၂၀၂၃ ဇူလိုင်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တစ်ဖက်သတ်ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်
📌 ၂။ ကနေဒါနိုင်ငံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်
📌 ၃။ အခြေအမြစ်မရှိ ခိုင်မာမှုမရှိတဲ့သတင်းနောက်ကို မလိုက်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် အသိပေးဆို
📌 ၄။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့်ဆန့်ကျင်ကွဲလွဲနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီထုတ်ပြန်
📌 ၅။ အကြမ်းဖက်စစ်အုပ်စုကြောင့် မန္တလေးတိုင်းတွင် (၃၈၄) ဦး သေဆုံးခဲ့ပြီး(၁၄၈) ဦး မှာပစ်ခတ်ခံရမှုကြောင့်သေဆုံးခဲ့ခြင်းဖြစ်
📌 ၆။ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ဝင်လာတဲ့ စကစတပ်များ အနည်းဆုံးအရပ်သားသုံးဦးသတ်ဖြတ်ထား
📌 ၇။ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပင်ရွာမရွာအား အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီး
📌 ၈။ မြိုင်မြို့နယ်အတွင်း စကစတပ်နဲ့ ရဲများ၊ ပျူများရှိရာသို့ မြိုင်ပကဖမှ အီနာဂါ ၅လုံးဖြင့်တိုက်ခိုက်
📌 ၉။ ရိုးမခေါ်သံကမ်ပိန်း သတ်မှတ်ရက်မရောက်မီTarget ပမာဏ ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ပြည့်မီခဲ့ပြီး Manchester United ဖန်အများစုဖြင့် ဖွဲ့စည်းထားတဲ့ "Mancesterဟင်းအိုးကြီး"အဖွဲ့မှလည်း လှူဒါန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တစ်ဖက်သတ်ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်
ဇူလိုင်၁၄
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တစ်ဖက်သတ်ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော Don Pramudwinai၏ လတ်တလော မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆိုမှုများသည် အာဆီယံ၏ မြန်မာ့အရေး အခြေခံဘုံသဘောတူညီချက်ငါးရပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍတို့ကို ကျော်လွန်စွက်ဖက်ရာရောက်သည်ဟု ရှုမြင်လက်ခံပါတယ်လို့ ဖော်ပြပါတယ်။
မတရားဖမ်းဆီး၍ အကျဉ်းထောင်ထဲတွင် တစ်ဦးတည်းသီးသန့် ချုပ်နှောင်ခံထားရသောကြောင့် သတင်းအချက်အလက် မှန်ကန်ပြည့်စုံစွာ လက်ခံရရှိနိုင်ခြင်း မရှိသည့်အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်လည်း ဆုံးရှုံးလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားများဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တစ်ဖက်သတ်ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိသော၊ တရားဝင်မှုအလျဉ်းမရှိသော ပြောဆိုမှုများသာဖြစ်တယ်လို့ ဆိုပါတယ်။
မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရများ ထွန်းကားစည်ပင်လာစေရန် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်စေတနာကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို ကြိုဆိုသော်လည်း တရားမဝင်အာဏာသိမ်း စစ်ကောင်စီအား အရာသွင်း ထိတွေ့ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းဖြင့် အဆိုပါရလဒ်ကောင်းများ မည်သည့်အခါမျှ ရရှိလာလိမ့်မည် မဟုတ်ကြောင်း အလေးအနက် အသိပေးလိုတယ်လို့လည်း ဆိုထားပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၀)ကျော်တိုင် အမြစ်တွယ်၊ ရှင်သန်၊ ဖိစီးနှိပ်စက်လျက်ရှိသော အာဏာရှင် စနစ်မှန်သမျှအား အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းစေပြီး အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲရန်သာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရက ဆိုပါတယ်။
========================
📌📌 ၂။ ကနေဒါနိုင်ငံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်
ဇူလိုင်၁၄ရက်
ဇူလိုင်၁၃ရက် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် ကနေဒါနိုင်ငံလွှတ်တော် အတွင်းရေးမှူး တွေ့ဆုံဆွေးနွေးရာမှာ "ကနေဒါနိုင်ငံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်"လို့ ကနေဒါနိုင်ငံ လွှတ်တော်အတွင်းရေးမှူး Oliphantက ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လွှတ်တော် အတွင်းရေးမှူး Robert Oliphant သည် နိုင်ငံခြားရေးဝန်ကြီး Mélanie Joly ကိုယ်စားတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိမြန်မာ့အရေးကိစ္စများကို ပြောဆိုဆွေးနွေးခဲ့ပါတယ်။
ထို့ပြင် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရက်များနှင့် ၎င်းတို့အား အရေးယူပိတ်ဆို့နိုင်မည့် နည်းလမ်းများ၊ မြန်မာပြည်သူများအပေါ် ကူညီထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြပြီး ကနေဒါနိုင်ငံအနေနှင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း Robert Oliphantက ထပ်လောင်းအတည်ပြုပြောကြားသွားခဲ့ပါတယ်။
========================
📌📌 ၃။ အခြေအမြစ်မရှိ ခိုင်မာမှုမရှိတဲ့သတင်းနောက်ကို မလိုက်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် အသိပေးဆို
ဇူလိုင်၁၄ရက်
အခြေအမြစ်မရှိ ခိုင်မာမှုမရှိတဲ့သတင်းနောက်ကိုမလိုက်ကြဖို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဇူလိုင်၁၄ရက်မှာ အသိပေးဆိုလိုက်ပါတယ်။
"ချစ်စရာရှိတာ ဆက်ချစ်၊ မုန်းစရာရှိတာ ဆက်မုန်း၊ ဝုန်းစရာရှိတာ ဆက်ဝုန်းရုံပေါ့။ သွေးမကွဲနဲ့၊ ဘေးမဆွဲနဲ့၊ ဖြောင်ဖြောင့်လျှောက်၊ အခြေအမြစ်မရှိ ခိုင်မာမှုမရှိတဲ့သတင်းနောက်ကိုမလိုက်ကြနဲ့။ တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေအတိုင်း ဆက်လျှောက်ကြမယ်"လို့ ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ တော်လှန်ရေးနှင့်ပြည်သူလူထုသွေးကွဲစေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို ပုံဖျက်ပြောဆိုမှုများ၊ သတင်းတု သတင်းယောင်ထုတ်လွှင့်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၄။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့်ဆန့်ကျင်ကွဲလွဲနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီထုတ်ပြန်
ဇူလိုင်၁၄ရက်
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့် ဆန့်ကျင်ကွဲလွဲနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဇူလိုင်၁၄ရက်မှာ သဘောထားကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းက ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၉ ရက်တွင် အာဏာလုစစ်ကောင်စီ၏ သဘောတူညီချက်ရယူကာ သွားရောက်တွေ့ဆုံခဲ့သည်ဟု ၎င်းကိုယ်တိုင် ထုတ်ဖော် ပြောကြားချက်အရ သိရတယ်လို့ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များသည် ကာယကံရှင်ကိုယ်တိုင်နှင့် လွတ်လပ်စွာ ပူးတွဲပြောကြားနိုင်သော အခြေအနေ မဟုတ်သည့်အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟု ယူဆရန် ကျွန်ုပ်တို့ သံသယရှိတယ်လို့ NLDပါတီဗဟိုအလုပ်ကော်မတီက ဆိုပါတယ်။
မတရားဖမ်းဆီးခံရစဥ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများဖြစ်သော (က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းပနိုင်ဘဲ သူမအနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်၊
(ခ) ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ပါ ဟူသော အချက်များနှင့် ကွဲလွဲနေတယ်လို့ဖော်ပြပါတယ်။
သို့ဖြစ်ပါ၍ မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှသော ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံ ခေါင်းဆောင်များအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းအပ်တယ်လို့ဆိုထားပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုကြောင့် မန္တလေးတိုင်းတွင် (၃၈၄) ဦး သေဆုံးခဲ့ပြီး(၁၄၈) ဦး မှာပစ်ခတ်ခံရမှုကြောင့်သေဆုံးခဲ့ခြင်းဖြစ်
ဇူလိုင်၁၄
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုကြောင့် မန္တလေးတိုင်းတွင် (၃၈၄) ဦး သေဆုံးခဲ့ပြီး (၁၄၈) ဦး မှာ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ AAPP က ဇူလိုင်၁၄ရက်မှာ ဖော်ပြအသိပေးပါတယ်။
" ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် မန္တလေးတိုင်းတွင် (၃၈၄) ဦး သေဆုံးခဲ့ပါတယ်။ ထို (၃၈၄) ဦးအနက် ပစ်ခတ်ခံရမှုကြောင့် (၁၄၈) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ (၁၃၄) ဦး ရှိပြီဖြစ်တယ်"လို့ဖော်ပြပါတယ်။
ထို့ပြင် မန္တလေးတိုင်း၌ (၄၅၁၁) ဦး ဖမ်းဆီးခံခဲ့ရပြီး (၄၂၁၀) ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရဆဲ လူပုဂ္ဂိုလ်များအနက် မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၂၆၅၄) ဦး ပါဝင်ပါတယ်။
========================
📌📌 ၆။ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ဝင်လာတဲ့ စကစတပ်များ အနည်းဆုံးအရပ်သားသုံးဦးသတ်ဖြတ်ထား
ဇူလိုင်၁၄ရက်
မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ဝင်လာတဲ့စကစတပ်များ အနည်းဆုံးအရပ်သားသုံးဦး သတ်ဖြတ်ထားတယ်လို့ ဇူလိုင် ၁၄ရက်မှာ တိမ်ပျံပျောက်ကျားတပ်ဖွဲ့က အသိပေးဆိုပါတယ်။
"ကလေးဝဘက်မှ တောင်တွင်းချောင်ဒေသသို့ စစ်အင်အား ၁၀၀ ကျော်ခန့်ဖြင့် ဝင်ရောက်လာခဲ့သည်မှာ ၂ ပတ်ကျော်ပြီဖြစ်ပါတယ်။ ထိုသို့ဝင်ရောင်လာရာလမ်းတွင် အချို့ရွာများမှာ အိမ်များကို မိးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး စုစုပေါင်း အနည်းဆုံး ၃ ဦးသတ်ဖြတ်ထားပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
ကုန်းကြောင်းသွားလာဖို့ စကစ အကြမ်းဖက်များအတွက် အဆင်မပြေတဲ့အတွက် မင်းကင်းနယ် တောင်တွင်းချောင်ဒေသသို့ တစ်ပတ်အတွင်း ကြာပင်မှာ ၁ ကြိမ်၊ ကျော်ရွာမှာ ၃ ကြိမ် စုစုပေါင်း ၄ ကြိမ်းမြောက် ထောက်ပို့ရဟတ်ယာဉ်များ ဆက်တက်သွားခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပင်ရွာမရွာအား အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီး
ဇူလိုင်၁၄ရက်
ဇူလိုင် ၁၄ ရက် မနက် ၁၀ နာရီအချိန် ငါတို့ရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအင်အား ၃၀ ဝန်းကျင်ရှိအဖွဲ့သည် ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ညောင်ပင်ရွာမရွာအားပစ်ခတ်ဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူပိုင်နေအိမ်များကို မီးရှို့ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဇူလိုင်လ၁၄ရက်မှာ အသိပေးဆိုပါတယ်။
ညောင်ပင်ရွာမရွာအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ၂၄ ရက်နေ့တွင် စစ်ကောင်စီအကြမ်းဖက်စစ်တပ်မှ ပထမအကြိမ်မီးရှို့ခဲ့ရာ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၁၁ လုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုကြောင့် သပြေသာ၊ ဖိုလ်ကုန်း၊ ကျောင်းကုန်း၊ မင်းဘာ၊ လက်ထုတ်ကုန်း၊ ရင်ခတ်ကုန်း၊ ကိုးမြို့၊ ညောင်ပင်ရွာမ စသည့်ကျေးရွာပေါင်း (၈)ရွာထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံကသိရပါတယ်။
========================
📌📌 ၈။ မြိုင်မြို့နယ်အတွင်း စကစတပ်နဲ့ ရဲများ၊ ပျူများရှိရာသို့ မြိုင်ပကဖမှ အီနာဂါ ၅လုံးဖြင့်တိုက်ခိုက်
ဇူလိုင်၁၄ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စကစတပ်နဲ့ ရဲများ၊ ပျူများရှိရာသို့ မြိုင်ပကဖမှ အီနာဂါ ၅လုံးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင်၁၄ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖက အတည်ပြုပါတယ်။
"ဇူလိုင်၁၂ရက်နေ့ မနက် ၉နာရီမှ ညနေ ၅ နာရီ ခွဲခန့်အထိ စကစနဲ့ရဲ ၊ ပျူ များနေထိုင်သော နေရာများအား အီနာဂါများဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုများတွင် အီနာဂါ ၅လုံးဖြင့် တိုက်ခိုက်ရာ စကစဘက်ကနှစ်ဦး ထိခိုက်၍ တစ်ဦးမှာ ပြင်းထန်စွာထိခိုက်ခဲ့ပါတယ်။
========================
📌📌 ၉။ ရိုးမခေါ်သံကမ်ပိန်း သတ်မှတ်ရက်မရောက်မီTarget ပမာဏ ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ပြည့်မီခဲ့ပြီး Manchester United ဖန်အများစုဖြင့် ဖွဲ့စည်းထားတဲ့ "Mancesterဟင်းအိုးကြီး"အဖွဲ့မှလည်း လှူဒါန်း
ဇူလိုင်၁၄ရက်
ရိုးမခေါ်သံကမ်ပိန်း သတ်မှတ်ရက်မရောက်မီTarget ပမာဏ ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ပြည့်မီခဲ့တယ်လို့ ဇူလိုင်၁၄ရက်မှာ ရိုးမခေါ်သံကမ်ပိန်းက အသိပေးဖော်ပြပါတယ်။
"လူငယ်တွေကို အိမ်ပြန်စေချင်သူတွေ ဒီလိုအများကြီးရှိတာ သိရတော့ အရမ်းဝမ်းသာမိပါတယ်။ ရိုးမခေါ်သံဟာ သတ်မှတ်ရက် မရောက်မီမှာဘဲTarget ပမာဏ ဖြစ်တဲ့ $300,000 ကို ပြည့်မှီခဲ့ပြီပဲ ဖြစ်ပါတယ်။ နေပြည်တော်ကနေတဆင့် အိမ်ပြန်လမ်းတံခါးတွေကို တွန်းဖွင့်ကြမယ့် ဆယ်လ်မွန်စစ်သည်တွေဟာလည်း အသင့်ဖြစ်လို့နေကြပါပြီ"လို့ဆိုပါတယ်။
ရိုးမခေါ်သံ ကမ်ပိန်းမှာ ဇူလိုင်၁၃ရက်နေ့ကလည်း အမေရိကန်ဒေါ်လာသုံးသောင်းကို အလှူရှင်တစ်ဦးတည်းက စံချိန်တင် လှူဒါန်းသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။
ဒါ့အပြင် ရိုးမခေါ်သံကမ်ပိန်းကို Manchester United ဖန်အများစုဖြင့် ဖွဲ့စည်းထားတဲ့ ""Mancesterဟင်းအိုးကြီး""
အဖွဲ့မှလည်း ဒေါ်လာ တစ်သောင်းတစ်ထောင်ကျော် လှူဒါန်းခဲ့ပါသေးတယ်။
"မနေ့က လုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ သုံးသောင်း လှူဒါန်းပြီး မကြာခင်UKနိုင်ငံ မန်ချက်စတာမြို့က""Mancesterဟင်းအိုးကြီး""
အဖွဲ့မှလည်း ဒေါ်လာ တစ်သောင်းတစ်ထောင်တစ်ရာတစ်ဆယ်တစ်ဒေါ်လာ($11111)သိန်းသုံးရာကျော် အားဖြည့်လှူဒါန်သွားပါတယ်။Manchesterဟင်းအိုးကြီးအဖွဲ့ဟာ Manchester United ဖန်အများစုဖြင့် ဖွဲ့စည်းထားကြောင်း သိရပါတယ်"လို့ဆိုပါတယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက် ကို ရရှိနိုင်ရေးအတွက် “ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာ အတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment