၂၀၂၃ သြဂုတ်လ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ (၇၃) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့
📌 ၂။ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေနဲ့ ပတ်သက်ပြီး အကာအကွယ်ပေးနိုင်ရေးအတွက် NUGဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မည်
📌 ၃။ တရားမျှတမှုဆိုတာ နစ်နာသူများအားလုံးအပေါ် မျှမျှတတကာကွယ်ပေးဖို့ လိုသလို ကျူးလွန်သူတိုင်းကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လိုအပ်တယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီးပြောကြား
📌 ၄။ စစ်အုပ်စုလုံးပါးသွားပြီး စစ်တပ်၏ ကံကြမ္မာအားပြည်သူလူထုလက်ဝယ်သို့ ပြန်လည်လွှဲအပ်ရေး ကြိုးပမ်းသွားရမယ်လို့ ကရင့်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းပြောကြား
📌 ၅။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH)နှင့်စစ်ကိုင်းတိုင်းရှိမြန်မာ့မီးရထားCDMဝန်ထမ်းများ သမဂ္ဂအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
📌 ၆။ ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈)မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ဆွန်တလာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရ
📌 ၇။ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မရမ်းကုန်းကျွေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက် တပ်ဆွဲထားသော စကစစစ်ကြောင်းအား တောကျီးကန်းစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်များမှ သွားရောက်တိုက်ခိုက်ရာ စကစဘက်ကဆယ်ဦးမနည်းသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ (၇၃) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့
သြဂုတ်လ ၁၂ ရက်
သြဂုတ်လ၁၂ရက် တွင်ကျရောက်သော (၇၃) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့် ကရင်အာဇာနည်နေ့သည် ယနေ့တွင် (၇၃) နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ အတိတ်သမိုင်းတွင် ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးနှင့်တကွ ကရင်တိုင်းရင်းသားအာဇာနည်များက ကရင်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် အဖိနှိပ်ခံဘဝမှ လွတ်မြောက်နိုင်ရန် အသက်သွေးချွေးများ ရင်းနှီးပေးဆပ်ခဲ့ကြသော ကြောင့် ၎င်းတို့၏ ကိုယ်ကျိုးစွန့် ပေးဆပ်အနစ်နာခံမှု၊ လေးစားဖွယ်ရာ တည်ကြည်သည့် စိတ်ဓာတ် နှင့် ဂုဏ်ကျေးဇူးများအား အောက်မေ့သတိရခြင်းအားဖြင့် ကရင်အာဇာနည်နေ့အား နှစ်စဥ်ကျင်းပ လျက် ရှိပါတယ်လို့ဖော်ပြပါတယ်။
ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ရပ်တည်ချက်ခိုင်မာစွာ ခေတ်အဆက်ဆက် အာဏာရှင်များအား ဆန့်ကျင်လျက်ရှိသည့် ကရင်တစ်မျိုးသားလုံးနှင့် ကရင်တိုင်းရင်းသားခေါင်းဆောင်များအား ယနေ့ ကျရောက်သည့်အောက်မေ့ဖွယ်နေ့တွင် လေးမြတ်စွာ ဂုဏ်ပြုဦးညွှတ်လိုပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း အခြားတော်လှန်ရေးအင်အားစုအသီးသီးတို့နှင့် တသားတည်း ပေါင်းစုလျက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတွင် တစိုက်မတ်မတ် အားအင်အပြည့်ဖြင့် တိုက်ပွဲဝင်ရင်း ကျရာတာဝန်များအား သွေးစည်းညီညွတ်စွာ ထမ်းဆောင်လျက် ရှိသည့်အတွက် လည်း လွန်စွာ ဝမ်းသာဂုဏ်ယူမိပါတယ်လို့ဆိုပါတယ်။
ကရင်တစ်မျိုးသားလုံးအနေဖြင့် ကရင်အာဇာနည်များ၏ မျှော်မှန်းချက်များအား လက်တွေ့ အကောင်အထည်ဖော်နိုင်ကြကာ နွေဦးတော်လှန်ရေးအောင်မြင်မှုများအား မိမိတို့အားလုံးနှင့်အတူ တွဲလက်မြဲမြံစွာ စုစည်းမှုအင်အားဖြင့် တည်ဆောက်ရယူလျက် မိမိတို့ယုံကြည်တန်ဖိုးထားသော ဒီမိုကရေစီစံနှုန်းများ ပြည့်ဝသည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးအား မဝေးသော အချိန်တစ်ခုတွင် တည်ထောင်နိုင်မည်ကို အကြွင်းမဲ့ယုံကြည်မိပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ပြည်သူများ၏ အကျိုးအတွက် ထမ်းရွက်လျက် အာဏာရှင်စနစ်အား အပြီးသတ်အမြစ်ဖြတ်နိုင်ရေးတွင် အားလုံးသော တော်လှန်ရေးအင်အားစုအသီးသီးနှင့် ဆက်လက်ပူးပေါင်း၍ ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ကတိသစ္စာပြုကာ ဤ (၇၃) နှစ်မြောက် ကရင်အာဇာနည်နေ့ သဝဏ်လွှာအား လေးစားစွာ ပေးပို့အပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၂။ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေနဲ့ ပတ်သက်ပြီး အကာအကွယ်ပေးနိုင်ရေးအတွက် NUGဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မည်
ဩဂုတ် ၁၁ ရက်မှာ ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ ဝန်ကြီးဌာနနှစ်ခုပူးပေါင်းကာ လုပ်ငန်းကော်မတီဖွဲ့စည်းပြီး အဆိုပါလုပ်ငန်းကော်မတီကနေ child rapists (ကလေးမုဒိန်းမှု) ကိစ္စတွေ ၊ case management (အမှုတွဲ စီမံခန့်ခွဲမှု) ကိစ္စတွေ ၊ sexul abuse (လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှု) လုပ်ခံရတာတွေ ၊ power of abuse (အာဏာနဲ့ အလွဲသုံးမှု) လုပ်ခံရတာတွေကို စနစ်တကျပြုစုပြီး အခြားသောဝန်ကြီးဌာနတွေနဲ့ တိုင်ပင်စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးရာမှာ child protection policy (ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒ) ကို အခြေခံပြီး သင်ရိုးညွှန်းတန်းတွေမှာ ထည့်သွင်းရေး၊ ဆရာများကို သင်တန်ပေးရေး ၊ ကျောင်းသားမိဘများကို ပညာပေးအတွက် လက်ကမ်းစာစောင်တွေမျှဝေရေးနဲ့ မြေပြင်က အမျိုးသမီး အဖွဲ့တွေနဲ့ ကလေးသူငယ်အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီး prevent protection (ကာကွယ်တားဆီးရေး) လုပ်ငန်းများကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့အပါအဝင် အဆင့်မြင့်ပညာ၊ အခြေခံပညာမှ ဆရာဆရာမများတက်ရောက်ခဲ့ ကြပါတယ်။
========================
📌📌 ၃။ တရားမျှတမှုဆိုတာ နစ်နာသူများအားလုံးအပေါ် မျှမျှတတကာကွယ်ပေးဖို့ လိုသလို ကျူးလွန်သူတိုင်းကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လိုအပ်တယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီးပြောကြား
သြဂုတ်လ၁၂ရက်
"တရားမျှတမှုဆိုတာ နစ်နာသူများအားလုံးအပေါ် မျှမျှတတကာကွယ်ပေးဖို့ လိုသလို ကျူးလွန်သူတိုင်းကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လိုပါတယ်"လို့သြဂုတ်လ၁၂ရက်မှာ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုထားပါတယ်။
လက်ရှိမှာ လူ့အခွင့်ရေးရာဝန်ကြီးဌာနဟာ တရားမျှတမှုပြန်လည်ရရှိရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး စစ်တပ်ရဲ့ ရာဇဝတ်မှုကျူးလွန်မှုများကို မှတ်တမ်းတင်ကာ နိူင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့တင်ပြလျက်ရှိပါတယ်။
"ရက်ပေါင်း ၉၂၂ ရက်အတွင်းမှာ အသက်ပေးလိုက်ရတဲ့ သူက ၃၉၁၉ ရှိနေပြီ။
ဒီလို ရက်စက်ယုတ်မာ သတ်ဖြတ်မှုတွေအတွက် ပြစ်ဒဏ်ပေးဖို့ နှင့် တရားမျှတမှုဖေါ်ဆောင်ပေးဖို့ကျနော်တို့တစ်ဦးချင်းစီမှာ ကျင့်ဝတ်သိက္ခါအရ တာဝန်ရှိပါတယ်"လို့ လူ့အခွင့်ရေးရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်းဆိုထားပါတယ်။
========================
📌📌 ၄။ စစ်အုပ်စုလုံးပါးသွားပြီး စစ်တပ်၏ ကံကြမ္မာအားပြည်သူလူထုလက်ဝယ်သို့ ပြန်လည်လွှဲအပ်ရေး ကြိုးပမ်းသွားရမယ်လို့ ကရင့်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းပြောကြား
သြဂုတ်လ၁၂ရက်
သြဂုတ်လ၁၂ရက်ကျရောက်တဲ့ ကရင့်အမျိုးသားအာဇာနည်နေ့မှာ ကရင့်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အခုလိုပြောကြားလိုက်ပါတယ်။
"အာဏာသိမ်းစစ်အုပ်စုဟာ အဘက်ဘက်မှဖိအားများကိုခံစားနေရပါတယ်။ပြည်သူလူထုတစ်ရပ်လုံးလည်းအခက်အခဲ အကြပ်အတည်းမျိုးစုံကို ရင်ဆိုင်ခံစားနေကြရပါတယ်။သို့ရာတွင် လူမျိုးကြီးဝါဒကို စွဲကိုင်အသုံးချနေသည့်စစ်အုပ်သည် တိုင်းရင်းသားလူမျိုးများနှင့်ပြည်သူလူထုအား အကြမ်းဖက်ဖိနှိပ်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။စစ်အုပ်ချုပ်ရေးကိုဆက်လက်ကိုင်စွဲပြီးနည်းပရိယာယ်မျိုးစုံဖြင့်လှည့်ဖျားနေပါတယ်။ အစုအဖွဲ့အားလုံး၏ အင်အားကိုစုစည်းကာ စစ်အုပ်စုလုံးပါးသွားပြီး စစ်တပ်၏ ကံကြမ္မာအားပြည်သူလူထုလက်ဝယ်သို့ ပြန်လည်လွှဲအပ်ကာ တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူလူထု၏ လိုအင်ဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်နိူင်သည့်အထိ ရှေ့ဆက်ကြိုးပမ်းရပါမယ်"လို့ဆိုပါတယ်။
ဒါ့အပြင့် ကရင့်အမျိုးသားများ၏ ရည်မှန်းချက်ပန်းတိုင်ပြီးမြောက်အောင်မြင်စေရန် တစ်ခုတည်းသောစုစည်းမှုအောက်တွင် စည်းရုံးကြရန်လည်း ဆိုပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH)နှင့်စစ်ကိုင်းတိုင်းရှိမြန်မာ့မီးရထားCDMဝန်ထမ်းများ သမဂ္ဂအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
သြဂုတ်လ၁၂ရက်
သြဂုတ်လ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH)ဥက္ကဌနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းရှိ မြန်မာ့မီးရထားCDM ဝန်ထမ်းများ သမဂ္ဂအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်အား တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပခဲ့ပါတယ်။
တွေဆုံပွဲတွင် CRSH ဥက္ကဌမှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး CRSH၏ ဆောင်ရွက်ခဲ့သော CDMဝန်ထမ်းများကို ချိတ်ဆက်ကူညီပေးခဲ့မှု အခြေအနေ၊ လက်ရှိ တော်လှန်ရေးကာလ ဆောင်ရွက်နေသော နိုင်ငံရေးမူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့နောက် မြန်မာ့မီးရထားCDMဝန်ထမ်းများ သမဂ္ဂအဖွဲ့တာဝန်ရှိသူများမှ CDMဝန်ထမ်းများ၏ အခက်အခဲ၊ စိန်ခေါ်မှုများ၊ မြေပြင်အခက်အခဲ ရင်ဖွင့်သံများနှင့် မူဝါဒရေးရာများဆွေးနွေးခဲ့ကြပြီး CRSHဘက်မှ အတူတူပူးပေါင်း၍ ညှိနှိုင်းပေါင်းစပ် အကူအညီပေးနိုင်ရေးတို့ကို ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြတယ်လို့စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH)ထံကသတင်းရရှိပါတယ်။
========================
📌📌 ၆။ ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈)မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ဆွန်တလာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရ
သြဂုတ်လ၁၂ရက်
ဩဂုတ်လ ၁၂ရက် နံနက်(၈:၀၀)နာရီခန့်တွင် ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈)မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ဆွန်တလာကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး ပြည်သူ (၃)ဦး (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်လို့ဒေသခံသတင်းအရင်းအမြစ်များထံကသိရပါတယ်။ဒဏ်ရာရရှိသူများမှာ ခြေထောက်ထိ၊ကျောပြင်ထိ ၊ ဦးခေါင်းထိ ဒဏ်ရာများရရှိပါတယ်။
========================
📌📌 ၇။ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မရမ်းကုန်းကျွေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက် တပ်ဆွဲထားသော စကစစစ်ကြောင်းအား တောကျီးကန်းစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်များမှ သွားရောက်တိုက်ခိုက်ရာ စကစဘက်ကဆယ်ဦးမနည်းသေဆုံး
သြဂုတ်လ၁၂ရက်
သြဂုတ်လ၁၂ရက်မှာ စစ်ရေးသတင်းကို တောကျီးကန်းစစ်ကြောင်းက အခုလိုအတည်ပြုဆိုပါတယ်။
"မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မရမ်းကုန်းကျွေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက် တပ်ဆွဲထားသော စကစ အင်အား ၈၀ ခန့်ရှိ စစ်ကြောင်းအား သြဂုတ်လ၅ရက်တွင် တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်း နှင့် KNLA ပူးပေါင်းတပ်များမှ သွားရောက်တိုက်ခိုက်ခဲ့ရာမနက် ၁၁း၄၅ အချိန်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၁း၀၀ ကျော်ခန့်တွင် စကစ ဘက်မှ ၁၀ ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြတယ်"လို့ဆိုပါတယ်။ပူးပေါင်းတပ်များဘက်မှ ရဲဘော်တဦး ဒဏ်ရာရှိခဲ့ပါတယ်။
အကြမ်းဖက်စကစစစ်တပ်သည် မွန်ပြည်နယ်၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်များအတွင်းရှိ ကျေးရွာများသို့ ထိန်းချုပ်နိုင်ရန် အကြိမ်ကြိမ် စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးစားလျက်ရှိတယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment