၂၀၂၃ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူ သန်းပေါင်းများစွာဟာ ယခုအချိန်ထိ နွေတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတယ်လို့ဆို
📌 ၂။ သုညက စတင်ခဲ့တဲ့တော်လှန်ရေးဟာ ယခုအချိန်တွင် လူထုအင်အား၊ NUG အစိုးရ အဖွဲ့အစည်းများ၊ တပ်ပေါင်းစုအင်အားများရှိလာပြီလို့ အလုပ်သမားဒုဝန်ကြီးဆို
📌 ၃။ စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်သည့် မွန်ပြည်နယ်ရှိတော်လှန်ရေးအင်အားစုများ အားလုံးစုစည်းသွားရန် မွန်ပြည်ဖက်ဒရယ်ကောင်စီပထမအကြိမ်ညီလာခံ ဆုံးဖြတ်
📌 ၄။ UG တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးနေတဲ့ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးနှင့် တပ်ကြပ်ကြီးတို့အား ပစ်ခတ်ဖမ်းဆီးခံရ၍ သေဆုံး
📌 ၅။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့၊ ဂုဏ်ညှင်းလျိုရွာ ညအိပ်သော စကစတပ်များ ယနေ့မနက်ရွာကို မီးရှို့ဖျက်ဆီး
📌 ၆။ ခင်ဦးမြို့နယ် မှ စစ်ကြောင်းထိုးထွက်တဲ့ စကစတပ်များ ယနေ့မနက်မိုင်းများ နှစ်နေရာထိ
📌 ၇။ စစ်ကိုင်းတိုင်းထဲက ရေဦး၊ ဒီပဲယင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းများဖြန့်ကျက်
📌 ၈။ အိုးအိမ်မဲ့ ၊နိုင်ငံမဲ့နှင့် အကျပ်အတည်းဒဏ်ခံရသောလူဆယ်သန်း ကျန်းမာရေးအကူအညီများလိုအပ်နေလို့ WHO Myanmar ကထုတ်ပြန်
📌 ၉။ ချင်းအမျိုးသားကာကွယ်ရေးတပ် CNDFမှ အထူးကွန်မန်ဒိုသင်တန်းအတွက် သင်တန်းသားသစ်များခေါ်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူ သန်းပေါင်းများစွာဟာ ယခုအချိန်ထိ နွေတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတယ်လို့ဆို
ပြည်သူ သန်းပေါင်းများစွာဟာ ယခုအချိန်ထိ နွေတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဇန်နဝါရီ၂၂ရက်မှာ ပြောကြားထားပါတယ်။
"ပညာရေးကဏ္ဍဟာ ပြည်သူသန်းပေါင်းများစွာနဲ့ ထိတွေ့နေရတာဖြစ်တယ်။ ပြည်သူ သန်းပေါင်းများစွာဟာ အခုထိ တော်လှန်ရေးနဲ့ အတူ ပါဝင်နေကြပါတယ်။ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ပုံစံသာ မတူကြတာပါ။ အခုထိတော်လှန်နေကြပါတယ်"လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၂။ သုညက စတင်ခဲ့တဲ့တော်လှန်ရေးဟာ ယခုအချိန်တွင် လူထုအင်အား၊ NUG အစိုးရ အဖွဲ့အစည်းများ၊ တပ်ပေါင်းစုအင်အားများရှိလာပြီလို့ အလုပ်သမားဒုဝန်ကြီးဆို
ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာအလုပ်သမားဒုတိယဝန်ကြီးက အခုလိုဆိုခဲ့ပါတယ်။
"တော်လှန်ရေးကာလသည် နှစ်နှစ် ကာလသို့ရောက်ရှိပြီဖြစ်ကြောင်း၊ တော်လှန်ရေးကို သုညက စတင်ခဲ့ရာမှ ယခုအချိန်တွင် လူထုအင်အား၊ NUGအစိုးရ အဖွဲ့အစည်းများ၊ တပ်ပေါင်းစုအင်အားများစသဖြင့် ရှိလာပြီဖြစ်ကြောင်း၊ တော်လှန်ရေးတွင် လူထုအားနှင့်တော်လှန်သဖြင့် လူထုအားနှင့်တွန်းလှန်မှုကြောင့် ယနေ့အချိန်အထိ ခိုင်မာလာခြင်းဖြစ်၍ လူထုညီညွတ်မှု နိုင်ငံရေးညီညွတ်မှုတို့နှင့်အတူ ဆက်လက်ဆောင်ရွက်ကြပါရန်"ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ ဌာန၏လမ်းညွှန်ချက်၊ မူဝါဒ၊ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန် ချက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်သည့် မွန်ပြည်နယ်ရှိတော်လှန်ရေးအင်အားစုများ အားလုံးစုစည်းသွားရန် မွန်ပြည်ဖက်ဒရယ်ကောင်စီပထမအကြိမ်ညီလာခံ ဆုံးဖြတ်
"မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေး ရည်မှန်းချက်များ၊နိုင်ငံရေးလမ်းပြမြေပုံများနဲ့အတူ ဖွဲ့စည်းအတည်ပြုနိုင်ခဲ့ပြီးတော်လှန်ရေးကြားကာလတွင် စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်သည် မွန်ပြည်နယ်ရှိတော်လှန်ရေးအင်အားစုများ အားလုံးစုစည်းသွားရန်"တို့ညီလာခံကဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇန္နဝါရီ (၁၅) ရက်တွင် MSICC မှ မွန်ပြည်ဖက်ဒရယ်ကောင်စီ ( Mon State Federal Council – MSFC) သို့ အသွင်ကူးပြောင်းလဲဖွဲ့စည်းသွားရန် ဆုံးဖြတ်ခဲ့ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ပထမကြိမ်ညီလာခံကို ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ (၂၂) ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ ပထမအကြိမ်ညီလာခံကို ကိုယ်စားလှယ်စုစုပေါင်း ၈၆ ဦး တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ UG တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးနေတဲ့ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးနှင့် တပ်ကြပ်ကြီးတို့အား ပစ်ခတ်ဖမ်းဆီးခံရ၍ သေဆုံး
ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁) အနီးတွင် UG တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးနေတဲ့ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူး သန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့အား ပစ်ခတ်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်မှာ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ BAGO PDF က ဖော်ပြပါတယ်။
"ဇန်နဝါရီလ (၂၂) ရက် မွန်းလွဲ (၁:၄၅) အချိန်၌ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁) အနီးတွင် UG တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်) နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့အား တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တယ်" လို့ ဆိုထားပါတယ်။
အဆိုပါ အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်စစ်ကြောရေးတာဝန်ခံ စရက (၁) တပ်မှူးဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်) နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ဟာ UG များ၏ သတင်းကွင်းဆက်များ လိုက်လံစုံစမ်း၍ လက်နက်များ ၀ယ်ယူမည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
၄င်းတို့နှစ်ဦးအား ရန်ကုန် - မန္တလေး အမြန်လမ်းအတိုင်းထွက်ခွါလာပြီဖြစ်ကြောင်း YUA အဖွဲ့၏ သတင်းအချက်အလက် ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ကင်းပုန်းဝပ်၍ စောင့်ဆိုင်းကာ ဖုန်းဆက်ပြီး ၎င်းကားအား ရပ်တန့်စေခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ပိတ်ဆို့ဖမ်းဆီးစဉ် အဆိုပါ (၂) ဦးမှ အသင့်ပါလာသော လက်နက်များဖြင့် ပြန်လည်ခုခံသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၎င်းတို့ (၂) ဦးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ဆိုထားပါတယ်။
ထို့အပြင် သေဆုံးသူ စစ်ကောင်စီတပ်သား (၂) ဦးထံမှ ၉ မမ ပစ္စတို (၂) လက်၊ ကျည် (၁၂) တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားများနှင့် အတူပါလာသော အမျိုးသားနှစ်ဦးအား စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်လာစဉ် လက်နက်အား လုယူထွက်ပြေးရန် ကြိုးစားလာသောကြောင့် တော်လှန်ရေးရဲဘော်များမှ ပစ်ခတ်ဖမ်းစီးစဉ် သေဆုံးသွားသဖြင့် အခင်းဖြစ်ပွါးသော ကားပေါ်ပါ ၄ ဦးလုံး သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၅။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့၊ ဂုဏ်ညှင်းလျိုရွာ ညအိပ်သော စကစတပ်များ ယနေ့မနက်ရွာကို မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့၊ ဂုဏ်ညှင်းလျိုရွာမှာညအိပ်သောစကစတပ်များက ယနေ့မနက်တွင် ရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဇန်နဝါရီ ၂၃ ရက် ကောလင်း KR Team က သတင်းအတည်ပြုဆိုထားပါတယ်။ ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ်၊ ဂုဏ်ညှင်းလျိုရွာ ညအိပ်သော စကစတပ်များ ယနေ့နံနက် ၆နာရီ၃၀အချိန် မီးစတင်ရှို့နေပါတယ်"လို့ ဆိုပါတယ်။
အဆိုပါ ဂုဏ်ညှင်းလျိုရွာကို မီးရှို့ဖျက်ဆီးသော စစ်ကြောင်းဟာ အင်အား ၅၀ ခန့် ပါဝင်ပါတယ်။ အလားတူ ဝန်းသိုမြို့နယ် ပိန္နဲကုန်းရွာကိုလည်း အကြမ်းဖက်စကစတပ်များမှ ယနေ့နံနက် ၆ နာရီ ၂၀ အချိန် မီးစတင်ရှို့နေကြောင်း သိရပါတယ်။
========================
📌📌 ၆။ ခင်ဦးမြို့နယ် မှ စစ်ကြောင်းထိုးထွက်တဲ့ စကစတပ်များ ယနေ့မနက်မိုင်းများ နှစ်နေရာထိ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မှ စစ်ကြောင်းထိုးထွက်တဲ့ စကစတပ်များ ယနေ့မနက်မိုင်းများ နှစ်နေရာထိထားတယ်လို့ ဒီကနေ့မနက်ပိုင်းမှာ ခင်ဦး KDKအဖွဲ့ကအတည်ပြုဆိုထားပါတယ်။
"ဇန်နဝါရီ ၂၃ ရက် မနက် ၇ နာရီ ၅၀ အချိန် ရွာသစ်ကုန်းမှ ထွက်လာသော စကစတပ် အင်အား ၃၀ ခန့်သည် သံလမ်းတောင်ဘက်ရှ်ိ ကြက်ခြံနားတွင် ကင်းပုန်းများဝပ်နေပြီး မိုင်းတစ်လုံးထိထားပါတယ်။ မန်ကျီးတောကျေးရွာမှထွက်လာသော စကစတပ်များလည်း ပြည်တော်ကျေးရွာဘက်တွင်လည်း မိုင်းတစ်လုံးထိထားပါတယ်" လို့ ဆိုပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်းကို ထိန်းချုပ်စိုးမိုးနိူင်ခြင်းမရှိတော့ဘဲ အရပ်သားများနေထိုင်ရာ ကျေးရွာများကိုသာ နေ့စဥ်ရက်ဆက် မီးရှို့ဖျက်ဆီးလျက် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်းထဲက ရေဦး၊ ဒီပဲယင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းများဖြန့်ကျက်
စစ်ကိုင်းတိုင်းထဲက ရေဦး၊ ဒီပဲယင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းများ ဖြန့်ကျက်ဝင်ရောက်ခဲ့တယ်လို့ ဇန်နဝါရီ ၂၃ ရက်မှာ ဒေသခံသတင်းအရင်းအမြစ်များက အတည်ပြုဆိုပါတယ်။
"ဇန်နဝါရီ ၂၃ ရက် မနက် ၇ နာရီအချိန် ရေဦးမြို့မှ ၃ ဖွဲ့ခွဲ၍ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းသည် ရွာသာလေးကျေးရွာ တောင်ဘက် ပြည်တော်ဘက်သို့ ဆက်လက်ဦးတည်နေတယ်လို့ သိရပါတယ်။၃ ဖွဲ့ပေါင်း ခန့်မှန်းအင်အား ၁၀၀ ကျော်ရှိနိုင်မည်ဟု ခန့်မှန်းရပြီး အင်အားအတိအကျမသိရသေးပါ။ ဆက်လက်စစ်ကြောင်းထိုးနိုင်ပါသဖြင့် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများနှင့် ရေဦးတောင်ဘက်ကျေးရွာများ သတိပြုနေထိုင်ကြပါရန် နှိုးဆော်အပ်ပါတယ်" လို့ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ဆိုထားပါတယ်။
အလားတူ ဝက်လက်မြို့နယ် လှတောစံပြကျေးရွာတွင် တပ်စွဲအထိုင်ချထားသော စကစတပ်များသည် ယနေ့ မနက် (၇) နာရီအချိန်ခန့်တွင် အရှေ့ဘက်သို့ဦးတည်နေပြီး ခမအအ (၆၀) ပင်းဇင်း၊ မကျီးတုံ၊ မူးကြီး၊ တိုက်ကုံးစသည့် ဒေသခံကျေးရွာသူကျေးရွာသားများ စစ်ရေးသတိဖြင့် နေထိုင်ကြရန် ဝက်လက်ဒေသခံ သတင်းအရင်းအမြစ်များက ဆိုထားပါတယ်။
========================
📌📌 ၈။ အိုးအိမ်မဲ့ ၊နိုင်ငံမဲ့နှင့် အကျပ်အတည်းဒဏ်ခံရသောလူဆယ်သန်း ကျန်းမာရေးအကူအညီများလိုအပ်နေလို့ WHO Myanmar ကထုတ်ပြန်
ဇန်နဝါရီ ၂၃ ရက်နေ့မှာ WHO Myanmarက အကျပ်အတည်းနှင့်ပတ်သက်ပြီး အခုလိုအသိပေးဖော်ပြထားပါတယ်။
"မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြင်းထန်သောပဋိပက္ခများသည် သန်းနှင့်ချီသောလူဦးရေများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝသာယာရေးကို ထိခိုက်စေပါတယ်။နောက်ဆုံးထွက်ရှိထားသောလူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များခြုံငုံသုံးသပ်ချက် 2023 အရ အိုးအိမ်မဲ့၊ နေရပ်ပြန်သူများ၊ နိုင်ငံမဲ့နှင့် အကျပ်အတည်းဒဏ်ခံရသော လူ ၁၀သန်းသည် ကျန်းမာရေးအကူအညီများ လိုအပ်နေပြီး ၅၂% သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များဖြစ်ပြီး ၃၂% မှာ အသက် ၁၈ နှစ်အောက်ကလေးများဖြစ်တယ်" လို့ ဆိုပါတယ်။
WHO နှင့် ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းတို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေအား 2023 ခုနှစ်တွင် ဆက်လက်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ပြီး မူလကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်စောင့်ရှောက်မှုနှင့် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၊ မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF မှ အထူးကွန်မန်ဒိုသင်တန်းအတွက် သင်တန်းသားသစ်များခေါ်ယူ
ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF မှ အထူးကွန်မန်ဒိုသင်တန်းအတွက် သင်တန်းသားသစ်များ ခေါ်ယူလျက်ရှိတယ်လို့ ဇန်နဝါရီလအတွင်းမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်က အသိပေးဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မယ့် အထူးကွန်မန်ဒို သင်တန်းအတွက် အသက် ၁၆ နှစ်အထက်မှ ၃၅ နှစ်အထက် ကျန်းမာသန်စွမ်းပြီး မျက်လုံးကောင်းမွန်သူနာတာရှည်ရောဂါမရှိရသူဖြစ်ရမှာဖြစ်ပါတယ်။ ထမ်းဆောင်ခွင့်ရသူဟာ နေရာဒေသမရွေး ထမ်းဆောင်ရမည်ဖြစ်ပြီး CNDF တွင် အနည်းဆုံး ၁ နှစ် တာဝန်ထမ်းဆောင်နိုင်ရသူဖြစ်ရမယ်လို့ ဆိုပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment