၂၀၂၃ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအောင်မြင်ဖို့ ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးရန် လိုအပ်တယ်လို့ ဝန်ကြီးချုပ်ဆို
📌 ၂။ စစ်ကောင်စီဟာ အာဏာလုယူထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုသာဖြစ်လို့ ရွေးကောက်ပွဲကျင်းပနိုင်ခွင့် ဥပဒေပြုပိုင်ခွင့် မရှိဘူးလို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်ကြည်ညွန့် ပြော
📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် တွေ့ဆုံ၍ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအပါအဝင် မြန်မာ့အရေးဆွေးနွေးပြောကြား
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး နှင့် ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများတွေ့ဆုံပွဲ ကျင်းပမယ်
📌 ၅။ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအတွက် လေကြောင်းတိုက်ခိုက်မှုတွေကို အဓိကထားအသုံးပြုနေတယ်လို့ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဆို
📌 ၆။ ပုံစံမတူတဲ့နည်းပညာမြင့်ဒရုန်းတွေ တိုက်ပွဲတွေမှာ တွေ့မြင်ရလိမ့်မယ်လို့. ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် အသိပေးဆို
📌 ၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ပါတီကို မှတ်ပုံပြန်တင်ရန်အကြောင်းမရှိနိူင်တော့ဘဲ ပြည်သူ နဲ့ အတူ ရှိနေမယ်လို့ဆို
📌 ၈။ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် နှစ်နှစ် ထပ်မံချမှတ်ခဲ့
📌 ၉။ ဖမ်းမိထားသော ဗိုလ်ကြီးအဆင့်ရှိသူအား YGF ရေးပြောက်ကျားတပ်ဖွဲ့မှသက်ဆိုင်ရာ{ ERO } ဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ဆို
📌 ၁၀။ ကိုးတောင်ဘို့အထိုင်မှ အရှေ့ဘက်ထွက်လာသောစကစတပ်များ မိုင်းထိ၍ ခုနစ်ဦးအနည်းဆုံးထိခိုက်
📌 ၁၁။ တန့်ဆည်မြို့နယ် သရက်ခါးကျေးရွာအနီး စစ်ကြောင်းထိုးလာသော စကစတပ်စစ်ကြောင်းအား ကာကွယ်ရေးတပ်များဝိုင်းဝန်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်နဲ့ပျူဆယ်ဦးခန့်သေဆုံးနိူင်
📌 ၁၂။ ရွှေဘိုမြို့နယ်၊တည်သီးတောကျေးရွာမှ စကစတပ်နှင့်ပျူများ ဇီးဖြူကုန်းသို့အသွား တစ်နေရာတွင် တိုက်မိုင်းများထိ၍ ၇ ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအောင်မြင်ဖို့ ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးရန် လိုအပ်တယ်လို့ ဝန်ကြီးချုပ်ဆို
တော်လှန်ရေးအောင်မြင်ဖို့ ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးရန် လိုအပ်တယ်လို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဆိုပါတယ်။ ဖေဖော်ဝါရီ ၆ ရက် Twitter မှာ ပြည်ထောင်စုဝန်ကြီးချုပ်က ရေးသားဖော်ပြပါတယ်။
"ကျွန်ုပ်တို့၏ သမိုင်းဝင်အောင်ပွဲသည် ပိုမိုနီးကပ်လာပါတယ်။ ကျွန်ုပ်တို့အားလုံး ယင်းကို ဖြစ်ထွန်းလာစေရန် ကျွန်ုပ်တို့၏ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးရန် လိုအပ်ပါတယ်"လို့ဆိုထားပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အရှိန်မြှင့်တင်လျက်ရှိပြီး တစ်နှစ်တာမဟာဗျူဟာ စီမံချက်အတိုင်း ရေးဆွဲ၍ အမျိုးသားညီညွတ်ရေးအစိုးရဟာ အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီဟာ အာဏာလုယူထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုသာဖြစ်လို့ ရွေးကောက်ပွဲကျင်းပနိုင်ခွင့် ဥပဒေပြုပိုင်ခွင့် မရှိဘူးလို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်ကြည်ညွန့် ပြော
စစ်ကောင်စီဟာ အာဏာလုယူထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုသာဖြစ်လို့ ရွေးကောက်ပွဲကျင်းပနိုင်ခွင့် ဥပဒေပြုပိုင်ခွင့် မရှိဘူးလို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်ကြည်ညွန့် ပြောကြားလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။
"စစ်ကောင်စီဟာ အာဏာလုယူထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုသာဖြစ်လို့ ရွေးကောက်ပွဲကျင်းပနိုင်ခွင့် ဥပဒေပြုပိုင်ခွင့် မရှိတာကြောင့် ဒါကို တားဆီးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ကောင်စီတို့နှင့်အတူ အခြားသော မဟာမိတ်အင်အားစုတွေနဲ့ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေး တစ်ဆစ်ချိုးကို ပုံဖော်နိုင်ဖို့ တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြတာဖြစ်ပြီး အစိုးရရဲ့ တစ်နှစ်တာ မဟာဗျူဟာ အစီအစဉ်နဲ့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ သက်ဆိုင်တဲ့ အင်အားစုတွေ တစ်သံတည်းညီ တစ်ချီတည်းရုန်းနိုင်ဖို့ အထူးလိုအပ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် တွေ့ဆုံ၍ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအပါအဝင် မြန်မာ့အရေးဆွေးနွေးပြောကြား
နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် တွေ့ဆုံ၍လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အပါအဝင် မြန်မာ့အရေး ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေနိုင်ငံ ခရီးစဥ်အတွင်း Labor Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် ယူကေစံတော်ချိန် နံနက် ၁၁ နာရီခွဲ မှ နေ့လည် ၁ နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
All Party Parliamentary Group on Burma အဖွဲ့၏ ဥက္ကဋ္ဌ လည်းဖြစ်သူ Rushanara Ali နှင့်တွေ့ဆုံခဲ့သည့် အဆိုပါတွေ့ဆုံဆွေးနွေးမှု အတွင်းတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ မြန်မာ့နွေဦးတော်လှန်ရေး UK ပါလီမန်မှ ပိုမိုတို့းမြှင့်ထောက်ခံရေး၊ ဒုက္ခသည်ကိစ္စ ၊ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးရေး အစရှိသည့် ခေါင်းစဥ်များကို ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ယူကေနိုင်ငံဆိုင်ရာကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာသက်ကိုကိုနှင့် ဦးမောင်မောင်အောင် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်းတွင် အခြားသောတာဝန်ရှိသူများ နှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး နှင့် ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများတွေ့ဆုံပွဲ ကျင်းပမယ်
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒု ဝန်ကြီး ဦးမိုးဇော်ဦး နှင့် ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများတွေ့ဆုံပွဲ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၆ ရက် မှာ အဆိုပါတွေ့ဆုံပွဲကို တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး နှင့် ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများတွေ့ဆုံပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ မြန်မာ့အရေး စိတ်ဝင်စားသူတိုင်း တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်လို့ဖော်ပြပါတယ်။ တွေ့ဆုံပွဲကိုဖေဖော်ဝါရီလ ၁၉ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ အမေရိကန်Centerville Community Center မှာကျင်းပမယ်လို့သိရပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအတွက် လေကြောင်းတိုက်ခိုက်မှုတွေကို အဓိကထားအသုံးပြုနေတယ်လို့ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဆို
အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်း အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို အဓိကထားအသုံးပြုနေတယ်လို့ NUG လူအခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ဆိုပါတယ်။ ဖေဖော်ဝါရီလအတွင်း AI Jazeera Media နှင့် ပြည်ထောင်စုဝန်ကြီး အင်တာဗျုးမှာ ဝန်ကြီးက ဆိုခဲ့ပါတယ်။
"အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအတွက် လေကြောင်းတိုက်ခိုက်မှုတွေကို အဓိကထားအသုံးပြုနေတာကို တွေ့ရှိရပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့် တိုက်ခိုက်ခံရတဲ့ ဒေသတွင်းမှာရှိတဲ့ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူလူထုဟာ အလွန်အမင်းထိခိုက်နစ်နာမှု၊အသက်ဆုံးရှုံးမှုတွေခံစားခဲ့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ဒီလေကြောင်းတိုက်ခိုက်မှုကို အားသာချက်တစ်ခုအနေဖြင့် အသုံးပြုနေခြင်းဟာ ၎င်းတို့အနေနဲ့ မြေပြင်အခြေအနေတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတာကို ထင်ထင်ရှားရှားကြီးပြသနေတာပဲဖြစ်ပါတယ်"လို့ဝန်ကြီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က စာသင်ကျောင်းတစ်ကျောင်းကို စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို စာသင်နေတဲ့ ကျောင်းသားကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့သလို ကချင်ပြည်နယ်၊ ဖားကန့်ဒေသ အနန့်ပါ ဂီတပွဲကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာကြောင့် အနုပညာရှင်တွေ အပါအဝင် ပြည်သူ (၆၀) ဝန်းကျင် သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၆။ ပုံစံမတူတဲ့နည်းပညာမြင့်ဒရုန်းတွေ တိုက်ပွဲတွေမှာ တွေ့မြင်ရလိမ့်မယ်လို့. ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် အသိပေးဆို
ပုံစံမတူတဲ့ နည်းပညာမြင့်ဒရုန်းတွေ တိုက်ပွဲတွေမှာ တွေ့မြင်ရလိမ့်မယ်လို့ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နွေဦးအောင်လံ campaign (ပထမအကြိမ်)ရလဒ်မျှဝေခြင်းနှင့် ကံစမ်းမဲအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။
"ဖက်ဒရယ်ဝင်းက ဒရုန်းတပ်ဖွဲ့ရဲ့ အောင်မြင်အောင်လုပ်ဆောင်နိုင်မှုက ဒီဒရုန်းတစ်ဖွဲ့ထဲတင်မဟုတ်ပါဘူး။ တခြားဒရုန်းအဖွဲ့တွေလုပ်နိုင်ဖို့လိုပါတယ်။ အကုန်လုံးလုပ်နိုင်လေလေ၊ ကျနော်တို့နိုင်ငံ မြန်မြန်လွတ်မြောက်ဖို့၊ ဒီတော်လှန်ရေးအောင်မြင်ဖို့ မြန်လေလေလို့ ကျနော်ပြောချင်တယ်။ ဒါ့အပြင် ပုံစံမတူတဲ့နည်းပညာမြင့် ဒရုန်းတွေ တိုက်ပွဲတွေမှာ တွေ့မြင်ရပါလိမ့်မယ်"လို့ဝန်ကြီးက ဆိုပါတယ်။ လက်ရှိမှာ ဗုံးသီး ၄ လုံးသယ်နိုင်သော ဒရုန်းအပြင် ၆လုံးမှ ၈လုံးအထိ ဗုံးသီးသယ်နိုင်သော အဆင့်မြင့်နည်းပညာနဲ့ဒရုန်းများလည်း စမ်းသပ်အောင်မြင်ထားတယ်လို့ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ပါတီကို မှတ်ပုံပြန်တင်ရန်အကြောင်းမရှိနိူင်တော့ဘဲ ပြည်သူ နဲ့ အတူ ရှိနေမယ်လို့ဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ပါတီကို မှတ်ပုံပြန်တင်ရန်အကြောင်းမရှိနိုင်တော့ဘဲ ပြည်သူ နဲ့ အတူ ရှိနေမယ်လို့ အဖွဲ့ချုပ်ပါတီဝင်များက ဆိုပါတယ်။ ဖေဖော်ဝါရီ ၆ ရက် ဆက်သွယ်မေးမြန်းရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက တစ်ညီတစ်ညွတ်တည်းပြောပါတယ်။
"သူတို့ကို အကြမ်းဖက် လို့ ကြေငြာထားပြီးသားလေ။ သူတို့ က ပယ်ဖျက် ၊ပြင်ဆင်တာ တွေ အပေါ် မှာ အသိမှတ်ပြု မနေ ဘူးလေ။ ဒီလို တိုင်းပြည် အပေါ် စစ်တပ် က ထင်တိုင်း ကြဲလုပ်ချင်သလို လုပ်ခွင့် မရဖို့ ဒီ မျိုးဆက် က တော်လှန်ရေး လုပ်နေကြ တဲ့ ကိစ္စမို့
တော်လှန်ရေး အောင်မြင်အောင် ကြိုးစား ရ မယ်။ NLD က တော့ ပြည်သူ နဲ့ အတူ ရှိနေ မှာ ပါ ဘဲ"လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပါတီဝင်တစ်ဦးက ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၉) ရက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ချက်တွင်လည်း တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသောစစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိသဖြင့် ၎င်းတို့ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအား မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမှာဖြစ်တယ်လို့ အတိအလင်းဖော်ပြပါရှိပါတယ်။
"ဘယ်အကြောင်းနဲ့ မှတ်ပုံတင်နိုင်ဖို့ လမ်းမရှိတော့ပါဘူး။ ဒါက လူထုသဘောထားအတိုင်းပဲဖြစ်လိမ့်မယ်"လို့ အဖွဲ့ချုပ်ပါတီဝင်တစ်ဦးကလည်း သုံးသပ်ဆိုပါတယ်။
အာဏာလုအကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားတဲ့လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၂ ဦးဟာ ဖမ်းဆီးခံထားရပါတယ်။ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၈၄ ဦး ပါဝင်ခဲ့ပါတယ်။
========================
📌📌 ၈။ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် နှစ်နှစ် ထပ်မံချမှတ်ခဲ့
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် နှစ်နှစ် ထပ်မံချမှတ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPP က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့က အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးမှ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် နှစ်နှစ် ထပ်မံချမှတ်ခဲ့ကြောင်း သိရှိရတယ်လို့ဖော်ပြပါတယ်။ အဆိုပါတရားရုံးမှပင် ဒေါက်တာရဲလွင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၈၂၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၃၁၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၉။ ဖမ်းမိထားသော ဗိုလ်ကြီးအဆင့်ရှိသူအား YGF ရေးပြောက်ကျားတပ်ဖွဲ့မှသက်ဆိုင်ရာ{ ERO } ဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ဆို
ဖမ်းမိထားသော ဗိုလ်ကြီးအဆင့်ရှိသူအား YGF ရေးပြောက်ကျားတပ်ဖွဲ့မှသက်ဆိုင်ရာ{ ERO } ဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ "ဗိုလ်ကြီးအဆင့်ရှိသူနှင့်ပက်သက်၍ YGF-ရေးပြောက်ကျားတပ်ဖွဲ့ကအသိပေးဆိုပါတယ်။
"YGF-ရေးပြောက်ကျားတပ်ဖွဲ့၏ ဖေဖော်ဝါရီ ၄ ရက်နေ့ စစ်ဆင်ရေး သတင်းထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးရမိသော ဗိုလ်ကြီးအဆင့်ရှိသူအားနိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီစစ်ဆေးမေးမြန်းခဲ့ရာ ဗိုလ်ကြီး-မြတ်သူ၊ ခမရ(545)တပ်ရင်း၊ ကျုံဒိုးမြို့၊ ကရင်ပြည်နယ်မှ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီ YGF - ရေးပြောက်ကျားတပ်ဖွဲ့မှသက်ဆိုင်ရာ{ ERO } ဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။ ၎င်းထံမှသိမ်းဆည်းရမိသောပစ္စည်းများတွင် လက်ပစ်ဗုံး နှစ်လုံးပါဝင်ပါတယ်။
========================
📌📌 ၁၀။ ကိုးတောင်ဘို့အထိုင်မှ အရှေ့ဘက်ထွက်လာသောစကစတပ်များ မိုင်းထိ၍ ခုနစ်ဦးအနည်းဆုံးထိခိုက်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့အထိုင်မှ အရှေ့ဘက်ထွက်လာသော စကစတပ်များ မိုင်းထိ၍ ခုနစ်ဦးအနည်းဆုံးထိခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီ ၆ရက်မနက် ၆ နာရီကျော်က ကိုးတောင်ဘို့အထိုင်မှ အရှေ့ဘက်ထွက်လာသော စကစတပ်အင်အား ၇၀ခန့်သည့် ငှက်မွေးတောင်နားအရောက်တွင် မိုင်းမိသွား၍ (၇)ဦးအနည်းဆုံးထိခိုက်သွားပါတယ်"လို့ဆိုပါတယ်။
အဆိုပါစစ်ကြောင်းဟာအထမ်း၂ထမ်း၊ လှည်းတစ်စီးနှင့်တင်၍ နောက်ပြန်ဆုတ်ကာ နေ့ခင်း ၂ နာရီခန့်တွင် အထိုင်သို့ပြန်ဝင်သွားပြီး ညနေ ၄ နာရီကျော်တွင် ကိုးတောင်ဘို့ရွာမ အထိုင်စခန်းဘက်မှ မီးခိုးများမြင်၍ သေနတ်ဖောက်သံများပါ ကြားရပြီး စကစတပ်ဖွဲ့ဝင်များအား မီးရှို့၍အမိန့်ပြန်တယ်လို့ဆိုပါတယ်။
========================
📌📌 ၁၁။ တန့်ဆည်မြို့နယ် သရက်ခါးကျေးရွာအနီး စစ်ကြောင်းထိုးလာသော စကစတပ်စစ်ကြောင်းအား ကာကွယ်ရေးတပ်များဝိုင်းဝန်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်နဲ့ပျူဆယ်ဦးခန့်သေဆုံးနိူင်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် သရက်ခါးကျေးရွာအနီး စစ်ကြောင်းထိုးလာသော စကစတပ်စစ်ကြောင်းအား ကာကွယ်ရေးတပ်များဝိုင်းဝန်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်နဲ့ ပျူဆယ်ဦးခန့်သေဆုံးနိုင်တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ တန့်ဆည်ဖီးနစ် ကာကွယ်ရေးအဖွဲ့က စစ်ရေးသတင်းကိုဖော်ပြပါတယ်။
"ဖေဖော်ဝါရီ ၆ ရက်တန့်ဆည်မြို့နယ် သရက်ခါးကျေးရွာအနီး စစ်ကြောင်းထိုးလာသော စကစတပ်နဲ့ပျူ အင်အား ၁၃၀ခန့်ကို ရွှေဘိုခရိုင်အမှတ် ၇တပ်ရင်းနဲ့ အမှတ် ၆ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ ကာကွယ်ရေးတပ်များ တိုက်ခိုက်မှုကြောင့် စကစတပ်ဘက်က တပ်ဖွဲ့ဝင်နဲ့ပျူများဆယ်ဦးခန့်သေဆုံးနိူင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၁၂။ ရွှေဘိုမြို့နယ်၊တည်သီးတောကျေးရွာမှ စကစတပ်နှင့်ပျူများ ဇီးဖြူကုန်းသို့အသွား တစ်နေရာတွင် တိုက်မိုင်းများထိ၍ ၇ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ စကစတပ်နှင့်ပျူများ ဇီးဖြူကုန်းသို့အသွား တစ်နေရာတွင် တိုက်မိုင်းများထိ၍ ၇ဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်ရေးသတင်းကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က အတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီ ၆ရက် မနက် ၈နာရီ ၁၅အချိန် ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ စကစတပ်နှင့်ပျူများ ဇီးဖြူကုန်းသို့အသွား တစ်နေရာတွင် ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့နှင့် ဗိုလ်ဂျပန်ကြီး (T.T.T)-SHWEBO LPDFအဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ ရွှေဘိုမြို့နယ် ၊တိုက်နယ်-၂ မဟာမိတ် ညီကိုများမှ ဆွဲမိုင်း၊ တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မိုင်းထိ၍ စကစတပ်နဲ့ပျူ ၇ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၃ဦးရှိခဲ့ပါတယ်။ အထိနာသွားသော စကစတပ်နှင့်ပျူများမှ လက်နက်ကြီး RPG တစ်ချက်၊60မမ လေးချက်၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်းမဟာမိတ်ညီကို ရဲဘော်များမှာ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment