၂၀၂၃ ဇန်နဝါရီလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စိတ်ရောကိုယ်ပါမလုံခြုံမှု ခံစားရနေရတဲ့ ပြည်သူလူထုရဲ့ အခြေအနေများကို ကုသပေးနိုင်ရန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ ရာဇဝတ်သားတွေကို အပြစ်ပေးနိုင်မယ့် တရားမျှတမှုကို ဆောင်ကျဥ်းကြဖို့ လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း
📌 ၃။ ရန်သူရဲ့ သွေးခွဲတာမခံရဖို့ကအရေးကြီးတယ်လို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို
📌 ၄။ ကောလင်းမြို့နယ်ကမြောင်းကြီးရွာနေအိမ်ဆယ်တစ်လုံးကို စကစတပ်က ထပ်မံမီးရှို့
📌 ၅။ မုံရွာမြို့တွင်းသို့ပြန်ဝင်လာတဲ့ စကစတပ်ရဲ့သံပြားကာကား ငါးစီးကို မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာသံပြားကာကားတစ်စီး ဦးခေါင်းကြေမွပျက်ဆီး
📌 ၆။ ဒေါင်းမင်းစစ်ကြောင်း၏ အခြေခံစခန်းအား စကစတပ်များမှ ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲချ၍ စခန်းစွန့်ဆုတ်ခွာ
📌 ၇။ မမများနဲ့ပွဲကမယ် ၄ ကြိမ်မြောက် Project စတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စိတ်ရောကိုယ်ပါမလုံခြုံမှု ခံစားရနေရတဲ့ ပြည်သူလူထုရဲ့ အခြေအနေများကို ကုသပေးနိုင်ရန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် စိတ်ရောကိုယ်ပါမလုံခြုံမှု ခံစားရနေရတဲ့ ပြည်သူလူထုရဲ့ အခြေအနေများကို ကုသပေးနိုင်ရန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၅ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
"ပြည်သူလူထုအနေနဲ့ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် စိတ်ရောကိုယ်ပါမလုံခြုံမှု ခံစားရနေရ၍ ၎င်းအခြေအနေများကို ကုသပေးနိုင်ရန် အရေးကြီးကြောင်း၊ လုံခြုံမှုပေးနိုင်ရန် တရားဥပဒေစိုးမိုးနိုင်ရန်အတွက် နယ်မြေစိုးမိုးမှုသည် အင်မတန်အဓိကကျသည့်အတွက် စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ အားလုံးသည် ဆက်စပ် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးကာလအစိုးရတစ်ရပ်ဖြစ်သောကြောင့် ပုံမှန် အချိန်များထက်ပိုပြီး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း"ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ အိုးအိမ်ပေါင်း ၄၀၀၀၀ သောင်း ကျော် မီးရှို့ဖျက်ဆီးထားပြီး လူပေါင်း ၂၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၂။ ရာဇဝတ်သားတွေကို အပြစ်ပေးနိုင်မယ့် တရားမျှတမှုကို ဆောင်ကျဥ်းကြဖို့ လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း
ရာဇဝတ်သားတွေကို အပြစ်ပေးနိုင်မယ့် တရားမျှတမှုကို ဆောင်ကျဥ်းကြဖို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက ဇန်နဝါရီလအတွင်းတိုက်တွန်းပြောကြားခဲ့ပါတယ်။
"စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့ အရောင်သွင်းကြရအောင်၊ မတူကွဲ ပြားမှုအပေါ်အခြေခံတဲ့ ခဲဲခါးမှုတွေ၊ မုန်းတီးမှုတွေ ပပျောက် ဖို့ အမှောင်ခွင်းကြရအောင်၊ ရာဇဝတ်သားတွေကို အပြစ်ပေးနိုင်မယ့် တရားမျှတမှုကို ဆောင်ကျဥ်းကြရအောင်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိ စစ်အုပ်စုကို တရားစွဲစစ်ဆေးနေတဲ့ ICJတရားရုံးကို တရားရုံးလုပ်ငန်းများ အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် NUG အစိုးရက ကမ်းလှမ်းထားသလို လိုအပ်တဲ့ သက်သေ အထောက်အထားများပေးအပ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ရန်သူရဲ့ သွေးခွဲတာမခံရဖို့ကအရေးကြီးတယ်လို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို
ရန်သူရဲ့ သွေးခွဲတာမခံရဖို့ကအရေးကြီးတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကဆိုလိုက်ပါတယ်။
"၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအောင်မြင်ဖို့အတွက် အခြေအနေကောင်းတွေ ရှိနေပြီးသားနှစ်ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးကြီးရှိနေပါတယ်။ ဒီအခွင့်အရေးကြီးကို မိမိရရဆုပ်ကိုင်နိုင်ဖို့က တော်လှန်ရေးတပ်ဦးက NUG, NUCC, CRPH ကအပြင်းအထန် ကြိုးစားရမှာဖြစ်သလို တော်လှန်ရေးအင်အားစုအားလုံးက စစ်ကောင်စီအုပ်စုတွေရဲ့ သွေးခွဲတာမခံပဲ ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ သွေးမအေးပဲ၊ သွေးမကွဲပဲ ဆက်လုပ်ကြဖို့ လိုသလို ရန်သူရဲ့ သွေးခွဲတာမခံရဖို့ကလည်း အရေးကြီးပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်များဟာ ပြည်သူခုခံတွန်းလှန်စစ် တစ်နှစ်ကျော်ကာလအတွင်း နှစ်သောင်းကျော်ကျဆုံးခဲ့ပါတယ်။ လက်ရှိမှာ စကစဟာ သတင်းတု သတင်းယောင်များကို ထုတ်လွှင့်ပြီး တော်လှန်ရေးအင်အားစုများကြား သွေးခွဲ သပ်လျှိူလျက်ရှိနေပါတယ်။
========================
📌📌 ၄။ ကောလင်းမြို့နယ်ကမြောင်းကြီးရွာနေအိမ်ဆယ်တစ်လုံးကို စကစတပ်က ထပ်မံမီးရှို့
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ကမြောင်းကြီးရွာနေအိမ် (၁၁) လုံးကို စကစတပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဇန်နဝါရီ ၆ ရက်နေ့မှာ ကောလင်းတော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
"မြောင်းကြီးရွာနေအိမ်ဆယ်တစ်လုံးမီးထပ်ရှို့ခံရပါတယ်။ယခင်ရှို့ခံရလို့ပြန်လည်တည်ဆောက်ထားသောတဲအိမ်ပါထပ်ရှို့ခံရပြီး ဆယ်အိမ်မှာမီးလောင်ဆုံးရှုံးကာတစ်လုံးမှာ အနည်းငယ်လောင်ကျွမ်းခဲ့ပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ မြောင်ကြီးရွာမှစတင်ထွက်ခွာပြီး လှည်းပွဲရွာရှေ့ဘက်သို့ရောက်ရှိကာ အင်အား ၅၀ ခန့်ပါဝင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ မုံရွာမြို့တွင်းသို့ပြန်ဝင်လာတဲ့ စကစတပ်ရဲ့သံပြားကာကား ငါးစီးကို မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာသံပြားကာကားတစ်စီး ဦးခေါင်းကြေမွပျက်ဆီး
စစ်ကိုင်းတိုင်းမှာ မအူဂိတ်မှ မုံရွာမြို့တွင်းသို့ပြန်ဝင်လာတဲ့ စကစတပ်ရဲ့သံပြားကာကား ငါးစီးကို မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာသံပြားကာကားတစ်စီး ဦးခေါင်းကြေမွပျက်ဆီးခဲ့တယ်လို့ဇန်နဝါရီ၅ရက်နေ့မှာ စစ်ရေးသတင်းကိုDemocratic Guerrilla Forceကအတည်ပြုဆိုထားပါတယ်။
" (မုံရွာ-မန္တလေး အမြန်လမ်းမ)မအူဂိတ်မှ မုံရွာမြို့တွင်းသို့ပြန်ဝင်လာသည့် စကစတပ်သံပြားကာကား ငါးစီးကို မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာသံပြားကာကားတစ်စီး ဦးခေါင်းကြေမွပျက်ဆီး သွားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ စစ်ဆင်ရေးကို DemocraticGuerrillaForce ကရဲဘော်များနဲ့ ဆင်နွှဲခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၆။ ဒေါင်းမင်းစစ်ကြောင်း၏ အခြေခံစခန်းအား စကစတပ်များမှ ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲချ၍ စခန်းစွန့်ဆုတ်ခွာ
ဒေါင်းမင်းစစ်ကြောင်း ၏ အခြေခံစခန်းအား စကစတပ်များမှ ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲချ၍ စခန်းစွန့်ဆုတ်ခွာခဲ့ရကြောင်းကို ဇန်နဝါရီ ၅ ရက်နေ့မှာ ဒေါင်းမင်းစစ်ကြောင်းကအသိပေးဆိုပါတယ်။
"ကျွန်တော်များ ဒေါင်းမင်းစစ်ကြောင်း ၏ အခြေခံစခန်းအား စစ်ကောင်စီတပ်များမှ ညအချိန်တွင် လက်နက်ကြီးများနှင့် နေ့စဉ်ရက်ဆက် ပစ်ခတ်ခဲ့ပြီး ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲချကာ လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စခန်းတခုလုံး ပျက်စီးခဲ့ပြီး တပ်ဖွဲ့ပိုင် ပစ္စည်းတချို့ ဆုံးရှူံးခဲ့ပါတယ်။ တိုက်ခိုက်ခံရချိန်တွင် တပ်ဖွဲ့ဝင်များမှ စခန်းစွန့်ခွာမှုကို စနစ်တကျပြုလုပ်၍ ဆုတ်ခွာခဲ့သည့်အတွက် လူထိခိုက်မှုမရှိပဲ စခန်းတွင်းရှိ အဆောက်အဦများနှင့် မရွေ့ပြောင်းနိုင်သော ပစ္စည်းများသာ ထိခိုက်ပျက်စီးခဲ့ပါတယ်"လို့ဆိုပါတယ်။
ဒေါင်းမင်းစစ်သည်များအနေဖြင့် မည်သည့်အခက်အခဲများရှိပါစေ တိုင်းရင်းသားပြည်သူလူထုလိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးသည်အထိ ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၇။ မမများနဲ့ပွဲကမယ် ၄ ကြိမ်မြောက် Project စတင်
မမများနဲ့ပွဲကမယ် ၄ ကြိမ်မြောက် Project စတင်ပြီဖြစ်ကြောင်း ဇန်နဝါရီလအတွင်းမှာ မမများနဲ့ပွဲကမယ် အစီအစဥ်ကနေ အသိပေးဆိုပါတယ်။
"စတုတ္ထမမနဲ့ အလယ်ပိုင်းတိုင်းကို အနိုင်ပိုင်းကြစို့လား။ ဒီနေရာမှာ တော်လှန်ပြည်သူတွေကို သတိပေးချင်၊ မေတ္တာရပ်ခံချင်တဲ့အချက်လေးတစ်ခုနဲ့ ကြွားချင်တာလေးတစ်ခုရှိပါတယ်။ မမပရောဂျက်မှာ ပါဝင်ထောက်ပို့ဖို့အတွက် www.wlmf.org ကိုနှိပ်လိုက်ရုံနဲ့ နိုင်ငံအသီးသီးမှာရှိကြတဲ့ မမတာဝန်ခံတွေကို သေချာရွေးချယ်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချစွာ လွယ်လင့်တကူ၊ တိုက်ရိုက်ပါဝင်ထောက်ပို့နိုင်တာမလို့ တဆင့်ပါဝင်ခြင်းတွေထက် တိုက်ရိုက်ထောက်ပို့ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်"လို့ဆိုထားပါတယ်။
ထောက်ပို့လိုက်တဲ့ ဂုဏ်ပြုမှတ်တမ်းက မမပရောဂျက်က တရားဝင်ထုတ်ပေးတဲ့မှတ်တမ်းဟုတ်၊ မဟုတ်ကို အလွယ်တကူစစ်ဆေးနိုင်ဖို့နဲ့ အတုပ လုံးဝလုပ်မရစေဖို့ စတုတ္ထမမမှတ်တမ်းတိုင်းမှာ “QR Code”များပါဝင်ကာ QR Code ကို scan ဖတ်လိုက်တာနဲ့ မိမိလက်ထဲမှာရောက်နေတဲ့ မှတ်တမ်းနံပါတ်နဲ့ မှန်၊ မမှန်တိုက်စစ်လို့ရမှာပဲဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment