၂၀၂၃ ဇူလိုင်လ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာသိမ်းမှုများကို ယခုနွေဦးတော်လှန်ရေးတွင် အပြီးသတ်အမြစ်ဖြတ်မယ်လို့ "(၆၁)နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံအခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ"တွင် NUGအစိုးရကတိပြု
📌 ၂။ ဆဲဗင်းဂျူလိုင်နေ့အခမ်းအနားကို PSSTFက ဦးဆောင်ကျင်းပ
📌 ၃။ တက္ကဆပ်ပြည်နယ်မှာ NUGဝန်ကြီးများနှင့် သံအမတ်ကြီးတို့ လူထုတွေ့ဆုံပွဲ ကျင်းပမည်
📌 ၄။ ၆၁ နှစ်ပြည့် 7July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနား ABSDF ကျင်းပ
📌 ၅။ ဒရုန်းကိုယ်ထည်အား Composite နည်းပညာများဖြင့် Federal Wings ၏ ထုတ်လုပ်ရေးတပ်ဖွဲ့များမှ ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီလို့ပြောကြား
📌 ၆။ နွေဦးထီ အစီအစဉ်မှ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်းစုစုပေါင်း လေးဆယ့်ခုနှစ်သိန်းငါးသောင်းကျပ်ကို ထောက်ပံ့ငွေ ကူညီနိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာသိမ်းမှုများကို ယခုနွေဦးတော်လှန်ရေးတွင် အပြီးသတ်အမြစ်ဖြတ်မယ်လို့ "(၆၁)နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံအခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ"တွင် NUGအစိုးရကတိပြု
ဇူလိုင်၇ရက်
ဇူလိုင်လ (၇) ရက်နေ့မှာ ကျရောက်တဲ့ "(၆၁)နှစ် မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံအခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရမှပေးပို့သောသဝဏ်လွှာတွင် အခုလိုဖော်ပြပါရှိပါတယ်။
ယနေ့ ဇူလိုင်လ (၇) ရက်နေ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တို့၏ မတရားအနိုင်ကျင့်မှုကို ရဲရင့်ပြတ်သားစွာ ဆန့်ကျင်ခဲ့သည့် ကျောင်းသားလူငယ်ထု၏ သွေး ရန်ကုန်တက္ကသိုလ်မြေပေါ်တွင်ကျခဲ့ရသည့် ဆဲဗင်းဂျူလိုင် (၇. ၇. ၁၉၆၂) ကျောင်းသား အရေးတော်ပုံကြီး (၆၁) နှစ်ပြည့်မြောက်သည့်နေ့ဖြစ်တယ်လို့ဖော်ပြပါတယ်။
စစ်အာဏာရှင်၏ လက်ပါးစေတပ်များက သမိုင်းဝင်ပညာတတ်နိုင်ငံရေးခေါင်းဆောင်များ သန္ဓေတည် မွေးဖွားသည့် ... အမိရန်ကုန်တက္ကသိုလ်မြေတွင် ကျောင်းသားထုကြီးကို သွေးစွန်းစေခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦကိုလည်း ယုတ်မာရက်စက်စွာ ဗုံးခွဲဖြိုချဖျက်ဆီးခဲ့ကြပေတယ်လို့ဆိုပါတယ်။
သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများအတိုင်း ယခု ၂၁ရာစုတွင်လည်း အာဏာရှင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ရဟန်းရှင်လူကျောင်းသား ပြည်သူတစ်ရပ်လုံး အပေါ်တွင် ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်နေမှုများ ဆက်လက်ကျူးလွန်နေမြဲပင်ဖြစ်တယ်လို့ဆိုပါတယ်။
ထို့ကြောင့် မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန် စေသည့် လက်နက်ဖြင့်...အနိုင်ကျင့်သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို ယခုနွေဦးတော်လှန်ရေးတွင် အပြီးသတ်အမြစ်ဖြတ်ကာ နောင်အနာဂတ်တွင် မည်သည့်အာဏာရှင်မှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေး နှင့် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှု သေချာစေရေးတို့ကို ရည်မှန်းချက်ထားပြီး ခေတ်အဆက်ဆက် တော်လှန်ရဲရင့်ခဲ့သည် ကျောင်းသားထု၏ ... သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်မှုများ၊ တိုင်းသားလူမျိုးပေါင်းစုံမှ တော်လှန်ရေး ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့နှင့်ပေါင်းစပ်ကာ ယခု နွေဦးတော်လှန်ရေးတွင် အစွမ်းကုန်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါမည်ဟု မမေ့အပ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဋ္ဌာန်ပြုအပ်တယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၂။ ဆဲဗင်းဂျူလိုင်နေ့အခမ်းအနားကို PSSTFက ဦးဆောင်ကျင်းပ
ဇူလိုင်၇ရက်
ဇူလိုင်၇ရက်နေ့တွင် ကျရောက်တဲ့ ၆၁နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့အခမ်းအနားကို PSSTFက ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးနဲ့ နယ်ပယ်အသီးသီးမှ လူသုံးရာကျော်တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးအခုလိုဆက်လက်ပြောကြားခဲ့ပါတယ်။
"အားလုံးသိတဲ့အတိုင်း ဆဲဗင်းဂျူလိုင်ဆိုတာ တော်လှန်ရေးရဲ့ အထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်။စစ်အာဏာရှင်ကို တော်လှန်တဲ့ အထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်။ငယ်ငယ်ကဆို ဆဲဗင်းဂျူလိုင်ဆိုတာ ပြောလို့တောင်ပြောခွင့်မရခဲ့ပါဘူး။အခုဆို မျိုးဆက်တွေတဆင့်ပြီးတဆင့်အဆင့်ဆင့် တော်လှန်ခဲ့တဲ့တော်လှန်ရေးဒီကနေ့ အဲဒီတော်လှန်ရေးကို အဆုံးသတ်ဖို့လိုပြီလို့ မြင်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် ၁၉၆၂ ခုနှစ်ကပေးဆပ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂနဲ့ကျောင်းသားတွေရဲ့ခွန်အားဟာ ယနေ့တော်လှန်ရေးအထိ အားဖြစ်စေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ မကွေးလူထုတိုက်ပွဲကော်မတီမှ ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ကိုချစ်ဝင်းမောင်က "ဆရာကြီး ဒေါက်တာဇော်ဝေစိုးရှိတုန်း တစ်ခါတည်းတောင်းဆိုလိုပါတယ် ဆဲဗင်းဂျူလိုင်ကို တော်လှန်ရေးပြီးရင် တက်လာတဲ့အစိုးရက နိူင်ငံတော်အဆင့်ကျင်းပပေးဖို့ တောင်းဆိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ဆဲဗင်းဂျူလိုင်သမိုင်းနဲ့ ကျောင်းသားသမဂ္ဂစိတ်ဓာတ်တို့ကို ကိုချစ်ဝင်းမောင်ကရှင်းလင်းခဲ့ပြီး စစ်အာဏာရှင် ကို ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂများကဆန့်ကျင်ကြောင်းကိုပြောကြားခဲ့ပါတယ်။
ထို့နောက် ဆဲဗင်းဂျူလိုင်အခမ်းအနား ဦးဆောင်ကျင်းပတဲ့ PSSTFမှ ပြည်သူများနဲ့ CDMerများကို စိတ်လူမှုထောက်ပံရေး သင်တန်းများပေးခြင်းနဲ့ ဆွေးနွေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဖျော်ဖြေရေးအစီအစဥ်တွင် သမဂ္ဂတို့အမေသီချင်းနဲ့ CDM ကျောင်းသားများကဖျော်ဖြေခဲ့ကြပါတယ်။
========================
📌📌 ၃။ တက္ကဆပ်ပြည်နယ်မှာ NUGဝန်ကြီးများနှင့် သံအမတ်ကြီးတို့ လူထုတွေ့ဆုံပွဲ ကျင်းပမည်
ဇူလိုင်၇ရက်
အမေရိကန်နိူင်ငံ တက္ကဆပ်ပြည်နယ် မှာNUGဝန်ကြီးများနဲ့ သံအမတ်ကြီးတို့ လူထုတွေ့ဆုံပွဲကို ဇူလိုင်၁၆ရက်နေ့မှာ ကျင်းပမယ်လို့သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲကိုကျင်းပမှာဖြစ်လို့ Texas ပြည်နယ်နှင့် နီးရာ State များမှ မြန်မာတိုင်းရင်းသား ညီအကိုမောင်နှစ်မများအားလုံးကိုနွေထွေးစွာဖိတ်ကြားထားပါတယ်။
တွေ့ဆုံပွဲသို့ NUG ဝန်ကြီးများဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နှင့်လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ Dallas သို့လာရောက်ပြီး local communities များဖြင့်တွေ့ဆုံကြမှာဖြစ်ပါတယ်။
မိမိမေးလိုရာမေးခွန်းများကိုလည်းအဲ့ဒီ့နေ့မှာ ကိုယ်တိုင်မေးမြန်းနိုင်မှာဖြစ်ပြီးတော့မြန်မာအစားအစာများကို ရောင်းချသွားမှာဖြစ်ပြီး Fundraising Auction များလည်း ပါဝင်ပါတယ်။
========================
📌📌 ၄။ ၆၁ နှစ်ပြည့် 7July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနား ABSDF ကျင်းပ
ဇူလိုင်၇ရက်
၆၁ နှစ်မြောက် 7July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနား ABSDFကကျင်းပခဲ့ပါတယ်။
ဇူလိုင်၇ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ကျောင်းသားတပ်မတော် ) ၊ စစ်ကြောင်း ( ၃ )ကအသိပေးဆိုပါတယ်။
၆၁ နှစ်ပြည့် 7July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးကျောင်းသားရဲဘော်များ အလေးပြုခြင်းအခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ကျောင်းသားတပ်မတော် ) ၊ စစ်ကြောင်း ( ၃ ) ချင်းတွင်းဒေသတပ်ရင်းမှာ ပြုလုပ်ခဲ့ပါတယ်လို့ဆိုပါတယ်။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် 7July ကျောင်းသားအရေးတော်ပုံနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အဦး အား စစ်အာဏာရှင်များမှ ဗုံးခွဲဖျက်စီးခဲ့ပုံ သမိုင်းကြောင်းအား အနာဂတ်မျိုးဆက်သစ် လူငယ်ရဲဘော်များအား ဟောပြောခြင်း လည်း ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၅။ ဒရုန်းကိုယ်ထည်အား Composite နည်းပညာများဖြင့် Federal Wings ၏ ထုတ်လုပ်ရေးတပ်ဖွဲ့များမှ ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီလို့ပြောကြား
ဇူလိုင်၇ရက်
ဇူလိုင်၇ရက်နေ့မှာ Federal Wingsဒရုန်းတပ်ဖွဲ့ကအခုလို အသိပေးဆိုပါတယ်။
"Federal Wings သည် မိမိတို့တွင်ရှိထားသည့် ပေးထားချက်နှင့် အကန့်အသတ်ဘောင်များအတွင်းမှ ရနိုင်သမျှအကောင်းဆုံးရလဒ်များ ဖြစ်ထွန်းလာရန်အတွက် အစဉ်တစိုက် ကြိုးစားအားထုတ်လျက်ရှိပါတယ်။ယခု တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း ထုတ်လုပ်ရေးစီမံကိန်းအား ပြည်တွင်းနှင့် ကမ္ဘာအနှံ့မှ နည်းပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ (၁) နှစ်တာကာလအတွင်းသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်ပါတယ်။ဒရုန်းကိုယ်ထည်အား Composite နည်းပညာများဖြင့် Federal Wings ၏ ထုတ်လုပ်ရေးတပ်ဖွဲ့များမှ ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်Federal Wings ဒရုန်းများ အားဖြည့်တပ်ဆင်ရန်အတွက်
- Federal Wings နှင့် Cobra (Campaign)
- Federal Wings နှင့် KNDF/B-15 (Campaign)
- Federal Wings နှင့် ယောဒေသ ဒရုန်းလက်ရုံးတပ်ဖွဲ့ (Campaign)ပူးပေါင်း Fundraising အစီအစဉ် (၃) ခုအား စတင်သွားမည်ဖြစ်သဖြင့် ပါဝင်အားဖြည့်ကူညီပေးနိုင်ကြပါရန် ပြည်သူလူထုအားမေတ္တာရပ်ခံအပ်ပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ နွေဦးထီ အစီအစဉ်မှ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်းစုစုပေါင်း လေးဆယ့်ခုနှစ်သိန်းငါးသောင်းကျပ်ကို ထောက်ပံ့ငွေ ကူညီနိုင်ခဲ့
ဇူလိုင်၇ရက်
ဇူလိုင်လအတွင်း CDM Medical Network ကထောက်ပံ့ငွေ ကူညီနိုင်မှုနှင့်ပတ်သက်ပြီး အခုလိုအသိပေးဖော်ပြပါတယ်။
"၂၀၂၃ ခုနှစ် မေလတွင် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း လေးဆယ့်ခုနှစ်သိန်းငါးသောင်းကျပ် တိတိကို ကျန်းမာရေး CDM ဝန်ထမ်း (95) ယောက်မှ မျှဝေ ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း သုံးသောင်း ကျော် ရှိသည့်အနက်မှ စားဝတ်နေရေးခက်ခဲနေသော ဝန်ထမ်းများကို အတတ်နိုင်ဆုံးဦးစားပေး ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။
ကျန်ရှိနေသေးတဲ့ ကျန်းမာရေးCDMဝန်ထမ်းများကိုလည်း တစ်လချင်း ရရှိသော ထောက်ပံ့ကြေးခွဲတမ်းများ အရ အလှည့်ကျ ခွဲဝေပေးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment