ရာ ဖြစ်နိုင်စွမ်းအပေါ်မှာ အစီအမံများ ရေးဆွဲချမှတ်ဆောင်ရွက်ထားရန် လိုအပ်တယ်လို့လည်း ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။


========================


📌📌 ၂။ "အနာဂတ်မြန်မာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် အသွင်ကူးပြောင်းရေး တရားမျှတမှုဆိုင်ရာ မူဝါဒရေးရာနှင့် ဥပဒေရေးရာ ထောက်ခံအကြံပြုချက်များ" စာတမ်းအား တွေ့ဆုံရှင်းလင်းတင်ပြ


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်တကွ ဥပဒေရေးရာကော်မတီ၊ ဖက်ဒရယ် ရေးရာကော်မတီ၊ NUCC ရေးရာကော်မတီတို့အား ဖိတ်ကြား၍ နွေဦးတော်လှန်ရေးမြန်မာ မွတ်စလင်မ်ကွန်ရက် (Spring Revolution Myanmar Muslim Network−SRMMN) သည်အနာဂတ် မြန်မာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် အသွင်ကူးပြောင်းရေး တရားမျှတမှုဆိုင်ရာ မူဝါဒရေးရာနှင့် ဥပဒေရေးရာ ထောက်ခံအကြံပြုချက်များစာတမ်း ရှင်းလင်း တင်ပြခြင်းအစီအစဉ်အားဇန်နဝါရီလ (၁၁) ရက်နေ့၊ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


စာတမ်းရှင်းလင်းတင်ပြခြင်းအစီအစဉ်၌ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက် (SRMMN) မှ ဦးဆောင်ကော်မတီဝင် ဒေါက်တာသန်းလွင်ဦး  က စာတမ်းရေးသားရခြင်းရည်ရွယ်ချက်နှင့်အတူ စာတမ်းပါ မူဝါဒရေးရာနှင့်မဟာဗျူဟာထောက်ခံအကြံပြုချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဦးဆောင်ကော်မတီဝင် ဦးမောင်မောင် က စာတမ်းပါ ပြစ်မှုဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့ အပါအဝင် အခြားဥပဒေရေးရာထောက်ခံအကြံပြုချက်များနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ပါတယ်။


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်တကွ တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


စာတမ်းရှင်းလင်းတင်ပြခြင်းအစီအစဉ်သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီနှင့် NUCC ရေးရာကော်မတီများမှ ကော်မတီဝင်များ၊ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်မှ တာဝန်ရှိသူများ အသီးသီး တက် ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်သူများရဲ့ အာဏာဖီဆန်တော်လှန်ရေးဟာ ဝန်ထမ်းများနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲပြည်သူများပါ ပါဝင်လှုပ်ရှားဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်း


ဇန်နဝါရီလအတွင်း"လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့" ကမ်ပိန်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကအခုလိုဆိုခဲ့ပါတယ်။


"ပြည်သူများရဲ့ အာဏာဖီဆန်တော်လှန်ရေးဟာ"CDMဆိုတာ ဝန်ထမ်းများကိုပဲ ညွှန်းဆိုတာမဟုတ်ပါဘူး။ Civil ဆိုတာပြည်သူ ပြည်သားများလို့ဖွင့်ဆိုပါတယ်။ အဲဒီတော့ ပြည်သူများရဲ့ အာဏာဖီဆန်တော်လှန်ရေးဟာ ဝန်ထမ်းများနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲနဲ့အခုလိုအချိန်အခါမှာ တစ်ခဲနက်ပြည်သူများပါဝင်လှုပ်ရှားတဲ့ လှုပ်ရှားမှုမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ စစ်အာဏာရှင်များ အာဏာထိန်းချုပ်ချက်တာဟာ သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်အထောက်အကူပြုလို့ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန် သပိတ်မှောက်ကြပါစို့"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့ထုတ်ကုန်များဖြစ်သော မြန်မာဘီယာ မိုင်တဲဆင်းကတ် ငွေဖြည့်ကတ် စတဲ့အရက်၊ဘီယာနဲ့ဆေးလိပ် လူသုံးကုန်များကို စစ်ကိုင်းတိုင်းအတွင်း ပို့ဆောင်သယ်ယူ ရောင်းဝယ်ဖောက်ကားခွင့်အယး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပိတ်ပင်တားမြစ်ထားပါတယ်။


========================


📌📌 ၄။ အမေရိကန်နိုင်ငံ ဘော်စတွန်မှာ NUG နိုင်ငံခြားရေးဒုဝန်ကြီးက မြန်မာနိုင်ငံဖွား ပြည်ထောင်စုသားများနဲ့တွေ့ဆုံမယ်


အမေရိကန်နိုင်ငံ ဘော်စတွန်မှာ ဇန်နဝါရီလ ၁၄ ရက်‌နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးသည် မြန်မာနိုင်ငံဖွား ပြည်ထောင်စုသားများဖြစ်သည့်ဘော်စတွန်တော်လှန်မိသားစုများနှင့်တွေ့ဆုံမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲအစီအစဉ်ကိုဖိုးမောင်ပြန်လာပြီရုပ်ရှင်မပြသမှီ ညနေ :၃၀ မှာပြုလုပ်မှာဖြစ်ပြီး ရုပ်ရှင်ကို ဆွေးနွေးပွဲအပြီးမှာ စတင်ပြသမှာ ဖြစ်ပါတယ်။


ရုပ်ရှင်ပြပွဲအပြီး ရန်ပုံငွေ စားစရာရောင်းချပွဲကို တဆက်တည်းပြုလုပ်မှာဖြစ်ပါတယ်။ အစီအစဥ်မှာ အမေးအဖြေ ကဏ္ဍပါဝင်မည်ဖြစ်ပြီးတော့ ဘော်စတွန် မြို့၏ရပ်နီးရပ်ဝေးမှ မိတ်ဆွေများတက်ရောက်ဖို့ရင်းနှီးစွာဖိတ်ကြားထားပါတယ်။


========================


📌📌 ၅။ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့ (Interim Board of Education) မှ အတန်းများပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်းအသိပေး


ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့ (Interim Board of Education) မှ အတန်းများပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်းအသိပေးကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှာ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့ (Interim Board of Education) မှဆိုပါတယ်။


"တော်လှန်ရေးအချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့(Interim Board of Education) မှကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားနိုင်မည့်အခွင့်အရေးမဆုံးရှုံးစေရန်အတွက် အတန်းများကို ဒီဇင်ဘာလမှစ၍ ပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်" လို့ဖော်ပြပါတယ်။ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့ (Interim Board of Education) မှ မကြာခင်မှာလည်း နောက်ထပ်အတန်းတွေဆက်လက်ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် ပေ့ခ်ျကို စောင့်ကြည့်ပေးဖို့ ဆိုထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment