၂၀၂၃ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ နှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး
📌 ၂။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်လိုက်ခြင်းအပေါ် NUG မှ ကြိုဆို
📌 ၃။ ထိရောက်သော လေကြောင်းရန်ကာကွယ်ရေး အစီအမံများ ပံ့ပိုးပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတိုက်တွန်း
📌 ၄။ အသက်ပေးရဲဘော်တို့၏ဆန္ဒနှင့်အညီ စစ်အာဏာရှင်ဖြုတ်ချရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးမမှိတ်မသုန် ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၅။ ဖက်စစ်စစ်တပ်အနေဖြင့် ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ်တွင် ခြိမ်းခြောက်လျက်ရှိတယ်လို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြောကြား
📌 ၆။ လက်နက်နဲ့အတူ အလင်းဝင်ခိုလှုံလာတဲ့ စကစတပ်သားတစ်ဦးကို သိန်း ၈၀ ဂုဏ်ပြုချီးမြှင့်ပေးအပ်
📌 ၇။ ကြာအင်းဆိပ်ကြီးမြို့နယ် မှာ အရပ်သား ၆ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်
📌 ၈။ နွေဦးလက်ဖက်ရည်ဝိုင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့ ထပ်မံကျင်းပမယ်
📌 ၉။ " လွတ်လပ်ခါမှ အမျှဝေမယ် " ဇာတ်ကားကို ကိုရီးယားနဲ့ နိုင်ငံတကာမှာလည်း ပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ နှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) တို့သည် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွှန့်၊ အတွင်းရေးမှူးဦးထွန်းမြင့်နှင့် ရေးရာကော်မတီများမှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ မှ ဥက္ကဌ ဦးမြင့်ထွေး၊တိုင်းဒေသကြီးလွှတ်တော်မှ ရေးရာကော်မတီမှ တာဝန်ရှိသူများ နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ ထို့နောက်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လက်ရှိတော်လှန်ရေးတွင်ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်များ၊ နိုင်ငံရေးဆိုင်ရာဦးဆောင်မှု ရှေ့လုပ်ငန်းစဥ်များ၊ မူဝါဒရေးရာကိစ္စရပ်များကို ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်လိုက်ခြင်းအပေါ် NUG မှ ကြိုဆို
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်လိုက်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Retno L.P. Marsudi က ကြေညာခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆိုတယ်လို့ ဇန်နဝါရီ ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Ms Retno မှ အထူးကိုယ်စားလှယ်ရုံး အကြီးအကဲအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများကို အားသွန်ခွန်စိုက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မိမိတို့ အစိုးရမှ ယုံကြည်ပါတယ်လို့ ဆိုပါတယ်။
ထို့အပြင် အာဆီယံ၏ မြန်မာနိုင်ငံအပေါ် တုံ့ပြန်မှု အရှိန်ကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် Ms Retno မှ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်လာပါက အထူးကိုယ်စားလှယ် မှ ၎င်း၏တာဝန် ဝတ္တရားများကို အချိန်ပြည့် လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်းနှင့် အထူးကိုယ်စားလှယ်ရုံး အနေဖြင့်လည်း အရေးကြီးသော နယ်ပယ်နှင့်ကဏ္ဍအလိုက် လူသားအရင်းအမြစ်များနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကို ခွဲဝေချထားသည်ကို တွေ့မြင်ရပါတယ်လို့ ဖော်ပြပါတယ်။
အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်မှု စတင်သည့်အချိန်သည် မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်းပြီး လူထု၏သဘောထား တဟုန်ထိုးမြင့်တက်နေသည့်ကာလ ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော အခိုက်အတန့်နှင့်လည်း ကိုက်ညီနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီး Ms Retno မှ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်ရုံး၏ အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခြင်းတို့အပေါ် အပြည့်အဝထောက်ခံပါ ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားကြောင်း သိရှိရပါတယ်။
========================
📌📌 ၃။ ထိရောက်သော လေကြောင်းရန်ကာကွယ်ရေး အစီအမံများ ပံ့ပိုးပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတိုက်တွန်း
အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများကို ဆန့်ကျင်ထိရောက်သော လေကြောင်းရန်ကာကွယ်ရေး အစီအမံများ ပံ့ပိုးပေးနိုင်ရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီ ၁၃ ရက်နေ့မှာ Twitter ကတစ်ဆင့် ရေးသားတိုက်တွန်းလိုက်ပါတယ်။
"ချင်းပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သားများဟာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကိုအဓိက ခံစားခဲ့ရပါတယ်။ ဤလေကြောင်းတိုက်ခိုက်မှုများကို ဆန့်ကျင်သည့် ထိရောက်သော လေကြောင်းရန်ကာကွယ်ရေး အစီအမံများ ပံ့ပိုးပေးနိုင်ရန်မိတ်ဖက်နိုင်ငံများအား အလေးအနက် တိုက်တွန်းအပ်ပါတယ်" လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်း လက်ယက်ကုန်းဖြစ်စဥ်မှာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်သုံးပစ်ခတ်ခဲ့ရာ ကျောင်းသားကလေးငယ်များ သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၄။ အသက်ပေးရဲဘော်တို့၏ဆန္ဒနှင့်အညီ စစ်အာဏာရှင်ဖြုတ်ချရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးမမှိတ်မသုန် ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ဇန်နဝါရီ ၁၃ ရက်မှာ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလို ဆိုလိုက်ပါတယ်။
"အကြမ်းဖက် စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွင် ကျဆုံးခဲ့ကြသော ချင်းရဲဘော်သူရဲကောင်းများအား အလေးပြုလျက် ဒီစာကိုရေးပါတယ်။ အသက်ပေးရဲဘော်တို့၏ဆန္ဒနှင့်အညီ စစ်အာဏာရှင်ဖြုတ်ချရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးမမှိတ်မသုန် ကြိုးပမ်းသွားပါမယ်လို့ သွေးသစ္စာပြုအပ်ပါတယ်"လို့ ဝန်ကြီးက ဖော်ပြထားပါတယ်။ တစ်နှစ်ကျော်ကာလအတွင်း ဆင်နွှဲခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်မှာ အကြမ်းဖက်စစ်တပ်က တပ်ဖွဲ့ဝင်ပေါင်း နှစ်သောင်းကျော် ကျဆုံးခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ် အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၅။ ဖက်စစ်စစ်တပ်အနေဖြင့် ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ်တွင် ခြိမ်းခြောက်လျက်ရှိတယ်လို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြောကြား
ဖက်စစ်စစ်တပ်အနေဖြင့် ပြည်တွင်းတည်ငြိမ်မှုကို အာမခံဆောင်ကျဉ်းပေးနိုင်ခြင်းမရှိဘဲ ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ်တွင် ခြိမ်းခြောက်လျက်ရှိတယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့က ကုလသမဂ္ဂမှာ ကျင်းပတဲ့ ‘နိုင်ငံများအကြား တရားဥပဒေ စိုးမိုးမှု ရှိစေရေး’ (Rule of Law among Nations) ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် ဆွေးနွေးမှု အစည်းအဝေးမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
"ဖက်စစ်စစ်တပ်အနေဖြင့် ပြည်တွင်းတည်ငြိမ်မှုကို အာမခံဆောင်ကျဉ်းပေးနိုင်ခြင်းမရှိဘဲ ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ်တွင် ခြိမ်းခြောက်လျက်ရှိသည်မှာ လွန်စွာထင်ရှားကြောင်း၊ ဖက်ဆစ်စစ်တပ်သည် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့်ရပ်ဝန်းတစ်ခုကို ဖန်တီးပေးလျက်ရှိကြောင်း" သံအမတ်ကြီးက ဆိုပါတယ်။
ဒါ့အပြင် လတ်တလောရရှိထားသည့်သတင်းများအရ စစ်တပ်အနေဖြင့် သောင်းရင်းမြစ်တလျှောက် ကီလိုမီတာ (၄၀) ခန့်တွင် ပြစ်မှုဇုန် (၁၅) ခုကို ဖန်တီးပေးထားကြောင်း၊ ယင်းဒေသတွင် နိုင်ငံအနည်းဆုံး (၃၀) ကျော်မှ အပြစ်မဲ့ပြည်သူများ လိမ်လည်လှည့်ဖြားခြင်းခံရ၍ လူကုန်ကူးမှုများ အဓိကဖြစ်ပေါ် နေကြောင်း၊ ထို့ကြောင့် ယင်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးအတွက် စိုးရိမ်ရသည့် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများအား အဆိုပါ လူကုန်ကူးမှုအကျပ်အတည်းကို အလေးအနက်ထားကာ အချိန်မီ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းလိုတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌 ၆။ လက်နက်နဲ့အတူ အလင်းဝင်ခိုလှုံလာတဲ့ စကစတပ်သားတစ်ဦးကို သိန်း ၈၀ ဂုဏ်ပြုချီးမြှင့်ပေးအပ်
စကစတပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်ခိုလှုံလာ၍ ပုလဲပကဖ၊ပအဖနဲ့ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေ သိန်း၈၀ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက်မှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဆိုပါတယ်။
"ပြည်သူ့ရင်ခွင်ခိုလုံလာသည့် တပ်ရင်း ပညရ( ၁၁ ) မှ စစ်ကောင်စီ CDM တပ်သား ကျော်ငြိမ်းလင်းအား ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ( ပအဖ ) ၊ ပုလဲမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ( ပကဖ ) တို့က ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ( ၅၀ ) ကျပ်နှင့် ပုလဲမြို့နယ် ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ( ၃၀ ) ကျပ် ၊ စုစုပေါင်းငွေသားသိန်း ( ၈၀ ) ကျပ် ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်" လို့ ဖော်ပြပါတယ်။ အလင်းဝင်လာတဲ့ တပ်သားကျော်ငြိမ်းလင်းနှင့်အတူ MA 11 ဂန်းတလက် ၊ ကျည်ဘောက် ( ၃ )ခု ၊ 5.56 ကျည်( ၇၄ )တောင့် ၊ဗုံးသီး ( ၁ )လုံးနှင့် ကျည်ကာ ( ၁ ) ထည်တို့ ပါလာခဲ့ကြောင်းလည်း သိရှိရပါတယ်။
========================
📌📌 ၇။ ကြာအင်းဆိပ်ကြီးမြို့နယ် မှာ အရပ်သား ၆ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မှာ အရပ်သား ၆ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ ဇန်နဝါရီ ၁၄ ရက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ဖော်ပြပါတယ်။
"ကြာအင်းဆိပ်ကြီးမြို့နယ် (KNU နို့တကော်မြို့နယ်) အတွင်းသို့ အကြမ်းဖက် စကစ၏ စခစစ်ကြောင်းများက အရပ်သားများကို ဖမ်းစီးပြီး . ထိုးဖေါက်ဝင်ရောက်လာကြရာ တော်လှန်ရေး အင်းအားစုများက အရပ်သားပြည်သူများနှင့် ကျေးရွာနေအိမ်များကို ထိခိုက်မခံလို၍ နယ်မြေအချို့မှ ထွက်ခွာပေးခဲ့ရပါတယ်။ ကျေးရွာများနှင့် လွတ်ကင်းသော တိုက်ပွဲတနေရာတွင် အကြမ်းဖက် စကစများဖက် မှ တပ်ရင်းမှူး တစ်ဦးအပါဝင် ဆယ်ဦးခန့်သည် တော်လှန်ရေးအင်အားစုများ၏ ပိုသလိုက်သော ကျည်ဆံများကြောင့် ကျဆုံးခဲ့ပါတယ်။အကြမ်းဖက် စကစ၏ စစ်ကြောင်းများသည် အရပ်သား ပြည်သူ ၆ ဦးကို ပစ်သတ်သွားပါတယ်" လို့ ဆိုပါတယ်။
စကစတပ်စစ်ကြောင်းဟာ နေအိမ်များ၊ ဆိုင်ခန်းများ မွှေနှောက် ခိုးယူ ၊လုယက် ၊ဖျက်စီးသွားခဲ့ပြီး ပြည်သူများထိခိုက်မည်ကို မလိုလား၍ ဆုတ်ခွာပေးလိုက်သော KNU ဂိတ်စခန်း တစ်ခုအား စကစ အကြမ်းဖက် စစ်ကြောင်းက မီးရှို့ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၈။ နွေဦးလက်ဖက်ရည်ဝိုင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့ ထပ်မံကျင်းပမယ်
တော်လှန်ရေး ရန်ပုံငွေ အဓိကရှာဖွေပေးနေတဲ့ အမေရိကန်နိုင်ငံက နွေဦးလက်ဖက်ရည်ဝိုင်း အစားအစာရောင်းချတဲ့ အစီအစဥ်ကို ဖေဖော်ဝါရီ ၅ ရက်နေ့ ထပ်မံကျင်းပမယ်လို့ နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုက ဖော်ပြအသိပေးလိုက်ပါတယ်။ လက်ဖက်ရည်အပါအဝင် ဗမာမုန့်မျိုးစုံနဲ့တိုင်းရင်းသားအစားအစာများပါဝင်ပြီး ကြိုတင်မှာယူခြင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့မတိုင်ခင် မှာယူရမှာပဲ ဖြစ်ပါတယ်။
ဇန်နဝါရီလအတွက် နွေဦးလက်ဖက်ရည်ဝိုင်းမှ ရောင်းချရငွေနဲ့ အလှူရှင်များ အလှူငွေ စုစုပေါင်း $15648 (or) (ဒေါ်လာ ၁၆၀၀၀ နီးပါး) ရရှိခဲ့ပါတယ်။ အစားအစာ အလှူရှင်များ၊ ငွေသားအလှူရှင်များဝယ်ယူအားပေးသူများ၊ ကူညီ လုပ်အားပေးသူများ၊ ကူညီ ရောင်းချပေးသော မိတ်ဆွေများ၊ Volunteer ကျောင်းသားကျောင်းသူများ၊TeaMix လှူဒါန်းပေးသော အလှူရှင် အားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့ နွေဦးလက်ဖက်ရည်ဝိုင်းက ဆိုထားပါတယ်။
========================
📌📌 ၉။ " လွတ်လပ်ခါမှ အမျှဝေမယ် " ဇာတ်ကားကို ကိုရီးယားနဲ့ နိုင်ငံတကာမှာလည်း ပြသမယ်
"လွတ်လပ်ခါမှ အမျှဝေမယ် " ရုပ်ရှင်ဇာတ်ကားကို ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ကြီး၊ ဘူဖြောင်းမြို့နယ်၊ ဒယ်ဂုမြို့ကြီး၊ ဂယောင်နမ်ပြည်နယ်၊ ဂင်မဲ့မြို့နဲ့ မြို့ကြီးတွေမှာအပြင် နိုင်ငံတကာမှာပါ ပြသသွားမယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားဟာ စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ PDF ရဲဘော်များထဲမှ ရဲဘော်လေးတစ်ဦးရဲ့ဇာတ်လမ်းကို ဇာတ်အိမ်တည် ရိုက်ကူးထားခြင်း ဖြစ်ပြီး လူရွှင်တော်စိန်သီးနှင့် လူရွှင်တော်အောင်သော်တို့က ရိုက်ကူးထားတာဖြစ်တယ်လို့ သိရှိရပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment