၂၀၂၃ သြဂုတ်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအတွက် အချက်သုံးချက်ကို လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ တီမောနိုင်ငံ သမ္မတကြီး HE José Ramos-Horta နဲ့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းတို့တွေ့ဆုံဆွေးနွေး
📌 ၃။ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ သိန်း တစ်ရာ့ခြောက်ဆယ့်ကျော်ရရှိ
📌 ၄။ နွေဦးဖွံဖြိုးရေးဘဏ်မှာ ကမ္ဘာ့ရွှေဈေးကွက် စံနှုန်းနဲ့ အညီ ဘဏ်စာရင်း ဖွင့်ထားသူများမှ ရွှေတိုကင် (GOLD Token) အဖြစ် ဝယ်ယူစုဆောင်းနိုင်
📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီးမော့ဆို (DMO-PDF) - ၁၁၀၂ တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ကျင်းပ
📌 ၆။ BGF - တပ်နယ် (၂) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်၍ - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ ဆုတော်ငွေအဖြစ် ထိုင်းဘတ်ငွေ ငါးသောင်းဆုချီးမြှင့်
📌 ၇။ မုံရွာတွင် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးအား သတ်ဖြတ်ဓားပြတိုက်မှုကျူးလွန်သည့် လူခုနစ်ဦးကို ပုဒ်မသုံးခုဖြင့် တရားစွဲတင်ပို့ထားကြောင်း မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်
📌 ၈။ ပြည်သူ၄ဦးအား အင်းတော် စစ်ခုံရုံးမှ သေဒဏ်ချမှတ်
📌 ၉။ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စကစတပ်စစ်ကြောင်းထိုးနေ၍ ရာသီဉတုဆိုးဝါးကာ မိုးရွာသွန်းသည့်ကြားမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအတွက် အချက်သုံးချက်ကို လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
သြဂုတ်လ၂၃ရက်
သြဂုတ်လ၂၃ရက်မှာ ပြုလုပ်တဲ့ “ဆိုးရွားသောအနိဠာရုံများမှ တရားမျှတသော အနာဂတ်ဆီသို့"စကားဝိုင်းမှာ ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို ပြောပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအတွက် အချက်သုံးချက်ကို လုပ်ဆောင်နေပြီးတော့ အဲဒီအချက်အလက်တွေက တရားမျှတမှုနဲ့ တာဝန်ယူမှုကို တည်ဆောက်ကာ ရိုဟင်ဂျာပြည်သူများ ပြည်တော်ပြန်နိုင်ရေးအထောက်အကူပြုကာ အခြေအနေများ ဖန်တီးတာနဲ့ ဥပဒေအရနဲ့လက်တွေ့အရ တန်းတူညီမျှမှုပေးနိုင်ရန်တို့ ကြိုးပမ်းတာဖြစ်ပါတယ်။ တာဝန်ယူမှုတာဝန်ခံမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး၊ အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံးနဲ့ အပြည်ပြည်ဆိုင်ရာတရားမျှတမှုများနဲ့အတူ ရိုဟင်ဂျာများတရားမျှတမှုရရန် အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန်အပြစ်ပေးနိုင်ရန် အစဥ်တစ်စိုက်ကြိုးပမ်းလျက်ရှိပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများကြောင့် တစ်သန်းဝန်းကျင်ခန့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရပါတယ်။
========================
📌📌 ၂။ တီမောနိုင်ငံ သမ္မတကြီး HE José Ramos-Horta နဲ့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းတို့တွေ့ဆုံဆွေးနွေး
သြဂုတ်လ၂၃ရက်
တီမောနိုင်ငံ သမ္မတကြီး HE José Ramos-Horta နဲ့ NUGလူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
"တီမောနိုင်ငံ သမ္မတကြီး HE José Ramos-Hortaနဲ့ တွေ့ဆုံပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရေးမှာ တီမောနိုင်ငံအနေနဲ့ NUG နဲ့အတူ ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်သွားနိုင်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။ သမ္မတကြီးကိုယ်တိုင်က တီမောနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲအတွင်းမှာ သံတမန်ရေးနည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေရဲ့တိုက်ပွဲအပေါ် စာနာနားလည် အားပေးထောက်ခံသူဖြစ်ပါတယ်။ မြန်မာပြည် ဖယ်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားဖို့ အမြင်တွေ ဖလှယ်ခဲ့ပါတယ်။ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေါ်ထွက်လာနိုင်မှာပါ"လို့ဝန်ကြီးကဆိုပါတယ်။
တီမောလက်စတေးနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကူညီဆောင်ရွက်နေတဲ့ မိတ်ဖက်နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။
========================
📌📌 ၃။ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ သိန်း တစ်ရာ့ခြောက်ဆယ့်ကျော်ရရှိ
သြဂုတ်လ၂၃ရက်
၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ သိန်း တစ်ရာ့ခြောက်ဆယ့်ကျော်ရရှိခဲ့တယ်လို့ သြဂုတ်လ၂၃ရက်မှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ဘဏ္ဍာခွဲဝေရေးနှင့် လစဉ်အစည်းအဝေးကို၂၀၂၃ သြဂုတ်၁၄ရက်ကျင်းပခဲ့ပါတယ်။ ပညာရေး၊ကျန်းမာရေး၊ တရားရေး၊ လျှပ်စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ သစ်တောရေး၊ လူသားစာနာတာဝန်ခံ၊ အခွန်တော်အရာရှိ စသည့် သက်ဆိုင်ရာတာဝန်ခံအသီးသီးတို့မှ ပုလဲမြို့နယ်အတွင်း လုပ်ဆောင်နေမှုများ၊ လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဘဏ္ဍာရေးတာဝန်ခံမှ ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေရှင်းတမ်းပြုလုပ်ပြီး NUGရဲ့ဘဏ္ဍာခွဲရေးမူဝါဒနှုန်းထားအတိုင်း ခွဲဝေပေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
၂၀၂၃ခု နှစ်ဇူလိုင်လ ရရှိအခွန်ငွေစုစုပေါင်းမှာ သိန်း တစ်ရာ့ခြောက်ဆယ့်နှစ်သိန်း တစ်သောင်းလေးထောင့်သုံးရာ ကျပ် ရရှိခဲ့ပါတယ်။
အဆိုပါရရှိငွေများအားNUGစီမံဘဏ္ဍာဝန်ကြီးဌာန ၃၀ရာခိုင်နှုန်း၊ ပအဖ လုပ်ငန်းစဥ်အတွက် ၃၀ရာခိုင်နှုန်း၊ ပကဖလုပ်ငန်းစဥ်အတွက်၃၀ ရာခိုင်နှုန်း၊ အရေးပေါ်နှင့်သဘာဝပတ်ဝန်းကျင်အတွက် ၁၀ရာခိုင်နှုန်းခွဲဝေခဲ့ပါတယ်။
========================
📌📌 ၄။ နွေဦးဖွံဖြိုးရေးဘဏ်မှာ ကမ္ဘာ့ရွှေဈေးကွက် စံနှုန်းနဲ့ အညီ ဘဏ်စာရင်း ဖွင့်ထားသူများမှ ရွှေတိုကင် (GOLD Token) အဖြစ် ဝယ်ယူစုဆောင်းနိုင်
သြဂုတ်လ၂၃ရက်
နွေဦးဖွံဖြိုးရေးဘဏ်မှာ ကမ္ဘာ့ရွှေဈေးကွက် စံနှုန်းနဲ့ အညီ ဘဏ်စာရင်း ဖွင့်ထားသူများမှ ရွှေတိုကင် (GOLD Token) အဖြစ် ဝယ်ယူစုဆောင်းနိုင်တယ်လို့ နွေဦးဖွံဖြိုးရေးဘဏ်က သြဂုတ်လ၂၃ရက်မှာ အသိပေးဆိုထားပါတယ်။
"နွေဦးဘဏ်၏ ရွှေစုဆောင်းခြင်း ၀န်ဆောင်မှုတွင် လက်ရှိ မျက်မှောက်ကာလရဲ့ ကမ္ဘာ့ရွှေဈေးကွက် စံနှုန်းနဲ့ အညီ ဘဏ်စာရင်း ဖွင့်ထားသူများမှ ရွှေတိုကင် (GOLD Token) အဖြစ် ဝယ်စုနိုင်ပါတယ်။ SDB ရွှေဝယ်စုသူများ ကိုယ်စား ဘဏ်၏ တာ၀န်ရှိဌာနာမှ 99.99% သန့်သော ရွှေအစစ်များနှင့် ကျောထောက် နောက်ခံထားသည့် Gold Stable Coin များကို 1:1 အချိုးကျ ဝယ်ယူပြီး လုံခြုံမှု စိတ်အချရဆုံး သက်ဆိုင်ရာ နေရာဒေသမှာ သိမ်းဆည်း ထားပေးမှာပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
SDB ရွှေ၀ယ်စုသူများသည် မိမိဆန္ဒရှိတဲ့ အချိန်မှာ နွေဦးဘဏ်မှ ၀န်ဆောင်မှုပေးထားသော ငွေကြေးများနဲ့ အချိန်မရွေး စိတ်ကြိုက် ပြန်လည် လဲလှယ်နိုင်မှာလည်းဖြစ်ပါတယ်။
SDB ရွှေများကို နွေဦးဘဏ် အကောင့်ချင်း လွှဲပြောင်းနိုင်သလို Fixed Deposits အနေနဲ့ စာရင်းသေအပ်နှံပြီး နှစ်စဥ် အတိုးနှုန်းများ လည်း ရယူနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီးမော့ဆို (DMO-PDF) - ၁၁၀၂ တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ကျင်းပ
ဩဂုတ်လ (၂၃) ရက်နေ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီးမော့ဆို (DMO-PDF) - ၁၁၀၂ တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ကို ဩဂုတ်လ (၂၂)ရက်နေ့တွင် အကျဉ်းချုပ်ကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။
အခမ်းအနားတွင် ပထမဦးစွာ ပြည်သူ့ကာကွယ်ရေးတပ်အလံတော်နှင့် ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများကို အလေးပြုပြီး တပ်ရင်းမှူးမှ အမှာစကားပြောကြားခဲ့ပါတယ်။
၎င်းအပြင် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များထံသို့ ဦးညွတ်ဂုဏ်ပြုငွေ အနည်းငယ်နှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသူများ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသွားသော ရဲဘော်များအား ဂုဏ်ပြုငွေ အနည်းငယ်ပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၆။ BGF - တပ်နယ် (၂) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်၍ - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ ဆုတော်ငွေအဖြစ် ထိုင်းဘတ်ငွေ ငါးသောင်းဆုချီးမြှင့်
သြဂုတ်လ၂၃ရက်
BGF - တပ်နယ် (၂) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်၍ - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ဆုတော်ငွေအဖြစ် ထိုင်းဘတ်ငွေ ငါးသောင်းဆုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ကေအဲန်ယူ - ဒူးပလာယာ ခရိုင်က သြဂုတ်လ၂၃ရက်မှာ ဖော်ပြအသိပေးပါတယ်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် BGF - တပ်နယ် (၂) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်ခဲ့ပါတယ်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ် အုပ်ချုပ်မှု စနစ်အား မနှစ်သက်သဖြင့် တော်လှန်ရေးပြီးဆုံးသည်အထိ KNLA - ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာရှင်စနစ်အား တွန်းလှန်ထိုက်ထုတ် တိုက်ပွဲဝင်သွားရန် BGF - တပ်နယ် (၂) မှ တပ်သား အောင်ကိုဦး ၃၆ နှစ်မှာ KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ပြောပါတယ်။
၎င်းနှင့်အတူ ပါလာသော လက်နက်ခဲယမ်းများမှာ M16-A1 (၁) လက်၊ ၎င်းကျည်ဘောက် (၅) ဘောက် နှင့် ၅.၅၆ ကျည်တောင့် (၁၅၀) တောင့်တို့ဖြစ်ပါတယ်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား ဆန့်ကျင်၍ KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းသော စစ်ကောင်စီ လက်အောက်ခံတပ်မှ မည်သည့် စစ်သားမဆို KNLA - ပူးပေါင်းတပ်ဖွဲများ နှင့် ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုလျှက်ရှိနေပြီး ဆုတော်ငွေများဖြင့်လည်း ဆုချီးမြှင့်လျှက်ရှိတယ်လို့ဆိုပါတယ်။
သို့ဖြစ်၍ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းလာသော တပ်သား အောင်ကိုဦးသည်လည်း KNLA - ပူးပေါင်းတပ်ဖွဲများမှ နွေးထွေးစွာကြိုဆိုပြီး KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ဆုတော်ငွေအဖြင့် ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်းဘတ် တိတိဖြင့် ဆုချီးမြှင့်ခဲ့ပါတယ်။
========================
📌📌 ၇။ မုံရွာတွင် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးအား သတ်ဖြတ်ဓားပြတိုက်မှုကျူးလွန်သည့် လူခုနစ်ဦးကို ပုဒ်မသုံးခုဖြင့် တရားစွဲတင်ပို့ထားကြောင်း မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်
သြဂုတ်လ၂၃ရက်
မုံရွာတွင် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးအား သတ်ဖြတ်ဓားပြတိုက်မှုကျူးလွန်သည့် လူခုနစ်ဦးကို ပုဒ်မသုံးခုဖြင့် တရားစွဲတင်ပို့ထားကြောင်း မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်လိုက်ပါတယ်။
သြဂုတ်လ၁၀ရက် ညနေ၃နာရီအချိန် မုံရွာမြို့ထန်းတော ကျွန်းဆွယ်ရပ်ကွက် နယ်မြေ၄တွင် လက်နက်ကိုင်လူတစ်စုမှ ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူအား သတ်ဖြတ်ကာဓားပြတိုက်သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး အဆိုပါကိစ္စအား မုံရွာပလဖမှ မြေပြင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကျူးလွန်သူများအား လက်ရဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
လူသတ်ဓားပြတိုက်သည့်ဖြစ်စဥ်ကို ကျူးလွန်သူများအား နေ့ချင်းဖမ်းဆီးနိုင်ခဲ့ကြပြီး အဆိုပါဖမ်းဆီးရမိသူခုနစ်ဦးအား မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ အမှုတည်ဆောက်၍ အမျိုးသားညီညွတ်ရေးအစိုးရ တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၆/၃၉၇တရားစွဲတင်ပို့ခဲ့ပြီး ရာဇဝတ်ကြီးအမှုအမှတ် ၂၉/၂၀၂၃ဖြင့်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၈။ ပြည်သူ၄ဦးအား အင်းတော် စစ်ခုံရုံးမှ သေဒဏ်ချမှတ်
ဩဂုတ်လ၂၃ရက်
ပြည်သူ၄ဦးအား အင်းတော် စစ်ခုံရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း အင်းတော် IR Teamက သြဂုတ်လ၂၃ရက်မှာ အသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်တွင် ဩဂုတ်လ ၁၈ရက်နေ့က ပြည်သူ၄ဦးအား အင်းတော် စစ်ခုံရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရသူများမှာ မုံရွာနှင့်မြစ်ကြီးနား ခရီးသယ်တင်ကားမောင်းသည့် ကိုဇော်မျိုးထွန်း(ခ)တိုနီနှင့် ထီးချိုင့်မြို့နယ်ဘက်မှ ကျော်စွာဝင်း(ခ)ကျော်စွာနှင့် မမြင့်မြင့်အေး(ခ)အေးအေးဖြစ်ပြီး ကျန်တစ်ဦးဖြစ်သည့် အောင်ကျော်ကျော်မိုး(ခ)လားလားမှာ မည်သည့်ဒေသကဖြစ်ကြောင်း မသိရှိရသေးပါ"လို့ဆိုပါတယ်။
ဇော်မျိုးထွန်း(ခ)တိုနီဆိုသူမှာ ပြီးခဲ့သည့် ဧပြီလပိုင်းလောက်တွင် ကားမောင်းနေရင်း အင်းတော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ကိုကျော်စွာဝင်း(ခ)ကျော်စွာနှင့် မြင့်မြင့်အေး(ခ)မအေးအေးမှာ ဇွန်လပိုင်းလောက်က အင်းတော်မြို့ထဲတွင်ဖမ်းဆီးခံရကာ အောင်ကျော်ကျော်(ခ)လားလားသည်လည်း ဇွန်လပိုင်းအောက်တွင် ဖမ်းဆီးခံခဲ့ရကာ ၄ဦးစလုံး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က) ၅၂(က)တို့ တရားစွဲဆိုခံခဲ့ရကာ ဩဂုတ်လ၁၈ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အင်းတော်မြို့နယ်တွင် နေ့စဉ်နဲ့အမျှလိုလို ဖမ်းဆီခံရမှုများရှိနေပြီး တစ်သက်တစ်ကျွန်းချမှတ်ခံရသည့်ပြည်သူ ၁၀ဦးထက်မနည်း ရှိလာတယ်လို့လည်းသိရပါတယ်။
========================
📌📌 ၉။ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စကစတပ်စစ်ကြောင်းထိုးနေ၍ ရာသီဉတုဆိုးဝါးကာ မိုးရွာသွန်းသည့်ကြားမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ
သြဂုတ်လ၂၃ရက်
ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စကစတပ်စစ်ကြောင်းထိုးနေ၍ ရာသီဉတုဆိုးဝါးကာ မိုးရွာသွန်းသည့်ကြားမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သြဂုတ်လ၂၃ရက်မှာ Khin U People Defence Forceကအသိပေးဆိုပါတယ်။
ခင်ဦးမြို့နယ် ရွာသစ်ကုန်းပျူရွာမှ အကြမ်းဖက်စကစစစ်ကြောင်းအင်အား(၁၂၀)ဝန်းကျင်ခန့်ဟာ ရွှေဘိုမြို့နယ် /ခင်ဦးမြို့နယ် အစပ်သဲကုန်းကျေးရွာနှင့် သရက်ပင်ဝန်းကျေးရွာကြား ရောက်ရှိနေပြီ နောက်ချန်အကြမ်းဖက်စကစများ သဲကုန်းကျေးရွာတွင် ကျန်ရှိနေသေးကြောင်းသိရပါတယ်။ ရာသီဉတုဆိုးဝါးကာ မိုးရွာသွန်းသည်ကြားမှ အကြမ်းဖက်စခများ စစ်ကြောင်းထိုးလာမှုကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရပါတယ်"လို့ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့အထိ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။
ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment