၂၀၂၃ ဧပြီလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အာဆီယံအပါအ၀င် ဒေသတွင်း နိုင်ငံတွေနဲ့ အခုထက်ပိုပြီး ထိတွေ့ဆက်ဆံကြရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၃။ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာ
📌 ၄။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၂) ဦးရှိလာ
📌 ၅။ ခင်ဦးနယ်မှာ စကစတပ်ကို မိုင်းဆွဲပြီး ပြန်ဆုတ်တဲ့ ကာကွယ်ရေးရဲဘော်ငါးဦး ပိတ်မိကာ ကျဆုံး
📌 ၆။ ကလေးမြို့တွင် အဖမ်းခံရတဲ့ CDMဆရာမရဲ့ နေအိမ်ကို စကစတပ်ဖွဲ့က လာရောက် ဖြိုချဖျက်ဆီး
📌 ၇။ မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာ ကျေးလက်ဆေးရုံကို အကြမ်းဖက်စစ်တပ်က Mi35စစ်သုံးရဟတ်ယာဥ်နဲ့ ပစ်ခတ်စီးနင်း
📌 ၈။ " ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါ ဘန်နာကို ကိုင်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေးထားဝယ်မှာ သပိတ်မှောက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အာဆီယံအပါအ၀င် ဒေသတွင်း နိုင်ငံတွေနဲ့ အခုထက်ပိုပြီး ထိတွေ့ဆက်ဆံကြရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
အာဆီယံအပါအ၀င် ဒေသတွင်း နိုင်ငံတွေနဲ့ အခုထက်ပိုပြီး ထိတွေ့ဆက်ဆံကြရမယ်လို့ ဧပြီ၁၈ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၅ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
"ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ဟာ ဂျပန်နဲ့ အင်ဒိုနီးရှားကို သွားမယ့်ခရီးစဥ်တွေမှာ မြန်မာနိုင်ငံအရေးအတွက် ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ အာဆီယံအပါအ၀င် ဒေသတွင်း နိုင်ငံတွေနဲ့ အခုထက်ပိုပြီး ထိတွေ့ဆက်ဆံကြရပါမယ်။ ပြည်သူတွေလိုအပ်နေတဲ့ အခက်အခဲတွေ၊ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဒေသတွင်း နိုင်ငံတွေက တဆင့်လည်း ညှိနှိုင်းအဖြေရှာခြင်းကလည်း အရေးကြီးပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးများကို ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ချက်နိူင်ငံ၊ နော်ဝေနိူင်ငံ၊ သြစတြေးလျနိုင်ငံတို့မှာ ဖွင့်လှစ်ထားရှိပြီးနိုင်ငံခြားရေးဝန်ကြီးရုံးကို အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ ဖွင့်လှစ်ထားပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး
ဧပြီ ၁၉ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၀/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး-၁၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ခူးထဲဘူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာ
မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာတယ်လို့ UN OCHA Myanmarက ဧပြီ ၁၉ရက်မှာ အသိပေးဖော်ပြပါတယ်။
"ဧပြီလ (၁၀) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။ ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၅ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်"လို့ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ကြိမ်ဖန်များစွာ လေကြောင်းတိုက်ခိုက်မှုတွေ ပါဝင်တဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ ပြည်နယ်နဲ့တိုင်းဒေသကြီးအများအပြားမှာ၊ အထူးသဖြင့် နိုင်ငံရဲ့ အနောက်မြောက်၊ အရှေ့တောင်ဖက်နဲ့ ကချင်ပြည်နယ်မှာ အစီရင်ခံနေစဥ်ကာလအတွင်း ဆက်လက်ဖြစ်ပွားနေပါတယ်။
အကျိုးဆက်အနေနဲ့ အရပ်သားထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေ ဆက်လက်မြင့်တက်နေပြီး နိုင်ငံအတွင်း ကောင်းမွန်ခြင်းမရှိသေးတဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကို ဆက်လက်ဆိုးရွားစေပါတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
========================
📌📌 ၄။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၂) ဦးရှိလာ
မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၂) ဦးရှိလာတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPက ဧပြီ၁၉ရက်မှာ အသိပေးဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၄၂၁) ဦးရှိပြီး ထိုအထဲမှ (၁၇၅၁၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၅၆၁၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ ဆိုပါတယ်။
မတရားဖမ်းဆီးထိန်းသိမ်းခံနေရသူ တစ်ဦးမှာ ဇွန်လ၊ ၂၀၂၂ ခုနှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်ကို ယနေ့တွင် အတည်ပြုနိုင်ခဲ့သည့်အတွက် ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၀) ဦးရှိပြီဖြစ်ပါတယ်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၂) ဦးရှိပြီဖြစ်ပါတယ်။
========================
📌📌 ၅။ ခင်ဦးနယ်မှာ စကစတပ်ကို မိုင်းဆွဲပြီး ပြန်ဆုတ်တဲ့ ကာကွယ်ရေးရဲဘော်ငါးဦး ပိတ်မိကာ ကျဆုံး
စစ်ကိုင်းတိုင်း ခင်ဦးနယ်မှာ စကစတပ်ကို မိုင်းဆွဲပြီးပြန်ဆုတ်တဲ့ ကာကွယ်ရေးရဲဘော်ငါးဦးပိတ်မိကာ ကျဆုံးခဲ့ပါတယ်။ ဧပြီ ၁၉ရက်မှာ မနက်ပိုင်းမှာ စကစတပ်စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ပွားရာမှာ ကာကွယ်ရေးရဲဘော်များ ထိခိုက်ကျဆုံးခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်တို့က ဆိုပါတယ်။
"အင်အား(၁၀၀)ကျော်ပါ အကြမ်းဖက်စကစ စစ်ကြောင်းဟာ ဧပြီလ(၁၉)ရက်နေ့ မနက်(၆)နာရီ ဝန်းကျင်လောက်ကတည်းက ခင်ဦးနယ် အနောက်ခြမ်း ရွာသစ်ကုန်းပျူရွာသို့ ရောက်ရှိကာ မြင်းဒေါင်းကျေးရွာအရှေ့ဘက် ရေဦး-ခင်ဦး ကားလမ်းပေါ်ရှိ မူးတိမ်ချောင်းတံတား အထိုင်ချအကြမ်းဖက် စကစတပ်သားများနှင့် ပူးပေါင်း၍ ၈နာရီဝန်းကျင်၌ ရွာသစ်ကုန်းပျူစောထီးရွာ အရှေ့တောင်ဘက် ပေ(၅၀၀၀)ခန့်သာ ဝေးသော ခင်ဦး-မုံရွာရထားသံလမ်းဘေးရှိ မြကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ် ပစ်ခတ် ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်"လို့ဆိုပါတယ်။
စကစတပ်များကို မိုင်းခွဲ၍ ပြန်အဆုတ်တွင် ပိတ်မိကာ ကာကွယ်ရေးရဲဘော်များဖြစ်တဲ့ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း ၊ရဲဘောဖိုးကျော်၊ ရဲဘော်ကိုနောင်၊ ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ရပြီး ဒေသခံအမျိုးသားပြည်သူ(၅)ဦး ကိုလည်း ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ကလေးမြို့တွင် အဖမ်းခံရတဲ့ CDMဆရာမရဲ့ နေအိမ်ကို စကစတပ်ဖွဲ့က လာရောက် ဖြိုချဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အဖမ်းခံရတဲ့ CDMဆရာမရဲ့ နေအိမ်ကိုလာရောက် ဖြိုချဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
"ဧပြီ ၁၉ရက်မှာ ဒေသခံ သတင်းအရင်းအမြစ်တို့က အတည်ပြုဆိုထားပါတယ်။
"ကလေးမြို့မှာ တနင်္ဂနွေနေ့တုန်းက စကစတပ်များမှ လူငယ်လေးယောက်ကို ဖမ်းဆီးခဲ့ကြပါတယ်။ အဖမ်းခံရတဲ့ထဲက ဆရာမ ကျိန်ဒိတ်ကိမ် DKimအိမ်(တောင်ဖီလာရပ်ကွက်နယ်မြေ ၁၁)က နံကပ် နှစ်ထပ်အိမ်သစ်ကို ယနေ့တွင်စကစတပ် တွေက JCB နဲ့ လာရောက်ဖြိုခဲ့ကြတယ်"လို့ဆိုပါတယ်။
လက်ရှိ နေအိမ်မှာ လုံးဝပြိုကျပျက်စီးသွားခဲ့ပြီးဖြစ်ပါတယ်။ စကစတပ်များဟာ ၄င်းတို့ကိုဆန့်ကျင်တဲ့အရပ်သားမှန်သမျှကို ဖမ်းဆီး၊ နှိပ်စက် ၊ သတ်ဖြတ်ခြင်းတို့ကိုလည်း ကျူးလွန်လျက်ရှိပါတယ်။
========================
📌📌 ၇။ မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာ ကျေးလက်ဆေးရုံကို အကြမ်းဖက်စစ်တပ်က Mi35စစ်သုံးရဟတ်ယာဥ်နဲ့ ပစ်ခတ်စီးနင်း
မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာ ကျေးလက်ဆေးရုံကို အကြမ်းဖက်စစ်တပ်က Mi35စစ်သုံးရဟတ်ယာဥ်နဲ့ ပစ်ခတ်စီးနင်းခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးဆိုပါတယ်။ ဧပြီ ၁၈ရက် မနက် ၁၁ နာရီက Mi-35 (၁) စီးဖြင့် ပစ်ခတ်ပြီး Mi 17 နှစ်စီးဖြင့် လူချကာ ဝင်ရောက်စီးနင်းခဲ့တာလို့ သတင်းရရှိပါတယ်။
"မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာ ကျေးလက်ဆေးရုံအား ယမန်နေ့ ၁၈ ရက်နေ့ မနက် ၁၁ နာရီက Mi-35 (၁) စီးဖြင့် ပစ်ခတ်ပြီး Mi 17 နှစ်စီးဖြင့် လူချကာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဝင်ရောက်စီးနင်းမှုကြောင့် ဒေသခံပြည်သူများနှင့် ဆေးရုံလူနာ/လူစောင့် ၂၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ သိရှိရပါတယ်"လို့ ဆိုပါတယ်။
ဧပြီ ၁၉ရက်နေ့လည် ၁၀:၄၈ ခန့်တွင်လည်း Mi 35 (၁) စီးဖြင့် ပစ်ခတ်ကာ မန်ကျည်းကန်ကျေးရွာရှိ ဆေးရုံ အဆောက်အဦနှင့် ပြည်သူပိုင်နေအိမ် (၄) လုံး၊ ကား (၂) စီး၊ဆိုင်ကယ် (၄) စီး မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။
မန်ကျည်းကန်ကျေးရွာ အရှေ့တောင်ဘက်တွင် အသက် (၁၆) နှစ်အရွယ်ရှိ ဖမ်းစီးခံ ဒေသခံလူငယ် အမျိုးသားတစ်ဦးအား နှိပ်စက်ဒဏ်ရာများဖြင့် သတ်ဖြတ်ထားသည်ကို ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။
ဖမ်ဆီးခံ ပြည်သူများထဲ (၁၄)ဦးအား အထုပ်ထမ်းအဖြစ်ခေါ်ဆောင်သွားပြီး ကျန်ပြည်သူများအား ထားရှိခဲ့တယ်လို့သိရပါတယ်။ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များအား ဝင်ရောက်မွှေနှောက်ကာ ရွှေထည်ပစ္စည်းများ၊ ပိုက်ဆံများ၊ ဖမ်းဆီးခံပြည်သူများထံမှ ဖုန်းအလုံး(၁၀၀)ကျော်လည်း ယူဆောင်သွားကြောင်း သိရှိရပါတယ်။
========================
📌📌 ၈။ " ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါ ဘန်နာကို ကိုင်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေးထားဝယ်မှာ သပိတ်မှောက်
“ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါ ဘန်နာကို ကိုင်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေးထားဝယ်မှာ သပိတ်မှောက်ခဲ့ပါတယ်။ ဧပြီ ၁၉ရက် နေ့လည်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။
သပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါ ဘန်နာကိုကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ချီတက်ခဲ့ကြပါတယ်။
အထွေထွေရွေးကောက်ပွဲဟူသည် ပြည်သူလူထုသဘောဆန္ဒနှင့်အညီ အတည်ပြုပြဌာန်းထားသည့် ဥပဒေအရ အတိုက်အခံနိုင်ငံရေးအင်အားစုများ လက်ခံအသိမှတ်ပြုသည့် ရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်ကျင်းပရခြင်း ဖြစ်ပါတယ်။ ယခုလို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပနှင့်အညီဆိုကာ အထွေထွေရွေးကောက်ကျင်းပရန် ကြံရွယ်နေခြင်းသည် နိုင်ငံရေးအရ တရားဝင်မှု လုံးဝမရှိသည့် အဓမ္မကြံရွယ်နေခြင်းသာ ဖြစ်ပါတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ အသိပေးဖော်ပြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment