၂၀၂၃ မေလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးအင်းလျား ကွန်ဒိုအခန်းများကို ဝယ်ယူအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ အကြမ်းဖက်စစ်အုပ်စုတည်ရှိရာမြို့ပြဒေသများကို ခြိမ်းခြောက်နိုင်ရေးနဲ့ ရန်သူ့ဗျူဟာမြောက် ဆက်သွယ်ထောက်ပို့ရေးလမ်း ကြောင်းများကို ဖြတ်တောက် ထိန်းချုပ်နိုင်ရေးလုပ်ဆောင်နေတယ်လို့ NUGအစိုးရအသိပေး
📌 ၃။ အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ တရုတ်နိူင်ငံရဲ့အကျိုး စီးပွားကို ထိခိုက်စေတဲ့ အကြမ်းဖက် သမားတွေ ဖြစ်တယ်လို့ဝန်ကြီး ဒေါက်တာဆာဆာပြောကြား
📌 ၄။ ပဇီကြီးကျေးရွာ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ယနေ့ထက်တိုင် မြေပြင်စစ်ကြောင်းများ ထပ်မံဝင်ရောက်မှုများကြောင့် စစ်ရှောင်ပြည်သူများ လုံခြုံရာနေရာအနှံ့သို့ ထွက်ပြေး တိမ်းရှောင်နေရ
📌 ၅။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်အချို့၏ လူသတ်မှုကို အရေးယူဆောင်ရွက်ထားတယ်လို့ NUGတရားရေးဝန်ကြီးဌာနအသိပေး
📌 ၆။ ရေဦးမြို့နယ် ချမ်းသာကျေးရွာ စာသင်ကျောင်းကြီးအားစကစတပ်များကယနေ့မနက် မိုင်းများခွဲ၍ မီးရှို့ဖျက်ဆီး
📌 ၇။ အကြမ်းဖက်စစ်တပ်မှ အင်အား ၉၀ ကျော်ပါတဲ့ စစ်ကားသုံးစီး မြင်းမူနယ် ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ ယနေ့မနက် မိုင်းဆွဲတိုက်ခိုက်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးအင်းလျား ကွန်ဒိုအခန်းများကို ဝယ်ယူအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
မေလ၄
မေလအတွင်း ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ နွေဦးအင်းလျား ကွန်ဒိုအခန်းများကို ဝယ်ယူအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
“The End Of Dictatorship” အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ နွေဦးအင်းလျား ကွန်ဒိုအခန်းများ ရောင်းချခြင်းကို ၁၂ နာရီအတွင်းမှာ ဒေါ်လာ ၆ သန်းကျော်ဖိုး ဝယ်ယူအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ယခုလို တော်လှန်ရေးကာလ အင်မတန် အရေးကြီးတဲ့ အချိန်ကိုရောက်နေချိန်မှာ လိုအပ်နေတဲ့ ဘဏ္ဍာငွေများကို စွမ်းစွမ်းတမံ အားဖြည့်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများအားလုံးကို လေးစားကျေးဇူးတင်ရသလို ဒီလို ဘဏ္ဍာငွေရှာဖွေခြင်း လုပ်ငန်းတွေကို အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်စီမံပေးကြတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
နွေဦးအင်းလျားကွန်ဒိုကို ဧပြီ၂၉ရက်နေ့မှာ အရောင်းစတင်ခဲ့ပြီး တော်လှန်ရေးကာလအတွင်း အရစ်ကျပေးသွင်းစနစ်နဲ့ရောင်းချပေးခဲ့ပါတယ်။ နွေဦးအင်းလျားကွန်ဒိုကိုပါရမီလမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်ပိုင် မြေအား ဥပဒေနဲ့ အညီသိမ်းယူပြီး ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာကို ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်မယ့် စီမံကိန်းဖြစ်ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုတည်ရှိရာမြို့ပြဒေသများကို ခြိမ်းခြောက်နိုင်ရေးနဲ့ ရန်သူ့ဗျူဟာမြောက် ဆက်သွယ်ထောက်ပို့ရေးလမ်း ကြောင်းများကို ဖြတ်တောက် ထိန်းချုပ်နိုင်ရေးလုပ်ဆောင်နေတယ်လို့ NUGအစိုးရအသိပေး
မေလ၄ရက်
မေလ၃ရက်နေ့တွင် “အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”မှာ စစ်ရေးဗျူဟာကို အခုလိုဖော်ပြခဲ့ပါတယ်။
“ကျေးလက်ကို အခြေပြု၊ မြို့ပြကို ဝန်းရံ” ဟူသည့် အခြေခံ ပြောက်ကျားစစ်နည်းဗျူဟာနှင့်အညီ ယခုအခါ ကျေးလက်ဒေသအများစုကို မိမိတို့စိုးမိုးနယ်မြေအဖြစ် တည်ဆောက်ခဲ့နိုင်ပြီး တော်လှန်ရေး၏ နောက်တဆင့်အဖြစ် မြို့ပြဒေသများကို ခြိမ်းခြောက်နိုင်ရေး၊ ရန်သူ့ဗျူဟာမြောက် ဆက်သွယ်ထောက်ပို့ရေးလမ်း ကြောင်းများ (Line of Communication) ကို ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပါတယ်။ စစ်မဟာဗျူဟာအရ ခံစစ် (Phase of Strategic Defense) ဖြင့် စတင်ခဲ့ရသော ပြည်သူ့ခုခံတော်လှန်စစ်သည် ယခုအခါ တန်ပြန်ထိုးစစ်အကြိုကာလ (Phase of Strategic Equilibrium) သို့ အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်နယ်မြေများတွင်အခွန်နှင့် ဒဏ်ကြေးကောက်ခံရရှိမှုနှင့်ပတ်သက်၍လည်း အခုလို အသိပေးထားပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်၍ ဖွဲ့စည်းပြီး ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်မှု လုပ်ငန်းများအား မူဝါများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်နယ်မြေများတွင် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များကို (၁၇၁) မြို့နယ်ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင်ပေါင်း (၁၀) ခရိုင်ကိုလည်း ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။အဆိုပါနယ်မြေများတွင် အခွန်စနစ်ကိုလည်း စတင်ကျင့်သုံးနေပြီး ယနေ့အချိန်အထိ အခွန်နှင့် ဒဏ်ကြေးအတွက် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော်ကောက်ခံရရှိပြီး ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
၎င်းအခွန်ဘဏ္ဍာငွေများကို မြို့နယ်များအတွင်း လိုအပ်လျက်ရှိသော ဒေသကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် လူသားစာနာလုပ်ငန်းများတွင် ပြန်လည်ခွဲဝေသုံးစွဲလျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ တရုတ်နိူင်ငံရဲ့အကျိုး စီးပွားကို ထိခိုက်စေတဲ့ အကြမ်းဖက် သမားတွေ ဖြစ်တယ်လို့ဝန်ကြီး ဒေါက်တာဆာဆာပြောကြား
မေလ၄ရက်
မေလ၃ရက်တွင်ကျင်းပတဲ့"အကြမ်းဖက်စစ်တပ်ကိုတော်လှန်၊ ဖက်ဆစ်စရိုက်ကိုတွန်းလှန်" စကားဝိုင်းဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အခုလိုပြောကြားလိုက်ပါတယ်။
"တရုတ်နဲ့ပတ်သက်ပြီးပြောချင်တာကတော့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ တရုတ်အတွက်တကယ့်ကို စီးပွားရေး ထိခိုက်စေတဲ့ အကြမ်းဖက်သမားတွေ ဖြစ်တယ်။ဒါကို တရုတ်နိူင်ငံကနားလည်တယ်။တကမ္ဘာလုံးလည်းနားလည်တယ်"လို့ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိူင်ငံမှ ပြည်ပရင်းနှီးမြုပ်နှံမှုများ ဆက်တိုက်ထွက်ခွာလျက်ရှိပြီး အလုပ်လက်မဲ့နှုန်းများမြင့်တက်ကာ လျှပ်စစ်မီးများ ပြတ်တောက်မှုတို့ဖြစ်ပေါ်လျက်ရှိပါတယ်။
========================
📌📌 ၄။ ပဇီကြီးကျေးရွာ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ယနေ့ထက်တိုင် မြေပြင်စစ်ကြောင်းများ ထပ်မံဝင်ရောက်မှုများကြောင့် စစ်ရှောင်ပြည်သူများ လုံခြုံရာနေရာအနှံ့သို့ ထွက်ပြေး တိမ်းရှောင်နေရ
မေလ၄ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ယနေ့ထက်တိုင် မြေပြင်စစ်ကြောင်းများ ထပ်မံဝင်ရောက်မှုများကြောင့် စစ်ရှောင်ပြည်သူများ လုံခြုံရာနေရာအနှံ့သို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ မေ ၃ ရက်တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။
"ပဇီကြီးကျေးရွာ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ယနေ့ထက်တိုင် မြေပြင်စစ်ကြောင်းများ ထပ်မံဝင်ရောက်မှုများကြောင့် ကျေးရွာ (၂) ရွာ၌ မီးရှို့ဖျက်ဆီးခံရ နေအိမ် (၁၀၀) ကျော်ခန့် ရှိနေပြီး စစ်ကြောင်းထိုးနေဆဲဖြစ်၍ အချို့ကျေးရွာ များတွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်စာရင်းများကောက်ယူရန် ခက်ခဲလျက်ရှိပါတယ်။ ထို့အပြင် စစ်ရှောင်ပြည်သူများမှာ လုံခြုံရာနေရာအနှံ့သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရပါတယ်"လို့ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဥ်နှင့် နောက်ဆက်တွဲ စစ်ကြောင်းထိုး တိုက်ခိုက်ခံရမှု ဖြစ်စဥ်ကြောင့် ထိခိုက်ခံစားကြရသည့် ပြည်သူများ ၏ ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် ပြည်သူမှပြည်သူသို့ လှူဒါန်းမှုများကို ပြည်ထောင်စုဝန်ကြီး ဌာနများ၏ ကြီးကြပ်မှုများနှင့် ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ကူညီကယ်ဆယ်ရေး ကော်မတီတို့က မြေပြင်၌ စီမံဆောင်ရွက် ပေးမှုများဖြင့် လူထုအခြေပြုအဖွဲ့အစည်းများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်အချို့၏ လူသတ်မှုကို အရေးယူဆောင်ရွက်ထားတယ်လို့ NUGတရားရေးဝန်ကြီးဌာနအသိပေး
မေလ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်အချို့၏ လူသတ်မှုကို အရေးယူဆောင်ရွက်ထားတယ်လို့ မေလ၄ရက်မှာ NUGတရားရေးဝန်ကြီးဌာနက အသိပေးဆိုလိုက်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီ၏ သတင်းပေးဖြစ်သည်ဟု သတင်းရရှိချက်အရ အရွယ်ရောက်ပြီးသူ ကျား ၁ ဦး၊ အရွယ် မရောက်သေးသူ ကျား ၂ ဦး၊ အရွယ်ရောက်ပြီးသူ မ ၁ ဦး၊ အရွယ်မရောက်သေးသူ မ ၃ ဦး၊ စုစုပေါင်း ၇ ဦးတို့အား ချောင်းဦးမြို့နယ်ရှိ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တာဝန်ခံနှင့်အဖွဲ့က ဖမ်းဆီးခဲ့ပါသည်။ ထို့နောက် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ဥပဒေမဲ့ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါတယ်လို့ဖော်ပြပါတယ်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံပါ ၄ ဦးတို့အား မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ချက်ချင်းဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ကြွင်းကျန်ရစ်သော ရုပ်အလောင်းများကို တူးဖော်၍ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့သူများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ချောင်းဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ လွှဲပြောင်း ခဲ့ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အမှုဖွင့်ခြင်း၊ သီးခြားနေရာတွင် ထိန်းသိမ်းထားရှိခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့်လည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သော တိုင်ကြားစာ ရရှိသည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှ ရက်သတ္တ(၁)ပတ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ ယင်းအမှုကိစ္စအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခဲ့ပါတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အဆိုပါ ဖြစ်ရပ်သည် စစ်သည်တော်ကျင့်ဝတ် စည်းမျဉ်းများ(Code of Conduct)နှင့် မညီညွတ်သည့်အပြင် လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးများအပေါ် ချိုးဖောက်ရာကျသည့်အတွက် စစ်ဘက်/အရပ်ဘက် တရားစီရင်ရေး လမ်းကြောင်းများမှတဆင့် အမှုမှန်ပေါ်ပေါက်ရေးနှင့် ဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူဆောင်ရွက် နိုင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အရေးယူဆောင်ရွက်မှု အခြေအနေကို အသိပေးထုတ်ပြန်သွားမယ်လို့ကြေညာပါတယ်။
========================
📌📌 ၆။ ရေဦးမြို့နယ် ချမ်းသာကျေးရွာ စာသင်ကျောင်းကြီးအားစကစတပ်များကယနေ့မနက် မိုင်းများခွဲ၍ မီးရှို့ဖျက်ဆီး
မေလ၄ရက်။
မေလ၄ရက်နေ့မှာ ရေဦးမြို့နယ်စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က အခုလိုအသိပေးဆိုပါတယ်။
"ယနေ့နံနက်ပိုင်း ရေဦးအနောက်ခြမ်း မြင်းပေါက်ရွာဘက်ကနေ ထန်းပင်ကုန်း ဝင်ရောက်လာတဲ့ စကစတပ်များဟာ ချမ်းသာကျေးရွာ စာသင်ကျောင်းကြီးအား မိုင်းများခွဲ၍ မီးစရှို့ဖျက်ဆီးနေပြီဖြစ်ပါတယ်။ထန်းပင်ကုန်း/ချမ်းသာ/ရွာသစ်ဘက်အထိ တပ်ဖြန့်ထားသောကြောင့် အနီးဝန်းကျင်ကျေးရွာများ ဘေးလွတ်ကင်းရာ တိမ်းရှောင်ပေးထားကြပါရန် အထူးသတိပေးအပ်ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စကစတပ်များဟာ တစ်နိူင်ငံလုံးမှာ အိုးအိမ်ပေါင်း ခြောက်သောင်းကျော်ကို မီးရှိုဖျက်ဆီးထားပြီးလူပေါင်း သုံးထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၇။ အကြမ်းဖက်စစ်တပ်မှ အင်အား ၉၀ ကျော်ပါတဲ့ စစ်ကားသုံးစီး မြင်းမူနယ် ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ ယနေ့မနက် မိုင်းဆွဲတိုက်ခိုက်ခံရ
မေလ၄ရက်။
အင်အား ၉၀ ကျော်ပါတဲ့ အကြမ်းဖက်စစ်တပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး Peoples knight Defense Force Myinmu က မေလ၄ရက်မှာ အခုလိုထုတ်ပြန်ထားပါတယ်။
"မေလ၄ရက် မနက်ပိုင်း အကြမ်းဖက်စစ်တပ် အင်အား ၉၀ ကျော်ပါတဲ့ စစ်ကားသုံးစီးကို ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ People's knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊၊ D.B.B.F-MMU စတဲ့ မဟာမိတ်အဖွဲ့တွေက နှစ်ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်ကိုင်းကနေ မုံရွာကို ထွက်လာတဲ့စစ်ကားကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားနှစ်စီးထိမှန်ခဲ့ပြီး စကစတပ်များထိခိုက်သေဆုံးနိူင်ခြေရှိတယ်လို့သိရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment