၂၀၂၃ ဇွန်လ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကျွန်ပညာရေးကိုဆန့်ကျင်ပြီး ဖက်ဒရယ်ပညာရေးလမ်းကြောင်းကို လျှောက်ချင်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေးဝန်ကြီးဌာနက အချိန်ပြည့်ကြိုးစားလုပ်ဆောင်နေတယ်လို့ပြောကြား
📌 ၂။ ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသည့် နေအိမ် (၁၆,၃၈၁) လုံးနှင့် ချင်းပြည်နယ်အတွင်း ပျက်စီးသွားသည့် နေအိမ် (၂,၉၁၇)လုံးအတွက် အရေးပေါ်အမိုးအကာ ထောက်ပံ့ပေးခြင်းလုပ်ငန်းကို NUGကဆက်လက်လုပ်ဆောင်နေ
📌 ၃။ မိုခါမုန်တိုင်းဒဏ်သင့် ချင်းပြည်သူတွေအတွက် KIO မှ ကျပ်သိန်းနှစ်ထောင်ကို ပေးအပ်ကူညီ
📌 ၄။ စကစဟာ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ ရည်ရွယ်ချက်ရှိရှိ မူးယစ်ဆေးများဖြန့်ဝေနေ
📌 ၅။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် အမှတ်တရတီရှပ်ဝတ်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ်
📌 ၆။ ကျပ်သိန်းနှစ်ထောင် တော်လှန်သစ်ပင် ကမ်ပိန်းစတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကျွန်ပညာရေးကိုဆန့်ကျင်ပြီး ဖက်ဒရယ်ပညာရေးလမ်းကြောင်းကို လျှောက်ချင်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေးဝန်ကြီးဌာနက အချိန်ပြည့်ကြိုးစားလုပ်ဆောင်နေတယ်လို့ပြောကြား
ဇွန်လ၆
စစ်ကျွန်ပညာရေးကိုဆန့်ကျင်ပြီး ဖက်ဒရယ်ပညာရေးလမ်းကြောင်းကိုလျှောက်ချင်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေးဝန်ကြီးဌာနက အချိန်ပြည့်ကြိုးစားလုပ်ဆောင်နေတယ်လို့ ပညာရေးဒုတိယဝန်ကြီး ဂျာထွယ်ပန်က ပြောပါတယ်။
"ပထမဦးဆုံး ဒီတော်လှန်ရေးမှာ NUG ကခိုင်းစေတာမဟုတ်၊ မည်သူက ခိုင်းစေတာမဟုတ်ပဲ မိမိရပ်တည်ချက်နဲ့ NUG မပေါ်ခင်ကတည်းက စစ်အာဏာရှင်စနစ်နဲ့ စစ်ကျွန်ပညာရေးကိုဆန့်ကျင် CDM လုပ်ကြတဲ့ ကျောင်းသူ/သားများ၊ လူငယ်များရဲ့ ရပ်တည်ချက်ကို အထူးလေးစားဂုဏ်ယူကြောင်းပြောလိုတယ်။ပညာရေးဝန်ကြီးဌာန ပေါ်လာပြီးနောက်ပိုင်းမှာ စစ်ကျွန်ပညာရေးကိုဆန့်ကျင်ပြီး ပြည်သူ့အစိုးရနဲ့ အတူ ဖက်ဒရယ်ပညာရေးလမ်းကြောင်းကိုလျှောက်ချင်တဲ့ ကျောင်းသူကျောင်းသား
သားတွေအတွက် တော်လှန်ရေးဘက်တော်သားတွေအတွက် ကျမတို့အချိန်ပြည့်အနေနဲ့ ကြိုးစားအလုပ်လုပ်ခဲ့ကြတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနဟာ ကြားကယလ ပညာသင်ကြားရေးအစီအစဥ်ကို မြေပြင်နှင့်အွန်လိုင်းသင်ကြားဟူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသည့် နေအိမ် (၁၆,၃၈၁) လုံးနှင့် ချင်းပြည်နယ်အတွင်း ပျက်စီးသွားသည့် နေအိမ် (၂,၉၁၇)လုံးအတွက် အရေးပေါ်အမိုးအကာ ထောက်ပံ့ပေးခြင်းလုပ်ငန်းကို NUGကဆက်လက်လုပ်ဆောင်နေ
ဇွန်လ၆
ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသည့် နေအိမ် (၁၆,၃၈၁) လုံးနှင့် ချင်းပြည်နယ်အတွင်း ပျက်စီးသွားသည့် နေအိမ် (၂,၉၁၇)လုံးအတွက် အရေးပေါ်အမိုးအကာ ထောက်ပံ့ပေးခြင်းလုပ်ငန်းကို NUGကဆက်လက်လုပ်ဆောင်နေတယ်လို့ ဇွန်လအတွင်းမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတရားဝင်အသိပေးဖော်ပြပါတယ်။
မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသည့် နေအိမ် (၁၆,၃၈၁) လုံးနှင့် ချင်းပြည်နယ်အတွင်း ပျက်စီးသွားသည့် နေအိမ် (၂,၉၁၇)လုံးအတွက် အရေးပေါ်အမိုးအကာ ထောက်ပံ့ပေးခြင်းလုပ်ငန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ဆိုထားပါတယ်။
ထို့အပြင် ကနဦးပြန်လည်ထူထောင်ရေးအတွက်လိုအပ်သည့် စိုက်ပျိုးရေးကဏ္ဍ ပျက်စီးဆုံးရှုံးမှုများ၊ လမ်း၊ တံတား၊ လျှပ်စစ်မီးတိုင် ပျက်စီးမှုများအတွက် လိုအပ်ချက်များကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌 ၃။ မိုခါမုန်တိုင်းဒဏ်သင့် ချင်းပြည်သူတွေအတွက် KIO မှ ကျပ်သိန်းနှစ်ထောင်ကို ပေးအပ်ကူညီ
မိုခါမုန်တိုင်းဒဏ်သင့် ချင်းပြည်သူတွေအတွက် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) က ကျပ်သိန်း နှစ်ထောင် အကူအညီပေးအပ်လျူဒါန်းခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ခုနစ်၊ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ဘေးဒဏ်သင့်ခဲ့သည့်ပြည်နယ်များထဲတွင်ချင်းပြည်နယ်လည်းပါဝင်ခဲ့ပါတယ်။
ချင်းပြည်သူတွေအတွက် ညီအကိုရင်းစိတ်ဓာတ်ဖြင့် ကူညီလျူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ကြောင်း CNF က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ စကစဟာ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ ရည်ရွယ်ချက်ရှိရှိ မူးယစ်ဆေးများဖြန့်ဝေနေ
ဇွန်လ၆
စကစဟာ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ ရည်ရွယ်ချက်ရှိရှိ မူးယစ်ဆေးများဖြန့်ဝေနေတယ်လို့ ဇွန်လ၅ရက်မှာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ဝေကြီးက ပြောကြားထားပါတယ်။
"တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေတွေမှာ စတင်ပြန့်ပွားလာနေတဲ့ မူးယစ်ဆေးဝါး ကိစ္စပါပဲ။စကစဟာလည်း တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာပါ။ကျွန်တော် ရဲ့ အဖွဲ့အစည်းတွင်းမှာလည်း အားကိုးရတဲ့ ရဲဘော်တချို့ သုံးစွဲကြောင်းသိရှိရလို့ ထုတ်ပယ်ခဲ့ရဖူးတယ်၊ဒီကိစ္စကိုလည်း အဖွဲ့အစည်းတွေ အားလုံး စကစကို တိုက်ထုတ်သလို ဝိုင်းဝန်းပူးပေါင်း နှိမ်နင်းစေချင်တယ်။ ဒါမှသာ အစမ်းသပ်ခံကာလကို အားလုံးတက်ညီလက်ညီ နဲ့ ကျော်လွှားနိုင်ကြမှာပါ"လို့ဆိုပါတယ်။
မကွေးတိုင်းတွင် စကစတပ်များဟာ အရပ်သားများကို မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်၍ စစ်ကြောင်းထိုးလျက်ရှိပြီး ရွာများကိုလည်းတော်လှန်ရေးအင်အားစုများလက်မခံရန် ချိန်းခြောက်ဖိအားပေးမှုတို့ရှိနေပါတယ်။
========================
📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် အမှတ်တရတီရှပ်ဝတ်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ်
ဇွန်လ၆ရက်
အမေရိကန်နိူင်ငံရှိ Los Angeles မြန်မာပြည်ဖွားတော်လှန်ရေးမိသားစုများမှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် အမှတ်တရတီရှပ်ဝတ်ဆင်ကာ ဇွန်လ၁၉ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည် မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆို လှုပ်ရှားမှုကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အဆိုပါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ အနီရောင် တီရှပ်ဝတ်ဆင်၍ သက်ရှည်ကျန်းမာစွာနဲ့ အမြန်ဆုံးလွတ်မြောက်လာပါစေကြောင်း တောင်းဆိုကြမယ်လို့ဆိုပါတယ်။
Los Angeles မြန်မာပြည်ဖွားတော်လှန်ရေးမိသားစုများဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲကို နှစ်စဥ်မပျက်ကျင်းပလျက်ရှိပြီး၄င်းနေ့မှာ နေ့ဆွမ်းဆက်ကပ် ကုသိုလ်ပြုမှုတွေလည်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ ကျပ်သိန်းနှစ်ထောင် တော်လှန်သစ်ပင် ကမ်ပိန်းစတင်
ဇွန်လ၆
CDM သစ်အုပ်ကြီး ကိုနေရဲရဲ့
တော်လှန်သစ်ပင်ကမ်ပိန်းကို စတင်ပြီဖြစ်လို့ ကမ္ဘာအရပ်ရပ်က ပါဝင်ကြမယ့် ပြည်သူတွေအတွက်လည်း စီစဥ်ပေးထားကြောင်းသိရပါတယ်။
ကမ်းပိန်းကရရှိမယ့် ငွေကြေးများကိုဒေါနစစ်ကြောင်း ၄၀ ရာခိုင်နှုန်း၊အလယ်ပိုင်းစစ်ဒေသ ၃၀ ရာခိုင်နှုန်း၊CDM ၁၀ ရာခိုင်နှုန်း
၊Camp ၁၀ ရာခိုင်နှုန်း၊ပျိုးဥယျာဥ်အတွက် ၁၀ ရာခိုင်နှုန်းထောက်ပို့ဖြန့်ဝေအသုံးပြုသွားဖို့ တောင်ပိုင်းတိုင်းကွပ်ကဲရေးဘက်က စီစဥ်ပေးထားပါတယ်။
နိုင်ငံအလိုက် ပါဝင်နိုင်မယ့် ပျိုးပင်လေးတွေရဲ့တစ်ပင်ချင်း အလှူခံနှုန်းကတော့ ကျပ်ငွေနဲ့မြန်မာငွေ ၁ သောင်းကျပ်၊ထိုင်းငွေ (၁၂၀ )ဘတ်၊ကိုရီးယားငွေ( ၄၅၀၀ )ဝမ်၊ဂျပန်ငွေ(၄၆၀) ယမ်း၊စင်္ကာပူငွေ (၅)ဒေါ်လာUSA ငွေ(၄) ဒေါ်လာ ဖြစ်ပြီး Htout Phoet - ထောက်ပို့ page chat box ကနေ ပါဝင်လှူဒါန်းလို့ရပြီ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment