၂၀၂၃ ဧပြီလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့စစ်ကောင်စီရဲ့လုပ်ရပ်များအတွက် ပြစ်မှု ကင်းလွတ်ခွင့်မရစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက် လျက်ရှိတယ်လို့ပြောကြား
📌 ၂။ APHR ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၄၆) ကြိမ်မြောက် IPU Assembly သို့ တက်ရောက်ဆွေးနွေးခဲ့မှု အခြေအနေများနှင့်စပ်လျဥ်း၍ ပြန်လည်ရှင်း လင်းတင်ပြ
📌 ၃။ စစ်ကောင်စီနှင့် လက်အောက်ခံ BGF တပ်တို့မှကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား (၃) ဦးထိခိုက်ဒဏ်ရာရ
📌 ၄။ စကခ ၄ လက်အောက်ခံ ခမရ ၇၀၄ (ဖူးကြီး) စစ်ကြောင်းကို ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ စကစတပ်အရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး
📌 ၅။ ရေစကြိုနယ်က မအူရဲကင်းစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲခံရပြီး မီးရှို့ခံရ
📌 ၆။ တပတ်အတွင်း စကစတပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အဦများ မီးလောင်ပျက်စီးခြင်း၊ အိမ်မွေးတိရစ္တာန်များ သေဆုံးခြင်း ဖြစ်ခဲ့ပြီး ဒေသခံပြည်သူ ၁၄ဦးနီးပါးသေဆုံး
📌 ၇။ 'ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့'မှ အညာဒေသတွင်ရှိသောဒေသခံကာကွယ်ရေးအဖွဲ့များအား လက်နက်တပ်ဆင်ပြီလို့အသိပေး
📌 ၈။ နွေဦးတော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ၁၆၀၀၀ ကျော်ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့စစ်ကောင်စီရဲ့လုပ်ရပ်များအတွက် ပြစ်မှု ကင်းလွတ်ခွင့်မရစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက် လျက်ရှိတယ်လို့ပြောကြား
ဧပြီ၃ရက်
ဧပြီ၂ရက် စီဒီအမ်အောင်မြင်ရေးကော်မတီအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့စစ်ကောင်စီရဲ့လုပ်ရပ်များအတွက် ပြစ်မှု ကင်းလွတ်ခွင့်မရစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက် လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက
ပြောကြားခဲ့ပါတယ်။
" အကြမ်းဖက်စစ်တပ်ကတော့ ၎င်းတို့ အထိနာလာတာနဲ့အမျှ ကျနော်တို့ရဲ့ တော်လှန်ရေးမှာ ပါဝင်နေကြသူတွေ၊ ပြည်သူတွေကို ရက်ရက်စက်စက်နဲ့ ပိုမိုပြီး ဖိနှိပ်လာပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်များအတွက် ပြစ်မှု ကင်းလွတ်ခွင့်မရစေရေးအတွက် အစိုးရရဲ့ တာဝန်ရှိသူ ဝန်ကြီးဌာနများ အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက် လျက်ရှိပါတယ်။ ပြည်တွင်းမှာလည်း ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ ရန်က တတ်နိုင်သမျှ ကာကွယ်နိုင်အောင် စစ်ရေး၊ ကာကွယ်ရေး၊ အပါအဝင် လူသားစာနာကဏ္ဍတွေမှာ အထိအခိုက်နည်းအောင် ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းသုံးထောင် ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း တစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၂။ APHR ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၄၆) ကြိမ်မြောက် IPU Assembly သို့ တက်ရောက်ဆွေးနွေးခဲ့မှု အခြေအနေများနှင့်စပ်လျဥ်း၍ ပြန်လည်ရှင်း လင်းတင်ပြ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် APHR ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၄၆) ကြိမ်မြောက် IPU Assembly သို့ တက်ရောက်ခဲ့ပြီး ဆွေးနွေးခဲ့မှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းအစီအစဥ်တစ်ရပ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင်ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီးနောက်၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဘဏ္ဍာရေးရာကော်မတီ၊ အတွင်းရေးမှူး ဦးနေမျိူးထက်တို့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ၃-၃-၂၀၂၃ ရက်နေ့မှ ၅-၃-၂၀၂၃ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့သော APHR ၏ နှစ်ပတ်လည်ဖိုရမ်တွင် နေ့ရက်အလိုက် ပါဝင်ဆွေးနွေးခဲ့သော Panel Discussions ပါ အကြောင်းအရာများ၊ Parliamentarians at Risk စာအုပ်မိတ်ဆက်ဖြန့်ချိရေးကိစ္စများ၊ “ CRPH Calls to End Violence to Restore Democracy” ခေါင်းစဥ်ဖြင့် ပါဝင်ဆွေးနွေးခဲ့မှု အခြေအနေနှင့် APHR Annual Report 2022 တို့ကို အသေးစိတ်ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါတယ်။
ထို့နောက် ဦးနေမျိုးထက်က MPs at Risk ခေါင်း စဥ်ဖြင့် ဆွေးနွေးခဲ့မှုအခြေအနေများအား တင်ပြခဲ့ပါတယ်။
ဆက်လက်၍ ဒေါက်တာဝင်းမြတ်အေး က ဘာလင်နိုင်ငံ၊ ဘနားမားမြို့တွင် ၁၁-၃-၂၀၂၃ ရက်နေ့မှ ၁၅-၃-၂၀၂၃ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့သော (၁၄၆) ကြိမ်မြောက် IPU Assembly တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ ဆွေးနွေးချက်များနှင့် ဆက်လက်ချိတ်ဆက် တွေ့ဆုံသင့်သည့်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများစာရင်းအား အသေးစိတ် ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီနှင့် လက်အောက်ခံ BGF တပ်တို့မှကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား (၃) ဦးထိခိုက်ဒဏ်ရာရ
ဧပြီလ ၃ ရက်
ဧပြီ၃ရက်နေ့မှာ KNU ဗဟိုက အခုလိုအသိပေးဆိုပါတယ်။
"ဧပြီလ (၂) ရက်နေ့၊ နံနက် (၈) နာရီ ခွဲဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီ ခမရ-အမှတ် (၉) ဝင်းပ မှ လက်နက်ကြီး (၃) လုံးပစ်ခတ်ခဲ့မှုကြောင့် ကေအဲန်ယူ-သထုံမြို့နယ်၊ ချောင်းစောင့်ကျေးနယ်အုပ်စု၊ ချောင်းစောင့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၂) ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်"လို့ဖော်ပြပါတယ်။
စစ်ကောင်စီ ခမရ အမှတ် (၉) စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းစောင့်ကျေးရွာနေ စောချာလီးကီး (၁၇) နှစ်(အဘ စောကျော်ဇော၊ အမိ နော်တင်ဆန်း) ၏ညာဖက်ဒူးနှင့် အသက် (၁၆) နှစ်အရွယ် စောဖားလေဒေး( အဘ-စောသန်းမြင့်၊ အမိ နော်ကြယ်ရဲ)၏ ညာဖက်ပေါင်အား လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
ဧပြီလ (၂) ရက်နေ့၊ မွန်းလွဲ (၂) နာရီခန့်ကလည်း စစ်ကောင်စီလက်အောက်ခံ BGF စစ်ကား (၂)စီးသည် ဓာတ်ကျိုက်ဂူအနီးမှနေ၍ လက်နက်ကြီး (၈) လုံးရမ်းသမ်းပစ်ခတ်ခဲ့ရာ ဝင်းဖုန်းရွာအနီး လယ်ထဲတွင် ကျရောက်ပေါက်ကွဲပြီး စပါးရိတ်သိမ်းနေသော ဝင်းဖုန်းရွာသားအသက် (၆၆) နှစ်အရွယ် စောတာဟော်၏ ညာဖက်လက်မောင်းအား လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ စကခ ၄ လက်အောက်ခံ ခမရ ၇၀၄ (ဖူးကြီး) စစ်ကြောင်းကို ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ စကစတပ်အရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး
ဧပြီ၃
ဧပြီ၃ရက်နေ့မှာ စစ်ရေးသတင်းကို ရဲခေါင်ပြောက်ကျားတပ်က အခုလိုအသိပေးဆိုပါတယ်။
"မုံရွာမြို့မှ ချင်းတွင်းမြစ်အနောက်ဖက်သို့ စစ်ကြောင်းထိုးလာတဲ့ စကခ ၄ လက်အောက်ခံ ခမရ ၇၀၄ (ဖူးကြီး) စစ်ကြောင်းကို ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ (ဒေါင်းနက်)၊ တပ်ရင်း ၉ နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး တိုက်ပွဲဆင်နွှဲခဲ့ပါတယ်။ ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာ အရှေ့ဘက်၊ နှောကန်ကျေးရွာ အနောက်ဘက်တွင် ရန်သူ့စစ်ကြောင်းနှင့် ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ နေ့လည် ၁၂: ၄၅ ခန့်တွင် ရုတ်ချည်းတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မိနစ်ပိုင်းကြာတိုက်ပွဲဖြစ်ပွားပြီး ရန်သူ့ရှေ့ထွက်တိုက်ကင်းကို ဦးချိုးပစ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွင် ရန်သူ့အလောင်း ၂ လောင်း တိုက်ပွဲဖြစ်ပွားရာ နေရာတွင်ပဲ ကောင်းမွန်စွာထားရှိခဲ့ပြီး မိုဘိုင်းဖုန်း ၂ လုံး (ဟာဝေး နိုဗာ၊ ရှောင်းမီ။ ရှောင်းမီအမျိုးအစား ဖုန်းတွင် မင်းမြတ်ဟု နာမည်ရေးထိုးထား၊ သိမ်းဆည်းရရှိသည့် မိုဘိုင်းဖုန်းဒေတာအချက်အလက်တွေကို စစ်ဆေးနေဆဲ) နှင့် MA3 ၂ လတ် (စကခ ၄ လက်အောက်ခံ ခမရ ၇၀၄ (ဖူးကြီး) ဌာနချုပ်တပ်ခွဲက သေနတ်နံပါတ် ၅နဲ့ ၁၃) သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရဲခေါင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရှိခဲ့ပြီးလက်နက်ကိုင်တော်လှန်ရေး ၂ နှစ်တာကာလအတွင်း ပုလဲမြို့နယ်မှာ ရန်သူ့လက်နက်သိမ်းပိုက်နိုင်တဲ့ ပထမဦးဆုံး တိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ရေစကြိုနယ်က မအူရဲကင်းစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲခံရပြီး မီးရှို့ခံရ
ဧပြီ၃ရက်
ဧပြီ၃ရက်နေ့မနက်မှာ ရေစကြိုမြို့နယ် မအူရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့တာလို့သတင်းရရှိပါတယ်။
မအူရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက မနက် ၃ နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းကို မီးရှို့နိုင်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါတိုက်ပွဲတွင် စကစဘက်က လေကြောင်းပစ်ကူများရောက်လာပြီး ကာကွယ်ရေးတပ်ဘက်က အချိန်မီ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများထံက သိရပါတယ်။
========================
📌📌 ၆။ တပတ်အတွင်း စကစတပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အဦများ မီးလောင်ပျက်စီးခြင်း၊ အိမ်မွေးတိရစ္တာန်များ သေဆုံးခြင်း ဖြစ်ခဲ့ပြီး ဒေသခံပြည်သူ ၁၄ဦးနီးပါးသေဆုံး
ဧပြီ၃ရက်
Spring Archive မှ သတင်းမီဒီယာများကို အခြေခံ၍ ပြုစုထားသည့် ၂၀၂၃ ခုနှစ်၊ မတ်လ (၂၂)ရက်မှ (၃၁) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် အခြေအနေများကိုထုတ်ပြန်ခဲ့ပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မတ်လ ၂၂ရက်မှ ၃၁ရက်အတွင်း စစ်အာဏာရှင်တပ်မှ ကရင်ပြည်နယ်၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာတပတ်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အဦးများ မီးလောင်ပျက်စီးခြင်း၊ အိမ်မွေးတိရစ္တာန်များ သေဆုံးခြင်း ဖြစ်ခဲ့ပြီး ဒေသခံပြည်သူများမှာလည်း သေဆုံးသူ (၁၄) နီးပါးနှင့် ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး (၃၀) ဦးအထိ ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှ ပြည်သူ့တပ်မတော် ခေါင်းဆောင်နှင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ ရွာသား ၁ဦးတို့ကို ခေါင်းဖြတ် သတ်ခဲ့ပြီး စစ်အာဏာရှင်တပ်သားများ၏ မီးရှို့သတ်ဖြတ်မှုကြောင့် ပြည်သူ (၈)ဦး သေဆုံးခဲ့ရပါတယ်။
ဒေသခံ ပြည်သူများကို ဖမ်းဆီးကာ စစ်ကြောင်းတစ်လျောက်လူသားဒိုင်းအဖြစ် ပြုလုပ်လျှက်ရှိပြီးစစ်အာဏာရှင်တပ်များ၏ လက်နက်ကြီး၊ လက်နက်ငယ်များကို အသုံးပြု ပစ်ခတ် တိုက်ခိုက်ခဲ့သော ကြောင့် ကလေးငယ် (၄) ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
========================
📌📌 ၇။ 'ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့'မှ အညာဒေသတွင်ရှိသောဒေသခံကာကွယ်ရေးအဖွဲ့များအား လက်နက်တပ်ဆင်ပြီလို့အသိပေး
ဧပြီ၃ရက်
'ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့'မှ အညာဒေသတွင်ရှိသောဒေသခံကာကွယ်ရေးအဖွဲ့များအား လက်နက်တပ်ဆင်ပြီလို့ ဧပြီ၃ရက်နေ့မှာ'ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့'မှအသိပေးဆိုပါတယ်။
"'ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့'မှ အညာဒေသတွင်ရှိသောဒေသခံကာကွယ်ရေးအဖွဲ့များအားလက်နက်ကိုင်စည်းမျဥ်းစည်းကမ်းများနှင့်အညီ လက်နက်တပ်ဆင်ပြီ"လို့ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ လက်လုပ်သေနတ်များ၊မောင်းပြန်များအပြင်၊ ၆၀ မမများ၊၈၀မမ လက်နက်ကြီးများပါ ထုတ်လုပ်အောင်မြင်လျက်ရှိပြီးတော့ တိုက်ပွဲဝင်လျက်ရှိပါတယ်။
========================
📌📌 ၈။ နွေဦးတော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ၁၆၀၀၀ ကျော်ရရှိ
ဧပြီ၃ရက်
အမေရိကန်နိူင်ငံမှာ နွေဦးတော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ၁၆၀၀၀ ကျော်ရရှိခဲ့တယ်လို့ ဧပြီ၃ရက်နေ့မှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကအသိပေးဖော်ပြထားပါတယ်။
နွေဦးလက်ဖက်ရည်ဝိုင်းမှ ဧပြီလအတွက် အစားအစာများ ရောင်းရငွေနဲ့အလှူငွေ စုစုပေါင်း၁၆၉၈၈ ဒေါ်လာရရှိခဲ့ပါတယ်။
အဆိုပါ ရန်ပုံငွေများကိုအရေးပေါ်လိုအပ်နေတဲ့ မြေပြင်က အညာဒေသနဲ့ ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် စစ်ဘေးသင့်ဒေသတွဆီကို တိုက်ရိုက် မျှဝေလှူဒါန်းသွားမှာ ဖြစ်ပါတယ်။
နွေဦးလက်ဖက်ရည်ဝိုင်းဟာ လစဥ် တော်လှန်ရေးရန်ပုံငွေရရှိရန် မြန်မာမုန့်များနဲ့အစားအစာများကို ရောင်းချပေးလျက်ရှိတဲ့ အစီအစဥ်လည်းဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment