📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၃ နိုဝင်ဘာလ ( ၄ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ မလေးမှာ မင်းတပ်ဒေသခံ ဒါဇင်ချီ ထပ်မံ ဖမ်းဆီးခံရ
မလေးရှားနိုင်ငံမှာ မင်းတပ်ဒေသခံ လူဒါဇင်ချီဖမ်းဆီးခံရလို့ သိရပါတယ်။
ကွာလာလမ်ပူခရိုင် ဆလင်ပန်းမြို့ထဲ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက အောက်တိုဘာ ၂၇ ရက်နေ့ ညပိုင်း ဝင်ရောက်စီးနင်းအပြီး မင်းတပ်မြို့နယ် ဒေသခံအယောက် ၁၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ ဖြစ်စဉ်သိရှိထားသူက ပြောပါတယ်။
“ညက အိမ်ထဲ ဝင်ဖမ်းသွားတာလို့ သိရတယ်၊ ဘယ်လောက်ပါသွားလဲ မသိရသေးဘူး၊ မင်းတပ်ကလူ တော်တော်များများ ပါသွားတယ်။”လို့ ဆိုပါတယ်။
မလေးရှားအာဏာပိုင်တွေက အထောက်အထားမခိုင်လုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ရှာဖွေ ဖမ်းဆီးတာမျိုး ပိုမိုများပြားလာတယ်လို့ မလေးရှားရောက်နေသူတွေက ဆိုပါတယ်။
ချင်းဒုက္ခသည် မဟာမိတ်အဖွဲ့ (ACR) ကတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဒေသအာဏာပိုင်တွေရဲ့ ဥပဒေလေးစားလိုက်နာဖို့၊ နေထိုင်ရာမြို့၊ ရပ်ကွက်နေပြည်သူတွေနဲ့လည်း အချင်းချင်းသင့်မြတ်ကြဖို့ အောက်တိုဘာ ၉ ရက်နေ့က တိုက်တွန်းထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံသားအချင်းချင်း သောက်စားရာက အငြင်းပွားပြီး ခိုက်ရန်ဖြစ်ပွားတာမျိုး ရှိနေဆဲဖြစ်သလို အသက်ဆုံးစေနိုင်တဲ့ ခိုက်ရန်ဖြစ်တာမျိုးလည်း မကြာခဏမြင်ရ ကြားရတယ်လို့ မလေးရှားနိုင်ငံကို လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းကရောက်နေတဲ့ မင်းတပ်ဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းကာလ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အလုပ်လုပ်ကိုင်ဖို့ သွားတာမျိုး ပိုမိုများပြားလာနေပါတယ်။
========================
📌📌 ၂။ စစ်ရေးအရ မင်းတပ် - ကျောက်ထု လမ်းပိုင်းကို သွားလာခွင့် ကန့်သတ်ထား
စစ်ရေးအရ မင်းတပ် - ကျောက်ထု မော်တော်လမ်းပိုင်း သွားလာခွင့် ကန့်သတ်ပိတ်ပင်လိုက်ပြီလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က အောက်တိုဘာ ၂၈ ရက်နေ့ ကြေညာပါတယ်။
ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် ကျောက်ထု - မင်းတပ် ကားလမ်းပိုင်းမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးလုပ်ငန်း ဆောင်ရွက်နေတာကြောင့် တားမြစ်ရတာလို့ ပြောပါတယ်။
မနက် (၀၆:၀၀) မှ ည (၁၈:၀၀) နာရီ အချိန်အတွင်း လူ၊ မော်တော်ယာဥ် သွားလာဖို့ ခွင့်ပြုထားပါတယ်။
သတ်မှတ်ချိန် ကျော်လွန်ပြီး ဖြတ်သန်း သွားလာတာကြောင့် ဖြစ်လာမယ့်နောက်ဆက်တွဲ အကျိုးဆက်တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အနေဖြင့် လုံးဝ (လုံးဝ) တာဝန်မယူဘူးလို့လည်း သတိပေးထားပါတယ်။
အောက်တိုဘာ ၂၄ ရက်ညက မင်းတပ်မှာ ၂ ဖက် အပြန်လှန်ပစ်၊ခတ်မှု ဖြစ်တဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အစစ်ဆေးတင်းကျပ် နေပါတယ်။
========================
📌📌 ၃။ ချင်းလဲန်းကောင်စီ ညီလာခံဖြစ်မြောက်ရေး ဒုတိယအကြိမ် ထပ်မံတွေ့ဆုံ
ချင်းပြည် (Chinland) ကောင်စီ ညီလာခံဖြစ်မြောက်ရေး ချင်းအမျိုးသားတပ်ဦး၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နဲ့ ဒေသအခြေပြုတော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ Working Committee for Chinland Council Conference (WCCCC)ဒုတိယအကြိမ် အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၄ ရက်ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီမှာ ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ပြင်ဆင်ရေးဆွဲခဲ့တယ်လို့ (WCCCC) က ထုတ်ပြန်ထားပါတယ်။
ချင်းပြည် (Chinland) ကောင်စီ ညီလာခံဖြစ်မြောက်ရေး ပထမအကြိမ် အစည်းအဝေးကို စက်တင်ဘာလဆန်းပိုင်းက ၃ ရက်အကြာ ပြုလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ပထမအကြိမ် အစည်းအဝေးမှာ မင်းတပ်ကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့တာ ရှိပေမယ့် အခုဒုတိယအကြိမ်အစည်းအဝေးမှာ တက်ရောက်သူရှိ၊ မရှိကို မသိရပါဘူး။
(WCCCC) အနေနဲ့ တော်လှန်ရေးကာလ ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲခြင်းကို ဆောင်ရွက်နေပြီး ချင်းလဲန်းကောင်စီ ညီလာခံ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ အရှိန်အဟုန် မြှင့်ဆောင်ရွက်နေတယ်လို့လည်း အောက်တိုဘာ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
========================
📌📌 ၄။ ရှမ်းမြောက်မှာ စစ်၊တပ်လက်အောက်ခံ ၁၀၀ ကျော် မဟာမိတ်တွေထံ လက်၊နက်ချ ပူးပေါင်း
ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြန်ဆုံးအလင်းဝင်ပူးပေါင်းလာဖို့ နှိုးဆော်တိုက်တွန်းနေသလို အလင်းဝင် လာသူတွေ ရာချီနေပြီလို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၃၀ ရက်က ကွမ်းလုံမြို့နယ် တောင်ပိုင်းရှိ ကံမိုင်းဒေသမှာ အခြေချ တပ်ထိုင်တဲ့ ရမခ လက်အောက်ခံ ခလရ (၁၄၃) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦး လက်၊နက်ချ အလင်းဝင်ခဲ့ပါတယ်။
တဆက်တည်း အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ကိုးကန့်ဒေသမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁၅ ဦး လ၊က်နက်ခဲ၊ယမ်းနဲ့အတူ ညီနောင်မဟာမိတ်တပ်ဖွဲ့ထံ လက်နက်ချ အလင်းဝင်ထားပါသေးတယ်။
အလင်းဝင်လာသူတွေကို ခရီးစရိတ်အဖြစ် တယောက် ကျပ်ငွေ ၁၅ သိန်းစီ ပေးထားတယ်လို့လည်း ကိုးကန့်တပ်ဘက်က ထုတ်ပြန်ပါတယ်။
Operation 1027 စတင်ကြောင်း ကြေညာလိုက်တဲ့ ၅ ရက်အတွင်းမှာ မိသားစုနဲ့ ပြန်လည်ဆုံစည်းလိုတာကြောင့် လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်နေပြီလို့ (AA, TNLA, MNDAA) မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့ ကြေညာထားပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ စတင်တဲ့ Operation 1027 အတွင်း ရှမ်းမြောက် လားရှိုး၊ ချင်းရွှေဟော်၊ နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်မြို့နယ်တလျှောက်က စစ်ကောင်စီအထိုင်ချစခန်း ၉၀ နီးပါးနဲ့ သံချပ်ကာအပါအဝင် WMA - 301 လက်၊နက်ကြီးတပ်ဆင်တဲ့ တင့်ကား ၅ စီးအထိ သိမ်းပိုက်ဖျ၊က်ဆီးလိုက်ပြီလို့ The Kokang ရဲ့ နောက်ဆုံးဖော်ပြချက်အရ သိရပါတယ်။
No comments:
Post a Comment