၂၀၂၃ ဇွန်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ရေးအရ ဖိအားပေးမှုများကို ဆက်တိုက်လုပ်ဆောင်သွားနိုင်ရန် လွန်စွာအရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်များ တွေဆုံဆွေးနွေး
📌 ၃။ ကရင်နီ မှာ စစ်ရာဇဝတ်ကောင်တွေကို တော်လှန်နေတာ တပြည်လုံးနီးနီး အောင်မြင်နေပြီလို့ဆို
📌 ၄။ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား နှေးကွေးနေသေး၍ မြန်မာနိုင်ငံက ပို့ကုန်များ ၂၀၂၄ခုနှစ် စက်တင်ဘာလအထိ ကျဆင်းနိုင်မယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း
📌 ၅။ မကွေးခရိုင် အမှတ် (၁) တပ်ရင်းမှ ရဲဘော်များကို လစာငွေ ၂၀၀၀၀ ကျပ်အား ငါးကြိမ်မြောက် ပေးအပ်ခဲ့
📌 ၆။ ဝက်လက်မှာ စကစတပ်က လေကြောင်းတိုက်ခိုက်မှု မှားယွင်းဗုံးကြဲမိ၍ စကစတပ်က အရာရှိအပါအဝင် အများအပြားထိခိုက်မှုရှိ
📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၉၄၀) ဦး ရှိပြီး မန္တလေးတိုင်းမှာ (၃၄၇) ဦးဖြင့် အများဆုံးဖြစ်
📌 ၈။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ရေးအရ ဖိအားပေးမှုများကို ဆက်တိုက်လုပ်ဆောင်သွားနိုင်ရန် လွန်စွာအရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဇွန်လ၂၉
ဇွန်လ၂၉ရက်မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၆/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးချုပ်မှ စစ်ရေးအရ ဖိအားပေးမှုများကို ဆက်တိုက်လုပ်ဆောင်သွားနိုင်ရန် လွန်စွာအရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
" တော်လှန်ရေး၏ အရှိန်အဟုန်မြင့်တက်လာမှုများမှာ လွန်စွာ အားရကျေနပ်စရာကောင်းကြောင်း ၊ ရှေ့တန်းမှ အသက်စွန့်တိုက်ပွဲဝင်နေသော ရဲဘော်များအား လွန်စွာလေးစားဂုဏ်ယူကြောင်း ၊ စစ်ရေးအရ ဖိအားပေးမှုများကို ဆက်တိုက်လုပ်ဆောင်သွားနိုင်ရန် လွန်စွာ အရေးကြီးကြောင်း ၊ စိုးမိုးထိန်းချုပ်ထားသော ဒေသများမှ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများ ပိုမိုစနစ်ကျအောင် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်ပျက်သုန်းရေးဆိုသည့် ရည်ရွယ်ချက်မှ သွေဖယ်မသွားစေပဲ တော်လှန်ရေးအောင်မြင်ရေးကို အဓိက အာရုံစိုက်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုကြောင်း "ဆိုခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်များ တွေဆုံဆွေးနွေး
ဇွန်လ ၂၉
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်များ တွေဆုံဆွေးနွေးခဲ့တယ်လို့ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့်ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်များ တွေဆုံဆွေးနွေးပွဲကို ဇွန်လ ၂၉ရက်နေ့၊ ကြာသပတေးနေ့ နေ့လည် (၁၂ :၀၀)နာရီအချိန်တွင် ကျင်းပခဲ့တယ်လို့ဆိုပါတယ်။
တွေ့ဆုံရာမှာ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် တော်လှန်ရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး မွန်းလွဲ( ၁၅:၃၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးပွဲအောင်မြင်စွာ ပြီးစီးခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၃။ ကရင်နီ မှာ စစ်ရာဇဝတ်ကောင်တွေကို တော်လှန်နေတာ တပြည်လုံးနီးနီး အောင်မြင်နေပြီလို့ဆို
ဇွန်လ၂၉ရက်
ကရင်နီ မှာ စစ်ရာဇဝတ်ကောင်တွေကို တော်လှန်နေတာ တပြည်လုံးနီးနီး အောင်မြင်နေပြီလို့ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက ဇွန်လ၂၉ရက်မှာ ပြောပါတယ်။
"ကရင်နီပြည်က ငရုတ်သီးနဲ့ ပြင်ဆင်ထားတဲ့ငပိချက်၊ ကရင်နီ ငရုတ်က ဘယ်လောက်စပ်တယ်ဆိုတာ စားဘူးသူတိုင်းသိမှာပါ။ ငရုတ်သီးစပ်သလို ကရင်နီပြည်သူ/သားတွေ သတ္တိကောင်းတယ်ဆိုတာ လက်တွေ့ပြနေပါတယ်။ အခုကရင်နီမှာလည်း စစ်ရာဇဝတ်ကောင်တွေကို တော်လှန်နေတာ တပြည်လုံးနီးနီး အောင်မြင်နေပါပြီ။ ကျမတို့အားလုံးစုစည်းပံ့ပိုးကြရအောင်ပါ"လို့ဝန်ကြီးကဆိုပါတယ်။
ကရင်နီပြည်ဟာ ကရင်နီတော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်း PDFရဲဘော်များ ပါဝင်တိုက်ခိုက်မှုကြောင့် လွတ်မြောက်လုနီးပါးဖြစ်နေပြီ ဖြစ်ပါတယ်။
========================
📌📌 ၄။ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား နှေးကွေးနေသေး၍ မြန်မာနိုင်ငံက ပို့ကုန်များ ၂၀၂၄ခုနှစ် စက်တင်ဘာလအထိ ကျဆင်းနိုင်မယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း
ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား နှေးကွေးနေသေးသဖြင့် မြန်မာနိုင်ငံက ပို့ကုန်များ ၂၀၂၄ခုနှစ် စက်တင်ဘာလအထိ ကျဆင်းနိုင်မယ်လို့ ဇွန်လအတွင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအစီရင်ခံစာ ဖော်ပြချက်အရသိရပါတယ်။
မြန်မာနိုင်ငံ၏ လက်ရှိစာရင်းလိုငွေပြမှုသည် ၂၀၂၃ခုနှစ် စက်တင်ဘာလကုန်တွင် ဂျီဒီပီ၏ ၆ရာခိုင်နှုန်း နီးပါး ကျယ်ပြန့်လာမည်ဖြစ်ပြီး ယခင်နှစ်က ၃.၆ရာခိုင်နှုန်းထက် တိုးလာမည်ဟု ခန့်မှန်းထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား နှေးကွေးနေသေးသဖြင့် ပို့ကုန်များသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားသော်လည်း ငွေလွှဲမှုများ တိုးလာခြင်းသည် အထောက်အပံ့အချို့ကို ပေးစွမ်းနိုင်မယ်လို့မျှော်လင့်ထားပါတယ်။
ဒါ့အပြင် ပညာရေးနှင့် ကျန်းမာရေးအတွက် အသုံးစရိတ်သည် GDP ၏ ၃ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားတယ်လို့ အစီရင်ခံစာကဆိုပါတယ်။
အသုံးစရိတ်နှင့် ၀င်ငွေနှစ်ရပ်စလုံးတွင် မျှော်မှန်းထားသည့် ကျဆင်းမှုများနှင့်အတူ ဘတ်ဂျက်လိုငွေသည် လာမည့်နှစ်တွင် ပိုမိုကျယ်ပြန့်လာမည်ဟု ခန့်မှန်းထားပါတယ်။
========================
📌📌 ၅။ မကွေးခရိုင် အမှတ် (၁) တပ်ရင်းမှ ရဲဘော်များကို လစာငွေ ၂၀၀၀၀ ကျပ်အား ငါးကြိမ်မြောက် ပေးအပ်ခဲ့
ဇွန်လ၂၉ရက်
မကွေးခရိုင် အမှတ် (၁) တပ်ရင်းမှ ရဲဘော်များကို လစာငွေ ၂၀၀၀၀ ကျပ်အား ငါးကြိမ်မြောက် ပေးအပ်ခဲ့တယ်လို့ ဇွန်လနောက်ဆုံးပတ်မှာ မကွေးခရိုင်အမှတ် ၁တပ်ရင်း ကအသိပေးဆိုပါတယ်။
"ဇွန်လ၊၂၈ ရက်နေ့မကွေးခရိုင် အမှတ် (၁) တပ်ရင်းမှ ရဲဘော်များကို လစာငွေ ၂၀၀၀၀ ကျပ်အား ငါးကြိမ်မြောက် ပေးအပ်ခဲ့ပါတယ်။ တော်လှန်ရေးရေချိန်မြင့်လာသည်နှင့်အမျှ ရဲဘော်များ၏ လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေးသည်လည်း အရေးပါသည့် ကဏ္ဏတစ်ခုဖြစ်ပါတယ်"လို့ဆိုပါတယ်။
ပြည်သူများ၏ ကူညီထောက်ပံ့မှုများကြောင့် ယခုလိုပေးအပ်နိုင်ခြင်းဖြစ်ပြီး ဆက်လက်ကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံအပ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ဝက်လက်မှာ စကစတပ်က လေကြောင်းတိုက်ခိုက်မှု မှားယွင်းဗုံးကြဲမိ၍ စကစတပ်က အရာရှိအပါအဝင် အများအပြားထိခိုက်မှုရှိ
ဇွန်လ၂၉
ဝက်လက်မှာ စကစတပ်က လေကြောင်းတိုက်ခိုက်မှု မှားယွင်းဗုံးကြဲမိ၍ စကစတပ်က အရာရှိအပါအဝင်အများအပြားထိခိုက်မှုရှိတယ်လို့ ဇွန်လ၂၉ရက်မှာ ဝက်လက်သတင်းမှန်ပြန်ကြားရေးကဆိုပါတယ်။
"ဇွန်၂၉ရက်နံနက် ၉နာရီ၄၀အချိန် ဝက်လက်နယ် လိမ်ပင်နှင့် ခေါတောကြား JF ဖြင့် ဗုံးသီးကြဲ လိမ်ပင်ကားလမ်းပေါ်နှစ်လုံး ရွာအနောက်ဘက်တစ်လုံး ခေါတောရွာအရှေ့ကန်ဘောင်ပေါ် တစ်လုံးကြဲ ချခဲ့ပြီး ဝက်လက်မြို့အနောက်ဖက်ထွက်ရှိ မီးသတ်ရုံးအား မှားယွင်းစွာဗုံးသီးကြဲချပါတယ်"လို့ဆိုပါတယ်။
မီးသတ်ရုံးဝင်းအတွင်း ကျရောက်ပေါက်ကွဲ၍ စကစဘက်က အရာရှိအပါဝင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။
========================
📌📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၉၄၀) ဦး ရှိပြီး မန္တလေးတိုင်းမှာ (၃၄၇) ဦးဖြင့် အများဆုံးဖြစ်
ဇွန်လ၂၉
နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၉၄၀) ဦး ရှိပြီး မန္တလေးတိုင်းမှာ (၃၄၇) ဦးဖြင့် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လ၂၉ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော အချက်အလက်များကိုဖော်ပြပါတယ်။
" ဇွန်လ ၂၉ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၉၄၀) ဦး ရှိပြီး မန္တလေးတိုင်းမှာ (၃၄၇) ဦးဖြင့် အများဆုံးဖြစ်ပါတယ်။ ထို (၉၄၀) ဦးတွင် နှစ်ရှည်ထောင်ဒဏ် ထပ်မံချမှတ်ခံထားရသူ (၂၃) ဦး၊ တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ အမျိုးသမီး (၂၉) ဦးနှင့် သေဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၁၅) ဦး ပါဝင်တယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၆၄၄) ဦးရှိပြီး ထိုအထဲမှ (၁၉၂၈၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၆၁၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၈။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား
ဇွန်လ၂၉
ဇွန်လ ၂၉ ရက်နေ့ နေ့လည်မှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း DDMSC ရဲ့ အဖွဲ့ဝင်အင်အားစုတစ်ခုဖြစ်တဲ့ LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အကြမ်းဖက်ခြင်း ခွဲခြားဆက်ဆံခြင်းများကို ဆန့်ကျင်ကန့်ကွက်ခြင်းနဲ့အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုလုပ်ဆောင်ခဲ့ပါတယ်။
ထိုလှုပ်ရှားမှုမှာ လောင်းလုံးမြို့အတွင်းက အမျိုးသမီးငယ်များ၊ လူငယ်များနဲ့ ပြည်သူလူထုအများအပြားပူးပေါင်းပါဝင်ခဲ့ကြပြီး “မတူကွဲပြားမှုကို လက်ခံပြီး ခွန်အားအဖြစ် ပေါင်းစည်းကြ”စာသားပါ ဘန်နာကိုင်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲကြွေးကြော်သံများ ကြွေးကြော်ချီတက်ခဲ့ကြပါတယ်။
ဇွန်လကို LGBTQ+ အသိုင်းအဝိုင်းအတွက် ဂုဏ်သိက္ခာလ(Pride Month)အဖြစ် သတ်မှတ်ပြီး ဇွန်လအတွင်း လိင်စိတ်ခံယူမှုကွဲပြားသူများ(LGBTQ+)အပေါ် ဂုဏ်ပြုသည့် လှုပ်ရှားမှုများ၊ LGBTQ+ အသိုင်းအဝိုင်းအနေနဲ့ တရားဥပဒေဆိုင်ရာ အကာအကွယ်ရရှိရေးနဲ့ ခွဲခြားဆက်ဆံမှုများ မရှိစေရေး စတဲ့လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း ပြုလုပ်ခဲ့ကြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment