၂၀၂၃ ဇူလိုင်လ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီဟာ ပိုက်ဆံရိုက်ထုတ်ပြီး တိုင်းပြည်ရဲ့ ငွေကြေးတန်ဖိုးကို အောက်ဆုံးအထိ ဆွဲချဖို့ ပြင်ဆင်နေပြန်ပြီလို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ ရန်သူဟာ အဖက်ဖက်ကချိနဲ့ပြိုလဲလုခါနီးပြီးမို့အားကုန်ထုတ် တွန်းလှဲပစ်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်တိုက်တွန်း
📌 ၃။ အကြမ်းဖက်စစ်ကောင်စီဟာ မြေပြင်မှာ မစိုးမိုးနိူင်တော့ဘဲ လေကြောင်းနဲ့ ပြည်သူကို ဒုက္ခပေးနေတယ်လို့ဆို
📌 ၄။ ထိုင်းနိုင်ငံက လက်နက်ပွဲစားတစ်ဦးနဲ့ချိတ်ကာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန်ကြိုးစားသူအား နယူးယောက် တရားရုံး အပြစ်ရှိကြောင်းအမိန့်ချမှတ်
📌 ၅။ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မဆာတွီ ကျေးရွာ၌ ညအိပ်ခဲ့ကြတဲ့ အကြမ်းဖက်စစ်အုပ်စုက အရပ်သားနေအိမ်နဲ့စာသင်ကျောင်းများကိုမွှေနှောက်ဖျက်ဆီး
📌 ၆။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၆) တပ်ရင်း (၂၇) ၏ (၂) ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၁၁) ဦး သေဆုံးပြီး တပ်ခွဲမှူးအဆင့် (၁) ဦး အပါအဝင် (၄) ဦး ဒဏ်ရာရ
📌 ၇။ ဆက်လက်ပြီး စိုက်ပျိုးရေးသတင်းတစ်ပုဒ်ကို တင်ဆက်ပေးပါ့မယ်။တရုတ်ဈေးကွက်ပျက်ပြီးနောက်မြန်မာနာနတ်တောင်သူတွေအခက်တွေ့နေတဲ့သတင်းကို သတင်းထောက် မကြေးမုံကပေးပို့ထားပါတယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီဟာ ပိုက်ဆံရိုက်ထုတ်ပြီး တိုင်းပြည်ရဲ့ ငွေကြေးတန်ဖိုးကို အောက်ဆုံးအထိ ဆွဲချဖို့ ပြင်ဆင်နေပြန်ပြီလို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဇူလိုင်၂၅ရက်
ဇူလိုင်၂၅ရက်တွင်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၅/၂၀၂၃ မှာ ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းက အခုလိုပြောကြားခဲ့ပါတယ်။
" စစ်ကောင်စီရဲ့ ဘဏ္ဍာရေးကဏ္ဍမှာ သူတို့ရဲ့ နိုင်ငံခြားငွေ အားကိုးအားထားပြုရာ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် ( MFTB ) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) ဘဏ် ၂ ခုကို အမေရိကန်က Sanction လုပ်ပြီးနောက် ပိုမိုအကြပ်ရိုက်လာတဲ့အခြေအနေတွေ တွေ့နေရပါတယ်။ အခုဆိုရင် ပိုက်ဆံရိုက်ထုတ်ပြီး တိုင်းပြည်ရဲ့ ငွေကြေးတန်ဖိုးကို အောက်ဆုံးအထိ ဆွဲချဖို့ ပြင်ဆင်နေပြန်ပါပြီ။ အတ္တကြီးလွန်းသူတွေ အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ တိုင်းပြည်တွေမှာ ပြည်သူတွေဟာ ဘက်ပေါင်းစုံက အထိနာနေကြဦးမှာပဲ ဖြစ်ပါတယ်။ အခုဆိုရင် စစ်ကောင်စီဟာ သူတို့ဇာတ် သူတို့မနိုင်တော့ဘဲ အချင်းချင်း ဖမ်းဆီးတာတွေ ပြုလုပ်လိုက်၊ လူအပြောင်းအလဲတွေ လုပ်လိုက်နဲ့ မကောင်းမှု ပြုထားသူတွေဟာ ကိုယ့်အရိပ်တောင် ကိုယ်ပြန်ကြောက်ပြီး ဘယ်သူမှ မယုံနိုင်အောင် ဖြစ်နေတဲ့အခြေအနေကို ရောက်နေရပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ဇူလိုင်၂၃ရက်နေ့မှာ နှစ်သောင်းတန်ငွေစက္ကူအသစ်များရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်းကြေညာခဲ့ပြီးနောက် ပြည်တွင်းရှိ စားကုန်နဲ့အခြားလူသုံးကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်မှုတို့ဖြစ်ပေါ်ခဲ့ပါတယ်။
========================
📌📌 ၂။ ရန်သူဟာ အဖက်ဖက်ကချိနဲ့ပြိုလဲလုခါနီးပြီးမို့အားကုန်ထုတ် တွန်းလှဲပစ်ကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်တိုက်တွန်း
ဇူလိုင်၂၅ရက်
ဇူလိုင်လနောက်ဆုံးပတ်မှာ စီမံကိန်း ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်က နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး အခုလို တိုက်တွန်းပြေကြားထားပါတယ်။
"ဒီမြေဒီရေဒီတော်လှန်ရေးမှာ နာရီမိနစ်စက္ကန့်မလပ်အာဇာနည်သူရဲကောင်းတွေ ကြွေလွင့်စွန့်လွှတ် ပေးဆပ်နေကြပါတယ်..။အဲ့သလို အဖြစ်အပျက်တွေမြင်ပါများ၊ ကြားပါများလို့
ရိုးသွား ထုံသွား အပရိက ဖြစ်သွားတဲ့ ခံစားချက်တွေ စိုးစဉ်းမျှရှိလို့မရပါ..။မြင်သမျှ၊ ကြားသမျှ သိရသမျှတွေကိုတော်လှန်ခွန်အားအဖြစ် ဒေါသအလိပ်လိပ်ဆင့်လွှဲပြောင်းလဲပြီး ပန်းတိုင်အရောက်ချီတက်ကြရမယ့်ပွဲ..။အောင်ပွဲနဲ့ သက်သေပြုမှတ်ကျောက်တင်ရမယ့်ပွဲ..။ရန်သူဟာ အဖက်ဖက်ကချိနဲ့ပြိုလဲလုခါနီးပြီးမို့အားကုန်ထုတ် တွန်းလှဲပစ်ကြပါစို့"လို့ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ရေးအရအထိနာကျရှုံးနေသလိုမကြာသေးမီက စစ်ကောင်စီရဲ့နိူင်ငံခြားငွေရလမ်း အဓိကဒေါက်တိုင်ဖြစ်တဲ့ ဘဏ်နှစ်ခုမှာလည်း ပိတ်ဆို့အရေးယူခံခဲ့ရပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီဟာ မြေပြင်မှာ မစိုးမိုးနိူင်တော့ဘဲ လေကြောင်းနဲ့ ပြည်သူကို ဒုက္ခပေးနေတယ်လို့ဆို
ဇူလိုင်၂၅ရက်
ဇူလိုင်လအတွင်းကျင်းပခဲ့တဲ့ ပြည်သူမှပြည်သူသို့ အစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့ Challenges တွေက ငွေလိုတယ်။ နောက်တစ်ခုကတော့ စုစည်းညီညွတ်မှုလိုတယ်။ ရနိုင်ရင်တော့ အကောင်းဆုံးကတော့ လက်နက်ကိုင်တော်လှန်ရေးမှာ သူတို့ကလေကြောင်းနဲ့ ပြည်သူကို ဒုက္ခပေးနေတာ။ သူတို့မှာ မြေပြင်ကို မစိုးမိုးနိုင်တော့ဘူး။ ဒါကြောင့် သူတို့က လေကြောင်းနဲ့ လာနေတာ။ အဲဒီဟာကို ကျွန်တော်တို့တွေ ထိန်းချုပ်နိုင်ခဲ့မယ်။ အဲဒါကိုသာ ကာကွယ်နိုင်ခဲ့မယ်။ အဲဒါကိုသာ ဖြိုဖျက်နိုင်ခဲ့မယ်ဆိုရင် ဒီနေ့ တော်လှန်ရေးက မနက်ဖြန် ပြီးသွားမှာပေါ့"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနှစ် ဧပြီလ၁၀ရက်နေ့တွင် ချင်းပြည်နယ် ဝေဘူလမြို့သစ်မှ စစ်ဘေးရှောင် CDM ကျောင်းအုပ်ကြီးမိသားစုအပါအဝင် ၉ဦးသေဆုံးခဲ့ပါတယ်။
ဧပြီလ၁၁ရက်မှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှ လူဦးရေ ၁၇၄ဦးသေဆုံးခဲ့ရပြီး အများစုမှာ အမျိုးသမီးနဲ့ကလေးငယ်များဖြစ်ကြပါတယ်။
========================
📌📌 ၄။ ထိုင်းနိုင်ငံက လက်နက်ပွဲစားတစ်ဦးနဲ့ချိတ်ကာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန်ကြိုးစားသူအား နယူးယောက် တရားရုံး အပြစ်ရှိကြောင်းအမိန့်ချမှတ်
ဇူလိုင်၂၅ရက်
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ နယူးယောက်မြို့မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်သည် မြန်မာသံအမတ်ကြီးကို လူငှားတိုက်ခိုက်ဖို့အတွက် ထိုင်းနိုင်ငံက လက်နက်ပွဲစားတစ်ဦးနှင့်ချိတ်ကာ သံအမတ်ကြီးရဲ့အတွင်းသတင်းနဲ့ သံရုံးရဲ့အတွင်း သတင်းတွေကို ပေးပို့ခဲ့တာဖြစ်ပါတယ်။
နယူးယောက်မြို့ ဖယ်ဒရယ်တရားသူကြီး Nelson S.Roman ရှေ့မှောက်မှာ ရှစ်ရက်ကြာ ကြားနာစစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက် သူ့မှာအပြစ်ရှိ ကြောင်းတွေ့ရှိခဲ့တာလို့ နယူးယောက် တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက ဇူလိုင် ၂၄ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ပြစ်မှုအတွက် အပြစ်ဒဏ်ကိုတော့ လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ အပြီးသတ် အမိန့်ချမယ်လို့ ဖော်ပြထားပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ နယူးယောက်မြို့မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော်တို့ နှစ်ဦးကို ၂ဝ၂၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၅။ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မဆာတွီ ကျေးရွာ၌ ညအိပ်ခဲ့ကြတဲ့ အကြမ်းဖက်စစ်အုပ်စုက အရပ်သားနေအိမ်နဲ့စာသင်ကျောင်းများကိုမွှေနှောက်ဖျက်ဆီး
ဇူလိုင်၂၅ရက်
ဇူလိုင်၂၅ရက်မှာ CDF - Kanpetlet- ခေါ်နူးတပ်ရင်းက စကစတပ်များ သောင်းကျန်းမှုအခြေအနေကို အခုလိုအသိပေးဆိုပါတယ်။
"ကျင်ဒွေးသို့ ရိက္ခာပို့မည့် စကစ စစ်ကြောင်းသည် ကန်ပက်လက်မြို့နယ် ၊ မဆာတွီကျေးရွာ၌ ညအိပ်ခဲ့ကြစဥ်တွင် အများပြည်သူလူထုအိုးအိမ်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့်ပြည်သူ့အိမ်တွင်း ရှိ ပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း များအပြင် ဘာသာရေးအဆောက်အအုံးအတွင်း နေရာယူခြင်း၊ သောက်စားမူးယစ်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။
စာသင်ကျောင်းများရှိ ကွန်ပျူတာ ၊ မှတ်တမ်းဖိုင်များ၊ ကျောင်းပိုင်ပစ္စည်းများကိုလည်း ယူဆောင်သွားကြပြီးလတ်တလောမှာပျက်စီးမှု
အသေးစိတ်အချက်အလက်များကို စုဆောင်းနေရဆဲဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၆။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၆) တပ်ရင်း (၂၇) ၏ (၂) ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၁၁) ဦး သေဆုံးပြီး တပ်ခွဲမှူးအဆင့် (၁) ဦး အပါအဝင် (၄) ဦး ဒဏ်ရာရ
ဇူလိုင်လ (၂၅) ရက်
ဇူလိုင်၂၅ရက်မှာ စစ်ရေးသတင်းကို KNUဗဟိုကအသိပေးဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လ (၂၂) ရက်နေ့ ညနေ (၆း၃၀) မိနစ်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၂၇) တပ်ခွဲ (၄) တပ်ရင်း ရုံးအဖွဲ့ နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် တို့အကြား ကေအဲန်ယူ−ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ဝဲဝန်းကျေးရွာ အနီးတွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ် မှ (၁) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရကာ မိမိတို့ တော်လှန်ရေးရဲဘော်များမှာမူ မည်သူမျှ ထိခိုက်ကျဆုံးခြင်း မရှိဘူးလို့ဆိုပါတယ်။
ဇွန်လ (၂၃) ရက်နေ့ ညနေ (၆း၃၀) မိနစ်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၂၇) တပ်ခွဲ (၄) တပ်ရင်း ရုံးအဖွဲ့ နှင့် အာဏာသိမ်းအကြမ်း စစ်ကောင်စီတပ် (တပ်ရင်းအမှတ် စုံစမ်းဆဲ) တို့အကြား ကေအဲန်ယူ−ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ဝဲဝန်းကျေးရွာ အနီးတွင် နှစ်ဖက်တိတွေ့ ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်မှ နောက်ထပ် (၄) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရကာ ထိုဒဏ်ရာရသူမှာ တပ်ခွဲမှူး ဝင်းမင်းခိုင် ဖြစ်ကြောင်း ကြေးနန်းသတင်းအရ သိရပါတယ်။
တော်လှန်ရေးရဲဘော်မှလဲ (၁) ဦး ဒဏ်ရာရကာ (၂) ဦးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရပြီး လက်နက် (၂) လက် ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လ (၂၃) ရက်နေ့ မနက် (၉း၃၀) မိနစ် အချိန်ခန့်တွင် သံဖြူဇရပ်မှ ရေးမြို့သို့ ပြန်လာသော စစ်ကောင်စီကား (၃)စီးအား မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၂၇) နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ကေအဲန်ယူ−ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ပျော်သာယာရွာ အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ကားတစ်စီး ပျက်စီးခဲ့ပြီး (၄) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာရခဲ့ပါတယ်။
ထို့နောက် ညနေ ၁ နာရီ ၄၃ မိနစ်အချိန်ခန့်တွင် ပျော်သာယာရွာမှ ရေးမြို့သို့ ပြန်ဆင်းသော စစ်ကောင်စီကား (၃) စီးအား မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၂၇) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ပန္နဲတော သုသာန် အနီးတွင် ထပ်မံကြားဖြတ်တိုက်ခိုက်ရာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ နောက်ထပ် (၂) ဦး သေဆုံးခဲ့ကြောင်း သိရတယ်လို့ဆိုပါတယ်။
အခု တင်ပြပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
📌📌 ၇။ ဆက်လက်ပြီး စိုက်ပျိုးရေးသတင်းတစ်ပုဒ်ကို တင်ဆက်ပေးပါ့မယ်။တရုတ်ဈေးကွက်ပျက်ပြီးနောက်မြန်မာနာနတ်တောင်သူတွေအခက်တွေ့နေတဲ့သတင်းကို သတင်းထောက် မကြေးမုံကပေးပို့ထားပါတယ်။
၂၀၁၉ခုနှစ်သြဂုတ်လကထဲက နာနတ်သီးတင်ပို့မှုကို တရုတ်နိုင်ငံက ပိတ်ပင်လိုက်တဲ့အ တွက် ၄နှစ်အကြာမှာ မြန်မာနာနတ်တောင်သူတွေအခက်တွေ့လာပါတယ်။ မူဆယ် လမ်းကြောင်းကနေ တင်ပို့နေတဲ့မြန်မာနာနတ်တွေကို အရည်အသွေးကြောင့်မဟုတ်ပဲ တင်ပို့မှုကို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ပြည်တွင်းနာနတ်ကုန်သည်တွေက သုံးသပ်ပါ တယ်။ မြန်မာ့နာနတ်ကအရည်အသွေးကောင်းမွန်ပေမယ့် လတ်တလောမှာတော့ ပြည် ပဈေးကွက်မရှိပဲ ပြည်တွင်းဈေးကွက်ကိုသာ အားထားနေရတာဖြစ်ပါတယ်။ ဒီအခြေ အ နေကို ရှမ်းပြည်နယ်မှ နာနတ်စိုက်ပျိုးထုတ်လုပ်သူတောင်သူက အခုလိုပြောပါတယ်။
တရုတ်ကတော့ လောလောဆယ်မရ သေးဘူးဗျ။ သူတို့အခုချိန်ထိ ကျွန်တော် တို့ကိုအကြောင်းမပြန်သေးဘူးပေါနော်၊ ဒီနှစ်ကတော့မမှီပါဘူး။ နောက်နှစ်မှ ရမှာပါ။
တစ်ခြားနိုင်ငံကိုလည်းမရသေးဘူး။ အဓိက ဘယ်နိုင်ငံကိုပဲပို့ပို့တရားဝင် MoU ထိုးနိုင်တဲ့ အခြေအနေကမရှိသေးတော့ ဘယ်နိုင်ငံမှ မရသေးပါဘူး။ ပို့ဖို့ကတော်တော်ခက်အုန်း မယ်။ Process အနေနဲ့ကလည်း ကျွန်တော်တို့မှာ လက်ရှိအနေထားအရ စက်တွေက လည်းအခုမှ မှာထားတုန်း။ တစ်ခြားပစ္စည်းတွေကလည်း ခက်ခဲတဲအနေထားမှာရှိတဲ့အ နေထားဆိုတော့ ပို့လို့မရသေးတာပါ။
ပြည်တွင်းနာနတ်စိုက်ပျိုးထုတ်လုပ်မှုက ဧကခြောက်သောင်းကျော်ရှိရာကနေ လက်ရှိ အချိန်မှာတော့ ဧက နှစ်သောင်းလောက်ကျဆင်းသွားပါတယ်။ နယ်စပ်ကတစ်ဆင့်နာနတ်သီးတင်ပို့ခွင့်ကို လေးနှစ်ကြာပိတ်ဆို့ခဲ့ပြီးနောက် ပြီးခဲတဲ့ ဇန်နဝါရီလ ၃၁ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့က နာနတ်သီးတရားဝင်တင်ပို့နိုင်ဖို့ စာချုပ်မူကြမ်းကိုပေးပို့ခဲ့ပါတယ်။ အဲ့ ဒီမူကြမ်းမှာ စိုက်ပျိုးထားတဲ့နာနတ်ခင်းက GAP စနစ်ဖြစ်ဖို့၊ တားမြစ်ထားတဲ့ ပိုးမွှားနဲ့ ရောဂါများမပါဝင်ဖို့၊ တရားတင်ပို့နိုင်ဖို့ လာရောက်စစ်ဆေးတဲ့အခါမှာ စရိတ်စကကျခံပေး ဖို့စတဲ့ အချက်တွေပါဝင်တယ်လို့ သစ်သီးဝလံအသင်းကထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံဘက်ကပေးပို့လာတဲ့ စာချုပ်မူကြမ်းကို မြန်မာတောင်သူတွေက လိုက်လျောဖို့ ရှိပေမယ့် ဆက်လက်ညှိုနှိုင်းဆောင်ရွက်နိုင်တာမရှိတဲ့အတွက် အရည်အသွေးကောင်း မြန်မာနာနတ်တွေ ပြည်ပဈေးကွက်မရှိပဲ ဖြစ်နေပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment