၂၀၂၃ မေလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လူထုဟာ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးမှာ အစဉ်တစိုက် စိတ်အားထက်သန်နေတာတွေ့နေရတယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Digital လုံခြုံရေးသင်တန်း (၆/၂၀၂၃)ဖွင့်လှစ်ပို့ချ
📌 ၃။ တနင်္သာရီတိုင်းတွင်း စစ်ကောင်စီ၏ ဂျက်လေယာဉ်တစ်စီး ထားဝယ်အထူးစီးပွားရေးဇုန် အနီး ဗုံးကြဲချ
📌 ၄။ ကနီမြို့နယ်နဲ့ခင်ဦးမြို့နယ်ထဲ စကစတပ်များ စစ်ကြောင်းထိုး၍ ဒေသခံ တစ်သောင်းခြောက် ထောင်ကျော် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရ
📌 ၅။ ရက်ဖော်ရွာ - တညင်ရွာကြား ရိက္ခာပို့လာသော စကခ (၁၉) လက်အောက်ခံတပ်နှင့် BGF ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ၍ ရှစ်ဦးသေဆုံး၊ငါးဦးအရှင်ဖမ်းခံရ
📌 ၆။ မုံရွာ - မန္တလေး လမ်းမတစ်နေရာတွင် စကစ ၏ လက်နက်ခဲယမ်းသယ်ယာဥ်တန်းကို RPGနဲ့ပစ်ခတ်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လူထုဟာ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးမှာ အစဉ်တစိုက် စိတ်အားထက်သန်နေတာတွေ့နေရတယ်လို့ ယာယီသမ္မတပြောကြား
မေလ၁၄ရက်
မေလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့၏အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်း ပြောကြားခဲ့ပါတယ်။
"လူထုဟာ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးမှာ အစဉ်တစိုက် စိတ်အားထက်သန်နေတာတွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်မိပါတယ်။ လူထုထဲမှာ ဘယ်လိုပဲ သဘောထားအမြင်တွေ ကွဲပြားနေသည်ဖြစ်စေ လူထုဟာ စစ်အာဏာရှင် အစိုးရလက်အောက်ကို လုံးဝပြန်မရောက်ချင်ကြတော့ဘူးဆိုတာ သိသာထင်ရှားပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
"တော်လှန်ရေးဆိုတာကလည်း ဒီရေလို တက်လိုက် ကျလိုက် နိမ့်လိုက် မြင့်လိုက် ဖြစ်တတ်တာ သဘာဝ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားရေချိန် ဆိုတာလည်း အတက်အကျ ရှိတတ်တာမို့ လူထု သဘောထားကိုလည်း ရှေ့ရှုနေရမှာ ဖြစ်သလို၊ တော်လှန်ရေးရလဒ် ထွက်အောင်လည်း ဦးတည် ကြိုးစား နေရပါလိမ့်မယ်"လို့ ယာယီသမ္မတကဆိုပါတယ်။
========================
📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Digital လုံခြုံရေးသင်တန်း (၆/၂၀၂၃)ဖွင့်လှစ်ပို့ချ
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန ဦးဆောင်ကာ USIP နှင့်ပူးပေါင်း၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသို့ Digital လုံခြုံရေးဆိုင်ရာသင်တန်း(၆ /၂၀၂၃)ကိုမေ လ ၁၃ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။
သင်တန်းအား(၁၃-၅-၂၀၂၃)ရက်နေ့မှ (၁၄-၅-၂၀၂၃)ရက်နေ့ထိ သင်တန်းကာလ (၂)ရက်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါတယ်။
USIP ၏ သင်တန်း ဆရာ/ဆရာမများမှ Digital လုံခြုံရေးအရေးပါပုံကို ကောင်းစွာ နားလည်သဘောပေါက်လာစေရန်၊ သင်တန်းသားများ၏ Digital လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးဖော်ထုတ်ရန်၊ နေ့စဉ်အသုံးပြုနေသော Mobile Application များ သုံးစွဲရာတွင် လိုအပ်သော လုံခြုံရေးများကို ကိုယ်တိုင်ဆောင်ရွက်လာနိုင်စေရန်၊ Digital ဖိုင်များ မျှဝေ သိမ်းဆည်းရာတွင် လုံခြုံမှုရှိရှိဖြင့် ကောင်းစွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ သင်ခန်းစာများကို သင်ကြားပို့ချခဲ့ပါတယ်။
========================
📌📌 ၃။ တနင်္သာရီတိုင်းတွင်း စစ်ကောင်စီ၏ ဂျက်လေယာဉ်တစ်စီး ထားဝယ်အထူးစီးပွားရေးဇုန် အနီး ဗုံးကြဲချ
မေလ၁၄
မေလ၁၄ရက် နံနက် ၈ နာရီ ၂၆ မိနစ်တွင် စစ်ကောင်စီ၏ ဂျက်လေယာဉ်တစ်စီး ထားဝယ်အထူးစီးပွားရေးဇုန် အနီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးကအတည်ပြုဆိုပါတယ်။
"မေလ ၁၄ရက် နံနက် ၈ နာရီ ၂၆ မိနစ်တွင် စစ်ကောင်စီ၏ ဂျက်လေယာဉ်တစ်စီး ထားဝယ်အထူးစီးပွားရေးဇုန် အနီး ဗုံးကြဲချခဲ့ပါတယ်။
လေယာဉ်မှာ Jet Fighter အမျိုးအစားဖြစ်ပြီး မြိတ်လေတပ်စခန်းမှ ပျံတက်လာကာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြိတ်ဘက်သို့ ပြန်လည် ပျံသန်းသွားပါတယ်။ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်မှုရှိသည်ဟု လက်ရှိအချိန်ထိ မကြားရသေးပါ"လို့ဆိုပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်ဒေသမှ ဒေသခံများမှာ မေလ ၁၃ ရက် ညကတည်းကစစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် ရပ်ရွာစွန့်ခွာ ပြေးလွှားပုန်းခိုနေကြတယ်လို့သိရပါတယ်။
ယင်းဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်သားများကလည်း မိုင်းဆွဲတိုက်ခိုက်ခြင်းအပါအဝင် ပြည်သူ့ခုခံစစ် ဆင်နွှဲနေကြပြီးလက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်သားများက မြေပြင်နှင့်ဝေဟင် နှစ်ဘက်ညှပ် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ ကနီမြို့နယ်နဲ့ခင်ဦးမြို့နယ်ထဲ စကစတပ်များ စစ်ကြောင်းထိုး၍ ဒေသခံ တစ်သောင်းခြောက် ထောင်ကျော် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရ
မေလ၁၄ရက်
ကနီမြို့နယ်နဲ့ခင်ဦးမြို့နယ်ထဲ စကစတပ်များ စစ်ကြောင်းထိုး၍ ဒေသခံ တစ်သောင်းခြောက်ထောင်ကျော် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မေလ၁၄ရက်မှာ တော်လှန်ရေးအင်အားစုများထံက စစ်ရှောင်သတင်းကိုရရှိပါတယ်။
"ကနီမြို့နယ်တွင် ရာသီမုန်တိုင်း ဝင်ရောက်နေသဖြင့် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိနေသည်မှာ (၂)ရက်တိုင် ရှိခဲ့ပါပြီ။ စ.က.စ ၏ တပ်မှာ ကနီမြို့အောက်ဘက် ချင်းတွင်း
မြစ်အနောက်ဘက်ကမ်း ကျေးရွာများကို စစ် - ကြောင်းထိုးလျက်ရှိပါတယ်။စစ်ကြောင်း ထိုးနေသဖြင့် ကျေးရွာအုပ်စု (၅)စုမှ ဒေသခံပြည်သူ (၁၃၁၅၂)ဦး ကျော် သည် ဘေးလွတ်ရာသို့ မိုးထဲရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်"လို့ တော်လှန်ရေးရဲဘော်တစ်ဦးကဆိုပါတယ်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချ အကြမ်းဖက်စကစတပ်သားများနှင့် ရွာသစ်ကုန်းပျူစောထီးခြံမှ ပျူများသည် မေလ၁၄ရက်မနက်၆နာရီဝန်းကျင်တွင် ချမ်းသာကုန်းကျေးရွာ အတွင်းသို့ လက်နက်ကြီးငယ်ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များအတွင်းရှိ စားစရာပစ္စည်များအား မတရားယူဆောင်၍ အင်းပတ်ကျေးရွာအတွင်းသို့ လည်း လက်နက်ကြီးငယ်များ ပစ်ခတ်ခဲ့ရာ အင်းပတ်ကျေးရွာနေ (၄)နှစ်အရွယ် ကလေးငယ်(၁)ဦး ကျည်ထိမှန်ခဲ့ကာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။
လက်ရှိမှာ ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကျေးရွာ/ချမ်းသာကုန်းကျေးရွာ/ကုန်းသာရွာ စသည့် ကျေးရွာများမှဒေသခံ(၃၀၀၀)ဝန်းကျင်ခန့်မိုးရွာထဲစစ်ရှောင်ထွက်ပြေးနေရဆဲဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၅။ ရက်ဖော်ရွာ - တညင်ရွာကြား ရိက္ခာပို့လာသော စကခ (၁၉) လက်အောက်ခံတပ်နှင့် BGF ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခံရ၍ ရှစ်ဦးသေဆုံး၊ငါးဦးအရှင်ဖမ်းခံရ
မေလ၁၄ရက်
မေလ၁၄ရက်မှာ စစ်ရေးသတင်းကို sawdragondroneforceက မခုလိုအတည်ပြုထုတ်ပြန်ထားပါတယ်။
"မေလ ၉ရက်နေ့၊ ညနေ ၅နာရီ ၅၀မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရက်ဖော်ရွာ - တညင်ရွာကြား ရိက္ခာပို့လာသော စကခ(၁၉)လက်အောက်ခံတပ်နှင့် BGF ပူးပေါင်းတပ် အင်အား ၈၀ကျော်အား မိမိတို့တပ်ဖွဲ့နှင့်အတူ KNLA တပ်ရင်း ၁၆နှင့် မြေပြင်ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း ရန်သူ့စစ်ကားတစ်စီးမှာ ဗုံးသီး ၂လုံးထိမှန်မီးလောင်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ ၆ဦး သေဆုံးခဲ့ပါတယ်။
စစ်ဆင်ရေးတစ်ခုလုံးတွင် ရန်သူ့ကား ၂စီးပျက်စီးကာ ရန်သူ ၈ဦး(သေဆုံး)၊ ၅ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ SDDFကအသိပေးဆိုပါတယ်။
========================
📌📌 ၆။ မုံရွာ - မန္တလေး လမ်းမတစ်နေရာတွင် စကစ ၏ လက်နက်ခဲယမ်းသယ်ယာဥ်တန်းကို RPGနဲ့ပစ်ခတ်တိုက်ခိုက်
မေလ၁၄ရက်
မုံရွာ - မန္တလေး လမ်းမတစ်နေရာတွင် စကစ ၏ လက်နက်ခဲယမ်းသယ်ယာဥ်တန်းကို RPGနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရှရပြီး အဆိုပါစကစယာဥ်တန်းစစ်ဆင်ရေးကို11 Brothers Revolution Forcesအဖွဲ့က မဟာမိတ်များနဲ့အတူပူးပေါင်းတိုက်ခိုက်ခဲ့တာလို့အတည်ပြုဆိုပါတယ်။
"မေလ ၁၀ရက်နေ့ နံနက်ပိုင်း ၆နာရီခန့်တွင် ကျောက်ရစ် စကစ များကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ညနေပိုင်း ၃နာရီ၃၀မိနစ်အချိန်ခန့်တွင် မုံရွာ - မန္တလေး လမ်းမတစ်နေရာတွင် စကစ ၏ စစ်လက်နက်သယ်ယာဥ်တန်းကို RPG 7 နှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ လုပ်ဆောင်ချက်ကို11 Brother Revolution Force (11BRF) Myaung၊Farmer Revolution Force (FRF)၊ Burmese Guerrilla Force (BGF)၊မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment