၂၀၂၃ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မဝေးလှသော အနာဂတ်တွင် လူမျိုးဘာသာ အားလုံးပါဝင်သည့် မြန်မာပြည်သစ်ကို တည်ဆောက်ကာ မတူကွဲပြားမှုများကို အတူတကွ အသိအမှတ်ပြု ကြိုဆိုမယ်လို့ တရုတ်နှစ်သစ်ကူးကို ယာယီသမ္မတ ဆုမွန်ကောင်းတောင်း
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ အစည်းအဝေးကျင်းပ
📌 ၃။ မြန်မာ့နွေဦးတော်လှန်ရေးဟာအတုယူစံပြုစရာ၊ အောင်မြင်ခဲ့တဲ့သမိုင်းသင်ရိုးအဖြစ် ကျန်ရစ်ခဲ့မယ့်တော်လှန်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား
📌 ၄။ စစ်ကောင်စီရဲ့ ကျောင်းပေါင်းများစွာမှာ ဆရာ၊ဆရာမ မလုံလောက်မှုတွေကြုံတွေ့နေရပြီလို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းအသိပေးဆို
📌 ၅။ ဒုဝန်ကြီးအိသဉ္ဇာမောင်က ရေးဘီလူးအဖွဲ့ကို ငွေကျပ်ဆယ်သိန်းကူခဲ့
📌 ၆။ ထိုင်းနိုင်ငံ၊ CHONBORI မြို့တွင် MOU စနစ်ဖြင့် လုပ်ကိုင်ရန် ရောက်ရှိလာသည့် အလုပ်သမားများအား လုပ်အားခများရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်
📌 ၇။ နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်သည့် သင်တန်းအားလုံးကို NUGPay ဖြင့် အားဖြည့်တက်ရောက်နိုင်
📌 ၈။ Spring Valour Condominium (ရဲရင့်နွေဦး) ကွန်ဒိုတိုက်ခန်းများအားလုံး ၁၈ နာရီ အတွင်းရောင်းကုန်၍ စုစုပေါင်းရောင်းချတန်ဖိုးမှာ USD 10.35 Millions ဖြစ်
📌 ၉။ ကန့်ဘလူနယ် ကိုးတောင်ဘို့ဘက်သို့ပြန်လည်ဆုတ်ခွာလာတဲ့ စကစတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များပစ်ခတ်ရာ စကစတပ်က သုံးဦးသေဆုံး
📌 ၁၀။ ပခုက္ကူဘက်မှ ကမ္မဘက်သို့ ထွက်ခွာလာသော ဖောကား ၆ စီးအားမိုင်းခွဲတိုက်ခိုက်ရာ စကစတပ်က ၁၁ ဦးသေ၊ ၈ ဦးထိခိုက်ဒဏ်ရာရ
📌 ၁၁။ အကြမ်းဖက် စစ်ကောင်စီမှ စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ် အဆောက်အဦများကို ယမန်နေ့ညက တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်သူများရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မဝေးလှသော အနာဂတ်တွင် လူမျိုးဘာသာ အားလုံးပါဝင်သည့် မြန်မာပြည်သစ်ကို တည်ဆောက်ကာ မတူကွဲပြားမှုများကို အတူတကွ အသိအမှတ်ပြု ကြိုဆိုမယ်လို့ တရုတ်နှစ်သစ်ကူးကို ယာယီသမ္မတ ဆုမွန်ကောင်းတောင်း
မဝေးလှသော အနာဂတ်တွင် လူမျိုးဘာသာ အားလုံးပါဝင်သည့် မြန်မာပြည်သစ်ကို တည်ဆောက်ကာ မတူကွဲပြားမှုများကို အတူတကွ အသိအမှတ်ပြု ကြိုဆိုမယ်လို့ တရုတ်နှစ်သစ်ကူးကို ယာယီသမ္မတဒူဝါလရှီးလက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဇန်နဝါရီ ၂၂ ရက် မှာ အမျိုးသားညီညွတ်ရေးအစိုးရ မှယာယီသမ္မတဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးကိုဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။
"မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်လူမျိုးများအတွက် ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေရန် ဆုမွန်ကောင်း တောင်းလိုက်ပြီး ယုန်နှစ်ကို ကြိုဆိုလိုက်ပါတယ်။မြန်မာပြည်ဖွားတရုတ်များသည် လွန်ခဲ့သောနှစ်များအတွင်း အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့တယ်။ မဝေးလှသော အနာဂတ်တွင် လူမျိုးဘာသာ အားလုံးပါဝင်သည့် မြန်မာပြည်သစ်ကို တည်ဆောက်ကာ မတူကွဲပြားမှုများကို အတူတကွ အသိအမှတ်ပြု ကြိုဆိုကြပါမယ်"လို့ဆိုထားပါတယ်။
အလားတူ တရုတ်နှစ်သစ်ကူးကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း ဆုမွန်ကောင်းများတောင်းပေးခဲ့ပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ အစည်းအဝေးကျင်းပ
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ အစည်းအဝေးကျင်းပခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ အစည်းအဝေး တစ်ရပ် ကျင်းပပြုခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကားလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် ကိုယ်စား ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ သဘာပတိအဖွဲ့ဝင် ဦးနေလင်းအောင် တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် ချင်းပြည်အစိုးရ မပေါ်ပေါက်ခင်ကာလအတွင်း ပြည်ထောင်စု နှင့် ချင်းပြည်ကြား ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ ခွဲဝေ ညှိနှိုင်းဖော်ဆောင်နိုင်ရေး ကိစ္စ နှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့် ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေး၊ စိုက်ပျိုး/မွေးမြူရေး၊ အခွန်/ဘဏ္ဍာ၊ ရဲလုပ်ငန်းများ နှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒ နှင့် ယန္တရားဖော်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး၊ သဘောတူညီချက်များ ၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အဆိုပါအစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှ ဗဟိုကော်မတီဝင်များ နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင် စီမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ မြန်မာ့နွေဦးတော်လှန်ရေးဟာအတုယူစံပြုစရာ၊ အောင်မြင်ခဲ့တဲ့သမိုင်းသင်ရိုးအဖြစ် ကျန်ရစ်ခဲ့မယ့်တော်လှန်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား
မြန်မာ့နွေဦးတော်လှန်ရေးဟာအတုယူစံပြုစရာ၊ အောင်မြင်ခဲ့တဲ့သမိုင်းသင်ရိုးအဖြစ် ကျန်ရစ်ခဲ့မယ့်တော်လှန်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်မှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိူင်ကဆိုပါတယ်။
"ကမ္ဘာမှာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ဖူးသမျှ တော်လှန်ရေးပေါင်းများစွာထက် မြန်မာ့နွေဦးတော်လှန်ရေးဟာ အတုယူစံပြုစရာ၊ အောင်မြင်ခဲ့တဲ့သမိုင်းသင်ရိုးအဖြစ် ကျန်ရစ်ခဲ့မယ့် တော်လှန်ရေးပါ။ တကယ်တော့ ရဲရင့်နွေဦး စီမံကိန်းဟာပြည်သူ့အောင်ပွဲ။ ပြည်သူ့ဆန္ဒ။
ပြည်သူ့မျှော်ရည်ရာ။အရေးတော်ပုံ မအောင်မြင်စရာဘာအကြောင်းမှမရှိ"လို့ ဝန်ကြီးကဆိုပါတယ်။
NUG အစိုးရရဲ့ ရဲရင့်နွေဦး စီမံကိန်းနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့ ၃ လလောက်ကတည်းက စီမံ၊ဘဏ္ဍာဝန်ကြီးဌာနက အချိန်ယူပြင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ လက်တွေ့မှာ ဇန်နဝါရီ ၂၁ ရက် ည ၁၀ နာရီအချိန် အရောင်းစတင်ဖွင့်လှစ်ရာမှာ Spring Valour Condominium (ရဲရင့်နွေဦး) ကွန်ဒိုတိုက်ခန်းများအားလုံး ၁၈ နာရီ အတွင်းရောင်းချခဲ့ရပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီရဲ့ ကျောင်းပေါင်းများစွာမှာ ဆရာ၊ဆရာမ မလုံလောက်မှုတွေကြုံတွေ့နေရပြီလို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းအသိပေးဆို
စစ်ကောင်စီရဲ့ ကျောင်းပေါင်းများစွာမှာ ဆရာ၊ဆရာမ မလုံလောက်မှုတွေကြုံတွေ့နေရပြီလို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းအသိပေးဆိုပါတယ်။ ဇန်နဝါရီ ၂၂ ရက်မှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကဆိုထားပါတယ်။
"တစ်ချို့တွေက တော်လှန်ရေးအပေါ် ပြည်သူထောက်ခံမှုကို စိုးရိမ်စိတ်နဲ့ မေးကြ၊ ဆွေးနွေးကြတာ ရှိတယ်။ ထောက်ခံမှုတွေ အားနည်းသွားပြီလားတဲ့။ ကျွန်တော်သိတဲ့ CDM အသိုင်းအဝိုင်းနဲ့ ကျောင်းသူကျောင်းသားတွေဟာ အခုထိ ဒီတော်လှန်ရေး နိုင်ကိုနိုင်ရမည်ဆိုတဲ့ ခိုင်မာသော စိတ်နဲ့ တော်လှန်နေကြဆဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့ ကျောင်းပေါင်းများစွာမှာ ဆရာဆရာမ မလုံလောက်မှုတွေကြောင့် CDMဆရာ/မတွေကို နည်းမျိုးစုံနဲ့ ချိတ်ဆက်နေတာတွေ ကြားနေရပါတယ်။ CDM ဝန်းထမ်းထုတွေကို ဖိအားတွေပေးနေပါတယ်။ "လို့ဒုဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလ ၂ နှစ်ကြာတဲ့အထိပါဝင်လာကြတဲ့ဆရာဆရာမ၊ ဝန်ထမ်း၊ ကျောင်းသူကျောင်းသားများဟာ စကစဆီ ဒူးထောက်လက်မြောက်ဖို့ မရှိဘူးဆိုကို ယုံကြည်တယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၅။ ဒုဝန်ကြီးအိသဉ္ဇာမောင်က ရေးဘီလူးအဖွဲ့ကို ငွေကျပ်ဆယ်သိန်းကူခဲ့
ဒုဝန်ကြီးအိသဉ္ဇာမောင်က ရေးဘီလူးအဖွဲ့ကို ငွေကျပ်ဆယ်သိန်းကူခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၂ ရက်မှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကအတည်ပြုဆိုပါတယ်။
"ဟုတ်ပါတယ်"လို့ ဒုဝန်ကြီး ကူငွေလက်ခံခဲ့ကြောင်း ရေးဘီလူးအဖွဲ့ကခေါင်းဆောင်ကဆိုပါတယ်။
ရေးဘီလူးအဖွဲ့ကို အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီးအိသဉ္ဇာမောင်ကတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၆။ ထိုင်းနိုင်ငံ၊ CHONBORI မြို့တွင် MOU စနစ်ဖြင့် လုပ်ကိုင်ရန် ရောက်ရှိလာသည့် အလုပ်သမားများအား လုပ်အားခများရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်
ထိုင်းနိုင်ငံ၊ CHONBORI မြို့တွင် MOU စနစ်ဖြင့် လုပ်ကိုင်ရန် ရောက်ရှိလာသည့် အလုပ်သမားများအား လုပ်အားခများရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်မှာ NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ CHONBORI မြို့ရှိ Lakbam စက်ရုံနှင့် Phakee ဆောက်လုပ်ရေးလုပ်ငန်းတို့၌ MOU စနစ်ဖြင့် လုပ်ကိုင်ရန် ၁၉.၁၂.၂၀၂၂ ရက်နေ့တွင် ရောက်ရှိခဲ့သည့် အလုပ်သမားများအား Lakbam စက်ရုံနှင့် Phakee ဆောက်လုပ်ရေးလုပ်ငန်းတို့က ဆက်လက်အလုပ်လုပ်ကိုင်ခွင့် မပေးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲရေးဦးစီးဌာန လက်အောက်ရှိ အငြင်းပွားမှုဖြေရှင်းရေးရုံးခွဲ (ဘန်ကောက်) ရုံးတာဝန်ခံက သွားရောက်ကူညီဖြေရှင်းပေးခဲ့ တယ်လို့ဆိုပါတယ်။
အဆိုပါ Lakbam စက်ရုံမှ အလုပ်သမား ၃၀ ဦးအား ထိုင်းနိုင်ငံသို့ရောက်ရှိပြီး နောက်အလုပ်သစ်သို့ ပြောင်းရွေ့သွားသည့်နေ့အထိ လုပ်အားခ၏ ၇၅ ရာခိုင်နှုန်းနှင့်ညီမျှသော ၉၉,၆၀၀ ဘတ် အားလည်းကောင်း၊ Phakee ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမား ၁၀ ဦးအတွက် ၂၆ ရက်စာ လုပ်အားခ ၈၃,၁၀၀ ဘတ်အားလည်းကောင်း ရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေတယ်လို့အသိပေးဆိုပါတယ်။
========================
📌📌 ၇။ နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်သည့် သင်တန်းအားလုံးကို NUGPay ဖြင့် အားဖြည့်တက်ရောက်နိုင်
နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်သည့် သင်တန်းအားလုံးကို NUGPay ဖြင့် အားဖြည့်တက်ရောက်နိုင်ပြီလို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၂ ရက်မှာ NUG Pay ကနေအသိပေးဆိုပါတယ်။
"Lunar New Year အချိန်အခါသမယမှ စတင်ကာ ကျောင်းသား၊ကျောင်းသူများအနေနဲ့ နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်သည့် သင်တန်းအားလုံးကို NUGPay ဖြင့် အားဖြည့်တက်ရောက်နိုင်ပြီ ဖြစ်ပါတယ်။ နွေဦးတက္ကသိုလ်အနေနဲ့ ကျောင်းသားပြည်သူများနှင့် အတူတူ တော်လှန်ရေးကို တထောင့်တနေရာကနေ ဆက်လက် အားဖြည့်ရန် ရည်သန်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ဘဏ္ဍာရေးယန္တရားမှ လုံးဝ လွတ်ကင်းပြီး လုံခြုံမှု အပြည့်ရှိသော ငွေပေးငွေယူ စနစ်တစ်ခု ဖြစ်တဲ့ NUGPay ဖြင့် သင်တန်းများကို တက်ရောက်အားဖြည့်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ"လို့ဖော်ပြပါတယ်။
ယခုလက်ရှိ နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်ထားသည့် သင်တန်းများကိုသက်ဆိုင်ရာပေ့ချ်များမှာ အသိပေးဖော်ပြထားပြီးစိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင် သက်ဆိုင်ရာလင်ခ့်များမှ တဆင့် ဝင်ရောက်စာရင်းသွင်း လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။
========================
📌📌 ၈။ Spring Valour Condominium (ရဲရင့်နွေဦး) ကွန်ဒိုတိုက်ခန်းများအားလုံး ၁၈ နာရီ အတွင်းရောင်းကုန်၍ စုစုပေါင်းရောင်းချတန်ဖိုးမှာ USD 10.35 Millions ဖြစ်
Spring Valour Condominium (ရဲရင့်နွေဦး) ကွန်ဒိုတိုက်ခန်းများအားလုံး ၁၈ နာရီ အတွင်းရောင်းကုန်၍ စုစုပေါင်းရောင်းချတန်ဖိုးမှာ USD 10.35 Millions ဖြစ်တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၂ ရက်မှာ Spring Valour Condominium (ရဲရင့်နွေဦး)အရောင်းနှင့်ပတ်သက်၍ EOD အသိပေးဖော်ပြပါတယ်။
"Spring Valour Condominium (ရဲရင့်နွေဦး) ကွန်ဒိုတိုက်ခန်းများအား စတင်ရောင်းချသည့်အချိန်မှ ၁၈ နာရီ အတွင်း တိုက်ခန်းအားလုံး အကုန် ရောင်းချရပြီးဖြစ်ပါတယ်။စုစုပေါင်းရောင်းချတန်ဖိုးမှာ USD 10.35 Millions ဖြစ်ပါတယ်။ တခဲနက်ပါဝင်အားပေးခဲ့ကြသည့် ရဲရင့်ပြည်သူများ အားလုံးကို EOD Project Team အဖွဲ့သားများအားလုံးမှ လေးစားဦးညွှတ်လိုက်ပါတယ်"လို့ဆိုထားပါတယ်။
ရဲရင့်နွေဦး ကွန်ဒိုရှိ အခန်းပေါင်း၇၇၀ ကို ဇန်နဝါရီ၂၁ရက် ည၁၀နာရီအချိန်မှာ စတင်အရောင်းဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ရဲရင့်နွေဦး ကွန်ဒိုကိုကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ၁၀၆ အကြမ်းဖက် စစ်တပ်ပိုင် မြေနေရာကို ဥပဒေနဲ့ အညီသိမ်းယူပြီး ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်မယ့် စီမံကိန်းဖြစ်ပါတယ်။
========================
📌📌 ၉။ ကန့်ဘလူနယ် ကိုးတောင်ဘို့ဘက်သို့ပြန်လည်ဆုတ်ခွာလာတဲ့ စကစတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များပစ်ခတ်ရာ စကစတပ်က သုံးဦးသေဆုံး
စစ်ကိုင်းတိုင်း ကန့်ဘလူနယ် ကိုးတောင်ဘို့ဘက်သို့ပြန်လည်ဆုတ်ခွာလာတဲ့ စကစတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များပစ်ခတ်ရာ စကစတပ်က သုံးဦးသေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်မှာ စစ်ရေးသတင်းကို KR Team ကအသိပေးဖော်ပြပါတယ်။
"ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် တွင်ဝါးရုံခုံကျေးရွာရှိ စျေးဆိုင်အား ကိုးတောင်ဘို့မှထွက်လာသောစကစတပ်အင်အား ၅၃ ဦးဟာ မီးရှို့ခဲ့ပြီး ဝါးရုံခုံရွာမှ ကိုးတောင်ဘို့ဘက်သို့ဆုတ်ခွာရာလမ်းတွင် ကောလင်းခရိုင်တပ်ရင်း၁၊ဇင်ယော်လေးတပ်စိတ်၊ ကျော်ကြီးတပ်စိတ်နှင့် ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ)တို့မှ ခမရ ၃၆၃ ကိုစတင်ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။
ဖြစ်စဥ်တွင် တိုက်ပွဲအတွင်း စကစတပ်ကသုံးဦးထက်မနည်းသေဆုံးကာ အများအပြားထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲကြာချိန် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီးတော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၁၀။ ပခုက္ကူဘက်မှ ကမ္မဘက်သို့ ထွက်ခွာလာသော ဖောကား ၆ စီးအားမိုင်းခွဲတိုက်ခိုက်ရာ စကစတပ်က ၁၁ ဦးသေ၊ ၈ ဦးထိခိုက်ဒဏ်ရာရ
ပခုက္ကူဘက်မှ ကမ္မဘက်သို့ ထွက်ခွာလာသော ဖောကား ၆ စီးအားမိုင်းခွဲတိုက်ခိုက်ရာ စကစတပ်က ၁၁ ဦးသေ၊ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဇန်နဝါရီ ၂၁ ရက် မနက် ၀၆:၃၀ အချိန်မှ ၀၆:၄၂ ကြားတွင် ပခုက္ကူဘက်မှ ကမ္မဘက်သို့ ထွက်ခွာလာသော ဖောကား ၆ စီးအားတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက အတည်ပြုဆိုထားပါတယ်။
"ဇန်နဝါရီ၂၁ရက်နေ့ မနက် ၀၆:၃၀ အချိန်မှ ၀၆:၄၂ ကြားတွင် ပခုက္ကူဘက်မှ ကမ္မဘက်သို့ ထွက်ခွာလာသော ဖောကား ၆ စီးအား မိုင်းပွိုင့် ၃ ပွိုင့်ဖြင့်တိုက်ခိုက်ခဲ့ရာစကစတပ်က၁၁ဦးနေရာတင်သေဆုံးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၈ဦးအား လူမှုကူညီရေးယာဉ်များဖြင့် ပခုက္ကူဘက်သို့ သယ်ဆောင်သွားခဲ့ပါတယ်။ ၎င်းနေရာတွင် စတင်၍ ဖောက်ခွဲသည့် အချိန်မှကာ စကစတပ်က လက်နက်ကြီး/ငယ် မျိုးစုံနှင့် အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၁၁။ အကြမ်းဖက် စစ်ကောင်စီမှ စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ် အဆောက်အဦများကို ယမန်နေ့ညက တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်သူများရှိ
ချင်းပြည်နယ် မင်းတပ်မြို့ စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ် အဆောက်အဦများကို စကစတပ်ကတိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်မှာ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။
"အကြမ်းဖက် စစ်ကောင်စီမှ စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ် အဆောက်အဦများကို ဇန်နဝါရီ ၂၁ ရက်ည ၁၁:၅၀ ဝန်းကျင်တွင် တိုက်ပွဲမရှိဘဲ တိုက်လေယဉ်ဖြင့် ဗုံး 2 လုံးကြဲခဲ့ရာ၊ နေအိမ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ကျား (၁) ဦး၊ မ (၁) ဦး ဗုံးဆံထိမှန်ပြီး (မစိုးရိမ်ရ) ဒဏ်ရာများရခဲ့ပါတယ်"လို့ဆိုပါတယ်။
ဇန်နဝါရီ ၂၂ ရက်မနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း အကြမ်းဖက် စကစတပ်မှ မင်းတပ်မြို့ပေါ်တွင် တပ်ဆင်ထားသော ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးများဖြင့် (၅) ချက်ဆက်တိုက် ဝမ္မသူးကျေးရွာကို ပစ်ခတ်ခဲ့ပါတယ်။ ယင်းပစ်ခတ်မှု ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိပြီး နေအိမ်ပျက်စီးမှုများကို မသိရသေးဘူးလို့ဆိုပါတယ်။ အကြမ်းဖက် စကစမှ ယခုကဲ့သို့ ကျေးရွာများကို အကြောင်းမဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment