၂၀၂၃ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၂။ ပြည်သူ့တော်လှန်ရေး အောင်မြင်ဖို့ဆိုရင် Chain of Command ကောင်းတဲ့ စစ်တပ်ကို တည်ဆောက်ကြရမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား
📌 ၃။ Free Online Educational Institution Myanmar (FOEIM) ကျောင်းဖြစ်စဉ်နှင့် ပတ်သက်၍ကြားနာစုံစမ်းရေးအဖွဲ့ အစီရင်ခံစာထွက်လာဖို့ရှိတယ်လို့ ပညာရေးဒုဝန်ကြီးအသိပေးဆို
📌 ၄။ ၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇) ဦး သေဆုံးခဲ့
📌 ၅။ ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်း သားများကို ရိုက်နှက်မှုဖြစ်ပွားကာအကျဉ်းထောင် ပါဆယ် ပေးပို့မှုကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်
📌 ၆။ တာဝေးပစ် လက်နက်ကြီးနဲ့ ထည့်သွင်းပစ်ခတ်၍ရသော မီးလောင်ဗုံး စမ်းသပ်အောင်မြင်
📌 ၇။ ရေးမြို့နယ် ထွေအုပ်ရုံးကို ၄၀မမ ၄ လုံးနဲ့ ရေးဘီးလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်
📌 ၈။ ပုလဲမြို့နယ်၊ ကန်းဒေါင့် ရဲကင်းစခန်း Rocket နဲ့အပစ်ခံရ
📌 ၉။ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာရွှေဂူကြီး ကျောင်းအလယ်တိုက်မှာ ခဏာတာရောက်ရှိနေသည့်သီတဂူနာယကအဖွဲ့ဝင် အရှင်ဂန္ဓသာရနဲ့ လူသုံးဦးကို စကစတပ်ကရက်စက်စွာ သတ်ဖြတ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁/၂၀၂၃) ကို ဇန်နဝါရီ ၆ ရက်က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော ဗဟိုတိုင်ကြားစာကော်မတီ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပြီး စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။
========================
📌📌 ၂။ ပြည်သူ့တော်လှန်ရေး အောင်မြင်ဖို့ဆိုရင် Chain of Command ကောင်းတဲ့ စစ်တပ်ကို တည်ဆောက်ကြရမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား
ပြည်သူ့တော်လှန်ရေး အောင်မြင်ဖို့ဆိုရင် Chain of Command ကောင်းတဲ့ စစ်တပ်ကို တည်ဆောက်ကြရမှာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။ ဇန်နဝါရီလအတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ စစ်ရေးပြအခမ်းအနားကို ပေးပို့တဲ့ PDFရဲဘော်များသို့ ပြောကြားတဲ့မိန့်ခွန်းမှာ ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။
"ပြည်သူ့တော်လှန်ရေး အောင်မြင်ဖို့ဆိုရင် Chain of Commandကောင်းတဲ့ စစ်တပ်ကို ငါတို့တည်ဆောက်ရမှာ ဖြစ်တယ်။ ဒီတော်လှန်ရေးဟာ ဖက်ဆစ် စစ်တပ်နဲ့ ပြည်သူ့စစ်တပ် စစ်တပ်နှစ်ခု ယှဥ်ပြိုင် တိုက်ခိုက်နေတဲ့ တိုက်ပွဲလည်းဖြစ်တယ်။အနာဂါတ်မရှိတော့တဲ့ ဖက်ဆစ် စစ်တပ်ဟာ မျက်ကန်းတစ္ဆေ မကြောက် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့ပေါင်း၃၀၀ နီးပါးနဲ့ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၅၀ အပါအဝင် လူငယ်မြို့ပြ ပြောက်ကျားနဲ့ ဒေသခံ LDF အဖွဲ့ပေါင်းများစွာရှိနေပြီ ဖြစ်ပါတယ်။
========================
📌📌 ၃။ Free Online Educational Institution Myanmar (FOEIM) ကျောင်းဖြစ်စဉ်နှင့် ပတ်သက်၍ကြားနာစုံစမ်းရေးအဖွဲ့ အစီရင်ခံစာထွက်လာဖို့ရှိတယ်လို့ ပညာရေးဒုဝန်ကြီးအသိပေးဆို
Free Online Educational Institution Myanmar (FOEIM) ကျောင်းဖြစ်စဉ်နှင့် ပတ်သက်၍ကြားနာစုံစမ်းရေးအဖွဲ့ အစီရင်ခံစာထွက်လာဖို့ရှိတယ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကအသိပေးဆိုပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်ကဆိုထားပါတယ်။
"FOEIM ကိစ္စနဲ့ပါတ်သက်ပြီး ဝန်ကြီးဌာနအနေနဲ့ ကျောင်းသူကျောင်းသား များ၊ မိဘများ၊ ဆရာ/ဆရာမ များရဲ့ အရေးနဲ့ပါတ်သက်တာမို့ သတိထားကြီးစွာနဲ့ ဆောင်ရွက်နေပါတယ်။ FOEIM နဲ့ပါတ်သက်ပြီး MOE ကိုယ်စားလှယ်တွေအဖြစ် ဆရာကြီး/ဆရာမကြီးများပါဝင်တဲ့ NUG ကြားနာစုံစမ်းရေးအဖွဲ့က ၂ ဖွဲ့စလုံးကို စုံစမ်းမေးမြန်းခဲ့ရာမှာ ၂ ဖွဲ့စလုံးမှ ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းပြီး မိမိလိုသလိုပဲ ၀န်ကြီး ဌာနကို ဆွဲသွင်းဖို့ကြိုးစားတာတွေကြောင့် စုံစမ်းမှုရပ်နားခဲ့ရကြောင်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ကြားနာစုံစမ်းရေးအဖွဲ့ report လည်းထွက်လာဖို့ရှိပါတယ်"လို့ဆိုပါတယ်။
ငွေကြေးအကြောင်းအရာများနဲ့ လုံခြုံရေးအကြောင်းအရာများအပါအဝင် ဖြစ်ရပ်များအားFree Online Educational Institution Myanmar (FOEIM) ကျောင်းနဲ့ပတ်သက်၍ (၂၂-၁၁-၂၀၂၂) ရက် နေ့ မှ (၁၆-၁၂-၂၀၂၂) ရက်နေ့အထိ နှစ်ဖက်သီးခြားတွေ့ဆုံမှု၊ နှစ်ဖက်မျက်နှာစုံညီတွေ့ဆုံမှု၊ သင်ကြားရေး ဆရာများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံမှုပေါင်း (၁၂) ကြိမ် တွေ့ဆုံ၍ တက်ရောက်လာသူများ၏ အသံကို ကြားနာပြီး အမျိုးသားညီညွတ်ရေးအစိုးရဟာစုံစမ်းခဲ့ပါတယ်။
"ဝန်ကြီးဌာနအနေနဲ့ ကြားနာစုံစမ်းရေးအဖွဲ့ ရဲ့ တင်ပြချက်တွေအပေါ် မည်သူ့မျက်နှာမှ မလိုက်၊ ပြည်သူလူထုနဲ့ တော်လှန်ရေးကိုသာမျက်နှာမူကာ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကိုဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ ဒီလိုလုပ်ဆောင်နေစဉ်မှာ သက်ဆိုင်ရာ အဖွဲ့များက ပူးပေါင်းပေးဖို့အထူးလိုအပ်ပါတယ်။ ၀န်ကြီးဌာနအနေနဲ့ရော မိမိအနေနဲ့ရော ၀nline နှင့် မြေပြင်ကျောင်းပေါင်းများစွာကို ချိတ်ဆက် ဆက်ဆံလျက်ရှိရာ မည်သည့်အဖွဲ့အစည်း/ လူပုဂ္ဂိုလ်ကို ထူးခြား အခွင့်အရေးပေး ဆက်ဆံခြင်းမရှိခဲ့ပါ။ ကြားကာလ online ကျောင်းတွေအားလုံးမှာ အခန်းအနားတွေကျင်းပလို့ ဖိတ်ကြားရင် FOEIM မှမဟုတ် ကျောင်းသေး/ကျောင်းကြီး ဘယ်ကျောင်းကိုမဆို ဝန်ကြီး၊ ဒုဝန်ကြီးများက အမြဲတက်ရောက်ပေးနေတာ အားလုံးအသိပဲဖြစ်ပါတယ်"လို့ ဒုဝန်ကြီး ဂျာထွယ်ပန်ကရှင်းလင်းပြောကြားထားပါတယ်။
========================
📌📌 ၄။ ၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇) ဦး သေဆုံးခဲ့
၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇) ဦး သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ (၆)ရက်မှာ ၂၀၂၂ ခုနှစ် တစ်နှစ်တာ စစ်ရေးသတင်းကို KNDFကထုတ်ပြန်ပါတယ်။
"၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းတပ်စခန်း အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇) ဦး သေဆုံးခဲ့ပြီး ၊ (၉၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀၂၂ခုနှစ် အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀) ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲများအတွင်း KNDF မှ လက်နက်ငယ် (၃၃) လက်နှင့် လက်နက်ကြီး (၇) လက် အပြင် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ကာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း (၁၁) ဦး အား KNDF မှ ဖမ်းဆီးရမိခဲ့ပြီး တပ်မ (၆၆) အပါအဝင် နယ်မြေခံတပ်ရင်းများမှ စစ်ကောင်စီတပ်သား (၇) ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၅။ ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်း သားများကို ရိုက်နှက်မှုဖြစ်ပွားကာအကျဉ်းထောင် ပါဆယ် ပေးပို့မှုကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်
ဧရာဝတီတိုင်း ပုသိမ်မြို့ ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်မှုဖြစ်ပွားကာအကျဉ်းထောင် ပါဆယ် ပေးပို့မှုကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့သတင်းရရှိပါတယ်။ ဇန်ဝါရီ ၆ ရက် မနက် ၉ နာရီအချိန်မှ စတင်ကာ အသစ်ပြောင်းရွေ့လာသော ထောင်ဝါတာတပ်ကြပ်ကြီး တစ်ဦး မှ နိုင်ကျဉ်းတစ်ဦးကို ရိုက်နှက်မှုဖြစ်ပွားခဲ့၍ ထောင်တွင်းရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ ကအသိပေးဖော်ပြပါတယ်။
"နိုင်ငံရေးအကျဉ်းသား ၄ဦးကို ဇန်နဝါရီ၅ရက် ညပိုင်းကတည်းကပြင်ပ ဆက်သွယ်မှု အကြောင်းပြ၍ ခေါ်ဆောင်သွားရာ အခုအချိန်ထိ ပြန်မပို့သဖြင့် ထောင်တွင်း ရုန်းရင်းဆန်ခတ်များဇန်နဝါရီ၆ရက်နေ့ မနက်ပိုင်း မှာဖြစ်ပေါ်လာရခြင်းဖြစ်တယ်"လို့ဆိုပါတယ်။ ထိုအခြေအနေကို ထိန်းသိမ်းရန်အတွက် ရဲနဲ့စကစတပ် အင်အား၅၀ ခန့် အကျဉ်းထောင်သို့ ရောက်ရှိလာပြီး မကြာခင် အကျဉ်းထောင် အတွင်းမှ သေနတ် ပစ် ဖောက်သံများကြားရတယ်လို့ဆိုပါတယ်။
ဖြစ်စဥ်မှာနိုင်ငံရေးအကျဉ်းသားများရိုက်နှက်ခံထားရမှုကြောင့်ထိခိုက်ဒဏ်ရာရသူများနဲ့ ခန္ဓာကိုယ် ဖူးယောင် ပေါက်ပြဲ သူများရှိပြီး ဆေးကုသခွင့်မရရှိသေးသူများလည်းရှိကာအကျဉ်းထောင် ပါဆယ် ပေးပို့မှုကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း လည်း သတင်းရရှိပါတယ်။
========================
📌📌 ၆။ တာဝေးပစ် လက်နက်ကြီးနဲ့ ထည့်သွင်းပစ်ခတ်၍ရသော မီးလောင်ဗုံး စမ်းသပ်အောင်မြင်
တာဝေးပစ် လက်နက်ကြီးနဲ့ ထည့်သွင်းပစ်ခတ်၍ရသော မီးလောင်ဗုံး စမ်းသပ်အောင်မြင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့မှာ စစ်ကျွန်မခံ မြွေးဆိုးတစ်သိုက် PDF ကပြောပါတယ်။
"တစ်မိုင်ခွဲအနည်းဆုံးတော့ရောက်ပါတယ်ဗျ။ များများထုပ်လုပ်နိုင်ဖို့ဆိုတာကအလှူရှင်များများရှိလေကျွန်တော်တို့ထုပ်လုပ်နိုင်လေပါပဲ။ သူကကျည်ဖူးတစ်ဖူးကို ကုန်ကျစရိတ် ကျပ်ငါးသောင်းတော့ရှိပါတယ်"လို့ တာဝန်ခံတစ်ဦးကဆိုပါတယ်။
အဆိုပါလက်နက်ကြီးအတွင်း ထည့်သွင်းပစ်ခတ်ရသော မီးလောင်ဗုံးမှာ မြေပြင်တွင် ထပ်ဆင့်ပေါက်ကွဲ မီးလောင်ခြင်းကို အားပေးပြီး တိုက်ပွဲဝင် လက်နက်ခဲယမ်းအဖြစ် အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ စစ်ကျွန်မခံ မြွေးဆိုးတစ်သိုက်PDFဟာ စစ်အာဏာရှင် စနစ်ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ ရေးမြို့နယ် ထွေအုပ်ရုံးကို ၄၀မမ ၄ လုံးနဲ့ ရေးဘီးလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်
မွန်ပြည်နယ် ရေးမြို့နယ် ထွေအုပ်ရုံးကို ၄၀မမ ၄လုံးနဲ့ ရေးဘီးလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းမှာ ထွေအုပ်ရုံးကိုပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကအတည်ပြုဆိုပါတယ်။ "မနက် ၆ နာရီ ၁၅ မိနစ်မှာ ၄၀မမ သုံးပြီးဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်"လို့ဆိုပါတယ်။ ၄၀မမ များပစ်ခတ်ရာ ထွေအုပ်ရုံးတည့်တည့်သို့ ကျရောက်ပေါက်ကွဲ ပြီး ထိခိုက်မှုကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၈။ ပုလဲမြို့နယ်၊ ကန်းဒေါင့် ရဲကင်းစခန်း Rocket နဲ့အပစ်ခံရ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ကန်းဒေါင့် ရဲကင်းစခန်း Rocket နဲ့အပစ်ခံခဲ့ရပါတယ်။ ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပစ်ခတ်ခဲ့တယ်လို့ Myaing Villages Revolution Front - MVRF ကအတည်ပြုဆိုပါတယ်။
"စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်းဒေါင့် ရဲကင်းစခန်းအား ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က Myaing Villages Revolution Front - MVRF , စစ်ကိုင်းခရိုင်မြောင်တပ်ရင်း (၄) , ယင်းမာပင်ခရိုင် ပုလဲတပ်ရင်း (၈) , မုံရွာခရိုင်ချောင်းဦးတပ်ရင်း- ၆ (CMWA) , ရေစကြို ဗိုလ်တမာ အဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ ကန်းဒေါင့်ရဲကင်းစခန်းအတွင်းသို့ Rocket များဖြင့်အကြိမ်ကြိမ် ပစ်သွင်းတိုက်ခိုက်ခဲ့ပါတယ်" လို့ဖော်ပြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းခဲ့ကာ ထိခိုက်မှုအခြေအနေကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၉။ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာရွှေဂူကြီး ကျောင်းအလယ်တိုက်မှာ ခဏာတာရောက်ရှိနေသည့်သီတဂူနာယကအဖွဲ့ဝင် အရှင်ဂန္ဓသာရနဲ့ လူသုံးဦးကို စကစတပ်ကရက်စက်စွာ သတ်ဖြတ်ခဲ့
စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာရွှေဂူကြီး ကျောင်းအလယ်တိုက်မှာ ခဏာတာရောက်ရှိနေသည့်သီတဂူနာယကအဖွဲ့ဝင် အရှင်ဂန္ဓသာရနဲ့ လူသုံးဦးကို စကစတပ်ကရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာကို ဇန်နဝါရီလ ၆ ရက်နေ့မနက်အစောပိုင်းက ဖြစ်စဥ် ဖြစ်ပွားခဲ့တာလို့ တော်လှန်ရေးအင်အားစုများကအတည်ပြုဆိုပါတယ်။
"ဆရာတော်ကို လည်ပင်းတစ်ချက်၊ ပါးကိုတစ်ချက် ပစ်ခတ် သတ်ဖြတ်သွားတယ်။ကြည့်ရတာ စစ်ကြောင်းက ရုတ်တရက်ဝင်လာတော့ ရှောင်ချိန်မရဘဲ ပုန်းတာမှာ တွေ့သွားပြီး သတ်ဖြတ်လိုက်ကြတာပါ"လို့ဆိုပါတယ်။ ဆရာတော်သည် ကာကွယ်ရေးတပ်များနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ကျောင်းတိုက်သို့ ဇန်နဝါရီ၅ရက်နေ့က ရောက်ရှိ၍ ခဏာတာလာရောက်ခြင်းဖြစ်ပြီး စကစတပ် စစ်ကြောင်းထိုးသတ်ဖြတ်မှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment