၂၀၂၃ မတ်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဖားကန့်မြို့နယ်၊ မော်စီဇာမှာ ကချင်အမျိုးသား အရပ်ဖက်အစည်းရုံးမှဖွင့်လှစ်ထားတဲ့ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးရုံး ဖျက်ဆီးခံရပြီး ရုံးဝန်ထမ်းများကို စကစဘက်က ဖမ်းဆီးခေါ်ဆောင်သွား
📌 ၂။ ယူကရိန်းပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ ရာဇဝတ်မှုတွေထက် မလျော့တဲ့ အဖြစ်မျိုးတွေကို မြန်မာနိုင်ငံကပြည်သူတွေ ခံစားနေရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
📌 ၃။ နွေဦးတော်လှန်ရေးဟာ သေချာပေါက် အောင်မြင်ရမယ်လို့ ပညာရေးဒုဝန်ကြီးဆို
📌 ၄။ အာဏာရှင် တွေလို reverse incentive ပေးတာမျိုး မဖြစ်အောင် လုပ်လို့ရတာမို့ တော်လှန်ရေးဆိုတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်းစေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ဝင်ပါနေကြတာဖြစ်တယ်လို့ဆို
📌 ၅။ အရပ်သားတွေပါမချန် သတ်ဖြတ်တဲ့ အင်အားတစ်ရာကျော်ပါ စကစတပ်ရဲ့ဘီလူးစစ်ကြောင်း မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးမှု တစ်ပတ်ကျော်လာပြီး အရပ်သား စစ်ဘေးရှောင် တိုးမြင့်
📌 ၆။ နေပြည်တော်၊ လယ်ဝေးမြို့အနီးရှိ ခမရ(၆၀၄) တပ်ရင်း၏ နောက်တန်းပင်မ အထိုင်စခန်းပစ်ခတ်ခံရပြီး စစ်တန်းလျားသို့ တိုက်ရိုက်ထိမှန်
📌 ၇။ မိုးညိုမြို့နယ် ရေကင်းကျေးရွာ ရဲစခန်းအနောက်ဘက်တွင် ပျူစောထီးများဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်း တိုက်ခိုက်ခံရ၍ ပျူစောထီး(၁၀)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရကာ ဆေးကုနေစဥ်၃ဦးသေဆုံးခဲ့
📌 ၈။ မတ္တရာမြို့နယ် နှင့် စစ်ကိုင်းမြို့နယ်ခြား စကစမှ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် ဒေသခံအမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့
📌 ၉။ ရွှေဘိုမြို့စည်ပင်သာယာရုံးအားလက်ပစ်မိုင်းဖြင့်ပစ်ခတ်တိုက်ခိုက်
📌 ၁၀။ တန့်ဆည်ပင်မသပိတ်မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒထုတ်ဖော်မှုမှာ "စစ်ကောင်စီနဲ့ပူးပေါင်းသည့် အနုပညာရှင်မှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ" ဘန်နာကို ကိုင်စွဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဖားကန့်မြို့နယ်၊ မော်စီဇာမှာ ကချင်အမျိုးသား အရပ်ဖက်အစည်းရုံးမှဖွင့်လှစ်ထားတဲ့ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးရုံး ဖျက်ဆီးခံရပြီး ရုံးဝန်ထမ်းများကို စကစဘက်က ဖမ်းဆီးခေါ်ဆောင်သွား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်စီဇာမှာ ကချင်အမျိုးသား အရပ်ဖက်အစည်းရုံးမှဖွင့်လှစ်ထားတဲ့အမျိုးသမီး စွမ်းရည်မြင့်တင်ရေးရုံးဖျက်ဆီးခံရပြီး ရုံးဝန်ထမ်းများကိုစကစဘက်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ မတ်လ ၁၈ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုထားပါတယ်။
"ဖားကန့်မြို့နယ်၊ မော်စီဇာမှာ ခုရက်ပိုင်း မတ်လ ၁၆ ရက်နေ့ ဖွင့်လှစ်လိုက်တဲ့ ကချင်အမျိုးသား အရပ်ဖက် အစည်းအရုံးမှ ကြီးမှူးပြီး အမျိုးသမီး စွမ်းရည်မြင့်တင်ရေးရုံးကို ယမန်နေ့ မတ်လ ၁၇ ရက်နေ့မှာ စကစ ကား ၃စီး လာပြီး ဖျက်စီးလိုက်တယ်လို့သိရပါတယ်။ ရုံး ကွန်ပြူတာ ၉ လုံးနှင့် ရုံးဝန်ထမ်းများကိုလဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်"လို့ဆိုပါတယ်။
ကချင် အရပ်ဖက်အစည်းအရုံး အဖွဲ့ဟာ ဖားကန့်ဒေသမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ ကျိုးစားခဲ့တာကြောင့် မူးယစ်ရောင်းဝယ်ဖောက်ကားသူများနှင့်မကြာခဏ ပဋိပက္ခ ဖြစ်တတ်လေ့ရှိတယ်လို့လည်း ဝန်ကြီးကဆိုထားပါတယ်။
========================
📌📌 ၂။ ယူကရိန်းပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ ရာဇဝတ်မှုတွေထက် မလျော့တဲ့ အဖြစ်မျိုးတွေကို မြန်မာနိုင်ငံကပြည်သူတွေ ခံစားနေရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
ယူကရိန်းပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ ရာဇဝတ်မှုတွေထက် မလျော့တဲ့အဖြစ်မျိုးတွေကို မြန်မာနိုင်ငံကပြည်သူတွေ ခံစားနေရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ မတ်လ ၁၈ ရက်မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုခဲ့ပါတယ်။
"ယူကရိန်းနိုင်ငံကို ကျူးကျော်ပြီး စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေတယ်ဆိုတဲ့အချက်နဲ့ ပူတင်ကို ICCတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တာ သတင်းကောင်းတစ်ခုပါ။ NUG အစိုးရအနေနဲ့လည်း ယူကရိန်းက တင်သွင်းခဲ့သလို လုပ်ပိုင်ခွင့် 12(3)ကို အသုံးပြုပြီး မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အခုလိုပဲ စုံစမ်းစစ်ဆေးအရေးယူဖို့အတွက် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့မှာ နိုင်ငံတော်ယာယီသမတကြီးက လက်မှတ်ရေးထိုးပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ ယူကရိန်းမှာ တစ်ခြားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျုးကျော်ဝင်ရောက်မှုဟာ ထင်ရှားပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေက ကိုယ်ရဲ့နိုင်ငံတွင်းက ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီက ချိုးဖောက်တဲ့ရာဇဝတ်မှုမျိုး ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ယူကရိန်းပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ ရာဇဝတ်မှုတွေထက် မသာရင်တောင် မလျော့တဲ့အဖြစ်မျိုးတွေကို မြန်မာနိုင်ငံက ပြည်သူတွေ ခံစားနေရတာပါ"လို့ ဝန်ကြီးကဆိုပါတယ်။
ရုရှား သမ္မတ ပူတင်ကို ယူကရိန်းနိူင်ငံကို ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ မတ်လ ၁၇ရက်က နိူင်ငံတကာ ရာဇဝတ် တရားရုံး ICCက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။ လုပ်ပိုင်ခွင့် ၁၂(၃) ဆိုတာကတော့ နိုင်ငံတခုကို တစ်ခြားနိုင်ငံတစ်ခုက ကျူးကျော်ဝင်ရောက်ပြီး အခုလိုမျိုး နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေခဲ့ရင် သက်ဆိုင်ရာနိုင်ငံကနေ ICC တရားရုံးကို နိုင်ငံအရေးကို စုံစမ်းပြီးတော့ ကျူးလွန်သူအပေါ် စစ်ဆေးအရေးယူဖို့အတွက် ဖိတ်ခေါ်နိုင်တဲ့ လုပ်ထုံးလုပ်နည်းတခုဖြစ်ပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးဟာ သေချာပေါက် အောင်မြင်ရမယ်လို့ ပညာရေးဒုဝန်ကြီးဆို
နွေဦးတော်လှန်ရေးဟာ သေချာပေါက် အောင်မြင်ရမယ်လို့ ပညာရေးဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကဆိုပါတယ်။ မတ်လအတွင်း နွေဦးတော်လှန်ရေးနဲ့ပတ်သက်လို့ ပညာရေးဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ဆိုထားပါတယ်။
"၂ နှစ်ကျော်လာပြီ...မပင်ပန်းဘူးလား မခက်ခဲဘူးလားမေးရင် အသက်ပေးခဲ့တဲ့ ဆရာကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေတောင်ရှိသေးတာ... ကျွန်တော်တို့ ဒီထက်ဘာဆုံးရှုံးစရာ၊ ဘာခက်ခဲစရာရှိသေးလို့လဲ...အောင်မြင်မှုဟာ ကျွန်တော်တို့ရဲ့ အမောဖြေဆေး..အောင်မြင်မှုဟာ ကျွန်တော်တို့ရဲ့ အနာဂတ်...အောင်မြင်ပါ့မလားလို့ မမေးနဲ့ သေချာပေါက်အောင်မြင်ရမယ်။ အောင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့အားလုံးက ဒီတော်လှန်ရေးကို ဆင်နွဲခဲ့ကြတာ"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။
"လူအခွင့်အရေးတွေ၊ စစ်စည်းကမ်းတွေနားလည်တဲ့ တော်လှန်ရေး သူရဲကောင်းတွေရှိပြီ။ အာဏာရှင်ကို အခုအထိ အာခံနေကြတဲ့ အနာဂတ်ခေါင်းဆောင်လူငယ်တွေရှိပြီ။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာည်နဲ့အတူ.. ဖက်ဒရယ်ဒီမိုကရေစီအတွက် အတူတိုက်ပွဲဝင်မယ့် သွေးချင်းညီနောင်တွေလည်း ရှိနေပြီ...ကျွန်တော်တို့ဘာလိုသေးလို့လဲ။ အရာရာပိုကောင်းအောင်လုပ်ဖို့ပဲမဟုတ်လား။ အကြမ်းဖက်အာဏာလုထားတဲ့ စစ်ဘီလူးတွေကို အပြီးတိုင်
တိုက်ထုတ်ဖို့ပဲ လိုတာမဟုတ်လား"လို့ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကဆိုပါတယ်။
========================
📌📌 ၄။ အာဏာရှင် တွေလို reverse incentive ပေးတာမျိုး မဖြစ်အောင် လုပ်လို့ရတာမို့ တော်လှန်ရေးဆိုတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်းစေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ဝင်ပါနေကြတာဖြစ်တယ်လို့ဆို
အာဏာရှင် တွေလို reverse incentive ပေးတာမျိုးမဖြစ်အောင် လုပ်လို့ရတာမို့ တော်လှန်ရေးဆိုတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း စေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ် မှာ ဝင်ပါနေကြတာဖြစ်တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်က ဆိုပါတယ်။ မတ်လ ၁၈ ရက်မှာ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က သုံးသပ်ဆိုထားပါတယ်။
"တရားမျှတတဲ့ လူ့ဘောင်၊ လူအချင်းချင်း မတရားအမြတ်ထုတ်မှု ကင်းတဲ့ လူ့ဘောင်၊ စားရမဲ့ သောက်ရမဲ့တွေမရှိတဲ့ လူ့ဘောင်၊ ကလေးသူငယ် တွေ ကို စိတ်ဒဏ်ရ မရှိပဲ ပျော်ရွှင်စွာကြီးထွား ဖွံ့ဖြိုးစေတဲ့လူ့ဘောင်၊ အားနည်းသူကို စောင့်ရှောက်တဲ့လူ့ဘောင်တွေ ဖြစ်လာဖို့ကတော့ နိုင်ငံရေးအရ ကြိုးစားပြီး လုပ်ဆောင်ရင် ဖြစ်နိုင်ပါတယ်။ အာဏာရှင်တွေလို reverse incentive ပေးတာမျိုး မဖြစ်အောင် လုပ်လို့ရတာမို့ တော်လှန်ရေးဆိုတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်းစေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ဝင်ပါနေကြတာပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာလုယူပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၅။ အရပ်သားတွေပါမချန် သတ်ဖြတ်တဲ့ အင်အားတစ်ရာကျော်ပါ စကစတပ်ရဲ့ဘီလူးစစ်ကြောင်း မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးမှု တစ်ပတ်ကျော်လာပြီး အရပ်သား စစ်ဘေးရှောင် တိုးမြင့်
အရပ်သားတွေပါမချန် သတ်ဖြတ်တဲ့ အင်အားတစ်ရာကျော်ပါ စကစတပ်ရဲ့ဘီလူးစစ်ကြောင်း မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးမှု တစ်ပတ်ကျော်လာပြီလို့ သတင်းရရှိပါတယ်။ မတ်လ ၁၈ ရက်မှာ စကစရဲ့ ဘီလူးစစ်ကြောင်းနဲ့ပတ်သက်လို့ Myaung Peoples' Special Defence Force (MSPDF)က ရဲဘော်တစ်ဦးက အတည်ပြုဖြေကြားခဲ့ပါတယ်။
"ပြည်သူတွေကို ခြေဖြတ် လက်ဖြတ် ခေါင်းဖြတ်တဲ့ စစ်ကြောင်းပါရှင့်။ သူတို့စစ်ကြောင်းထိုးပြီဆို အနီးနားတစ်ဝိုက်ကရွာ အကုန်နီးပါး ရှောင်ကြတယ်ရှင့်။ သူတို့အင်အား ၁၃၀နီးပါးတော့ ရှိပါတယ်။ မြောင်နယ်ကိုရောက်နေတာတော့ တစ်ပတ်နီးပါးရှိပါပြီ"လို့ဆိုပါတယ်။
အဆိုပါ စကစတပ်ရဲ့ ဘီလူးစစ်ကြောင်းဟာ အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် မခွဲခြားဘဲ ရက်စက်စွာသတ်ဖြတ်လေ့ရှိပြီး အလောင်းဖျောက်ဖျက်မှုတို့ လုပ်ဆောင်လေ့ရှိတယ်လို့သိရပါတယ်။
မတ်လ ၁၃ ရက် မနက် ၆နာရီကျော်ကတည်းက စစ်မျက်နှာ ၂ ခု တစ်ပြိုင်တည်း ဖွင့်ပြီး မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်တောက်လျှောက် စကစတပ်များဟာ ထိုးစစ်ဆင်နေသည့် အတွက်လူဦးရေ ၁၅၀၀၀ ကျော်ဘေးကင်းလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ CDSOMက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ နေပြည်တော်၊ လယ်ဝေးမြို့အနီးရှိ ခမရ(၆၀၄) တပ်ရင်း၏ နောက်တန်းပင်မ အထိုင်စခန်းပစ်ခတ်ခံရပြီး စစ်တန်းလျားသို့ တိုက်ရိုက်ထိမှန်
နေပြည်တော်၊ လယ်ဝေးမြို့အနီးရှိ ခမရ(၆၀၄) တပ်ရင်း၏ နောက်တန်းပင်မအထိုင်စခန်းပစ်ခတ်ခံရပြီး စစ်တန်းလျားသို့ တိုက်ရိုက်ထိမှန်ခဲ့ပါတယ်။ မတ်လ (၁၈) ရက်နေ့ မှာ စစ်ရေးသတင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
"မတ်လ (၁၃)ရက်နေ့၊ ည (၇) နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော် PDF လက်နက်ကြီးအဖွဲ့မှ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုရွာ အနီးရှိ ခမရ(၆၀၄) တပ်ရင်းသို့ လက်နက်ကြီး (၄) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီး(၄) လုံးအနက် (၁) လုံးမှာ ရန်သူ့တပ်၏ စစ်တန်းလျားသို့ တိုက်ရိုက်ထိမှန်ခဲ့ပြီး (၁)လုံးမှာ လက်နက်တိုက်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကာ ကျန်(၂) လုံးမှာ တပ်ရင်းအနီးပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ခမရ (၆၀၄) တပ်ရင်းသည် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ လိပ်သိုဗျုဟာတွင် စစ်ရေးလှုပ်ရှားနေသော တပ်ရင်းတခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) က ခမရ(၆၀၄) တပ်ရင်း၏ နောက်တန်းပင်မအထိုင်စခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုအပြီးတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ပါတယ်။
========================
📌📌 ၇။ မိုးညိုမြို့နယ် ရေကင်းကျေးရွာ ရဲစခန်းအနောက်ဘက်တွင် ပျူစောထီးများဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်း တိုက်ခိုက်ခံရ၍ ပျူစောထီး(၁၀)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရကာ ဆေးကုနေစဥ်၃ဦးသေဆုံးခဲ့
မိုးညိုမြို့နယ် ရေကင်းကျေးရွာ ရဲစခန်းအနောက်ဘက်တွင် ပျူစောထီးများ ဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်းတိုက်ခိုက်ခံရ၍ ပျူစောထီး(၁၀)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရကာ ဆေးကုနေစဥ် ၃ဦးသေဆုံးခဲ့ပါတယ်။ မိုးညိုမြို့နယ် ရေကင်းရဲစခန်းအနီး၌ ပျူစောထီးများဦးဆောင်ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို မတ်လ ၁၇ရက်မှာ မိုးညို PDFက တိုက်ခိုက်ခဲ့ပါတယ်။
"ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရေကင်းကျေးရွာ ရဲစခန်းအနောက်ဘက်တွင် ပျူစောထီးများ ဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်းကို မတ်လ(၁၇)ရက်နေ့ နေ့လယ်(၁)နာရီခန့်တွင် သာယာဝတီခရိုင် PDF တပ်ရင်း၃၈၀၂၊ တပ်ခွဲ ၄၊ မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးနှစ်လုံးဖြင့် အနီးကပ်ပစ်သွင်း တိုက်ခိုက်ခဲ့ပါတယ်" လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ပျူစောထီး(၁၀)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ပျူစောထီး(၃)ဦး သွေးထွက်လွန် သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။
မိုးညိုမြို့နယ် ရေကင်းကျေးရွာ ရဲစခန်းအနောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီအား ဆက်ကြေးပေးသွင်း၍ ကျေးရွာအုပ်ချုပ်ရေးမှူးမင်းဇော်၊ USDP ပါတီ မြို့နယ်CEC အဖွဲ့ဝင်များနှင့် ပျူစောထီးခေါင်းဆောင်ခင်မောင်ဝင်းတို့ ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်လျက်ရှိရာ အရပ်သားများ ပြန်သွားပြီး ပျူစောထီးများသာ ကျန်ရှိသည့်အချိန်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ မတ္တရာမြို့နယ် နှင့် စစ်ကိုင်းမြို့နယ်ခြား စကစမှ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် ဒေသခံအမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့
မတ္တရာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်ခြား စကစမှ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် ဒေသခံအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပါတယ်။ မတ်လ ၁၈ ရက်မှာ ကောင်းကင်တော်လှန်အင်အားစုက အတည်ပြုဆိုပါတယ်။
"မတ်လ၁၃ရက်မှ ၁၇ရက်နေ့အတွင်း မတ္တရာမြို့နယ် ပိုဝ ကျေးရွာ စာသင်ကျောင်း ၂ ဆောင်၊ စိန်ပန်းကုန်း ကျေးရွာ မှ ပြည်သူအိမ် ၁ လုံး၊ မြွေမြစ်ရိုး ကျေးရွာ မှ ပြည်သူအိမ် ၂၉ လုံး၊ မြွေခလကျေးရွာမှ ပြည်သူအိမ် ၂၇ လုံး၊ မြွေရေယဥ်ကျေးရွာမှ ပြည်သူအိမ် ၄၅ လုံး၊ မြွေပုသိမ်ကျေးရွာမှ ပြည်သူအိမ် ၁ အိမ်လုံး၊ မြွေကုတိုး ဆိပ်ကျေးရွာ မှ ပြည်သူအိမ် ၄ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။
ထို့အပြင် စစ်ကြောင်း ၅ ရက်အတွင်း-ပိုဝ ကျေးရွာ မှ ပြည်သူ ၁ ဦး၊ မြွေခလကျေးရွာမှ ပြည်သူ ၁ ဦး၊ စစ်ကိုင်းမြို့နယ် မဇလီကျေးရွာ မှ သံဃာ ၁ ပါး နှင့် ရွှေဂဲပြန် ကျေးရွာ မှ အမျိုးသမီး တစ်ဦးအား မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။
အဆိုပါစစ်ကြောင်းနဲ့ပြင်ဦးလွင်ခရိုင် ပ.က.ဖ ကောင်းကင် တပ်ဖွဲ့ နှင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့မှု့၄ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွင်းစကစ ဘက်မှ ၁၂ ဦးအား နွားလှည်း နဲ့ တင်ပို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၉။ ရွှေဘိုမြို့စည်ပင်သာယာရုံးအားလက်ပစ်မိုင်းဖြင့်ပစ်ခတ်တိုက်ခိုက်
ရွှေဘိုမြို့စည်ပင်သာယာရုံးအား လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်(၂၃) တပ်ရင်းကမတ်လ၁၈ရက်မှာ အသိပေးဖော်ပြပါတယ်။
"မတ်လ ၁၈ ရက် ညနေ ၃နာရီ၅၀မိနစ်တွင် ရွှေဘိုမြို့စည်ပင်သာယာရုံးအား ရွှေဘိုခရိုင်အမှတ်(၂၃)တပ်ရင်း တပ်ခွဲ( ၁) တပ်ရင်း (၅ ) တပ်ခွဲ( ၃ )နှင့် Ranger Army တို့မှ ပူးပေါင်း၍ လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစဘက်က ထိခိုက်မှုစိစစ်ဆဲဖြစ်ကာ ရဲဘော်များနှင့်မဟာမိတ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ကောင်စီထောက်တိုင် အဖွဲ့အစည်းမှန်သမျှ အခွင့်ရရင်ရသလို တိုက်ခိုက်သွားမယ်လို့လည်း ဆိုထားပါတယ်။
========================
📌📌 ၁၀။ တန့်ဆည်ပင်မသပိတ်မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒထုတ်ဖော်မှုမှာ "စစ်ကောင်စီနဲ့ပူးပေါင်းသည့် အနုပညာရှင်မှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ" ဘန်နာကို ကိုင်စွဲ
တန့်ဆည်ပင်မသပိတ်မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒထုတ်ဖော်မှုမှာ "စစ်ကောင်စီနဲ့ ပူးပေါင်းသည့်အနုပညာရှင်မှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ" ဘန်နာကို ကိုင်စွဲခဲ့ကြပါတယ်။ မတ်လ ၁၈ ရက်နေ့တွင် တန့်ဆည်ပင်မသပိတ်မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖော်မှုကို လှုပ်ရှားခဲ့ပါတယ်။
အဆိုပါလူထုဆန္ဒထုတ်ဖော်မှုမှာ "စစ်ကောင်စီနဲ့ ပူးပေါင်းသည့်အနုပညာရှင်မှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ"
"ရေပေါ်ဆီအနုပညာရှင်များ၊ ပြည်သူ့ဘက်မရပ်တည်သည့် အနုပညာရှင်များ၊ ကြားနေအနုပညာရှင်များ လုံးဝ အလိုမရှိ"ဘန်နာများကိုင်စွဲခဲ့ကြပါတယ်။
စာသားပါ banner များကိုင်ဆောင်၍ ဒေသခံအများစုက ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment