နယ်စပ်ကုန်သယ်လမ်းပြတ်တောက်မှုကြောင့်မဲဆောက် မြန်မာကုန်ပစ္စည်း စျေးတက်နေဆဲ



နယ်စပ်ကုန်သယ်လမ်းပြတ်တောက်မှုကြောင့်မဲဆောက် မြန်မာကုန်ပစ္စည်း စျေးတက်နေဆဲ

Radio NUG, မကြေးမုံ၊ ဩဂုတ် ၂၅၊ ၂၀၂၃


လမ်းပြတ်တောက်မှုဖြစ်ပြီး ငွေဈေးလည်းမတည်ငြိမ်တာကြောင့် မဲဆောက်မြို့ရှိ မြန်မာ ကုန်စည်ဈေးကွက် ဈေးအမြင့်မှာပဲရှိနေပါတယ်။ ဒီသတင်းကိုမကြေးမုံကပေးပို့ထားပါတယ်။

သြဂုတ်လ ၇ရက်က တောင်ပြိုပြီး လမ်းပြတ်သွားတဲ့နောက် ထိုင်းနိုင်ငံကိုတင်ပို့မယ့် မြန်မာကုန်စည်တွေ ရပ်တန့်သွားခဲ့ပြီး ဆန်အပါအဝင် မြန်မာစားသောက်ကုန်တွေဈေး တက်လာခဲ့ပါတယ်။ ဒါ့အပြင် ကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အတူ ငွေလဲနှုန်းတွေ မတည်ငြိမ်တဲ့အတွက် လက္ကားကုန်စည်ဒိုင်တွေမှာ အရောင်းပိတ်တာတွေလည်းရှိခဲ့တယ် လို့ မဲဆောက်ဈေးအတွင်းက မြန်မာစားသောက်ကုန်ရောင်းချသူတစ်ဦးကပြောပါတယ်။

အင်တာဗျုး - 

“ … ကုန်ပစ္စည်းဝယ်ရတာတော့ ခက်ခဲတယ်။ မှာရတာလည်း အဆင်မပြေဘူး။ တစ်ချို့ကျတော့လည်း ငွေဈေးအတက်အကျကြောင့် ကုန်ပစ္စည်းတွေက မရောင်းပဲထားတာ ရှိတယ်။ ကုန်ပစ္စည်းတွေကို အရောင်းပိတ်လိုက်တယ်။ ကုန်ပစ္စည်းတွေကက ရောင်းစရာခက်တယ်။ “

လတ်တလောမှာ ဈေးသိသိသာသာမြင့်တက်နေတာက မြန်မာဆန်တွေဖြစ်ပြီး ပေါ်ဆန်း တစ်အိတ်ကို ကျပ်နှစ်သိန်းနီးပါး ရှိလာပါတယ်။ မြဝတီ -  ကော့ကရိတ် အာရှလမ်းမကြီး အမှတ် - ၁ ပြတ်တောက်ပြီးတဲ့နောက် ၁၆ ရက် ကြာလာတဲ့ အထိ ကုန်ကားတွေသွားလာနိုင်တာ မရှိပဲ လမ်းပြတ်တောက်ရာတစ်ဖက်ခြမ်းစီကနေ ကားနဲ့လူနဲ့ အဆင့်ဆင့်သယ်ဆောင်ရတဲ့အတွက် ကုန်ကျစရိတ်တွေ ပိုပြီးများလာတယ်လို့ မြန်မာတိုင်းရင်းဆေး ရောင်းချသူတစ်ဦးက အခုလိုပြောပါတယ်။ 

အင်တာဗျူး - ဆေးဆိုင် 

“ … အရင်တုန်းကဆိုရင် ကားက တိုက်ရိုက်လာယူ၊ တိုက်ရိုက်ပို့တာလေ။ ဟိုမှာက လမ်းကပြိုသွားပြီဆိုတော့ ကြားထဲမှာ တစ်ဆင့်ခံသွားရော၊ ခံတော့ ကိုယ်တွေက စိတ်ပူတယ်လေ။ တစ်ဆင့် ခံသွားပြီဆိုကထဲက ဈေးက ပြောင်းပြီလေ။ ဘာဖြစ်လို့လည်းဆိုတော့ သယ်ယူစရိတ်က လမ်းပြိုသွားပြီဆိုကထဲက ဟိုဘက်မှာ ကားကတစ်စီးရပ်၊ ဒီ ဘက်မှာ ကားကတစ်စီးရပ်၊ ပစ္စည်းကိုလူနဲ့ပြန်ပြီးတော့သယ် ဆိုတော့ ၊ဈေးနှုန်းက ဘယ် လိုခေါ်မလဲ တက်သွားမယ်လို့ လူတွေက ထင်မှာပေါ့။ ဒါပေမယ့် မဟုတ်ဘူး။ ဈေးနှုန်းတွေက ပုံမှန်ပဲ၊ ဒါမယ့် သယ်ယူဖို့ ပေးရတဲ့ စရိတ်ကျရင် အရင်က နှစ်ရာဆိုရင် အခုလေးရာ ဖြစ်သွားတယ်။ “

အာရှအတွင်းက နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကို ချိတ်ဆက်ထားတဲ့ အာရှလမ်းမကြီးရဲ့ မိုင်တိုင် ၁၄၉ နဲ့ ၁၄၉.၅ ဖာလုံကြားမှာ မိုးကြီးပြီး တောင်ကျရေတွေဆင်းလာပြီးနောက် ကားလမ်းအောက်ဘက်က မြေသားပြိုပြီး လမ်း ပျက်စီးခဲ့တာဖြစ်ပါတယ်။ ဒီလမ်းကိုပြုပြင်ဖို့အတွက် ငွေအား၊ လူအား၊ နည်းပညာနဲ့ စက်ယန္တရားအပြည့်အစုံနဲ့  ပြန်လည်ပြုပြင်နိုင်ရင် မူလလမ်းအတိုင်း အရည်အသွေးအပြည့်အဝနဲ့  ၂ပတ်အတွင်း ပြီးစီးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ ဒီလိုခန့်မှန်းထားပေမယ့် စစ်တပ်က ခံနိုင်ဝန် ၅၅တန်ရှိတဲ့ ဘေလီတံတားတစ်စင်းကို အစားထိုးတည်ဆောက်နေပြီး လတ်တလော အချိန်ထိ ကုန်စည်စီးဆင်းမှုကတော့ ပုံမှန်အခြေအနေကို ရောက်ရှိလာတာတော့ မရှိ သေးပါဘူး။ ဒါ့အပြင် ကျပ်ငွေကနေ ဘတ်ငွေကိုပြောင်းလဲတဲ့ ငွေလဲနှုန်းတွေကလည်း မတည်ငြိမ်နိုင်သေးတဲ့အတွက် ထိုင်းနိုင်ငံမဲဆောက်မြို့က မြန်မာကုန်စည်ဈေးကွက်ကတော့ ဈေးအမြင့်မှာပဲ ဆက်လက်ရှိနေအုန်းမယ်လို့ အရောင်းအဝယ် လုပ်ကိုင်သူတွေ က ပြောပါတယ်။ အာရှလမ်းမကြီး အမှတ် - ၁ ကို ထိုင်းနိုင်ငံက အာရှဖွံ့ဖြိုးရေးဘဏ်အကူအညီနဲ့ ဖောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။










Share:

No comments:

Post a Comment