၂၀၂၃ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ရိုဟင်ဂျာ ကျောင်းသား/သူများ ၂၀၂၃ ပညာသင်နှစ် ကြားကာလ တက္ကသိုလ် ဝင်ခွင့်အတွက် တွေ့ဆုံဆွေးနွေး
📌 ၂။ ထိန်းချုပ်နယ်မြေအတွင်း Non-CDM များကို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း CDF - Zophei ထုတ်ပြန်
📌 ၃။ လွိုင်ကော်မြို့သို့ စစ်ကူပေးရန်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ဝ ဦး သေဆုံးကာ တဦး အရှင်ဖမ်းမိ
📌 ၄။ ကျိုက်မရောတိုက်ပွဲတွင် စစ်ဗိုလ်တဦးနှင့်နယ်ခြားစောင့်တပ်စစ်ကြောင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးပြီး ၄ ဦး လက်နက်ချအလင်းဝင်
📌 ၅။ ပုလောရှိ ‘တို’တောင်ပေါ်က စစ်ကောင်စီ တပ်စခန်းကို PDF တွေ အကဲစမ်းပစ်ခတ်
📌 ၆။ ပေါက်မြို့နယ်ရှိ ကျေးရွာများသို့ "တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်" ဖြင့် အခမဲ့ ဆေးကုသခြင်းများ ဆောင်ရွက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ရိုဟင်ဂျာ ကျောင်းသား/သူများ ၂၀၂၃ ပညာသင်နှစ် ကြားကာလ တက္ကသိုလ် ဝင်ခွင့်အတွက် တွေ့ဆုံဆွေးနွေး
နိုဝင်ဘာ ၂၉။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃ ခုနှစ် ကြားကာလတက္ကသိုလ်များ တက္ကသိုလ်ဝင်ခွင့် ဖြစ်မြောက်ရေး အဖွဲ့နဲ့ ရိုဟင်ဂျာ အဆင့်မြင့်ပညာရေး အသင်းတို့ မြန်မာပညာရေး စနစ် (Myanmar Education System-MES) နှင့် သက်ဆိုင်ရာ တက္ကသိုလ် platform များ မှတစ်ဆင့် ကြားကာလတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားရာမှာ လုပ်ဆောင်ရမယ့် အချက်များနဲ့ ပတ်သက်တဲ့ ညှိနှိုင်းဆွေးနွေးမှု အစီအစဥ်တစ်ခုကို နိုဝင်ဘာလ ၂၆ ရက်နေ့၊ ည ၈ နာရီအချိန်တွင် ဗီဒီယို ကွန်ဖရင့်မှ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲတွင် ၂၀၂၁ ခုနှစ် ကတည်းက အမျိုးသားညီညွတ်ရေးအစိုးရမှ ချမှတ်ထားတဲံ ရိုဟင်ဂျာများနဲ့ ပတ်သက်တဲ့ မူဝါဒအရ တရားမျှတမှုနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် ရိုဟင်ဂျာ ကျောင်းသား/သူများရဲ့ အဆင့်မြင့်ပညာသို့ ဆက်လက်ပညာသင်ယူခွင့် အခွင့်အရေးအတွက် အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးမှုအခြေအနေများ၊ ပညာရေး အရည်အသွေးပိုင်းဆိုင်ရာ ကိစ္စများ၊ လျှောက်ထားနိုင်သော တက္ကသိုလ်များနှင့် ဘာသာရပ်များ၊ စာရင်းအချက်အလက်များ ပေးပို့ခြင်း ကိစ္စများ၊ ရိုဟင်ဂျာ အဆင့်မြင့်ပညာရေးအသင်းနှင့် NUG၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ကဏ္ဍတွင် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုမူဝါဒ (partnership policy) အရ ချိတ်ဆက်နိုင်ရေး ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ စိုင်းခိုင်မျိုးထွန်း၊ လူ့အခွင့်အရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ ရိုဟင်ဂျာအဆင့်မြင့်ပညာရေးအသင်းနှင့် ကြားကာလ တက္ကသိုလ်များ ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေး အလုပ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ထိန်းချုပ်နယ်မြေအတွင်း Non-CDM များကို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း CDF - Zophei ထုတ်ပြန်
နိုဝင်ဘာ ၂၈။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ အတွင်းက ဇိုဖေနယ်မြေအတွင်း နေထိုင်ကြသော ပြည်သူများနဲ့ ဖြတ်သန်းသွားလာနေသော ပြည်သူများ လိုက်နာရမယ့် စည်းကမ်းများကို CDF-Zophei ထုတ်ပြန်ထားပြီး၊ Non-CDM များအနေဖြင့် ဇိုဖေနယ်အတွင်း ဖြတ်သန်းသွား လာခွင့်မရှိကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non-CDM ဇိုဖေနယ်မြေအတွင်း ဖြတ်သန်းသွားလာ နေခြင်းက ဇိုဖေပြည်သူများအတွက် အန္တရာယ်ရှိလာနိုင်တာကြောင့် Non-CDMers များ ဇိုဖေနယ်မြေအတွင်း ဖြတ်သန်းသွားလာခြင်း မပြုဖို့ကို CDF-Zophei က တားမြစ်လိုက်ပါတယ်။
အရက်သေစာ၊ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ မှောင်ခိုရောင်းဝယ် မှုများကြောင့် ဇိုဖေနယ်မြေအတွင်း ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အရက်သေစာနှင့် မူးယစ်ဆေးဝါး မှန်သမျှ သုံးစွဲခြင်း နှင့် တင်သွင်းရောင်းဝယ်ခြင်း လုံးဝ မပြုလုပ်ရန် CDF-Zophei က တားမြစ်လိုက်ပါတယ်။
ထို့အပြင် လက်နက်ခဲယမ်း မှောင်ခိုရောင်းဝယ်ခြင်း မပြုဖို့နဲ့၊ ရောင်းဝယ်လိုပါက တရားဝင် ရောင်းဝယ်ခွင့်လိုင်စင် လာလုပ်ဖို့ကို အသိပေးထားပြီး တော်လှန်ရေး အဖွဲ့အစည်း တစ်ခုခုနှင့် သက်ဆိုင်သော ပစ္စည်းဖြစ်ပါက ထိုအဖွဲ့အစည်းမှ အသိအမှတ်ပြု ထောက်ခံချက်ရှိသူသာ ဇိုဖေနယ်မြေ အတွင်း ဖြတ်သန်းခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇိုဖေနယ်မြေအတွင်း ဖြတ်သန်းသွားလာသူများ အနေဖြင့် ဂိတ်များတွင် တာဝန်အရ စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံရမှာ ဖြစ်ပြီး မနက် ၆ နာရီမှ ညနေ ၇ နာရီ အတွင်းသာ ဖြတ်သန်းသွားလာဖို့နဲ့ အရေးပေါ် ကိစ္စများကြောင့် ၇ နာရီ နောက်ပိုင်း ဖြတ်သန်းလိုပါက ဂိတ်တာဝန်ရှိသူထံ အကြောင်းကြား ခွင့်တောင်းဖို့ကို အသိပေးထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ စတင်ထုတ်ပြန်တဲ့ နိုဝင်ဘာလ ၂၇ ရက် နေ့မှစပြီး အသက်ဝင်မှာဖြစ်ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက CDF–Zophei မှ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ လွိုင်ကော်မြို့သို့ စစ်ကူပေးရန်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ဝ ဦး သေဆုံးကာ တဦး အရှင်ဖမ်းမိ
ကရင်နီပြည်နယ်ရဲမြို့တော် လွိုင်ကော်မြို့ကို စစ်ကူးပေးဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကရင်နီ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ဝ ဦးသေဆုံးပြီး တဦး အရှင်ဖမ်းမိခဲ့တယ်လို့ KnIC က နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
မယ်စဲ့မြို့နယ်အတွင်းမှာရှိနေတဲ့ တပ်မ ၅၅ နဲ့ တပ်မ ၆၆ လက်အောက်ခံတပ်တွေ မယ်စဲ့မြို့နယ်ကနေ ဖားဆောင်းမြို့နယ် ဘက် ပြန်ဆုတ်လာတဲ့ နိုဝင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ကရင်နီပူးပေါင်းတပ်တွေက လိုက်လံရှင်းလင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မယ်စဲ့မြို့နယ်ကပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွက် စစ်ကူပေးနိုင်ဖို့ဆုတ်ခွာလာတဲ့ တပ်တွေဖြစ်တယ်လို့လည်း ကရင်နီတပ်မတော် KA ရဲ့ သတင်းပြန်ကြားရေးဌာန KnIC က အသိပေးထားပါတယ်။
တပ်ပြန်ဆုတ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်နီတပ်မတော် KA၊ KNPLF KNDF PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို ကရင်နီပူးပေါင်းတပ်တွေ နိုဝင်ဘာလ ၁၃ ရက်နေ့ကပြီးဖော်ဆောင်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများနေတာကြောင့် အကြမ်းဖက်စစ်ကောင်စီက စစ်ကူတွေပို့ပေးနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
========================
📌📌 ၄။ ကျိုက်မရောတိုက်ပွဲတွင် စစ်ဗိုလ်တဦးနှင့်နယ်ခြားစောင့်တပ်စစ်ကြောင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးပြီး ၄ ဦး လက်နက်ချအလင်းဝင်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးတဦးနဲ့ နယ်ခြားစောင့် တပ်က စစ်ကြောင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးပြီး ၄ ဦး လက်နက်ချအလင်းဝင်လာတယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာမှာရှိတဲ့ တောင်ကလေး စခန်းကနေ ချောင်းနှစ်ခွဘက်ကို တပ်ကူလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို နဂါးနီစစ်ကြောင်းနဲ့ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်မ ၂၂၊ တပ်မ ၄၄ က တပ်တွေအပါအဝင် အမှတ် ၄ တန်းမြင့် လေ့ကျင့်ရေး ကျောင်းက သင်တန်းသားများ၊ နယ်ခြားစောင့်တပ် BGF က တပ်ဖွဲ့ဝင်တွေပါတဲ့စစ်ကြောင်းကို နဂါးနီစစ်ကြောင်း၊ Federal Wings တပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၁၆ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မွန်းတဲ့ ၁၂ နာရီအချိန်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာမှာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေများတာကြောင့် ညနေ ၄ နာရီခွဲခန့် အချိန်မှာ အကြမ်းဖက်စစ်အုပ်စုဟာ ပြန်လည်ဆုတ်ခွာသွားတယ်လို နဂါးနီစစ်ကြောင်းက အသိပေးထားပါတယ်။
တိုက်ပွဲဖြစ်နေချိန်အတွင်း လက်နက်ချအလင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကျိုက်မရောတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ဗိုလ်ကြီးတဦး၊ နယ်ခြားစောင့်တပ်က တပ်နယ် ၄ စစ်ကြောင်းမှူး ဗိုလ်မှူး တော်တယာ အပါအဝင် ၁၁ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၁၅ လက် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးအင်အားစု ဘက်က ရဲဘော်တဦး တိုင်းပြည်နဲလူမျိုးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ ပုလောရှိ ‘တို’တောင်ပေါ်က စစ်ကောင်စီ တပ်စခန်းကို PDF တွေ အကဲစမ်းပစ်ခတ်
နိုဝင်ဘာ ၂၉။
တနင်္သာရီဒေသ၊ ပုလောမြို့နယ်ထဲရှိ ‘တို’ရွာက တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မြိတ်ခရိုင်း PDF တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ထံမှ သိရပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၁၁ ခွဲဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
အဲ့ဒီစခန်းမှာ စစ်ကောင်စီတပ်သား အင်အား ၁၀ ဦးဝန်းကျင်သာ ရှိပေမယ့် စခန်းကို ကုတ်ကျင်းတွေ၊ သံအိတ် ဘန်ကာတွေ၊ သံဆူးကြိုးတွေ၊ သစ်လုံးတွေနဲ့ ခံစစ် အခိုင်အမာတည်ဆောက် ထားတယ်လို့ ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ပလမြို့နဲ့ တန်းရှင်းရွာတွေက ဖြတ်သွားဖြတ်လာ အရပ်သား တွေကို ‘တို’တောင်ပေါ်ကနေ စစ်ကောင်စီ စစ်သားတွေက လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အဲ့ဒီပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် ညဘက်အချိန်မှာပဲ မြိတ်မြို့ဘက်ကနေ ပလမြို့ကို စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့် ရေလမ်းကနေ ရောက်လာပြီး “တို’တောင်မှာ အားဖြည့်တပ်စွဲ ထားတယ်လို့ သိရပါတယ်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့ပြီး PDF တွေဘက်က အထိအခိုက် မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုလောဒေသအတွင်း တိုက်ပွဲပြင်းထန် လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်တွေရဲ့ အနီးအနားမှာ မနေကြဖို့ကိုလည်း အသိပေးထားပါတယ်။
========================
📌📌 ၆။ ပေါက်မြို့နယ်ရှိ ကျေးရွာများသို့ "တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်" ဖြင့် အခမဲ့ ဆေးကုသခြင်းများ ဆောင်ရွက်
နိုဝင်ဘာလ ၂၉။
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပြည်သူ့လုံခြုံရေး အဖွဲ့များ၊ ကျန်းမာရေးနှင့် သူနာပြု တပ်ဖွဲ့မှ ဆရာ၊ ဆရာမ များနဲ့ အတူ "တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်" ဖြင့် အခမဲ့ ကွင်းဆင်းကုသရေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာနှစ်ရွာသို့ အခမဲ့ ကုသရေး mobile clinic မှ နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက် များတွင် စီမံချက် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ နှင့် မကျန်းမာသော ပြည်သူများကို အခမဲ့ ဆေးဝါးကုသမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ ဆေးဝါးကုသမှု ပြုလုပ်ပေးရာမှာ ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ များမှ လုံခြုံရေး ပူးပေါင်းဆောင်ရွက် ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment