၂၀၂၃ မတ်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိကောင်းကောင်းထားပြီး စောင့်ကြည့်ဖို့ လိုအပ်
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၃။ လူထုသပိတ်တိုက်ပွဲများကို အားလုံးညီအောင် လုပ်ဆောင်ပေးစေလိုတယ်လို့ ဦးမင်းကိုနိုင်တိုက်တွန်း
📌 ၄။ နွေဦးတက္ကသိုလ် နှင့် The University of Arizona တို့ သဘောတူညီမှု စာချွန်လွှာ ရေးထိုး
📌 ၅။ စစ်ကောင်စီ၏ သွေးစွန်းအကယ်ဒမီပွဲအား သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်
📌 ၆။ တကောင်းမြို့မှ ပတ်ကင်းကားအား နှစ်ရက်ဆက်တိုက် ပကဖနဲ့ ပြည်သူ့ကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်၍ စကစဘက်က အထိအခိုက်အကျအဆုံးများရှိ
📌 ၇။ အကယ်ဒမီ မင်းသမီးတစ်ဦးက နွေဦးတော်လှန်ရေးအတွက် လက်ဝတ်ရတနာများနဲ့အကယ်ဒမီ ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခု လှူဒါန်းထား
📌 ၈။ စည်းရိုး" Project ဟာ ၃ ရက်အတွင်းမှာ Targetရဲ့ ၄ ရာခိုင်နှုန်းအထိရရှိထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိကောင်းကောင်းထားပြီး စောင့်ကြည့်ဖို့ လိုအပ်
အကြမ်းဖက် စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိကောင်းကောင်းထားပြီး စောင့်ကြည့်ဖို့ လိုအပ်တယ်လို့မတ်လ၂၂ရက်မှာ ကျင်းပတဲ့ အစိုးရအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
"တစ်ဖက်က မိမိတို့လုပ်ငန်းတာဝန်တွေကို အားစိုက်ဆောင်ရွက်ရင်း တစ်ဖက်ကလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိကောင်းကောင်းထားပြီး စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီနဲ့ တရုတ်ဆက်ဆံရေး၊ ရိုဟင်ဂျာကိစ္စ အကြောင်းပြုပြီး ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးစတာတွေအပြင် မဟာမိတ် ERO တွေကို နည်းမျိုးစုံနဲ့ သိမ်းသွင်းဆွဲဆောင်နေတဲ့ အခြေအနေတွေ၊ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအတွက် လှမ်းနေတဲ့ ခြေလှမ်းတွေ အားလုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေဖို့ လိုသလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း ဒီအခြေအနေတွေအပေါ်မှာ ဗျူဟာကျကျ စီမံဆောင်ရွက်သွားနိုင်ကြဖို့လည်း အရေးကြီးပါတယ်" လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်မှုတို့ရှိသလို တိုင်းရင်းသားတော်လှန်ရေး အင်အားစုတို့ကို စည်းရုံးသိမ်းသွင်းမှုတို့လည်း ရှိနေပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
မတ်လ၂၂ရက် မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၆/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ လူထုသပိတ်တိုက်ပွဲများကို အားလုံးညီအောင် လုပ်ဆောင်ပေးစေလိုတယ်လို့ ဦးမင်းကိုနိုင်တိုက်တွန်း
လူထုသပိတ်တိုက်ပွဲများကို အားလုံးညီအောင် လုပ်ဆောင်ပေးစေလိုတယ်လို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကဆိုပါတယ်။ မတ်လ၂၁ ရက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်သပိတ်အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲမှာ ဦးမင်းကိုနိုင်က ပြောပါတယ်။
"အချိုးအကွေ့တစ်ခုကို ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးကြရမည်ဖြစ်ကြောင်း၊ တစ်နှစ်မဟာဗျူဟာသည် အစိုးရတစ်ခုတည်းအတွက် ချထားခြင်းမဟုတ်ဘဲ အဖွဲ့အစည်း အားလုံးနှင့်ညှိနှိုင်းခဲ့ရကြောင်း၊ တော်လှန်ရေး ရဲဘော်များသည် မြေပြင်ရော ဝေဟင်ရော ပညာရှင်တွေပါလာသည့်အတွက် လုပ်နိုင်စွမ်းများပါကြောင်း၊ စစ်အုပ်စုပိုင် စီးပွားရေးအပိုင်း၌လည်း အရေးယူမှု၊ ပိတ်ဆို့မှုတွေရှိလာသည်ကိုတွေ့ရပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ပြောကြားမှုလေ့လာကြည့်ရန်လိုပါကြောင်း၊ ပိုစတာများဖြင့် ကြွေးကြော်မှုများသည် ကမ္ဘာကိုထိရောက်သည့် အဆုံးအဖြတ်ဖြစ်ပါကြောင်း၊ လူထုသပိတ်တိုက်ပွဲများကို အားလုံးညီအောင် လုပ်ဆောင်ပေးစေလိုပါကြောင်း၊ တသံတည်းညီ တသံတည်းထွက်၍ တပြိုင်နက်တည်း ညီအောင်လုပ်ရမည်ဖြစ်ကြောင်း"ဆိုခဲ့ပါတယ်။
လက်ရှိမှာ စကစတပ်များ လုံခြုံရေးတင်းကြပ်သည့်ကြားထဲမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ နေ့စဥ်မဆက်လှုပ်ရှားမှုတို့ရှိနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၄။ နွေဦးတက္ကသိုလ် နှင့် The University of Arizona တို့ သဘောတူညီမှု စာချွန်လွှာ ရေးထိုး
နွေဦးတက္ကသိုလ် နှင့် The University of Arizona တို့ သဘောတူညီမှုစာချွန်လွှာ ရေးထိုးခဲ့တယ်လို့ မတ်လ၂၂ရက်မှာ နွေဦးတက္ကသိုလ်က အသိပေးဖော်ပြပါတယ်။
"နွေဦးတက္ကသိုလ်သည် မြန်မာကျောင်းသား ပြည်သူများအတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ ပရောဂျက်များကို လုပ်ဆောင်ရန် University of Arizona (UA) နှင့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်"လို့ဆိုပါတယ်။
မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ အနေဖြင့်ပညာရပ်ဆိုင်ရာ သင်တန်းများ ပူးပေါင်းဖွင့်လှစ်ခြင်း၊ Virtual Student Exchange Programme များ ကျင်းပခြင်း နှင့် နွေဦးတက္ကသိုလ်မှ ပညာသင်ယူပြီးနောက် University of Arizona ၌ အသိအမှတ်ပြု ပညာဆက်လက်သင်ကြားနိုင်ရေး အစရှိသည့် ပညာရေးလုပ်ငန်းစဉ်များ ပါဝင်သွားမှာဖြစ်ပါတယ်။
The University of Arizona နှင့် ပူးပေါင်းဖွင့်လှစ်မည့် ရက်တိုသင်တန်းများမှလည်း ကျောင်းသားများအနေဖြင့် သင်ကြားရေးခရပ်ဒစ်များ ရရှိသွားမှာ ဖြစ်ပြီး ယခုအခါမှာ သဘောတူစာချွန်လွှာ ရေးထိုးထားပြီးနောက် တက္ကသိုလ်နှစ်ခုမှ မြန်မာကျောင်းသားလူငယ်များအတွက် သင်တန်းများ စတင်ပြင်ဆင်နေပြီဖြစ်ပြီဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီ၏ သွေးစွန်းအကယ်ဒမီပွဲအား သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်
စစ်ကောင်စီ၏ သွေးစွန်းအကယ်ဒမီပွဲအား သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ မတ်လ၂၂ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။
"အနုပညာရှင်အပေါင်းတို့ကို ခုတုံးလုပ်၊ ရုပ်ရှင်လောကသားများ အမြတ်တနိုးတန်ဖိုးထားရာ အကယ်ဒမီရွှေစင် ရုပ်တု၏ ဂုဏ်သရေကို ညှိုးလျော်စေရန် ကြံရွယ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ သွေးစွန်းအကယ်ဒမီပေးပွဲအား သပိတ်မှောက် မတက်ရောက်ကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါတယ်။ ပြည်သူ့ရင်မှ ပေါက်ဖွားသော၊ ပြည်သူ့မေတ္တာ ပြည်သူ့လက်ခုပ်သံဖြင့် ရှင်သန်ရပါသော အနုပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့်လည်း ပြည်သူ့ဘက်သို့သာ တည့်တည့်ရပ်တည်၍၊ ပြည်သူ့အကျိုးကိုသာ ရှေးရှု၍ အကြမ်းဖက်စစ်ကောင်စီ၏ သွေးစွန်း အကယ်ဒမီပေးပွဲအပါအဝင် ဝါဒဖြန့်ချိရေးလုပ်ငန်းစဥ်များတွင် မပူးပေါင်း၊ မပါဝင်ကြရန် အနူးအညွှတ် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်"လို့ဖော်ပြထားပါတယ်။
ယခုအချိန်ကာလတွင် အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းပိုက်ရယူထားပြီး၊ အပြစ်မဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများကိုလည်း အကြမ်းဖက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်လျက်ရှိတယ်လို့ဆိုပါတယ်။
ထို့အပြင် မြန်မာ့ရုပ်ရှင်လောကကို အစဉ်တစိုက် အားပေးခဲ့ကြသော ကျေးလက်ဒေသရှိ ပြည်သူများစွာတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်လျက်ရှိပြီး ကုန်းကောက်စရာ တစမှမရှိ၊ သဂြိုလ်စရာ အလောင်းပင်မရှိသည်အထိ အရက်စက်ဆုံး နည်းများဖြင့် စစ်ရာဇာဝတ်မှုများကို ကျူးလွန်နေပြီး ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ စသည်တို့မှ အနုပညာရှင်၊ အတတ်ပညာရှင်များကိုလည်း မတရားပုဒ်မများစွာဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ဖိနှိပ်ထားလျက်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ တကောင်းမြို့မှ ပတ်ကင်းကားအား နှစ်ရက်ဆက်တိုက် ပကဖနဲ့ ပြည်သူ့ကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်၍ စကစဘက်က အထိအခိုက်အကျအဆုံးများရှိ
တကောင်းမြို့မှ ပတ်ကင်းကားအား နှစ်ရက်ဆက်တိုက် ပကဖနဲ့ ပြည်သူ့ကာကွယ်ရေးတပ်များမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မတ်၂၂ရက်မှာ စစ်ရေးသတင်းကို တကောင်းပကဖက အသိပေးဆိုပါတယ်။
"သပိတ်ကျင်းမှ မတ်(၁၇)ရက်နေ့တွင် တက်ခဲ့သော Double cup 4 wheels တစ်စီးအား တကောင်းတိုက်နယ် မြနန္ဒာတောင်ဘက် မတောင်တံတားအနီးတွင် မိုင်း၂လုံးအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက် အကျအဆုံးများနိုင်ပါတယ်"လို့ဖော်ပြပါတယ်။
အလားတူ တကောင်းမြို့မှ မတ်(၁၈)ရက်နေ့တွင် ကင်းပတ်ကား အင်အား(၁၀)ယောက်ခန့်ပါ Light truck ကားတစ်စီးအား မိုင်း၃လုံး အသုံးပြု၍ နောင်လုံတံတားအနောက်ဘက် မိုးကောင်းဦးအဝင်ပေါက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက် အကျအဆုံးများရှိနိုင်တယ်လို့သိရပါတယ်။
အထက်ပါမစ်ရှင်၂ခုအနက် တကောင်းမြို့မှ ပတ်ကင်းကားအား မိုင်းဆွဲတိုက်ခိုက်မှုတွင် လျှပ်စီးပျောက်ကြားတပ်ဖွဲ့(ရပ်ကျေးပကဖ)နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၇။ အကယ်ဒမီ မင်းသမီးတစ်ဦးက နွေဦးတော်လှန်ရေးအတွက် လက်ဝတ်ရတနာများနဲ့အကယ်ဒမီ ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခု လှူဒါန်းထား
အကယ်ဒမီ မင်းသမီးတစ်ဦးက နွေဦးတော်လှန်ရေးအတွက် လက်ဝတ်ရတနာများနဲ့ အကယ်ဒမီ ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခု လှူဒါန်းထားတယ်လို့ မတ်လ၂၂ရက်မှာ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးသူ မပန်ဆယ်လိုက အသိပေးဆိုထားပါတယ်။
"အကယ်ဒမီ မင်းသမီးတစ်ဦးက မိတ်ဆွေတစ်ယောက်ဆီကတဆင့် ကျွန်မဆီပို့ပေးပါဆိုပြီး ပစ္စည်းထုတ်တစ်ထုတ် By Name နဲ့ ရောက်လာတယ်။ ဖွင့်ကြည့်လိုက်တော့ အတော်အံ့ဩသွားမိတယ်။ ပတ္တမြားလက်ကောက်တစ်ကွင်း၊ ပတ္တမြားလက်စွပ်တစ်ကွင်း၊ နီလာလက်ကောက်တစ်ကွင်း၊ နီလာလက်စွပ်တစ်ကွင်း၊ အရှည်လက်တစ်ဝါးစာလောက်ရှိတဲ့ ရွှေရင်ထိုးကြီးတစ်ခု၊ ရွှေဆံထိုးတစ်ခု၊ အထူးဆန်းဆုံးက အနုပညာသမားတွေ အထူးတန်ဖိုးထားကြတဲ့ အကယ်ဒမီနဲ့ ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခုပါ ပါဝင်နေတယ်"လို့ဆိုပါတယ်။
အဆိုပါလက်ဝတ်ရတနာများအားလုံးကို တော်လှန်ရေးအတွက် အသုံးပြုပေးဖို့ မှာကြားထားပြီး စကစ လက်အောက်မှာ နေထိုင်နေရလို့ ပေါ်ပေါ်တင်တင် မပါဝင်နိုင်ပေမယ့် ပြည်သူနဲ့ ထပ်တူဖြစ်တယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၈။ စည်းရိုး" Project ဟာ ၃ ရက်အတွင်းမှာ Targetရဲ့ ၄ ရာခိုင်နှုန်းအထိရရှိထား
စည်းရိုး" Project ဟာ ၃ ရက်အတွင်းမှာ Targetရဲ့ ၄ရာခိုင်နှုန်းအထိ ရရှိထားတယ်လို့ မတ်လအတွင်းမှာ စည်းရိုးပရော့ဂျက်က အသိပေးဆိုပါတယ်။
"၂၀ ရက်နေ့တည်းက စ run လာတဲ့ ကရင်နီအတွက်"စည်းရိုး" Project ဟာ ၃ ရက်အတွင်းမှာ Targetရဲ့ ၄% အထိရထားပါပြီ။ ကျန်နေသေးတဲ့ ရက်တွေမှာလဲ ဆက်တွန်း၊ ဆက်ပါဝင်ကူကြဖို့ တောင်းဆိုပါရစေဗျာ။ အခုချိန်ထိ ပါဝင်ထောက်ပို့လှူဒါန်းနေတဲ့ ပြည်သူတစ်ဦးချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်"လို့ ဆိုထားပါတယ်။
"စည်းရိုး− The Fence” ပရောဂျက်ဟာဆိုရင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျူဟာ (၄)အတွက် “၂၁ ရက်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းရန် မြန်မာကျပ်ငွေ သိန်း ၁ သောင်း”ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်တဲ့ ပရောဂျက်ဖြစ်ပါတယ်။
စည်းရိုးပရော့ဂျက်ကိုမတ်လ ၂၀ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့အထိ ၂၁ ရက်ကြာပြုလုပ်မယ့် ပရောဂျက် ဖြစ်ပြီးတော့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဗျူဟာ (၄)ကို တာဝန်ရှိသူထံမှတစ်ဆင့် တိုက်ရိုက်ပေးအပ်မှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment