17th MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ခံခဲ့ရတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ အားထည့်ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတတိုက်တွန်းပြောကြား

📌 ၂။ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခများနဲ့ အကြမ်းဖက်မှုများ တိုးမြှင့်လာခြင်းအတွက် စိုးရိမ်ကြောင်းမျှသာ ဖော်ပြနေရမယ့် အချိန်မဟုတ်တော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ မုန်တိုင်းဒဏ် အခံရဆုံးဖြစ်သော ရခိုင်ပြည်နယ်တွင် အရေးပေါ်လိုအပ်ချက်များအတွက် သုံးစွဲနိုင်ရေး အရေးပေါ်ရန်ပုံငွေ ပံ့ပိုးဆောင်ရွက်ရန် NUG လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးဆုံးဖြတ်

📌 ၄။ နွေဦးဖွံ့ဖြိုးရေးဘဏ် တည်ထောင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ ကက်ဘိနက်အစည်းအဝေးမှာ တင်ပြဆွေးနွေး

📌 ၅။ မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူတစ်သန်းခန့်အတွက် အစားအစာနဲ့သောက်သုံးရေများလိုအပ်လျက်ရှိတယ်လို့ NUGထုတ်ပြန်

📌 ၆။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်

📌 ၇။ နယူးဇီလန်နိုင်ငံအနေနဲ့  ရာဇဝတ်သား စစ်တပ်ကို စီးပွားရေးဆက်ဆံမှုမလုပ်ဖို့အပါအဝင် မြန်မာ့အရေးကို တက်ကြွစွာ ကူညီဖို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတိုက်တွန်းခဲ့

📌 ၈။ အကြမ်းဖက်စစ်အုပ်စုဟာ နာဂစ်ဆိုင်ကလုန်းတုန်းကလို မိုခါ မုန်တိုင်းသင့် ဒေသတွေမှာ သတင်းအချက်လက်စီးဆင်းခွင့်နဲ့ လူသားချင်းစာနာမှု အကူအညီပေးမှုတွေကို ကန့်သတ်ပိတ်ပင်တာတွေ လုပ်ဆောင်လာတယ်လို့ဆို

📌 ၉။ မြန်မာအရပ်သားပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို  အတားအဆီးမရှိ ပေးနိုင်ရန် ခွင့်ပြုပေးဖို့ ကနေဒါနိုင်ငံက ထပ်မံတောင်းဆို

📌 ၁၀။ မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိစကစနှင့်ပျူ အထိုင်စခန်းအား Myingyan Ranger အဖွဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စကစဘက်က ငါးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ခံခဲ့ရတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ အားထည့်ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတတိုက်တွန်းပြောကြား


မေလ၁၆ရက်


"မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ခံခဲ့ရတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ အားထည့်ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ မေလ၁၆ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၁၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။


"မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နယ်နှင့် ကချင်ပြည်နယ်ဒေသအချို့မှာ ထိခိုက် ပျက်စီးမှု ကြီးမားစွာရှိခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ အမြန်ဆုံး ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ လက်တွဲပြီး ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ အားထည့်ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ အစိုးရအဖွဲ့ဝင်များကို တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


မေလ၁၃ ရက်နေ့ကလည်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ အရေးပေါ် တုံ့ပြန်ရေးအတွက် NUGအစိုးရဟာ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ပြီး အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (EOCC) မှ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းကာ အရေးပေါ် တုံ့ပြန်ရေးအတွက် ရံပုံငွေ အမေရိကန် ဒေါ်လာ သန်း မတည်ဆောင်ရွက်ခဲ့ပါတယ်။


လက်ရှိမှာ မေလ၁၅ရက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ"မိုခါ ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ် တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကနဦးထောက်ပံ့ငွေ ကျပ်၅၆,၄၅၀,၀၀၀ စတင်သုံးစွဲကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၂။ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခများနဲ့ အကြမ်းဖက်မှုများ တိုးမြှင့်လာခြင်းအတွက် စိုးရိမ်ကြောင်းမျှသာ ဖော်ပြနေရမယ့် အချိန်မဟုတ်တော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


မေလ၁၆

အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိူင်ငံမှာ ပဋိပက္ခများနဲ့ အကြမ်းဖက်မှုများ တိုးမြှင့်လာခြင်းအတွက် စိုးရိမ်ကြောင်းမျှသာ ဖော်ပြနေရမယ့် အချိန်မဟုတ်တော့ဘူးလို့ မေလ၁၆ရက်မှာကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏

အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"အာဆီယံ ခေါင်းဆောင်တွေအနေနဲ့လည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ချက် အပေါ်မှာတောင် မထေ့မဲ့မြင် ဆက်တိုက် ပြုလုပ်ပြီး  အရပ်သားတွေအပေါ် ဦးတည်ချက်ထား ကျူးလွန်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအပေါ် ရပ်တည်ချက် ပြတ်ပြတ်သားသားမရှိဘဲ လက်နက်ကိုင် ပဋိပက္ခများနဲ့ အကြမ်းဖက်မှုများ တိုးမြှင့်လာခြင်းအတွက် စိုးရိမ်ကြောင်းမျှသာ ဖော်ပြနေရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာကိုလည်း ထပ်လောင်းပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် NUGအစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းနိုင်ရေး အတွက် ပြည်သူတွေရဲ့ အား၊ တော်လှန်ရေးဦးဆောင်အဖွဲ့တွေရဲ့ အားတွေနဲ့ ရှေ့ကို မမှိတ်မသုန် ဆက်လက် ချီတက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၃။ မုန်တိုင်းဒဏ် အခံရဆုံးဖြစ်သော ရခိုင်ပြည်နယ်တွင် အရေးပေါ်လိုအပ်ချက်များအတွက် သုံးစွဲနိုင်ရေး အရေးပေါ်ရန်ပုံငွေ ပံ့ပိုးဆောင်ရွက်ရန် NUG လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးဆုံးဖြတ်


မေလ၁၆ရက်

မုန်တိုင်းဒဏ် အခံရဆုံးဖြစ်သော ရခိုင်ပြည်နယ်တွင် အရေးပေါ်လိုအပ်ချက်များအတွက် သုံးစွဲနိုင်ရေး အရေးပေါ်ရန်ပုံငွေ ပံ့ပိုးဆောင်ရွက်ရန် NUG လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးကဆုံးဖြတ်ခဲ့ပါတယ်။


မေလ၁၆ရက် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးကို ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးတွင် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဥက္ကဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင် ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိုခါဆိုင်ကလုန်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာ () စောင်ပါ အကြောင်းအရာများ၊ မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများမှ အစုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်များကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများကလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြပါတယ်။


အစည်းအဝေးမှနေ၍ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးဖြစ်သည့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နှင့် ချင်းပြည်နယ်တို့အား ပထမဦးစားပေးအနေဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ မုန်တိုင်းဒဏ် အခံရဆုံးဖြစ်သော ရခိုင်ပြည်နယ်တွင် အရေးပေါ်လိုအပ်ချက်များအတွက် သုံးစွဲနိုင်ရေး အရေးပေါ်ရန်ပုံငွေ ပံ့ပိုးဆောင်ရွက်ရန်၊ စစ်ကိုင်းတိုင်းတွင် မုန်တိုင်းကာလအတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့်  စစ်ဘေးရှောင်နေကြရသော ပြည်သူများ လိုအပ်သည့် အမိုးအကာများအတွက် ဖြည့်ဆည်းဆောင်ရွက်ရန်၊ ချင်းပြည်နယ်အတွက်လဲ မြေပြင်လိုအပ်ချက်များကို သိရှိအောင်ဆောင်ရွက်ပြီး ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန်၊ မုန်တိုင်းဒဏ်ခံဒေသများ၏ ဆေးဝါးလိုအပ်ချက်အတွက် လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက လျာထားပံ့ပိုးနေသည့် ပံ့ပိုးမှုပမာဏထက် ပိုမိုလိုအပ်ပါက ဖြည့်ဆည်းဆောင်ရွက်ရန်တို့ဆုံးဖြတ်ခဲ့ပါတယ်။


ဒါ့အပြင် ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေးအတွက်မတည်ထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ () သန်းကို ပိုမိုထိရောက်စွာခွဲဝေသုံးစွဲနိုင်ရန်အတွက် မြေပြင်အခြေအနေများကို သိရှိနိုင်ရေး အရေးပေါ်အစည်းအဝေးများ ခေါ်ယူဆောင်ရွက်ရန်တို့ပါ ဆုံးဖြတ်ခဲ့ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၄။ နွေဦးဖွံ့ဖြိုးရေးဘဏ် တည်ထောင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ ကက်ဘိနက်အစည်းအဝေးမှာ တင်ပြဆွေးနွေး


မေလ၁၆ရက်

မေလ၁၆ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၁၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ နွေဦးဖွံ့ဖြိုးရေးဘဏ်နဲ့ပတ်သက်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"“နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ တော်လှန်ရေးသက်လုံကို ဖြည့်ပေးမယ့် ဘဏ္ဍာရေးဒေါက်တိုင်တစ်ခုဖြစ်ဖို့ လိုသလို၊ ပြည်သူလူထုအတွက် ဓနဥစ္စာ လုံခြုံရေးကို ကူညီအားဖြည့်ပေးမယ့် ဘဏ္ဍာရေးထီးရိပ်ဖြစ်ဖို့လည်း အထူး လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ state assets တန်ပြန် လွှမ်းမိုးမယ့် မဟာဗျူဟာ စဉ်းစားချက်တွေ ပါသင့်တယ်လို့ ယူဆပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား ပြည်သူလူထုရဲ့ ဓနဥစ္စာပိုင်ဆိုင်ခွင့်တွေဟာ ကန့်သတ် ရိုက်ချိုးခံခဲ့ရပါတယ်။ တိုင်းပြည်အတွင်းမှာ မတည်ငြိမ်ရင် ပဋိပက္ခတွေ ဖြစ်ရင် လူထုဟာ အရင်ဆုံး ဆုံးရှုံး အနစ်နာခံကြရသူတွေဖြစ်ပါတယ်။ ဒါကို ငဲ့ကွက်ပြီးတော့ ကျွန်တော်တို့ ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေဟာ လူထုရဲ့ ဓနဥစ္စာ လုံခြုံမှုကို ကာကွယ်ပေးနိုင်တဲ့ အဝန်းအဝိုင်း တစ်ခုကို တည်ဆောက်ပေးဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။


အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) တည်ထောင်ရေးကိစ္စ တင်ပြဆွေးနွေးခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူတစ်သန်းခန့်အတွက် အစားအစာနဲ့သောက်သုံးရေများလိုအပ်လျက်ရှိတယ်လို့ NUGထုတ်ပြန်


မေလ၁၆ရက်


မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူတစ်သန်းခန့်အတွက် အစားအစာနဲ့သောက်သုံးရေများလိုအပ်လျက်ရှိတယ်လို့ NUGထုတ်ပြန်လိုက်ပါတယ်။


မေလ၁၆ရက်မှာ မိုခါဆိုင်ကလုန်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာအမှတ်စဉ် ()ကို NUGလူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြပါတယ်။


"ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအလွန်ကြီးမားသည့်အတွက် အိမ်ခြေငါးသိန်းစာအတွက် တာပေါ်လင်မိုးကာစများနှင့် လေဘေးသင့်ပြည်သူတစ်သန်းခန့်အတွက် အစားအစာနဲ့သောက်သုံးရေများလိုအပ်လျက်ရှိပါတယ်"လို့ဖော်ပြထားပါတယ်။


ဒါ့အပြင် လက်ရှိအချိန်အထိ မည်သည့်နိုင်ငံတကာအဖွဲ့အစည်းကမှ ကူညီထောက်ပံမှုများ ဆောင်ရွက်ပေးနေခြင်းမရှိသေးကြောင်း ဆိုထားပါတယ်။ မေလ၁၆ရက်နေ့စာရင်းများအရ တိုင်းဒေသကြီးနဲ့ပြည်နယ် စုစုပေါင်း၇ခုတွင် သေဆုံးသူ ၄၃၅ဦးရှိပြီး ပျောက်ဆုံးနေသူများလည်းရှိတယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၆။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတက်ရောက်


မေ   ၁၆  ရက်

မေလ၁၆ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၀/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဦးဆောင်ကာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ နယူးဇီလန်နိုင်ငံအနေနဲ့  ရာဇဝတ်သား စစ်တပ်ကို စီးပွားရေးဆက်ဆံမှုမလုပ်ဖို့အပါအဝင် မြန်မာ့အရေးကို တက်ကြွစွာ ကူညီဖို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတိုက်တွန်းခဲ့


မေလ၁၆ရက်


နယူးဇီလန်နိုင်ငံအနေနဲ့  ရာဇဝတ်သား စစ်တပ်ကို စီးပွားရေးဆက်ဆံမှုမလုပ်ဖို့အပါအဝင် မြန်မာ့အရေးကို တက်ကြွစွာ ကူညီဖို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။ မေလ၁၆ရက် နယူးဇီလန်အစိုးရ တာဝန်ရှိသူများနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


“New Zealand Labour’s foreign affairs spokesperson, and a senior minister in the Newzeland cabinet Hon Nanaia Mahuta နဲ့တွေ့ဆုံ ပြီး စီးပွားရေး ပိတ်ဆို့မှု၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့မှု၊ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာဥပဒေနဲ့အရေးယူမှုတွေလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံအနေနဲ့ အာဆီယံနဲ့ကုန်သွယ်ရေးမဟာမိတ်အဖြစ် ထားရှိလုပ်ကိုင်ပေမယ့် ရာဇဝတ်သား စစ်တပ်ကို စီးပွားရေးဆက်ဆံမှုမလုပ်ဖို့၊  တခြားနိုင်ငံတွေနဲ့အတူလက်တွဲပြီး မြန်မာ့အရေးကို တက်ကြွစွာ ကူညီဖို့တိုက်တွန်းခဲ့ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်တပ်ကို Universal Jurisdiction နဲ့ တရားစွဲဖိုနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို အစီအစဥ်တကျချမှတ်ပြီး ကူညီနိုင်ဖို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ အကြမ်းဖက်စစ်အုပ်စုဟာ နာဂစ်ဆိုင်ကလုန်းတုန်းကလို မိုခါ မုန်တိုင်းသင့် ဒေသတွေမှာ သတင်းအချက်လက်စီးဆင်းခွင့်နဲ့ လူသားချင်းစာနာမှု အကူအညီပေးမှုတွေကို ကန့်သတ်ပိတ်ပင်တာတွေ လုပ်ဆောင်လာတယ်လို့ဆို


မေလ၁၆


အကြမ်းဖက်စစ်အုပ်စုဟာ နာဂစ်ဆိုင်ကလုန်းတုန်းကလို မိုခါ မုန်တိုင်းသင့် ဒေသတွေမှာ သတင်းအချက်လက် စီးဆင်းခွင့်နဲ့ လူသားချင်းစာနာမှု အကူအညီပေးမှုတွေကိုကန့်သတ်ပိတ်ပင်တာတွေ လုပ်ဆောင်လာတယ်လို့ မေလ၁၆ရက်မှာ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးကဆိုထားပါတယ်။


"စစ်ကောင်စီက ၂၀၀၈ နာဂစ်ဆိုင်ကလုန်းတုန်းကလို မိုခါ မုန်တိုင်းသင့် ဒေသတွေမှာ သတင်းအချက်လက်စီးဆင်းခွင့်၊ လူသားချင်းစာမှုအကူအညီပေးအပ်ကန့်သတ်ပိတ်ပင်တာတွေလုပ်လာပါတယ်။ နာဂစ်ဆိုင်ကလုန်းတုန်းကလည်းဘဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေ စစ်တပ်ကြောင့်ဘဲ အချိန်မှီကယ်ဆယ်ရေး အကူအညီမရလို့မလိုအပ်ဘဲ အသက်တွေဆုံးရှုံးခဲ့ရတယ်"လို့ဆိုပါတယ်။


မေလ၁၄ရက်နေ့က ဆိုက်ကလုန်း မုန်တိုင်းမိုခါဟာ ရခိုင်ကမ်းရိုးတန်းကို စစ်တွေ မြို့အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ လက်ရှိမှာ မေလ၁၆ရက် ဒေသခံ သတင်းအရင်းအမြစ်များအဆိုအရ စစ်တွေ တစ်မြို့တည်းမှာပင် ဒုက္ခသည်စခန်းများမှ လူ၄၀၀ ကျော် မိုခါမုန်တိုင်းကြောင့်သေဆုံးခဲ့ရပြီးအများစုမှာ ကလေးငယ်နဲ့အမျိုးသမီးများဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ မြန်မာအရပ်သားပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို  အတားအဆီးမရှိ ပေးနိုင်ရန် ခွင့်ပြုပေးဖို့ ကနေဒါနိုင်ငံက ထပ်မံတောင်းဆို


မေလ၁၆

မြန်မာအရပ်သားပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို  အတားအဆီးမရှိ ပေးနိုင်ရန် ခွင့်ပြုပေးဖို့ မေလ၁၆ရက်မှာ ကနေဒါသံရုံး - ရန်ကုန်က ဆိုင်ကလုန်း မိုခါနှင့်ပတ်သက်၍ ကနေဒါနိုင်ငံရဲ့ သဘောထားကို ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


"ဆိုင်ကလုန်း မိုခါကြောင့် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ နေရာများတွင် ဆိုးရွားစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကြားသိရသဖြင့် ကနေဒါနိုင်ငံက များစွာ ဝမ်းနည်းမိပါတယ်။ ဆိုင်ကလုန်းကြောင့် အသက်ဆုံးရှုံးရသူများ၊ ထိခိုက်ဒဏ်ရာရသူများ၊ နေရပ်ရွှေ့ပြောင်းရသူများနှင့် အခြေခံလိုအပ်ချက်များ ပြည့်မီအောင် ရုန်းကန်နေရသူများနှင့် ထပ်တူ စိတ်မကောင်း ဖြစ်မိပါတယ်။ လက်လွတ်စပယ် တိုက်ခိုက်မှုများနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဆိုးရွားသော ထိခိုက်မှုများ ကြုံတွေ့ခံစားနေရသော မြန်မာနိုင်ငံ တစ်ဝန်းမှ ပြည်သူများအတွက် မုန်တိုင်းက အခက်အခဲများ ပို၍ ကြုံတွေ့စေပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ၎င်းတို့၏ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ရန် သွားလာခွင့်နှင့် အရင်းအမြစ်များပေးရန်မှာ အရေးပါပြီး အလျင်အမြန်လိုအပ်သည့် ကိစ္စရပ်ဖြစ်တယ်"လို့ဆိုပါတယ်။


ထို့ကြောင့် လိုအပ်နေသည့် အရပ်သားပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို လျင်လျင်မြန်မြန်၊ လုံလုံခြုံခြုံနှင့် အတားအဆီးမရှိ ပေးနိုင်ရန် ခွင့်ပြုပေးဖို့ ကနေဒါနိုင်ငံက ထပ်မံတောင်းဆိုလိုက်တယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၁၀။ မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိစကစနှင့်ပျူ အထိုင်စခန်းအား Myingyan Ranger အဖွဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စကစဘက်က ငါးဦးသေဆုံး


မေလ၁၆

မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိစကစနှင့်ပျူ အထိုင်စခန်းအား Myingyan Ranger အဖွဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စကစဘက်က ငါးဦးသေဆုံးခဲ့ပါတယ်။ မေလ၁၃ရက်နေ့မှာ မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိ စကစနှင့်ပျူ အထိုင်စခန်းအား တိုက်ခိုက်ခဲ့တယ်လို့ Myingyan Ranger အဖွဲ့ကဆိုပါတယ်။


မေလ၁၃ရက် နံနက်ခင်းတွင်မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိစကစနှင့်ပျူ အထိုင်စခန်းအား Myingyan Ranger အဖွဲ့(မြင်းခြံခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ) နှင့်မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲမှာ စကစနဲ့ပျူငါးဦးသေဆုံးကာအထိအခိုက်အများအပြားရှိခဲ့တယ်လို့ဆိုပါတယ်။ မဟာမိတ်အဖွဲ့များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိူင်ခဲ့ပြီး စစ်ဆင်ရေးကို အဖွဲ့၁၀ဖွဲ့ကလှုပ်ရှားခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment