30th SEP 2023 - Evening Daily News by Radio NUG

 


၂၀၂၃ စက်တင်ဘာလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာနိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

📌 ၂။ မြိုင်မြို့နယ်မှာ ကင်းထောက်ပျံသန်းနေတဲ့ စစ်တပ်ပိုင် ဒရုန်းတစင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့

📌 ၃။ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးအတွက် ခြံထွက်သီးနှံများ ဝေငှပေးလျှက်ရှိ

📌 ၄။ ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းလုပ်သား ၁၃၂ ဦး၏ လုပ်ခလစာ ရရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့

📌 ၅။ မိုးထဲလေထဲတွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ တောတိုက်များနဲ့ သစ်ပင်တွေအောက်မှာမနေကြဖို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ သတိပေး

📌 ၆။ ဂျပန်ရောက်မြန်မာများမှ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေး အတွက် 78th UN CREDENTIALS CAMPAIGN ပြုလုပ် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား


မြန်မာနိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့အနေအထားကို ရောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးက ပြောဆိုလိုက်ပါတယ်။  

Bloomberg သတင်းဌာနဲ့တွေ့ဆုံမေးမြန်းခန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ပြည်သူတွေရဲ့ ခုခံကာကွယ်ရေးစစ်ပွဲကိုစတင်ခဲ့တာ နှစ်ကျော်လာခဲ့ချိန်မှာ PDF တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုတွေကလည်း ရလဒ်ကောင်းတွေ ရနေတယ်လို့ဆိုပါတယ်။ ဒါကြောင့် နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့အနေအထား ရောက်နေတာလို့ ယာယီသမ္မတက  ဆိုပါတယ်။


 အခု စက်တင်ဘာလထဲမှာပဲ နေပြည်တော်မှာရှိတဲ့လေတပ်အခြေစိုက်စခန်းအပါအဝင် နေပြည်တော် ကောင်စီနယ်မြေ အတွင်း တိုက်ခိုက်မှုတွေတက်တိုက်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ပြောခဲ့တာလဲဖြစ်ပါတယ်။ 


ယာယီသမ္မတ ဒူဝါလရှီးလရဲ့အဆိုအရ ဒီနှစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပေါင်းထောင်ချီဖြစ်ခဲ့ပြီး နိုင်ငံတဝန်းမှာရှိတဲ့ စစ်တပ်စခန်း ၁ဝဝ ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ မြိုင်မြို့နယ်မှာ ကင်းထောက်ပျံသန်းနေတဲ့ စစ်တပ်ပိုင် ဒရုန်းတစင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့


မြိုင်မြို့နယ်အနောက်ဘက်မှာ ကင်းထောက်ပျံသန်းနေတဲ့ စစ်တပ်ပိုင် ဒရုန်းတစင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့က မြိုင်မြို့နယ်အနောက်ဘက်ကို စစ်ကြောင်းထိုးဖို့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရဲတွေ ပျူတွေပါတဲ့ ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ကင်းထောက်လာတာကို ပစ်ချခဲ့တာလို့ မြိုင်ပကဖက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပစ်ချခဲ့တဲ့ ဒရုန်းဟာ မြိုင်မြို့အနောက်ဘက်မှာရှိတဲ့ သင်္ချိုင်းအနီး ပြုတ်ကျခဲ့တာကြောင့် အဲဒီဒရုန်းကို ရှာဖွေနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဦးလည်း မိုင်းမတော်တဆမှုကြောင့် မစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စက်တင်ဘာလ ၂၈ ရက် ညနေပိုင်းက ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကထွက်လာတဲ့ လက်နက်ခဲယမ်းတွေ တင်လာတဲ့ ကားအစီး ၇ဝ ပါယာဉ်တန်းကိုလည်း မြိုင်ပကဖနဲ့ Black Cobra PKU တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို အဲဒီနေ့မှာတင်ပဲ မြိုင်နယ် ညောင်တွင်းအရှေ့ရွာဘက်ကိုရောက်လာတဲ့ ခြေလျင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာလည်း စစ်သား ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။  

မြိုင်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းရှိနေတာကြောင့် တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တဲ့ အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းကိုနားစွင့်ထားဖို့လိုပြီး စစ်ရေးသတိရှိကြဖို့ မြိုင်ပကဖက အသိပေးထားပါတယ်။


========================


📌📌 ၃။ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးအတွက် ခြံထွက်သီးနှံများ ဝေငှပေးလျှက်ရှိ


စက်တင်ဘာလ ၃၀။


စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံရေးသည် စိုးရိမ်ရသည့် အခြေအနေကို လက်တလော ဖြေရှင်းပေးနိုင်ရန် မြို့နယ်အချို့ရှိ မြေပြင်လူသားစာနာ တာဝန်ခံများ ဖော်ဆောင်ထားသော စိုက်ခင်းများမှ ဟင်းသီးဟင်းရွက်များကို စစ်ဘေးရှောင် အိမ်ထောင်စုများထံသို့ လတ်တလောရိက္ခာအတွက် လိုက်လံဝေငှပေးခဲ့တယ်လို့ စက်တင်ဘာလ ၂၉ ရက်နေ့က အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။


၎င်းစိုက်ခင်းများကို စစ်ကိုင်းတိုင်း အတွင်းရှိ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်လျက်ရှိသည့် မြို့နယ်အချို့မှ မြေပြင်လူသားစာနာ တာဝန်ခံများက စစ်ဘေးရှောင် ပြည်သူများအတွက် ရည်ရွယ်စိုက်ပျိုးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံအဝှမ်းရှိ ပြည်သူများသည် အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုကြောင့် လူမှုဒုက္ခအဝဝကို ကြုံတွေ့ခံစားနေရပြီး ဆင်းရဲကျပ်တည်းမှုမျိုးစုံကို ရင်ဆိုင်နေကြရတာကြောင့် ၎င်းအကျပ်အတည်းကို တစ်ဖက်တစ်လမ်းမှ သက်သာစေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာန နှင့် ဆက်စပ်ဝန်ကြီးဌာနများက ကြိုးစားဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။


စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာအတွက် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် ဒေသခံလူသားစာနာ တာဝန်ခံများ၏ စေတနာမေတ္တာနှင့် လုပ်အားအတွက် ပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းလုပ်သား ၁၃၂ ဦး၏ လုပ်ခလစာ ရရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့


စက်တင်ဘာ ၃၀။


ထိုင်းနိုင်ငံ၊ လရောင်ခရိုင်၊ စီကွန်ဖက်တနာမြို့ ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်အားခကို သတ်မှတ်ကာလ ကျော်လွန်သည်အထိ မရှင်းပေးဘဲ အလုပ်သာ ဆင်းခိုင်းနေသည်ကို အကူအညီ တောင်းခံခဲ့သည့်အတွက် ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်၊

အလုပ်သမားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၉ ရက်နေ့ သတင်း ထုတ်ပြန်ချက် အရ၎င်းဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင် နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၃၂) ဦး၏ လုပ်အားခများကို သူဌေးမှ သတ်မှတ်ကာလ ကျော်လွန်သည့်အထိ မရှင်းပေးဘဲ အလုပ်သာဆင်းခိုင်း နေသည့်အတွက်  (MHAC) မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် (MHAC) မဟာမိတ်အဖွဲ့ဝင်များမှ ထိုင်းနိုင်ငံ လရောင်ခရိုင် အလုပ်သမားရုံးသို့ သွားရောက်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားရုံး တာဝန်ရှိသူများမှ ဆောက်လုပ်ရေးလုပ်ငန်း ပိုင်ရှင်သူဌေးနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၃၂) ဦး၏ လုပ်အားခ ဘတ် (၅၈၉၀၀၀) ရရှိအောင် ကူညီဆောင်ရွက် ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


========================


📌📌 ၅။ မိုးထဲလေထဲတွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ တောတိုက်များနဲ့ သစ်ပင်တွေအောက်မှာမနေကြဖို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ သတိပေး


မိုးထဲလေထဲတွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ တောတိုက်များနဲ့ သစ်ပင်တွေအောက်မှာမနေကြဖို့နဲ့ ဘေးလွတ်ရာ နေရာတွေကို ရှောင်တိမ်းနေထိုင်ကြဖို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ သတိပေးလိုက်ပါတယ်။


ဒီပဲယင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် သောင်းချီရှိတဲ့ ကျေးရွာဒေသခံတွေ ဟာ ဒီနေ့ (စက်တင်ဘာ ၃ဝရက်) မနက်ပိုင်းကစပြီး မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရတာပါ။


ဒီပဲယင်းမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီနေ့မနက် နာရီလောက်က ယင်းတွေရွာကို စတင်ဝင်ရောက်လာတာကြောင့် ကျေးရွာဒေသခံတွေ မိုးထဲလေထဲထွက်ပြေးခဲ့ရတာလည်းဖြစ်ပါတယ်။ 

အင်အား ၇ဝ ခန့်ရှိတဲ့ အဲဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ အဖွဲ့တွေခွဲပြီး ကျေးရွာတွေကို တောက်လျောက် ဝင်နေတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ သစ်ပင်အုပ်အုပ်ရှိတဲ့နေရာတွေ တောတိုက်တွေမှာမနေကြဘဲ ကျေးရွာ ဘုန်းကြီးကျောင်းတွေ နဲ့ စာသင်ကျောင်းတွေမှာသာ နေထိုင်ကြဖို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ အသိပေးထားပါ တယ်။

အခုလို စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ ၁၄ ရွာလောက်က ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ဂျပန်ရောက်မြန်မာများမှ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေး အတွက် 78th UN CREDENTIALS CAMPAIGN ပြုလုပ် 


စက်တင်ဘာလ ၂၉။


ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာသံအမတ်ကြီး  ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် 78th UN CREDENTIALS CAMPAIGN အဖြစ် လူထုထောက်ခံပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


၎င်း Campaign ကို စက်တင်ဘာလ ၂၉ ရက်နေ့ မနေ့က တိုကျိုမြို့ရှိ United Nations University ရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ရိုက်စာပေးပို့ တောင်းဆိုတာကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် စစ်ကိုင်းတိုင်းအခြေစိုက် အောင်လံလွှင့်မည် ရွှေရည်ကြည် သပိတ်စစ်ကြောင်းနဲ့  သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း တ်ု့ကလည်း ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ထားရေး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။


လတ်တလောမှာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပေးဖို့ ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးအင်အားစုတွေက ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်လုပ်နေကြတာ ဖြစ်ပါတယ်။


၎င်းကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာကို စစ်ကောင်စီဘက်မှလည်း သူတို့ကိုယ်စားလှယ်ကို ထားရှိနိုင်ဖို့ ကြိုးစားနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့် နဲ့ မင်းစစ်သွေးက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment