၂၀၂၃ ဇွန်လ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအတွက် ရပ်တည်နေကြတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ချိတ်ဆက်မှုတွေ မပြတ်ကြဖို့ အထူးအလေးထားရန် ဝန်ကြီးချုပ်ပြောကြား
📌 ၂။ NUGဆေးရုံ၆၇ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ဆေးကျောင်းသားများအပါအဝင် ရှေ့တန်းစစ်မြေပြင်က ကျန်းမာရေးဝန်ထမ်းအားလုံးကိုအသိအမှတ်ပြုထားပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေး
📌 ၃။ အာဆီယံ ဒေသတွင်းနိူင်ငံတွေက နိူင်ငံခြားရေးဝန်ကြီးအဆင့်များနဲ့ပါ တွေ့ဆုံဆက်ဆံမှုတွေရှိနေတယ်လို့ နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးပြောကြား
📌 ၄။ လက်နက်ကိုင်တော်လှန်ရေး အဖြစ်သို့ ကူးပြောင်းသွားပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ပြောကြား
📌 ၅။ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ၏ တစ်ဖက်သတ် လုပ်ဆောင်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို ထပ်မံဆန့်ကျင်နေတယ်လို့ မြန်မာအဖွဲ့အစည်းပေါင်းသုံးရာကျော်က အိတ်ဖွင့်ပေးစာပေးပို့
📌 ၆။ မန္တလေးသပိတ်အင်အားစုမှ အင်္ကျီအပြာဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
📌 ၇။ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ နိူင်ငံတကာမှာ အသီးသီးကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအတွက် ရပ်တည်နေကြတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ချိတ်ဆက်မှုတွေ မပြတ်ကြဖို့ အထူးအလေးထားရန် ဝန်ကြီးချုပ်ပြောကြား
ဇွန်လ၁၈ရက်
ဇွန်လအတွင်းကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားလိုက်ပါတယ်။
''တော်လှန်ရေးအတွက် အရေးအကြီးဆုံးက ရှိနေတဲ့ အင်အားတွေကို စုစည်းပြီး ညီညီညွတ်ညွတ်နဲ့ တော်လှန်ရေး အောင်မြင်သည်အထိ အတူလက်တွဲ လုပ်ဆောင်နိုင်ကြဖို့ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးအတွက် ရပ်တည်နေကြတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ချိတ်ဆက်မှုတွေ မပြတ်ကြဖို့ အထူးအလေးထား တိုက်တွန်းလိုပါတယ်။"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့လည်း အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ NUGဆေးရုံ၆၇ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ဆေးကျောင်းသားများအပါအဝင် ရှေ့တန်းစစ်မြေပြင်က ကျန်းမာရေးဝန်ထမ်းအားလုံးကိုအသိအမှတ်ပြုထားပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေး
ဇွန်လ၁၈ရက်
ဇွန်လ၁၇ရက် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့လူထုတွေ့ဆုံပွဲမှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရှေ့တန်းစစ်မြေပြင်က ကျန်းမာရေးဝန်ထမ်းများနှင့်ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။
"NUGမှာ ဆေးရုံ၆၇ရုံရှိတယ်။အဲဒီ၆၇ရုံမှာ အများဆုံးအလုပ်လုပ်နေတာ ဆေးကျောင်းသားတွေ ဖြစ်တယ်။သူတို့တတွေကိုအသိအမှတ်ပြုရမှာဖြစ်ပါတယ်။ကျနော်အသိအမှတ်လည်းပြုပါတယ်။ဒါ့အပြင် ဆေးရုံ၆၇ရုံအပြင် ပစ်တဲ့ခတ်တဲ့ကြားကအလုပ်လုပ်နေတဲ့ ရွေ့လျား၁၆၇ခု ရှိနေပါသေးတယ်။ လူနာတွေကိုသယ်ပြီးအလုပ်လုပ်နေတဲ့သူအားလုံးကိုလည်းအသိအမှတ်ပြုမှာဖြစ်တယ်။ဘယ်သူကအသိအမှတ်မပြုဘူးပြောပြောအဲဒီသူတွေဟာ ကျနော်တို့တိုင်းပြည်ရဲ့အနာဂါတ်ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ကျေးလက်ဆေးရုံနဲ့ ဆေးကုသမှုပေးသည့်နေရာများကို အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၃။ အာဆီယံ ဒေသတွင်းနိူင်ငံတွေက နိူင်ငံခြားရေးဝန်ကြီးအဆင့်များနဲ့ပါ တွေ့ဆုံဆက်ဆံမှုတွေရှိနေတယ်လို့ နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးပြောကြား
ဇွန်လ၁၈
ဇွန်လ၁၇ရက် အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ နိူင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက အာဆီယံ ဒေသတွင်းနိူင်ငံများနှင့်ပတ်သက်ပြီး အခုလိုဆိုခဲ့ပါတယ်။
"တကယ်တော့ အစိုးရမဖွဲ့ခင် CRPHမှာကတည်းက အိမ်နီးချင်းနိူင်ငံတွေနဲ့ဆက်သွယ်ခဲ့တယ်။အာဆီယံနိူင်ငံများနဲ့ဆက်သွယ်ခဲ့တယ်။
နိူင်ငံခြားရေးဝန်ကြီးနဲ့ ဝန်ကြီးရုံးအထိ ဆက်သွယ်လို့ရခဲ့တဲ့ စင်ဂနယ်ဂရုလိုတောင်ရှိခဲ့တယ်။အဲဒီတော့ အစိုးရဖွဲ့ပြီးတာတောင် ဒီလို နိူင်ငံအများကြီးနဲ့ထိတွေ့ဆက်ဆံမှုရှိခဲ့တယ်"လို့ဆိုပါတယ်။
ပြီးခဲ့သည့်ရက်ပိုင်းကပင်အာဆီယံ ဒေသတွင်းနိူင်ငံက နိူင်ငံခြားရေးဝန်ကြီးနဲ့ NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၄။ လက်နက်ကိုင်တော်လှန်ရေး အဖြစ်သို့ ကူးပြောင်းသွားပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ပြောကြား
ဇွန်လ၁၈ရက်
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်သပိတ်အင်အားစုများတွေ့ဆုံဆွေးနွေးပွဲမှာ အလုပ်သမားဒုတိယဝန်ကြီးဦးကျော်နီက တော်လှန်ရေးနှင့်ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးက လက်နက်ကိုင်တော်လှန်ရေး အဖြစ်သို့ ကူးပြောင်းသွားပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေ လိုအပ်နေဆဲဖြစ်ပြီး နိုင်ငံရေးဟာ သွေးမထွက်တဲ့ စစ်ပွဲတစ်ခုဖြစ်ပါတယ်၊ နိုင်ငံရေးအရ လှုပ်ရှားခွင့်မရအောင် စစ်အာဏာရှင်အဆက်ဆက်က လုပ်ဆောင်ခဲ့လို့ အခုလို လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်၊ တော်လှန်ရေးအစမှာ လုထုသပိတ် တိုက်ပွဲနဲ့စတင်ခဲ့ကြပြီး ခုအချိန်အထိ လှုပ်ရှားမှု မပြတ်ရှိနေပါတယ်၊ မြေပြင်မှာရှိနေတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များနဲ့ သပိတ်ကော်မတီ တို့ကြားမှာ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်"လို့ ဆိုပါတယ်။
လက်ရှိ နယ်မြို့များနဲ့မြို့ကြီးများတွင် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ နေ့စဥ်မဆက်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၅။ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ၏ တစ်ဖက်သတ် လုပ်ဆောင်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို ထပ်မံဆန့်ကျင်နေတယ်လို့ မြန်မာအဖွဲ့အစည်းပေါင်းသုံးရာကျော်က အိတ်ဖွင့်ပေးစာပေးပို့
ဇွန်လ၁၈
မြန်မာနိူင်ငံအရေးမှာ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရအနေနဲ့ ဝင်ပြီးမစွက်ဖက်ဖို့ အိတ်ဖွင့်ပေးစာကို ဇွန်လအတွင်းမှာ မြန်မာအဖွဲ့အစည်းပေါင်းသုံးရာကျော်က လက်မှတ်ရေးထိုးပို့ခဲ့ပါတယ်။
"ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဒွန်ပရာမုဒ်ဝီနိုင်းက ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဥ်နေသည့် တရားမဝင် မြန်မာစစ်ကောင်စီ ပါဝင်သော လျှို့ဝှက်အစည်းအဝေးကို ကျွန်ုပ်တို့ မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြင်းထန်စွာ ရှုတ်ချပြီး ထိုင်းနိုင်ငံ အိမ်စောင့် အစိုးရအနေဖြင့် အဆိုပါ အစည်းအဝေးအား ချက်ချင်းဖျက်သိမ်းပေးရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်။ယင်းသည် မြန်မာစစ်တပ်၏ တနိုင်ငံလုံးအပေါ် အကြမ်းဖက် စစ်ဆင်ရေးများ နှစ်ရှည်လများ ဆင်နွှဲကာ အာဏာ ဆက်လက်ဆုပ်ကိုင်ရန် ကြိုးပမ်းနေမှုကို ဆန့်ကျင်တွန်းလှန်ရင်း အသက်စတေးခဲ့ကြရသည့် မြန်မာပြည်သူများ အား လုံးလုံးလျားလျား စော်ကားလိုက်ခြင်းပင် ဖြစ်ပါတယ်။ စစ်ကောင်စီသည် မည်သည့်အခါကမှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ မဟုတ်သလို နိုင်ငံ၏နယ်မြေများကို ထိထိရောက်ရောက် ချုပ်ကိုင် အုပ်ချုပ်နိုင်ခြင်းလည်း မရှိပေ"လို့ဖော်ပြထားပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်မျိုးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက မည်သည့်အခါကမှ သဘောတူခဲ့ခြင်း မရှိခဲ့သလို လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားအစိုးရကလည်း ဤအစည်းအဝေး ကျင်းပရန် စေ့ဆော်လုပ်ဆောင်ခဲ့ ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။
ထို့အပြင် ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ၏ တစ်ဖက်သတ် လုပ်ဆောင်မှုသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို ထပ်မံဆန့်ကျင်နေတယ်လို့လည်းဖော်ပြပါတယ်။
========================
📌📌 ၆။ မန္တလေးသပိတ်အင်အားစုမှ အင်္ကျီအပြာဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
ဇွန်လ၁၈
ဇွန်လ၁၈ရက်မနက်ပိုင်းမှာ မန္တလေးသပိတ်အင်အားစုမှ လူထုသပိတ်ကို ဆင်နွှဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။
"ယခုလာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြတဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း အကျယ်ထောင်မှပြည်သူများကိုယ်စားမန္တလေးသပိတ်အင်အားစုမှ အင်္ကျီအပြာဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းများထဲမှတစ်ခုဖြစ်သော Freedom From Fear အား ဝတ်ဆင်လျက် ဒေါ်အောင်ဆန်းစု ၇၈နှစ်ပြည့်မွေးနေ့အမှတ်တရ အနေဖြင့်ဖက်ဆစ်စစ်တပ်အားဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်"လို့ဆိုပါတယ်။
ဇွန် ၁၉မှာ တော်လှန်ပန်းတွေ အစွမ်းကုန်ပွင့်လန်းကြဖို့လည်း သပိတ်အက်အားစုကလူထုကိုတိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
📌📌 ၇။ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ နိူင်ငံတကာမှာ အသီးသီးကျင်းပ
ဇွန်လ၁၉
ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ကို သြစတြေးလျနိူင်ငံVillawood Senior Citizens Centreမှာဇွန်လ၁၇ရက်က ကျင်းပခဲ့ပါတယ်။
ဂျပန်နိူင်ငံနဲ့ ကိုရီးယားနိူင်ငံတို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အပါအဝင် တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲတော်အခမ်းအနားပါ ကျင်းပခဲ့ပါတယ်။
အလားတူဆွီဒင်နိုင်ငံ၊ အော်ရီဘရိုမြို့နှင့် ရယ်သယ်ဘော်ရီမြို့များတွင်လည်း မြန်မာများက အသီးသီးကျင်းပခဲ့ပြီး မတရားဖမ်းဆီး အ ကျဉ်း ချထားသော လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ကျန်းမာစွာ နေထိုင်နိူင်ရေးဆုမွန်ကောင်းများ တောင်းခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုဘေးဧရိယာမှာတော့ ဇွန်လ၁၈ရက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက်မွေးနေ့အခမ်းအနားနှင့် ဆန္ဒထုတ်ဖော်ပွဲများကို ပူးတွဲကျင်းပမယ်လို့ သတင်းရရှိပါတယ်။
"တော်လှန်ရေး ညီအစ်ကိုမောင်နှမများအားလုံးကို ဒေါ်အောင်ဆန်းစုကြည် ၇၈နှစ်မြောက်မွေးနေ့ တနလာ်နေ့ (Monday) မှာ ပြုလုပ်မယ့် ကမ္ဘာလုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲများကို တခဲနက် ပူးပေါင်းပါဝင်တက်ရောက်ကြဖို့ ချစ်ခင်လေးစားစွာ ဖိတ်ခေါ်ပါတယ်"လို့ဆိုထားပါတယ်။
ဆန်ဖရန်စစ္စကိုရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ စုရုံးကာ တရုတ်နိုင်ငံ သမ္မတနှင့် အစိုးရထံသို့ စည်းလုံးညီညွတ်စွာဖြင့် သဝဏ်လွှာ ပေးပို့သွားမယ်လို့လည်းဆိုပါတယ်။
ခိုလှုံရာမဲ့ အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာနိုင်ငံရှိ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်များအား ထောက်ခံကြောင်း ပြသသည့် တရုတ်၏ နိုင်ငံရေး လုပ်ဆောင်ချက်နှင့် မူဝါဒကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမယ်လို့လည်းဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment