၂၀၂၃ မတ်လ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာ့နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ အဆုံးသတ်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် တည်ဆောက်ရေးကို ဦးတည်နေ
📌 ၂။ တော်လှန်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်းခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုများရရှိနိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးစားမယ်
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၄။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သော ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ CRPHအဖွဲ့ဝင်များတက်ရောက်
📌 ၅။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြသော CDM များကို ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သည့် အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်
📌 ၆။ စကစရဲ့ ပြည်ထဲရေးဒုဝန်ကြီး နှင့် ထိန်းသိမ်းရေးနှင့် စစ်ကြောရေးစင်တာများ စီမံခန့်ခွဲရေးတို့အတွက် တာဝန်ရှိသော စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး တို့ကို ဥရောပသမဂ္ဂမှပိတ်ဆို့အရေးယူ
📌 ၇။ “ရောင်နီလာရာလမ်း"ဇာတ်လမ်းရုပ်ရှင်ကို ကမ္ဘာ့မြို့ကြီး ၅ မြို့မှာဆက်လက် ပြသမယ်
📌 ၈။ မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးရှိ စကစတပ်များကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်၍ စကစဘက်က ၁၅ဦးသေဆုံး
📌 ၉။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သထုံမြို့နယ်ရှိကျေးရွာတစ်ရွာမှာ အပြစ်မဲ့ ကလေးငယ် ၂ ဦးထိမှန် သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာ့နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ အဆုံးသတ်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် တည်ဆောက်ရေးကို ဦးတည်နေ
မြန်မာ့နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ အဆုံးသတ်ရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်တည်ဆောက်ရေးကို ဦးတည်နေတယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။ မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာမှာ ယာယီသမ္မတက ပြောပါတယ်။
"ကမ္ဘာ့သမိုင်းတွင်သာမက မြန်မာ့သမိုင်းအဆက်ဆက် နိုင်ငံရေးအရွေ့တိုင်းတွင် အမျိုးသမီးများ၏ ပါဝင်မှု အားထုတ်မှုများနှင့် ဦးဆောင်မှုများဟာ ယနေ့လို ဂုဏ်ယူဖွယ်နေ့ ကျင်းပရခြင်းရဲ့ အကြောင်းရင်းခံ ဖြစ်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ အဆုံးသတ်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် တည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိနေပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် အားလုံးပါဝင်ရေးမူသည် အရေးကြီးဆုံး မူဝါဒတစ်ရပ်အဖြစ် လက်ခံယုံကြည်ထားကြသည့်အတွက် ပဋိပက္ခတွင်ပါဝင် ပတ်သက်နေသည့်သူများ အပြင် ပဋိပက္ခ၏အကျိုးဆက်များကို ရင်ဆိုင်တွေ့ကြုံနေကြရသည့်သူများ ဖြစ်ကြသော အမျိုးသမီးများ၏ ကိုယ်စားပြုပါဝင်မှုကို အမှန်တကယ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှသာ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်နိုင်မှာဖြစ်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်းခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုများရရှိနိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးစားမယ်
တော်လှန်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်းခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုများရရှိနိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးစားမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းကပြောပါတယ်။ မတ်လ ၈ ရက်နေ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ထည့်သွင်းပြောပါတယ်။
" ယနေ့နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများသည် တော်လှန်ရေး၏ကဏ္ဍအစုံတွင်ရှေ့တန်းမှ ရဲရဲဝံ့ဝံ့ ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရခြင်းကြောင့် အလွန်ပင်လေးစားဂုဏ်ယူမိပါတယ်။ စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နှင်းမှုများကို ကြောက်ရွံ့နောက်ဆုတ်သွားခြင်းမရှိဘဲ စွမ်းစွမ်းတမံ ပါဝင်နေကြသော အမျိုးသမီးများသည် မြန်မာ့သမိုင်းတွင် မှတ်ကျောက်တင်ရမည့် အမျိုးသမီးများဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် ဖော်ပြလိုပါတယ်။ ထို့အတူပင် ယခုတော်လှန်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်းခံရသည့် အမျိုးသမီးများအတွက်လည်း တရားမျှတမှုများရရှိနိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း ကတိပြုလိုပါတယ်"လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုမှ ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် စီဒေါ(CEDAW)ကို ပါဝင်လက်မှတ် ရေးထိုးထားသော နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ မတ်လ ၈ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၄/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ထို့နောက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏနှင့် ဒုတိယဝန်ကြီးများမှ နှုတ်ခွန်း ဆက်စကား အသီးသီးပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ ဌာန၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မူဝါဒနှင့်ထုတ်ပြန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်း ဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သော ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ CRPHအဖွဲ့ဝင်များတက်ရောက်
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သော ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ CRPHအဖွဲ့ဝင်များတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ (၈)ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
" လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် Committee Representing Pyidaungsu Hluttaw - CRPH မှ အဖွဲ့ဝင်များသည် ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သော ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို မတ် ၃ ရက်မှ ၅ရက်အထိ တက်ရောက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံနိုင်ငံများ ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် နွေဦး တော်လှန်ရေးတွင် CRPH၊ NUG နှင့် NUCC တို့၏ အခန်းကဏ္ဍများနှင့် စိန်ခေါ်မှုများကို ကျော်လွှားပြီး လက်တွဲ ဆောင်ရွက်နေမှုများ၊ မြန်မာ့ လွှတ်တော်ကိုယ်စားလှယ်များ ကြုံတွေ့နေရသည့် အကြမ်းဖက်ခံရမှုများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပါတယ်။
APHR အဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲသည် ပိုမိုဆိုးဝါးသည့် ပဋိပက္ခများကို ဦးတည်နေသည့်အတွက် ၎င်းတို့အနေဖြင့် လုံးဝ ဆန့်ကျင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ လတ်တလော စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်စွာ မုဒိန်းကျင့် သတ်ဖြတ်မှုများကို ရှုတ်ချကြပြီး မြေပြင်တွင် ဒုက္ခရောက်နေကြသော ပြည်များကို လက်တွေ့ ကယ်တင်နိုင်ရေး တိုက်တွန်းကြိုးပမ်းဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးဟာ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများကို အမှန်တကယ်လိုအပ်သော နေရာများသို့ ထိထိရောက်ရောက် ရရှိနိုင်ရေး အတွက် ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြသော CDM များကို ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သည့် အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြသော CDM များကို ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သည့် အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ မတ်လ ၈ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန ကအသိပေးဖော်ပြပါတယ်။
"ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ပြည်သူ့ရင်ခွင်ထံသို့ ခိုလှုံလာကြသော တပ်မတော်သား CDM သူရဲကောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် CDM သူရဲကောင်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သည့် အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်များကို ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတဆင့် ပေးအပ်ချီးမြှင့်ခြင်းအခမ်းနား ပြုလုပ်ကျင်းပခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါ အခမ်းအနားတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်၊ KNU/KNLA တပ်ရင်း ၁၇ ၊တပ်ခွဲ ၂ မှ ဒုတိယတပ်ခွဲမှူး၊ နဂါးနီစစ်ကြောင်းမှူးနှင့် စစ်ကြောင်းတပ်ခွဲမှူးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ) အဖွဲ့ဝင်များလည်း တက်ရောက်ကာ ဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၆။ စကစရဲ့ ပြည်ထဲရေးဒုဝန်ကြီး နှင့် ထိန်းသိမ်းရေးနှင့် စစ်ကြောရေးစင်တာများ စီမံခန့်ခွဲရေးတို့အတွက် တာဝန်ရှိသော စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး တို့ကို ဥရောပသမဂ္ဂမှပိတ်ဆို့အရေးယူ
စကစရဲ့ ပြည်ထဲရေးဒုဝန်ကြီးနှင့် ထိန်းသိမ်းရေးနှင့် စစ်ကြောရေးစင်တာများ စီမံခန့်ခွဲရေးတို့အတွက် တာဝန်ရှိသော စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး တို့ကို ဥရောပသမဂ္ဂမှပိတ်ဆို့အရေးယူလိုက်ပါတယ်။ မတ်လ ၈ရက်မှာ ဥရောပသမဂ္ဂ မြန်မာက အသိပေးကြေညာလိုက်ပါတယ်။
"အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ IWDD2023တွင် ဥရောပကောင်စီသည် မြန်မာ၊ ရုရှား၊ တောင်ဆူဒန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ လူပုဂ္ဂိုလ်ကိုးဦးနှင့် အဖွဲ့အစည်း သုံးခုကို ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှု ပြုလုပ်မည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ စာရင်းတွင် ထည့်သွင်းလိုက်ပါတယ်"လို့ဖော်ပြပါတယ်။
ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနှင့် ကျား-မအခြေပြုအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်နေသည့် ယင်းတို့၏ အခန်းကဏ္ဍကြောင့် ဥရောပသမဂ္ဂသည် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် ထိန်းသိမ်းရေးနှင့် စစ်ကြောရေးစင်တာများ စီမံခန့်ခွဲရေးတို့အတွက် တာဝန်ရှိသော စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတို့ကို ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
ယင်းတို့ကို ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးယူထားပြီးဖြစ်သည့် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုတွင် ထည့်သွင်းလိုက်တယ်လို့ အသိပေးဆိုပါတယ်။
========================
📌📌 ၇။ “ရောင်နီလာရာလမ်း"ဇာတ်လမ်းရုပ်ရှင်ကို ကမ္ဘာ့မြို့ကြီး ၅ မြို့မှာဆက်လက် ပြသမယ်
"ရောင်နီလာရာလမ်း"ဇာတ်လမ်းရုပ်ရှင်ကို ကမ္ဘာ့မြို့ကြီး ၅ မြို့မှာဆက်လက် ပြသမယ်လို့သိရပါတယ်။ မတ်လ ၈ရက်မှာ ရောင်နီလာရာလမ်း ရုပ်ရှင်ပြသရေးကော်မတီက အသိပေးဆိုပါတယ်။
"ကြည့်ပြီးသူတိုင်းက"အဆုံး အထိသွားမှ ရမယ်""အဆုံး အထိသွားကြရမယ်"ဆိုတဲ့စိတ်ပိုခိုင်မာလာတယ် လို့ပြောကြတဲ့..."ရောင်နီလာရာလမ်း"လာမယ့် weekendကမ္ဘာ့မြို့ကြီး ၅ မြို့မှာဆက်လက် ပြသပါမယ်"လို့ ဆိုထားပါတယ်။
ရောင်နီလာရာလမ်းရုပ်ရှင်ကို မတ်လ ၁၁ ရက် NewYork(USA)နဲ့ Perth(Australia)တို့မှာလည်းကောင်း၊မတ်လ ၁၂ ရက် Frankfurt (Germany)၊ KualaLumpur(Malaysia)တို့မှာ ဆက်လက်ပြသမှာ ဖြစ်ပါတယ်။
========================
📌📌 ၈။ မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးရှိ စကစတပ်များကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်၍ စကစဘက်က ၁၅ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးရှိ စကစတပ်များကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်၍ စကစဘက်က ၁၅ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ ၈ရက်မှာ စစ်ရေးသတင်းကို မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) ကအသိပေးဖော်ပြပါတယ်။
"မတ်(၈)ရက်မနက် (၉)နာရီကျော်က မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးထဲ စီးနင်း အထိုင်ချနေတဲ့ စကစတပ်ကို မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း(၃)၊ တပ်ရင်း (၄)- အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း(၄) တပ်ခွဲ(၃)- Monywa Nightking PDF၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ(၄) - 5 / Teachers People Defense Force PDF၊ မုံရွာခရိုင်တပ်ရင်း(၇) - Lightning People Defence Force ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၈) - ဓားမဆိုင်းတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း (၁၁) - PDF - South Monywa ၊ Spring Dove နှင့် ယက္ခညီနောင် တပ်ဖွဲ့တို့ ပူပေါင်းပြီး အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်"လို့ဖော်ပြပါတယ်။
လဝကရုံးထဲရှိစကစတည်ရှိနေရာကို လက်နက်ကြီးငယ်များနဲ့ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ ၁၅ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၅မိနစ် ကျော်ပစ်ခတ်ချိန်အတွင်း အဆောက်အဦးထိခိုက်ပျက်စီးမှုတို့ရှိခဲ့ပါတယ်။
========================
📌📌 ၉။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သထုံမြို့နယ်ရှိကျေးရွာတစ်ရွာမှာ အပြစ်မဲ့ ကလေးငယ် ၂ ဦးထိမှန် သေဆုံး
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သထုံမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာအပြစ်မဲ့ ကလေးငယ် ၂ ဦး ထိမှန် သေဆုံးခဲ့ပါတယ်။ မတ်လ ၈ရက်မှာ သထုံတော်လှန်ရေးအင်အားစုများက အတည်ပြုဆိုပါတယ်။
"စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သထုံမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ အပြစ်မဲ့ ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး လူကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါ ရမ်းသမ်းပစ်ခတ်တဲ့ စကစတပ်ဟာ ခလရ ၂၄ ဖြစ်ပြီးတော့ ၄င်းရွာထဲဟာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခံရတာလို့သတင်းရရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment