၂၀၂၃ ဒီဇင်င်ဘာလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ Nikkei Asia သတင်းဌာန ၏ အယ်ဒီတာ့အာဘော် ပါ အကြောင်းအရာမှာ အာဆီယံ နှင့် သံတမန် အသိုင်းအဝိုင်းက မေးမြန်းလာသည့် အခါဖြေကြား လေ့ရှိသည့် အချက် အလက်ကို သာ ပြန်လည် ဖြေဆိုခြင်းဖြစ်တယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်ရှင်းလင်း
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် Kachin Political Interim Coordination Team (KPICT) တို့အကြား တွေ့ဆုံဆွေးနွေးမှုကိုဗိုလ်ချုပ်ကြီး ဂွမ်မော်၊ KPICT ဥက္ကဋ္ဌ ဆရာကြီး တူးရှန် ဦးဆောင်၍ အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြ
📌 ၃။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်ပြည့်တဲ့အချိန်အထိ မြန်မာပြည်သူတွေဟာ မိမိတို့ရဲ့ အခွင့်အရေးအတွက် ဆက်လက်တောင်းဆိုတိုက်ပွဲဝင်နေရဆဲဖြစ်တယ်လို့ပြောကြား
📌 ၄။ ခါယာတောင်တပ်စခန်းမှ လိုင်ဇာအနီးတဝိုက်နှင့် ရက္ခိုင့်တပ်တော်၊ တပ်စခန်းရှိရာ မုန်လိုင်ခတ်တပ်စခန်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့
📌 ၅။ ရက္ခိုင်ဒေသတွင်း စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပတ်သက်သည်ဟူသော စွပ်စွဲချက်များဖြင့် အရပ်သားပြည်သူ (၁၀၀) နီးပါး စစ်ကောင်စီ၏ အင်အားသုံးဖမ်းဆီးမှုကို ခံနေရ
📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် နိူင်ငံအဝှမ်းသေဆုံးသူလေးထောင်ကျော်ရှိလာပြီးစစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်း၊မကွေးတိုင်းတို့မှာအများဆုံးဖြစ်
📌 ၇။ အောင်လံလွှင့်ချီနွေဦးထီရဲ့ အပတ်စဥ်၂၅မှာ ကျပ်သိန်းတစ်ရာအထူးဆုကို CDMဝန်ထမ်းတစ်ဦးပင်ထပ်မံ ကံထူးရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ Nikkei Asia သတင်းဌာန ၏ အယ်ဒီတာ့အာဘော် ပါ အကြောင်းအရာမှာ အာဆီယံ နှင့် သံတမန် အသိုင်းအဝိုင်းက မေးမြန်းလာသည့် အခါဖြေကြား လေ့ရှိသည့် အချက် အလက်ကို သာ ပြန်လည် ဖြေဆိုခြင်းဖြစ်တယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်ရှင်းလင်း
ဒီဇင်ဘာ၁ရက်
Nikkei Asia သတင်းဌာန ၏ အယ်ဒီတာ့အာဘော် ပါ အကြောင်းအရာမှာ အာဆီယံ နှင့် သံတမန် အသိုင်းအဝိုင်းက မေးမြန်းလာသည့် အခါဖြေကြား လေ့ရှိသည့် အချက်အလက်ကိုသာ ပြန်လည်ဖြေဆိုခြင်းဖြစ်တယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်မှနိုဝင်ဘာ၃၀ရက်ညပိုင်းတွင် ဆိုရှယ်မီဒီယာကတစ်ဆင့် ရှင်းလင်းအသိပေးဆိုထားပါတယ်။
Nikkei Asia သတင်းဌာန ၏သတင်းဆောင်းပါး ပါ အချက်အလက် နှင့်အယ်ဒီ့တာအာဘော် တွင် ပါဝင်နေသည့် parallel government is preparing for face-to-face dialogue with the military regime ဆိုသည့် အသုံးအနှုန်း မှာ မိမိ အသုံးပြုခဲ့ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ထို့အတူ "We have already sent our ground rules for dialogue to the junta စသဖြင့် ဆိုထားသည့် အချက်မှာလည်း အာဆီယံ နှင့် သံတမန် အသိုင်းအဝိုင်းက မေးမြန်းလာသည့် အခါဖြေကြား လေ့ရှိသည့် အချက် အလက်ကို သာ ပြန်လည် ဖြေဆိုခြင်းဖြစ်ပြီး - စကစ နှင့် (လုံး၀) လုံး ၀ -ဆက်သွယ် သတင်းစကားပေးခြင်း မဟုတ်ကြောင်း သိစေအပ်တယ်လို့ ဆိုပါတယ်။
သို့ဖြစ်၍ အချက် အလက် နှင့် အာဘော် ရောထွေးနေသည့် အဆိုပါ သတင်းဆောင်းပါး ၏ အာဘော်မှာ မိမိ၏ အာဘော် နှင့် နိုင်ငံရေး သဘောထားရပ်တည်ချက်များ မဟုတ်ပါကြောင်း ပြည်သူလူထု နှင့် တော်လှန် ရေး မိတ်ဆွေများကို သိစေအပ်တယ်လို့ဝန်ကြီးဒေါ်ဇင်မာအောင်ကဆိုထားပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် Kachin Political Interim Coordination Team (KPICT) တို့အကြား တွေ့ဆုံဆွေးနွေးမှုကိုဗိုလ်ချုပ်ကြီး ဂွမ်မော်၊ KPICT ဥက္ကဋ္ဌ ဆရာကြီး တူးရှန် ဦးဆောင်၍ အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြ
ဒီဇင်ဘာ၁ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် Kachin Political Interim Coordination Team (KPICT) တို့အကြား တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့ မနက် (၁၀း၀၀) နာရီတွင် အွန်လိုင်းမှတဆင့် ကျင်းပခဲ့ပါတယ်။
ယင်းတွေ့ဆုံမှုတွင် ဗိုလ်ချုပ်ကြီး ဂွမ်မော်၊ KPICT ဥက္ကဋ္ဌ ဆရာကြီး တူးရှန် ဦးဆောင်၍ အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အကြံပေးများနှင့် အတွင်းရေးမှူးများ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
ဆွေးနွေးရာတွင်တော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း အရပ်ရပ်ကို ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့ပြီး လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍရပ်များ ပိုမိုအားကောင်းရေး၊ တော်လှန်ရေးအောင်မြင်ရေးအတွက် လက်တွဲဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးချမှတ်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်ပြည့်တဲ့အချိန်အထိ မြန်မာပြည်သူတွေဟာ မိမိတို့ရဲ့ အခွင့်အရေးအတွက် ဆက်လက်တောင်းဆိုတိုက်ပွဲဝင်နေရဆဲဖြစ်တယ်လို့ပြောကြား
ဒီဇင်ဘာ၁ရက်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်ပြည့်တဲ့အချိန်အထိ မြန်မာပြည်သူတွေဟာ မိမိတို့ရဲ့ အခွင့်အရေးအတွက် ဆက်လက်တောင်းဆိုတိုက်ပွဲဝင်နေရဆဲဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းမှ ဒီဇင်ဘာ၁ရက်နေ့မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုထားပါတယ်။
"ဒီဇင်ဘာလ(၁၀) ရက်နေ့ဟာ (၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ဖြစ်ပါတယ်။လူသားအားလုံးမှာ မွေးရာပါဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေတန်းတူရှိပြီး လူသားတိုင်းရဲ့ လူ့အခွင့်အရေးတွေကို အစိုးရတိုင်းက လေးစားကာကွယ်ဖို့တာဝန်ရှိကြောင်း ဖော်ပြထား တဲ့ ကြေညာစာတမ်းရဲ့ (၇၅) နှစ်မြောက်အထိမ်းအမှတ်ကို ထူးထူးခြားခြား ကျင်းပဖို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြင်ဆင်နေလျက် ရှိပါတယ်။မြန်မာနိုင်ငံဟာ ဒီကြေညာစာတမ်းကို ပထမဦးဆုံးထောက်ခံမဲပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဒီကြေညာစာတမ်း (၇၅) နှစ်ပြည့်တဲ့အချိန်အထိ မြန်မာပြည်သူတွေဟာ မိမိတို့ရဲ့ အခွင့်အရေးအတွက် ဆက်လက်တောင်းဆိုတိုက်ပွဲဝင်နေရဆဲပါ။ အခုအချိန်မှာဆိုရင် အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့အပေါ် ပြည်သူလူထု တရပ်လုံးက လက်တွဲညီညီ ဟန်ချက်ညီညီနဲ့ တိုက်ပွဲဝင်နေတဲ့အချိန်ကာလလည်းဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၃ ခုနှစ် လူ့အခွင့်အရေးနေ့ဆောင်ပုဒ်ကို Dignity, Freedom, and Justice for All "လူ့ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ် မျှတခြင်းဆီ လှိုင်းများနှင့်အတူချီ လို့ ရွေးချယ်ထားကြောင်းလည်းသိရပါတယ်။
========================
📌📌 ၄။ ခါယာတောင်တပ်စခန်းမှ လိုင်ဇာအနီးတဝိုက်နှင့် ရက္ခိုင့်တပ်တော်၊ တပ်စခန်းရှိရာ မုန်လိုင်ခတ်တပ်စခန်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့
ဒီဇင်ဘာ၁ရက်
နိုဝင်ဘာလ (၃၀) ရက်၊ ည (၁၂) နာရီအချိန်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးစခန်းတစ်ခုဖြစ်သော ခါယာတောင်တပ်စခန်းမှ လိုင်ဇာအနီးတဝိုက်နှင့် ရက္ခိုင့်တပ်တော်၊ တပ်စခန်းရှိရာ မုန်လိုင်ခတ်တပ်စခန်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့ကအတည်ပြုထားပါတယ်။
အခြားတစ်ဘက်တွင် စစ်ကောင်စီသည် ခရစ်ယာန်ဘာသာဝင်တို့၏ အထွဋ်အမြတ်အလေးထားရာ Sweet December နေ့ကို တမင်တကာရည်ရွယ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်တယ်လို့ဆိုပါတယ်။
လွန်ခဲ့သော ၂၀၁၇ နှစ်၊ ခရစ်စမတ်အကြိုနေ့၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ ည (၉) နာရီအချိန်တွင်လည်း ဤကဲ့သို့ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လိုင်ဇာမြို့၊ ဝေကျိုင်ရပ်ကွက်အတွင်းရှိ ဆရာမတစ်ဦးအား လက်နက်ကြီး ထိမှန်ခဲ့ဖူးသည့်ဖြစ်ရပ်ရှိခဲ့ပါတယ်။
========================
📌📌 ၅။ ရက္ခိုင်ဒေသတွင်း စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပတ်သက်သည်ဟူသော စွပ်စွဲချက်များဖြင့် အရပ်သားပြည်သူ (၁၀၀) နီးပါး စစ်ကောင်စီ၏ အင်အားသုံးဖမ်းဆီးမှုကို ခံနေရ
ဒီဇင်ဘာ၁ရက်
ရက္ခိုင်ဒေသတွင်း စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပတ်သက်သည်ဟူသော စွပ်စွဲချက်များဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအား နေ့စဉ်ရက်ဆက် ဖမ်းဆီးလာခဲ့သည့်အတွက် အရပ်သားပြည်သူ (၁၀၀) နီးပါးမှာ စစ်ကောင်စီ၏ အင်အားသုံးဖမ်းဆီးမှုကို ခံနေရလျက်ရှိတယ်လို့ ညီနောင်သုံးဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့၊ ည (၇) ကျော်အချိန်ကလည်း ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ တိုင်းဗဟို (၉) စစ်ကောင်စီတပ်စခန်းမှ အနီးအနားရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ (၂) နှစ် အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီသည် မိမိတို့ စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ၎င်း၏ ဗျူဟာကျတပ်စခန်းကြီး၊ ငယ်များနှင့် ရဲဘက် ဆိုင်ရာစခန်းများကိုပါ လက်လွတ်ဆုံးရှုံးနေရသဖြင့် မိုက်ရူးရဲဆန်ကာ အရပ်သားပြည်သူများကိုသာ တမင်ရည်ရွယ် ပစ်မှတ်ထားတိုက်ခိုက်နေပြီး အရပ်သားပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို ရသည့်ဘက်မှ တားမြစ်ပိတ်ပင် ကာ စားနပ်ရိက္ခာကုန်စည်စီးဆင်းမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဖြတ်တောက်ခြင်းတို့အပြင် ကျန်းမာရေး၊ လူမှုရေးကိစ္စများကိုပါ တင်းတင်းကြပ်ကြပ် ပိတ်ပင်လာသည်ကို တွေ့ရှိရတယ်လို့ညီနောင်သုံးဖွဲ့ကဆိုပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် နိူင်ငံအဝှမ်းသေဆုံးသူလေးထောင်ကျော်ရှိလာပြီးစစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်း၊မကွေးတိုင်းတို့မှာအများဆုံးဖြစ်
ဒီဇင်ဘာ၁ရက်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့်သတင်းအချက်အလက်အရ အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ နိူင်ငံအဝှမ်းသေဆုံးသူလေးထောင်ကျော်ရှိလာပြီးစစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်း၊မကွေးတိုင်းတို့မှာအများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုကြောင့်သေဆုံးရသူစုစုပေါင်း၄၂၀၉ဦးတွင် စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊တနသ်ာရီတိုင်း၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်နီပြည်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်တို့ပါဝင်ပါတယ်။
အမျိုးသမီးသေဆုံးသူ၆၇၉ဦးပါဝင်ပြီးကလေးသူငယ်သေဆုံးသူ ၄၈၆ဦးပါဝင်ပါတယ်။
ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူ၁၅၃၇ဦးပါဝင်ပြီး စစ်ကိုင်းတိုင်းမှာအများဆုံးဖြစ်ပါတယ်။
========================
📌📌 ၇။ အောင်လံလွှင့်ချီနွေဦးထီရဲ့ အပတ်စဥ်၂၅မှာ ကျပ်သိန်းတစ်ရာအထူးဆုကို CDMဝန်ထမ်းတစ်ဦးပင်ထပ်မံ ကံထူးရရှိ
ဒီဇင်ဘာ၁ရက်
အောင်လံလွှင့်ချီနွေဦးထီရဲ့ အပတ်စဥ်၂၅တွင် ကျပ်သိန်းတစ်ရာဆုနှင်ဆယ့်ငါးသိန်းဆုကို MOEမှ CDMဝန်ထမ်းတို့ဆွတ်ခူးရရှိခဲ့ပါတယ်။
ထို့အပြင် အခြားဆုမဲများဖြစ်သည့် ကျပ်တစ်သိန်းနှင့်ဆုမဲများကိုလည်းCDM အယောက်၈၀နီးပါးဆွတ်ခူးရရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ ဘဏ္ဍာရေး၊စီမံကိန်းနှင့်ရင်း နှီးမြုပ်နှံမှုဝန်ကြီးဌာနCDMဝန်ထမ်းများကံထူးခဲ့ကြပါတယ်။
အောင်လံလွှင့်ချီနွေဦးထီအပတ်စဉ်(၂၄) တုန်းကလည်း ဝန်ကြီးဌာနအသီးသီးရှိ CDMer (၈၂) ဦးမှ ထီဆု (၈၂) ဆု ကံထူးခဲ့ကြပါတယ်။
(၂၄) ကြိမ်မြောက် အောင်လံလွှင့်ချီနွေဦးထီမှ ထွက်ပေါ်လာသော ထီဆု (၁၁၄) ဆုအနက် ကျပ်သိန်း ၁၀၀ ဆု (၁)ဆု အား ပညာရေးဝန်ကြီးဌာန CDMer (၁) ဦးမှလည်းကောင်း၊ ကျပ် ၁၅ သိန်းဆု (၁) ဆု ကို ကျန်းမာရေးဝန်ကြီးဌာနမှ CDMer (၁) ဦးမှလည်းကောင်း၊ ကျပ် ၅ သိန်းဆု (၈) ဆုကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ CDMer (၈) ဦးမှလည်းကောင်း ကံထူးခဲ့ကြပါတယ်။
CDMတစ်ဦး_နွေဦးထီတစ်စောင်_ထောက်ပို့ကမ်ပိန်းတွင် CDMဝန်ထမ်းများကိုမိမိစိတ်ကြိုက်ထီလက်မှတ်များဝယ်ယူပံပိုးပေးနိူင်ပြီ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment