၂၀၂၃ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ Early Partnership programရဲ့ မိုးကုတ် ကျောက်မျက်တူးဖော်ခွင့်ဟာ လုပ်ပိုင်ခွင့်ကြိုပေးထားတဲ့သဘေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်အသိပေးပြောကြား
📌 ၂။ မြန်မာပြည်သူများအနေဖြင့် စားနပ်ရိက္ခာမလုံခြုံမှု၊ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေရမှု၊ နေရပ်စွန့်ခွာနေရမှုတို့ကို နဖူးတွေ့ ဒူးတွေ့ ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၃။ စစ်ရာဇဝတ်မှုများနှင့်စပ်လျဥ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်၊ စစ်ဥပဒေ ဌာနခွဲမှ တာဝန်ရှိသူများနှင့် CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး
📌 ၄။ နွေဦးတက္ကသိုလ်ရဲ့ “School of Economics မှ သက်မွေးဝမ်းကြောင်းစီးပွားရေးဆိုင်ပညာရပ်သင်တန်းများထပ်မံ ဖွင့်လှစ်
📌 ၅။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို (လုံးဝ) လက်မခံကြောင်း ခင်ဦးနယ်မှာ လူ ၈၀၀ နီးပါး ဆန္ဒ ထုတ်ဖော်
📌 ၆။ ၇၅ နှစ်မြောက်ချင်းအမျိုးသားနေ့ကို ဂျာမဏီနိုင်ငံ Frank fort မြို့မှာကျင်းပမယ်
📌 ၇။ OFP fundraiser အဖွဲ့ဖြစ်တဲ့ SR-21 Myanmar က ပူးပေါင်းစီစဉ်တဲ့ " စစ်ကျွန်မခံ တို့အတူ တော်လှန် " ကံစမ်းမဲအစီအစဉ်စတင်
📌 ၈။ ဒီပဲယင်းမြို့နယ် အုန်းတပင်မြောက်ဘုရားသုံးဆူအနား တွင် ဒီပဲယင်းမြို့နယ် ပကဖ တပ်ပေါင်းစုနှင့် ဗိုလ်လင်းယုန် တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်၍ စကစတပ်က သုံးဦးသေဆုံး
📌 ၉။ မန္တလေးတိုင်း၊ ဆီမီးခုံမြို့အရှေ့ဘက်၊ ဆီမီးခုံ - နဘူးအိုင် လမ်းမပေါ်တွင် ကင်းပတ်ထွက်လာတဲ့ ရဲနဲ့စကစတပ်များမိုင်းထိ၍ ၆ ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ Early Partnership programရဲ့ မိုးကုတ် ကျောက်မျက်တူးဖော်ခွင့်ဟာ လုပ်ပိုင်ခွင့်ကြိုပေးထားတဲ့သဘေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်အသိပေးပြောကြား
Early Partnership program ရဲ့ မိုးကုတ် ကျောက်မျက်တူးဖော်ခွင့်ဟာ ငြိမ်းချမ်းသွားရင် စနစ်တကျနဲ့ တူးဖေါ်နိုင်ဖို့ လုပ်ပိုင်ခွင့်ကြိုပေးထားတဲ့ သဘော ဖြစ်တယ်လို့ ဇန်နဝါရီ ၂၇ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုလိုက်ပါတယ်။
"Early Partnership program ဖြစ်ပါတယ်။ သယံဇာတ ဆိုတာ စီးပွါးရေးကောင်းမွန်တဲ့ နိုင်ငံတခု ဖြစ်လာရင် ထုတ်ယူသုံးစွဲဖို့မလိုအပ်တော့ပါဘူး။ခုလို ပြည်သူတွေ ရွေးချယ်စရာ သိပ်မရှိတဲ့ ကာလမှာ သယံဇာတ အပါ်မှီခိုလာရတဲ့ ပြည်သူများကို အကန့်အသတ်နဲ့ ခွင့်ပြုပေးတာမျိုးရှိပါတယ်။ ဒီ အစီအစဉ်ကတော့ နောက်နောင် ငြိမ်းချမ်းသွားရင် စနစ်တကျနဲ့ တူးဖေါ်နိုင်ဖို့ လုပ်ပိုင်ခွင့်ကြိုပေးထားတဲ့ သဘော ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
မိုးကုတ်ကျောက်မျက် တူးဖော်ရောင်းချခွင့် အခွင့်အရေးများထဲမှဘောလုံကြီးလုပ်ကွက် အမှတ်၁အမည်ရှိ ၅၅ ဧကကျော်ရှိသောလုပ်ကွက်ကို ရင်းနှီးမြှပ်နှံရန် NUG က လတ်တလောဖိတ်ခေါ်ထားပါတယ်။ လုပ်ကွက်ဟာ ဒေါ်လာ ၁၀သန်းဖိုး အလားအလာရှိနိုင်ပြီး ဒေါ်လာ ၂၃၅,၂၀၀ ဖြင့် ရင်းနှီးမြှပ်နှံလုပ်ကိုင်နိုင်မယ်လို့ဆိုထားပါတယ်။ လုပ်ကွက်ကိုရင်းနှီးမြုပ်နှံပါကရင်းနှီးမြှပ်နှံသူဟာရှယ်ယာ၄၉ ရာခိုင်နှုန်း၊အများပြည်သူကိုယ်စားအစိုးရကရှယ်ယာ ၅၁ ရာခိုင်နှုန်းဖြင့်လုပ်ကိုင်ခွင့် ၁၀နှစ် သက်တမ်းချပေးမယ်လို့ဆိုပါတယ်။
========================
📌📌 ၂။ မြန်မာပြည်သူများအနေဖြင့် စားနပ်ရိက္ခာမလုံခြုံမှု၊ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေရမှု၊ နေရပ်စွန့်ခွာနေရမှုတို့ကို နဖူးတွေ့ ဒူးတွေ့ ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
ဇန်နဝါရီလ ၂၄ ရက်နေ့ ကုလသမဂ္ဂ အထူးအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူများ ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး အခုလိုဆိုပါတယ်။
"စစ်တပ်မှ တရားမဝင်အာဏာဆက်လက်ရယူလိုသည့် တစ်ခုတည်းသော ဆန္ဒကြောင့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာမလုံခြုံမှု၊ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေရမှု၊ နေရပ်စွန့်ခွာနေရမှုနှင့် နယ်ခြားဖြတ်ကျော်မှုခင်းများ၏ ဦးတည်ရာနေရာဖြစ်လာခြင်းစသော လူသားချင်း ဆိုင်ရာ အကျပ်အတည်းများကို နဖူးတွေ့ ဒူးတွေ့ ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့လျက်ရှိကြောင်း"သံအမတ်ကြီးကဆိုပါတယ်။ လက်ရှိမှာ ၂၀၂၂ခုနှစ် နှစ်ကုန်အထိ လူဦးရေ ၁ ဒသမ ၅ သန်းကျော်ဟာ မြန်မာနိုင်ငံတဝှမ်းမှာ နေရပ်စွန့်ခွာနေကြရဆဲဖြစ်ပြီး၊ ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတဲ့အတွက် လူမှုကယ်ဆယ်ရေးအကူအညီတွေ အပူတပြင်းလိုအပ်နေပါတယ်။
========================
📌📌 ၃။ စစ်ရာဇဝတ်မှုများနှင့်စပ်လျဥ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်၊ စစ်ဥပဒေ ဌာနခွဲမှ တာဝန်ရှိသူများနှင့် CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ သည် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်၊ စစ်ဥပဒေဌာနခွဲမှ တာဝန်ရှိသူများနှင့် စစ်ရာဇဝတ်မှု ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးပွဲအား ဇန်နဝါရီ၂၅ရက်နေ့က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီ၊ အတွင်းရေးမှူး ဦးနေမျိုးက "၂၀၂၃ ခုနှစ်သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ပြီး လွှတ်တော်ကဏ္ဍအနေဖြင့် ကော်မတီသည် လိုအပ်သော လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဝန်ကြီးဌာနနှင့်ချိတ်ဆက်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း" ပြောကြားပါတယ်။ ထို့နောက်စစ်ဥပဒေဌာနခွဲမှ တာဝန်ရှိသူများက ဌာန၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ပါတယ်။
ကော်မတီဝင် များက မေးမြန်းဆွေးနွေးသော ကသုံးလုံး ဒေသအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော အရပ်ဖက်တရားရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်မှု အခြေအနေ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေး (Transitional Justice) အတွက် လိုအပ်သော ခေတ်အဆက်ဆက် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် စီစဥ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အခြား EROs များ၏ စစ်ဖက်ဆိုင်ရာဥပဒေများနှင့် ကွာခြားမှု ရှိ၊ မရှိ စသည့် သိရှိလိုသည့် လုပ်ငန်းများအား ဆွေးနွေးမေးမြန်းခဲ့ရာ စစ်ဥပဒေဌာနခွဲမှ တာဝန်ရှိသူများက ပြည့်စုံစွာ ရှင်းလင်း ဖြေကြား၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၄။ နွေဦးတက္ကသိုလ်ရဲ့ “School of Economics မှ သက်မွေးဝမ်းကြောင်းစီးပွားရေးဆိုင်ပညာရပ်သင်တန်းများထပ်မံ ဖွင့်လှစ်
နွေဦးတက္ကသိုလ်ရဲ့ “School of Economics မှ သက်မွေးဝမ်းကြောင်းစီးပွားရေးဆိုင်ပညာရပ်သင်တန်းများထပ်မံ ဖွင့်လှစ်လိုက်ပါတယ်။
"ကျောင်းသားလူငယ်များအတွက် သက်မွေးဝမ်းကြောင်းစီးပွားစီမံပညာရပ်များ စတင်ဖွင့်လှစ်လိုက်ပါပြီ။ နွေဦးတက္ကသိုလ်ရဲ့ “School of Economics မှ လစဉ်၊ လတိုင်း သက်မွေးဝမ်းကြောင်းစီးပွားရေးဆိုင်ပညာရပ်များ သင်ကြားပေးလျက်ရှိရာ ယခုတစ်ခါမှာလည်း ကျောင်သားလူငယ်များရဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ နိုင်ငံတကာစီးပွားရေးအချိတ်အဆက်များကို လေ့လာရုံသာမကဒေတာ၊အချက်အလက်များနဲ့ပါ ချိန်ထိုးသုံးသပ်နိုင်ဖို့ ဖော်ပြပါ တန်းခွဲများကို ဖွင့်လှစ်ထားရှိပါတယ်"လို့ဖော်ပြပါတယ်။
ဖွင့်လှစ်လိုက်သော သင်တန်းများမှာ
Certificate in International Finance၊
Certificate Course in Economic Statistics၊
Certificate Course in Data for Development
၊Certificate Course in Global Economies Relations၊Certificate Course in Introductory Public Administration - CIPA
တို့ဖြစ်ပါတယ်။
သင်တန်းစတင်မည့်ရက်နဲ့ တန်းခွဲအသေးစိတ်ကို SpringUniversityMMမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို (လုံးဝ) လက်မခံကြောင်း ခင်ဦးနယ်မှာ လူ ၈၀၀ နီးပါး ဆန္ဒ ထုတ်ဖော်
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို (လုံးဝ) လက်မခံကြောင်း ခင်ဦးနယ်မှာ လူ ၈၀၀ နီးပါး ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်းကို ဇန်နဝါရီလ ၂၇ ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာ၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ပညာရေး မိသားစုများနှင့် သက်ဆိုင်ရာနယ်မြေခံ ပြည်သူလူထုအပေါင်းမှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို (လုံးဝ)လက်မခံ တားဆီး ဟန့်တားမှုများ ဆောင်ရွက်နိုင်ရေးအတွက် စည်းရုံး လှုံ့ဆော်၍ ဇန်နဝါရီ ၂၆ ရက်နေ့တွင် အင်အား (၈၀၀)ခန့်ဖြင့် လူထုသပိတ်ဆန္ဒပြပွဲကို ကျင်းပခဲ့တယ်လို့ဆိုပါတယ်။
အဆိုလူထုသပိတ်ဆန္ဒပြလှုပ်ရှားမှုတွင်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံကြိုဆိုကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ကျင်းပပြုလုပ်ရန်စီစဉ်နေသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား အလိုမရှိ စသည့် ကြွေးကြော်မှုများပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ လူထုသပိတ်ဆန္ဒပြပွဲကို(၈) ရက်မြောက်နေ့အဖြစ် ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။
========================
📌📌 ၆။ ၇၅ နှစ်မြောက်ချင်းအမျိုးသားနေ့ကို ဂျာမဏီနိုင်ငံ Frank fort မြို့မှာကျင်းပမယ်
၇၅ နှစ်မြောက်ချင်းအမျိုးသားနေ့ ဂျာမဏီနိုင်ငံ Frank fort မြို့မှာကျင်းပမယ်လို့ ချင်းကွန်မြူနတီ ဂျာမနီက အသိပေးဆိုပါတယ်။ ၇၅ နှစ်မြောက်ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၁၉ရက် မွန်းတည့်၁၂နာရီ မှစတင်ကာဂျာမနီမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
အဆိုပါအခမ်းအနားကို တက်ရောက်ရန် သက်ဆိုင်သူများကိုလည်း ဖိတ်ကြားထားတယ်လို့သတင်းရရှိပါတယ်။ ချင်းပြည်နယ်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရာမှာ တိုင်းရင်းသား အင်အားစုများနဲ့ပူးပေါင်းဆောင်ရွက်မှုတို့ရှိခဲ့ပါတယ်။
========================
📌📌 ၇။ OFP fundraiser အဖွဲ့ဖြစ်တဲ့ SR-21 Myanmar က ပူးပေါင်းစီစဉ်တဲ့ " စစ်ကျွန်မခံ တို့အတူ တော်လှန် " ကံစမ်းမဲအစီအစဉ်စတင်
OFP fundraiser အဖွဲ့ဖြစ်တဲ့ SR-21 Myanmar က ပူးပေါင်းစီစဉ်တဲ့ " စစ်ကျွန်မခံ တို့အတူ တော်လှန် " ကံစမ်းမဲအစီအစဉ်စတင်လိုက်ပြီလို့ OFP fundraiser အဖွဲ့ကအသိပေးဆိုပါတယ်။
"OFP fundraiser အဖွဲ့ဖြစ်တဲ့ SR-21 Myanmar က ပူးပေါင်းစီစဉ်တဲ့ " စစ်ကျွန်မခံ တို့အတူ တော်လှန် " ကံစမ်းမဲအစီအစဉ်ကို တင်ပြလိုပါတယ်။ အနယ်နယ်အရပ်ရပ်ကနေ လွတ်မြောက်နယ်မြေကို ရောက်ရှိလာကြတဲ့ CDM ဆရာ/မ များရဲ့အခက်အခဲတွေကြားထဲက တည်ထောင်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းလေးဆက်လက်ရပ်တည်နိုင်ဖို့ ကူညီဖို့ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်Justice Commando Troop ဆိုတဲ့ မြို့ပြစစ်ဆင်ရေး ကွန်မန်ဒိုသင်တန်း ကိုလည်းကူညီသွားမဲ့အပြင်အညာက ရဲဘော်တွေအတွက်ပါ ထောက်ပို့သွားဖို့ဖြစ်ပါတယ်။ ကံစမ်းမဲလက်မှတ်အရောင်းကာလကို တစ်လ သတ်မှတ်ထားပြီး မြန်မာကျပ်ငွေ တစ်သောင်းခွဲ၊ အမေရိကန်ဒေါ်လာ တစ်စောင်ဒေါ်လာ၁၀ ဖြစ်ပါတယ်။
========================
📌📌 ၈။ ဒီပဲယင်းမြို့နယ် အုန်းတပင်မြောက်ဘုရားသုံးဆူအနား တွင် ဒီပဲယင်းမြို့နယ် ပကဖ တပ်ပေါင်းစုနှင့် ဗိုလ်လင်းယုန် တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်၍ စကစတပ်က သုံးဦးသေဆုံး
ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စစ်ရေးသတင်းကို ဗိုလ်လင်းယုန် တပ်ဖွဲ့ကအခုလိုအသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဇန်နဝါရီ၂၆ရက်နေ့ မနက်၇ နာရီခန့်တွင် မရကန်ကျေးရွာမှ ထွက်လာသော စကစတပ်များကို ဒီပဲယင်းမြို့နယ် အုန်းတပင်မြောက်ဘုရားသုံးဆူအနား တွင် ဒီပဲယင်းမြို့နယ် ပကဖ တပ်ပေါင်းစုနှင့် ဗိုလ်လင်းယုန် တပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်က သုံးဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့သိရပါတယ်။
========================
📌📌 ၉။ မန္တလေးတိုင်း၊ ဆီမီးခုံမြို့အရှေ့ဘက်၊ ဆီမီးခုံ - နဘူးအိုင် လမ်းမပေါ်တွင် ကင်းပတ်ထွက်လာတဲ့ ရဲနဲ့စကစတပ်များမိုင်းထိ၍ ၆ ဦးသေဆုံး
ဇန်နဝါရီ ၂၇ ရက်မှာ စစ်ရေးသတင်းကို 27 revolution force က အခုလိုအတည်ပြုဆိုထားပါတယ်။ မန္တလေးတိုင်း၊ ဆီမီးခုံမြို့အရှေ့ဘက်၊ ဆီမီးခုံ - နဘူးအိုင် လမ်းမပေါ်တွင် ကင်းပတ်ထွက်ထာသော ရဲနဲ့စကစတပ် ဆိုင်ကယ်တန်းအား ပဒေသာ ၇ လုံးတွဲဖြင့် ကျွေးမွေးဧည့်ခံခဲ့ ရဲ၄ ဦး နဲ့ စကစတပ်က ၂ ဦးသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။ စကစတပ်ရဲ့ ရုပ်အလောင်းများကို နာရေးကားနဲ့ လာရောက်သယ်ဆောင်သွားကြောင်းသိရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment