၂၀၂၃ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အုပ်စု၏ လေယာဥ်ဆီများ ဝယ်ယူရရှိနေမှုကို ထိထိရောက်ရောက်တားဆီး ပိတ်ပင်မှုများ ပြုလုပ်ရေးကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများကို NUGအစိုးရ တောင်းဆို
📌 ၂။ တိုင်းရင်းသားအဖွဲ့အစည်း များနှင့်လုပ်ကိုင်ဆောင်ရွက်နေသည့်အချိန် ခရိုင် ပေါင်းစပ်ညှိနှိုင်းရေးဆောင်ရွက်မှုအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၃။ Onlineကျောင်း ၃၃ ကျောင်းကို ပြည်သူ့ပညာရေးကျောင်းများအဖြစ် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု
📌 ၄။ ဖက်ဒရယ်နိုင်ငံတော်မှာ ပုံစံအသစ်နှင့် အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချပြီး အာဏာစိုက်ထူမှာဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီးပြောကြား
📌 ၅။ PDFများကို ခုခံပစ်ခတ်၍ သေဆုံးသူ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံမှာ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဖြိုးဇေယျာသော်တို့ ဖမ်းဆီးစစ်ကြောရေးခံရမှုတွင် ပါဝင်ပတ်သက်သူဖြစ်နေ
📌 ၆။ လေကြောင်းတိုက်ခိုက်မှုများရှိလာ၍ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း CDF-Mindat ထိန်းချုပ်နယ်မြေများတွင်နေထိုင်ကြသော ပြည်သူများအနေနဲ့ ပုန်းခိုကျင်းများတူးကြရန် သတိပေးနှိုးဆော်
📌 ၇။ ငွေတောင်အစားအစာဆိုင်မှာ ပြည်သူ လူထုအနေဖြင့် စားသောက်ခြင်းမပြုဖို့ Freelance Attack Force - FLA မှအသိပေး
📌 ၈။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာရှိ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်အမျိုးသမီးတစ်ဦးသေဆုံး
📌 ၉။ ရွှေဘိုမြို့နယ် တည်သီးတောရွာ ပျူနှင့်စကစတပ်များကို ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ အများအပြားသေဆုံး
📌 ၁၀။ ရေးမြို့ ကျောင်းရွာ၅၉၁တပ်မကို ရေးဘီလူးတပ်ဖွဲ့ ဝေဟင်ကတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အုပ်စု၏ လေယာဥ်ဆီများ ဝယ်ယူရရှိနေမှုကို ထိထိရောက်ရောက်တားဆီး ပိတ်ပင်မှုများ ပြုလုပ်ရေးကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများကို NUGအစိုးရ တောင်းဆို
စစ်အုပ်စု၏ လေယာဥ်ဆီများ ဝယ်ယူရရှိနေမှုကို ထိထိရောက်ရောက်တားဆီး ပိတ်ပင်မှုများ ပြုလုပ်ရေးကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများကို NUGအစိုးရ ကတောင်းဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအား ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည်အနှံ့ အပြားတွင် ကျူးလွန်လျက်ရှိပြီး စစ်လေယာဥ်မှူးများနှင့် ၎င်းတို့ကို ညွှန်ကြားစေခိုင်းသည့် စစ်အရာရှိများသည်စာသင်ကျောင်းများနှင့် ဆေးရုံများကို ဦးတည်ချက်ထား ရမ်းကားပြီး ကြောင်းကျိုးဆီလျော်မှုမရှိသည့် တိုက်ခိုက်မှုများကို ကျူးလွန်နေခြင်းသည် သိသာထင်ရှားသော စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများ ဖြစ်ပါတယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) တွင် အကြမ်းဖက်စစ်အုပ်စု အနေဖြင့် ပြည်သူလူထု နှင့် ပြည်သူပိုင် အဆောက်အအုံများ (ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ချိရေးဆိုင်ရာ အဆောက်အအုံများ နှင့် ဆက်စပ် အဆောက် အအုံများ)နှင့် စီးပွားရေးနှင့်အများပြည်သူပိုင် အဆောက် အအုံများ အပေါ်တွင် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများအား အထူးစိုးရိမ်မိကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ အကြမ်းဖက်မှုနည်းလမ်းပေါင်းစုံကိုလည်း ချက်ခြင်းရပ်တန့်ရန် တောင်းဆိုထားပါတယ်လို့ဖော်ပြပါတယ်။
မိမိတို့ အနေနှင့် အဆိုပါဆုံးဖြတ်ချက်အား ကြိုဆိုပြီးစစ်အုပ်စု၏ စစ်လေယာဥ်ဆီများ ဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေးအတွက် ထိရောက်မှုရှိသော အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပေးပါရန် အမျိုးသား ညီညွတ်ရေးအစိုးရမှ မြန်မာပြည်သူများကိုယ်စား တောင်းဆိုအပ်ပါတယ်လို့ဖော်ပြထားပါတယ်။ အဆိုပါအရေးယူမှုသည် မြန်မာပြည်သူလူထု၏ ထောင်ပေါင်းများစွာသော အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်ပါတယ်လို့ဆိုပါတယ်။
စစ်အုပ်စု၏ လေယာဥ်ဆီများ ဝယ်ယူရရှိနေမှုကို ထိထိရောက်ရောက်တားဆီး ပိတ်ပင်မှုများ ပြုလုပ်ရေး အား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူရေးအဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထု အတွက် မဖြစ်မနေ ဆောင်ရွက်ပေးသင့်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အတိအလင်းတောင်းဆိုတိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ တိုင်းရင်းသားအဖွဲ့အစည်း များနှင့်လုပ်ကိုင်ဆောင်ရွက်နေသည့်အချိန် ခရိုင် ပေါင်းစပ်ညှိနှိုင်းရေးဆောင်ရွက်မှုအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
တိုင်းရင်းသားအဖွဲ့အစည်း များနှင့်လုပ်ကိုင်ဆောင်ရွက်နေသည့်အချိန် ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး ဆောင်ရွက်မှုအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၂၃ ရက် ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲမှာဝန်ကြီးကဆိုပါတယ်။
"တစ်နှစ်မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်နေချိန်ဖြစ်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လုပ်ကိုင်ဆောင်ရွက်နေသည့်အချိန်တွင် ခရိုင် ပေါင်းစပ်ညှိနှိုင်းရေးဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ယခုကဲ့သို့ ပေါင်းစပ်ညှိနှိုင်းရေးဖွဲ့စည်းမှုသည် တော်လှန်ရေးအောင်မြင်ရန် အဓိကအချက်ဖြစ်ကြောင်း၊ ယခုဆွေးနွေးချက်များကို ကျေကျေလည်လည် ဆွေးနွေးပြီး အောင်အောင်မြင်မြင်ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
ထို့နောက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်တက်ရောက်လာကြသော ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ Onlineကျောင်း ၃၃ ကျောင်းကို ပြည်သူ့ပညာရေးကျောင်းများအဖြစ် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု
Onlineကျောင်း ၃၃ ကျောင်းကို ပြည်သူ့ပညာရေးကျောင်းများအဖြစ် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုလက်ခံလိုက်ပါတယ်။ ဇန်နဝါရီလ (၂၃) ရက်မှာကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာချက်ကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ ပြည်သူ့ပညာကျောင်း အသိအမှတ်ပြုမူဝါဒ ၁၁ချက်နဲ့ သတင်းအချက်အလက်နဲ့ နည်းပညာ၊ လုံခြုံရေးများကိုလိုက်နာပါမည်ဟု ဝန်ခံကတိပြုထားသော Onlineကျောင်း၃၃ ကျောင်းကို ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်လိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် စီစစ်ဆဲ Onlineကျောင်းများကိုလည်း အသိအမှတ်ပြုကြောင်း ဆက်လက်ထုတ်ပေးသွားမှာ ဖြစ်ပြီးတော့ မြေပြင်ကျောင်းများကိုလည်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးများ ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ ဖက်ဒရယ်နိုင်ငံတော်မှာ ပုံစံအသစ်နှင့် အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချပြီး အာဏာစိုက်ထူမှာဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီးပြောကြား
ဖက်ဒရယ်နိုင်ငံတော်မှာ ပုံစံအသစ်နှင့် အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချပြီး အာဏာစိုက်ထူမှာဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီးပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးမှာ ကာကွယ်ရေးဒု ဝန်ကြီးကဆိုပါတယ်။
"ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံသည့် တည်ဆောက်ရမည့် ဖက်ဒရယ်နိုင်ငံတော်ကြီးမှာ ပုံစံအသစ်နှင့် အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချပြီး အာဏာစိုက်ထူမည်ဖြစ်သဖြင့် အုပ်ချုပ်ရေး လုပ်ငန်းများကို သိမ့်မွေ့စွာဖြင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း"ဒုဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နှစ်တာ မဟာဗျူဟာစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်လျက်ရှိပြီး နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်ဖို့အတွက် စစ်ရေး၊သံတမာန်ရေးစတဲ့ စစ်မျက်နှာများဖွင့်လှစ်ဆောင်ရွက်နေပါတယ်။
========================
📌📌 ၅။ PDFများကို ခုခံပစ်ခတ်၍ သေဆုံးသူ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံမှာ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဖြိုးဇေယျာသော်တို့ ဖမ်းဆီးစစ်ကြောရေးခံရမှုတွင် ပါဝင်ပတ်သက်သူဖြစ်နေ
PDF များကို ခုခံပစ်ခတ်၍ သေဆုံးသူရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံမှာ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဖြိုးဇေယျာသော်တို့ ဖမ်းဆီးစစ်ကြောရေးခံရမှုတွင် ပါဝင်ပတ်သက်သူ ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
" ဇန်နဝါရီလ (၂၂)ရက်နေ့၊မွန်းလွဲ (၁:၄၅)နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း၊မိုင်တိုင် (၁၆၁) အနီးတွင် အပြစ်မဲ့ပြည်သူများ အပါအဝင် မြေအောက်တော်လှန်ရေးသမားများကို အသွင်ယူကာ ဖမ်းဆီး၊စစ်ကြောရေးလုပ်ခဲ့သည့် ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံဖြစ်သူ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(တောင်ငူခရိုင်)၊ တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)နှင့်(၆) ပူးပေါင်းအဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်းခဲ့ပြီး ဖမ်းဆီးစစ်ဆေးနေစဉ် အဆိုပါ နှစ်ဦးမှ ပါလာသော လက်နက်နှင့်ခုခံကာကွယ်သဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။ အဆိုပါ ဖြစ်စဉ်အတွင်း ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်နှင့်တပ်ကြပ်ကြီးမြင့်အောင်တို့ (၂) ဦးလုံး သေဆုံးခဲ့ပြီး ၉မမ ပစ္စတို (၂) လက်၊ ကျည် (၁၂) တောင့်၊ ယာဉ်လိုင်စင်နှင့် စာရွက်စာတမ်းတချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံဖြစ်သူ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်သည် ရန်ကုန်တိုင်းအတွင်းရှိ မြေအောက်တော်လှန်ရေးသမားများကို အသွင်ယူဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရပြီး (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဖြိုးဇေယျာသော်တို့ ဖမ်းဆီးစစ်ကြောရေးခံရမှုတွင်လည်း ပါဝင်ပတ်သတ်သူ တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၆။ လေကြောင်းတိုက်ခိုက်မှုများရှိလာ၍ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း CDF-Mindat ထိန်းချုပ်နယ်မြေများတွင်နေထိုင်ကြသော ပြည်သူများအနေနဲ့ ပုန်းခိုကျင်းများတူးကြရန် သတိပေးနှိုးဆော်
လေကြောင်းတိုက်ခိုက်မှုများရှိလာ၍ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း CDF-Mindat ထိန်းချုပ်နယ်မြေများတွင်နေထိုင်ကြသော ပြည်သူများအနေနဲ့ ပုန်းခိုကျင်းများတူးကြရန် သတိပေးနှိုးဆော်လိုက်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ CDF-Mindat က လေကြောင်းရန် သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း CDF-Mindat ထိန်းချုပ်နယ်မြေများတွင် အ ကြမ်းဖက်စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ ဂျက်ဖိုက်တာလေယာဉ်များဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်၊ ည ၁၁း၀၀ နာရီခန့်တွင် (၂) ကြိမ်၊ ဇန်နဝါရီလ (၈)ရက် နေ့ နံနက် ၀၈း၀၀ နာရီခန့်တွင် (၁) ကြိမ်၊ (၂၂) ရက်နေ့ ည ၁၂း၀၀ နာရီခန့်တွင် (၂) ကြိမ်၊ (၂၃) ရက်နေ့ နေ့လည် ၁၁း၀၀ နာရီတွင် (၃) ကြိမ်၊ စုစုပေါင်း (၈)ကြိမ် တိုက်ခိုက်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် မိမိတို့နေအိမ်များအနီးတွင် သတ်မှတ်ထားသည့် အတိုင်းအတာများ ပြည့်မှီသည့် ပုန်းခိုကျင်းများ တူးကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ လေ ကြောင်းရန်အား (အထူး) သတိပြုကြပါရန် အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ ငွေတောင်အစားအစာဆိုင်မှာ ပြည်သူ လူထုအနေဖြင့် စားသောက်ခြင်းမပြုဖို့ Freelance Attack Force - FLA မှအသိပေး
ငွေတောင်အစားအစာဆိုင်မှာ ပြည်သူ လူထုအနေဖြင့် စားသောက်ခြင်းမပြုဖို့ Freelance Attack Force - FLA မှအသိပေးဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ Freelance Attack Force - FLA က အသိပေးဖော်ပြပါတယ်။
"ဇန်နဝါရီလ ၂၁ ရက် နေ့လည် ၁၂ နာရီခန့်က တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ မိမိတို့ Freelance Attack Force - FLAမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ထို့နောက် မိမိတို့ရဲဘော်များမှ မစ်ရှင်ပြီးမြောက်၍ ပြန်လည်ဆုတ်ခွာလာချိန်တွင် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နဘေးရှိ ငွေတောင်စားသောက်ဆိုင်မှ ဝန်ထမ်းများနှင့် ကျွန်စိတ်မကုန်သေးသော ကျွန်ပေါက်များမှ ဝိုင်းဝန်း ရိုက်နှက်ဖမ်းဆီးပေးမှုကြောင့် မိမိတို့ရဲဘော်တစ်ဦးဖြစ်သူ ရဲဘော်ချောကလက်(ခ ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။
အဆိုပါဖြစ်ရပ်ကြောင့် Freelance Attack Force - FLA မှ များစွာ ဝမ်းနည်း ယူကြုံးမရဖြစ်ရပြီး ရဲဘော် ချောကလက် (ခ ) သာဒင်၏ သွေးကြွေးအဖြစ် ငွေတောင်စားသောက်ဆိုင် အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သူ လူထုအနေဖြင့်လည်း အဆိုပါ ငွေတောင်စားသောက်ဆိုင်၌ စားသောက် ပျော်ပါး သွားလာမှုများ မပြုလုပ်ကြဖို့ အထူးသတိပေး မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၈။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာရှိ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်အမျိုးသမီးတစ်ဦးသေဆုံး
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာရှိ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ AAPP က အသိပေးဖော်ပြပါတယ်။
"ဇန်နဝါရီလ ၂၁ ရက်နေ့၊ နေ့လယ် ၁ နာရီ ၃၀ မိခန့်အချိန်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာရှိ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မန်ကျည်းပင်အောက်၌ ပုန်းခိုနေသည့် လူနာစောင့်အမျိုးသမီး ဒေါ်ကြည်မှာ ခြေထောက်ပြတ်ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၈၁၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၉။ ရွှေဘိုမြို့နယ် တည်သီးတောရွာ ပျူနှင့်စကစတပ်များကို ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ အများအပြားသေဆုံး
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တည်သီးတောရွာ ပျူနှင့်စကစတပ်များကို ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ အများအပြားသေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၂၃ ရက် မှာ စစ်ရေးသတင်းကို ရွှေဘိုမိုးကြိုးမုန်တိုင်းကအတည်ပြုဆိုပါတယ်။
ဇန်နဝါရီ ၂၂ ရက် နံနက် ၄ နာရီအချိန်တွင် ရွှေဘိုမြို့နယ် တည်သီးတောရွာ ပျူနှင့်စကစတပ်များရှိရာသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် ပျူနှင့်စကစတပ်က၂၀ ဦးသေ ၁၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုကို ဒိုင်းနမိုက်အဖွဲ့၊ကျားရိုင်းအဖွဲ့နှင့်ရမ်ဘို၊စစ်ကိုင်းpdaအဖွဲ့ တို့ပါဝင်ပူးပေါင်းခဲ့ပါတယ်။
========================
📌📌 ၁၀။ ရေးမြို့ ကျောင်းရွာ၅၉၁တပ်မကို ရေးဘီလူးတပ်ဖွဲ့ ဝေဟင်ကတိုက်ခိုက်
မွန်ပြည်နယ် ရေးမြို့ ကျောင်းရွာ ၅၉၁ တပ်မကို ရေးဘီလူးတပ်ဖွဲ့ ဝေဟင်ကတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြုဆိုထားပါတယ်။
"ကျောင်းရွာ ၅၉၁ တပ်မမှာမိုးချိန်းတာမဟုတ်ဘူး။ရေးဘီလူးဝေဟင်နဲ့လာတာခေါင်းစိမ်းတို့" လို့ဆိုထားပါတယ်။ ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေးမြို့အနီး ကျုံလောင်းရွာဟောင်းကိုနယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်ကလည်းရေးမြို့ပေါ်ရှိ အဏ္ဏဝါရပ်ကွက်နှင့် နန္ဒာရပ်ကွက်ပိုင် နယ်ထိန်းရဲဟိန်းသူရအားရှင်းလင်းခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment