26th MAR 2024 - Morning Daily News by Radio NUG

 


၂၀၂၄ မတ်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်  စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယဝန်ကြီး ခူးထဲဘူးမှတက်ရောက်

📌 ၃။ “CDMမှသည်စစ်ရေးဆီသို့ကမ်ပိန်းတွင် ပြည်ထဲရေးဒုဝန်ကြီးပါဝင်ကူညီ

📌 ၄။ အကြမ်းဖက်စစ်တပ်ဟာ အာရကန်ဒေသမှာ ရိုဟင်ဂျာတွေကို ချော့တလှည့် ခြောက်တလှည့် စည်းရုံးပြီး အရေးအခင်းကို ဖန်တီးနေတယ်လို့ဆို

📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များအတွက် အလုပ်နေရာများခေါ်ယူ

📌 ၆။ စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတယ်လို့ AA ထုတ်ပြန်

📌 ၇။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုနှင့် ရက္ခိုင့်တပ်တော်တို့ကြား စစ်ရေးပြင်းထန်နေချိန် စစ်အုပ်စုက ကုန်စည်နှင့် ဆေးဝါးစီးဆင်းမှုကို ဖြတ်တောက်ထားသဖြင့် ပြည်သူများ အခက်ကြုံနေရ

📌 ၈။ ရန်ကုန်မြို့ တစ်နေရာမှာ မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ ဆန့်ကျင်ကြ စာသားချိတ်ဆွဲ ဆန္ဒထုတ်ဖော်


၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖမ်းဆီးခံရတဲ့ ဟိုပင်က ခရစ်ယာန်ဘာသာရေးဆရာ ၁၀ ရက်ကျော် ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရ

🚩 ၂။ ဆွမ်ပရာဘွမ် စစ်ကောင်စီစခန်းကို လေကြောင်းမှာ လာပို့တဲ့ ရိက္ခာထုတ်များ KIA ရရှိ

🚩 ၃။ ကော့ကရိတ် ကော့ဘိန်းရဲစခန်းကို ပူးပေါင်းအဖွဲ့များသိမ်းပိုက်၊ အယောက် ၂၀ကျော် အလံဖြူထောင်လက်နက်ချ

🚩 ၄။ ငဖဲမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး အရာရှိ သုံးဦး အပါအဝင် ၃၀ ခန့်သေဆုံး

🚩 ၅။ ရေးမြိုခံသင်းတံတားတိုက်ပွဲ ရေးဘီလူးတပ်ဖွဲ့ ရဲဘော် နှစ်ဦးကျဆုံး

🚩 ၆။ အင်အား-၁၀၀ကျော်ပါ အကြမ်းဖက်စကစတပ်သားများ ခင်ဦးနယ် အနောက်ခြမ်းသို့ စစ်ကြောင်းထိုး၍  ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ


မတ်လ ၂၅  ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၁/၂၀၂၄)ကို မတ်လ၂၅ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှတက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊

မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်  စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယဝန်ကြီး ခူးထဲဘူးမှတက်ရောက်


မတ်လ ၂၅ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (/၂၀၂၄)ကို မတ်လ၂၅ရက်နေ့ ကကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ဒုတိယဝန်ကြီး ခူးထဲဘူး၊ တွဲဖက်အမြဲတမ်းအတွင်း၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ “CDMမှသည်စစ်ရေးဆီသို့ကမ်ပိန်းတွင် ပြည်ထဲရေးဒုဝန်ကြီးပါဝင်ကူညီ


မတ်လ၂၅ရက်။

“CDMမှသည်စစ်ရေးဆီသို့"ကမ်ပိန်းတွင် ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးမှ ပါဝင်ကူညီခဲ့တယ်လို့ မတ်လ၂၅ရက်မှာSSTFအကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ကအသိပေးဖော်ပြပါတယ်။


"ပြည်ထဲရေး ဒုဝန်ကြီးရဲ့ အားပေးကူညီမှုက ရဲဘော်တွေ ပီတိဖြစ်ရပါတယ်။ အားနည်းတဲ့သူတွေအတွက် စုစည်းမှုက ပိုအရေးကြီးပါတယ်။ ဒီခရီးက ကြမ်းတယ်၊ ဝေးတယ်.. ဒါပေမယ့် စုစည်းညီညွတ်မှုနဲ့ပဲ ကျော်ဖြတ်ကြရမယ်"လို့ဆိုပါတယ်။


“CDMမှသည်စစ်ရေးဆီသို့ကျပ်သိန်းပေါင်း၆၀၀၀ကမ်ပိန်းကို မတ်လ၃ရက်နေ့မှဧပြီ၁၆ရက်နေ့အထိသတ်မှတ်ထားပါတယ်။


ပါဝင်လိုသူများအတွက်SSTF People police လူမှုကွန်ရက်စာမျက်နှာတွင် အသေးစိတ်ဖော်ပြထားကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်တပ်ဟာ အာရကန်ဒေသမှာ ရိုဟင်ဂျာတွေကို ချော့တလှည့် ခြောက်တလှည့် စည်းရုံးပြီး အရေးအခင်းကို ဖန်တီးနေတယ်လို့ဆို


မတ်လ၂၅ရက်။

အကြမ်းဖက်စစ်တပ်ဟာ အာရကန်ဒေသမှာ ရိုဟင်ဂျာတွေကို ချော့တလှည့် ခြောက်တလှည့် စည်းရုံးပြီး အရေးအခင်းကို ဖန်တီးနေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"ရခိုင်နဲ့ရိုဟင်ဂျာကြား အတိတ်က ဖြစ်ရပ်ဆိုးတွေကို သင်ခန်းစာယူပြီး အနာဂတ်ကို ကောင်းအောင် တည်ဆောက်နိုင်မယ့် အခြေအနေကို စစ်တပ်က ပေးလိုက်ရင် အာရကန်ဒေသဟာ စစ်တပ်ရဲ့ လုံးဝ ပါဝင် ပတ်သက်ခွင့်ရတော့မှာ မဟုတ်တာကြောင့် လူမျိုးစု နှစ်ခု ရေရှည်သမိုင်းချီ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်အောင် ဖန်တီးပေးနေတာဖြစ်တယ်။  အဲ့လိုအပေါ်က အချက်တွေကို လုပ်ရင်  ရိုဟင်ဂျာအဖြစ် လက်ခံထားတဲ့ မြန်မာပြည်သူတွေကလည်း ရိုဟင်ဂျာတွေကို အဆိုးမြင်လာမယ်။ လက်ရှိ ဖြစ်တည်နေတဲ့ ရင်းနှီးမှု၊ စာနာမှု၊ အပြန်အလှန် နားလည်မှုတွေ ပျောက်ဆုံးသွားမယ်။ ဒါတွေကြောင့် စစ်တပ်ဟာ အာရကန်ဒေသမှာ ရိုဟင်ဂျာတွေကို ချော့တလှည့် ခြောက်တလှည့် စည်းရုံးပြီး ဒီအရေအခင်းကို ဖန်တီးနေတာမို့ ကျွန်တော်တို့ အထူးသတိထား နားလည်ဖို့လိုတယ်။ ဒီလှည့်ကွက်ထဲ မဝင်ဖို့လိုတယ်။ မပါမိဖို့လိုတယ်"လို့ဒုဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်သင်တန်းပေး၍ လက်နက်ကိုင်တိုက်ပွဲများမှာ အသုံးပြုရုံသာမက လူမျိုးရေးပြဿနာများပေါ်ပေါက်ရန် အသုံးချမှုတချို့လည်းရှိနေတယ်လို့သိရပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များအတွက် အလုပ်နေရာများခေါ်ယူ


မတ်လ ၂၅ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များအတွက် အလုပ်နေရာများခေါ်ယူနေပါတယ်။


မတ်လ၂၅ရက်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကတရားဝင်အသိပေးကြေညာပါတယ်။


အသိပေးကြေညာချက်အရလျှောက်ထားသူဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီးဝန်ကြီးဌာန၏ လုပ်ငန်းများနှင့် သင့်လျော်သော  ပညာအရည်အချင်းရှိရမယ်လို့ဖော်ပြပါတယ်။


ထို့အပြင်ကျန်းမာရေး ကောင်းမွန်သူ၊ အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတကိစ္စရပ်များတွင် အတွေ့အကြုံရှိသူ ဖြစ်ရမယ်လို့ပါရှိပါတယ်။


လျှောက်ထားလိုသူများအနေဖြင့် (၁၀..၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့https://monrec.nugmyanmar.org/vacancy-announcement/ မှတဆင့် လျှောက်ထားနိုင်ကြောင်းသိရပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတယ်လို့ AA ထုတ်ပြန်


မတ်လ ၂၅ ရက်။

Radio NUG

စစ်ကောင်စီက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်လာအောင် ရည်ရွယ်ချက်ရှိတဲ့ လုပ်ဆောင်ချက် တွေကို ဒီရက်ပိုင်း အတွင်းမှာ ပိုမိုလုပ်ဆောင်လာနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA /AA) က မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတာကို အာရုံလွှဲနိုင်ဖို့အတွက် ကြိုးစားနေတာလို့ AA က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့မှာ ရိုဟင်ဂျာ ၇၀၀ ခန့်ကို စစ်ကောင်စီရဲ့ စကခ (၁၅) ဌာနချုပ်က လူမျိုးရေးပဋိပက္ခ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ရက္ခိုင့်တပ်တော် (AA) အလိုမရှိ၊ တိုက်ပွဲ အလိုမရှိ၊ ဘူးသီးတောင်ကို ကာကွယ်ကြဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခိုင်းပြီး ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မောင်တောမြို့မှာလည်း အလားတူ ဆန္ဒပြပွဲတွေကို ဖန်တီးနိုင်ဖို့အတွက် စစ်ကောင်စီက ကြိုးပမ်းနေပြီး အာရက္ခပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးထောင်ချောက်မှာ မမိကြဖို့ နိုင်ငံရေးအသိ၊ သမိုင်းသင်ခန်းစာ အတွေ့အကြုံတွေနဲ့ သတိထား စောင့်ကြည့်ကြဖို့ ULA/AA က ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။


AA အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့၊ ဘယ်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ် တိုက်ခိုက်သွားမှာဖြစ်ပြီး အာရက္ခဒေသအတွင်း ရက္ခိုင့်တပ်တော်ကလွဲလို့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ မရှိစေရဆိုတဲ့ မူအတိုင်း ဆက်လက်ကိုင်စွဲသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုနှင့် ရက္ခိုင့်တပ်တော်တို့ကြား စစ်ရေးပြင်းထန်နေချိန် စစ်အုပ်စုက ကုန်စည်နှင့် ဆေးဝါးစီးဆင်းမှုကို ဖြတ်တောက်ထားသဖြင့် ပြည်သူများ အခက်ကြုံနေရ


မတ်လ၂၅ရက်။

မတ်လ၂၅ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုကိုအသိပေးဖော်ပြပါတယ်။


ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုနှင့် ရက္ခိုင့်တပ်တော်တို့ကြား စစ်ရေးပြင်းထန်နေချိန်တွင် စစ်အုပ်စုက ကုန်စည်နှင့် ဆေးဝါးစီးဆင်းမှုကို ဖြတ်တောက်ထားသဖြင့် ပြည်သူများ အခက်ကြုံနေရပြီး ဆေးရုံများ၌ ဆေးဝါးပြတ်တောက်မှု မြင့်တက်လာသည့်အပြင် ဆေးကုသရန် လမ်းပိတ်ထားသည့်အတွက် အသက်ဆုံးရှုံးမှုများ ရှိလာတယ်လို့ဖော်ပြပါတယ်။

ထို့ပြင် လူမျိုး‌ရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေရန် စစ်အုပ်စုက ရခိုင်ပြည်နယ်၌ သွေးထိုးလှုံ့ဆော်နေပြီး နိုင်ငံသားစိစစ်ရေး ကဒ်ပြားတွင် ရခိုင်ပြည်နယ် မှတ်ပုံတင်အမှတ် (၁၁/) ကိုင်ဆောင်သူများကို ပြည်တွင်း၌ ခရီးသွားလာခွင့် မပြုရန်နှင့် လက်မှတ်များ မရောင်းချကြရန် ယာဉ်လိုင်းများနှင့် ခရီးသွားအေဂျင်စီများကို ညွှန်ကြားထားကြောင်း AAPPကဖော်ပြပါတယ်။


========================


📌📌 ၈။ ရန်ကုန်မြို့ တစ်နေရာမှာ မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ ဆန့်ကျင်ကြ စာသားချိတ်ဆွဲ ဆန္ဒထုတ်ဖော်


မတ်လ ၂၅ ရက်။

Radio NUG

မတ်လ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ တစ်နေရာက လူကူး ကုန်းတံတားပေါ်မှာ အခြေခံပညာ ကျောင်းသား လူငယ်များ အစည်းအရုံး (အကလ-မြေပြင်) က ၎င်းစာတန်းပါ ဘန်နာကို ချိတ်ဆွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ ဘန်နာအား စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် မတရား ဥပဒေများကို သတိပြု တွန်းလှန်ရေး စတဲ့ ရည်ရွယ်ချက်များဖြင့် ချိတ်ဆွဲခဲ့တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


အဆိုပါ ဘန်နာချိတ် လှုပ်ရှားမှုကို Youth Scout for Democracy (YSD) မှ ကင်းထောက်အဖြစ် ပံပိုး ကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဖမ်းဆီးခံရတဲ့ ဟိုပင်က ခရစ်ယာန်ဘာသာရေးဆရာ ၁၀ ရက်ကျော် ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရ


မတ်လ ၂၅ ရက်။

Radio NUG


ကချင်ပြည်နယ်၊ မိုးညှင်းမြိုနယ်၊ ဟိုပင်မြို၊ နန့်ရင်းကျေးရွာအနီးမှာ မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာခံလိုက်ရတဲ့ ခရစ်ယာန်ဘာသာရေးဆရာ တစ်ဦးဟာ ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေတယ်လို့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။


ဟိုပင်မြို့ ကက်သလစ် အသင်းတော်က ဆရာ ဂျိမ်းမုန်ရာနော်ဟာ သူတာဝန်ကျတဲ့ ထိုင်ရာယန် ကျေးရွာကို သွားတဲ့လမ်းမှာ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၄၀) က ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။


ဖမ်းဆီးခံထားရတဲ့ ဆရာ ဂျိမ်းမုန်ရာနော်ရဲ့ မိသားစုဝင်တွေ အနေနဲ့ ဒီနေ့အချိန်အထိ သူနဲ့ အဆက်သွယ် မရသေးသလို သူ့ကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားလဲ ဆိုတာကိုလည်း မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦး က ပြောပါတယ်။


တိုက်ပွဲအတွင်းမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဓါတ်ပုံတွေကို ဖုန်းထဲမှာ တွေ့တာကြောင့် ဆရာ ဂျိမ်းမုန်ရာနော်ကို ဖမ်းဆီးခံတာ ဖြစ်တယ်လို့တော့ သိရှိထားကြောင်း မိသားစုနဲ့ နီးစပ်သူက ဆက်ပြောပြပါတယ်။


ဆရာ ဂျိမ်းမုန်ရာနော် နဲ့အတူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲချုပ် (KBC) အဖွဲဝင်တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး သူ့ကိုတော့ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဆွမ်ပရာဘွမ် စစ်ကောင်စီစခန်းကို လေကြောင်းမှာ လာပို့တဲ့ ရိက္ခာထုတ်များ KIA ရရှိ


မတ်လ ၂၅ ရက်။

Radio NUG

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီ တပ်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာထုတ်များ လာရောက်ချပေးခဲ့ရာ KIA မှ သိမ်းဆည်းရရှိခဲ့တယ်လို့ ကချင်ပြည်နယ် သတင်းများဖော်ပြနေတဲ့ The 74 Media က ဖော်ပြထားပါတယ်။


အဆိုပါ The 74 Media က ဖော်ပြထားတဲ့ ဓာတ်ပုံများတွင် ရိက္ခာထုပ်များမှာ အစားအစာခြောက်များအပြင် ဆေးလိပ်တိုကအစ အများအပြား ပါဝင်နေတာကို တွေ့ရပါတယ်။


KIA က ဆွမ်ပရာဘွမ်မြို့ကို ထိန်းချုပ်ထားပြီးနောက် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ ဗျူဟာစခန်းကို မတ်လ ၁၃ ရက်က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြား အသုံးပြုခုခံနေတာကြောင့် စခန်းသိမ်းနိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲဆက်ရှိနေသေးတာ ဖြစ်ပါတယ်။


တစ်ဖက်မှာလည်း KIA က လိုင်ဇာ၊ ဝိုင်းမော်၊ မိုးမောက်၊ ဖားကန့်၊ တနိုင်း၊ မံစီ စတဲ့ မြိုနယ်များမှာ စစ်ကောင်စီ တပ်စခန်း တစ်ခုပြီးတစ်ခု ဆက်တိုက်သိမ်းပိုက်နေပြီး ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်စခန်း ခုထက်မနည်း KIA မှ မတိုက်ရသေးခင်ထဲက စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။


မံစီမြို့နယ် နမ့်လင်းပါ ခလရ (၁၅) တပ်စခန်းဟာ မတ်လ ၂၄ ရက်တွင် ဆုတ်ခွာသွားခဲ့ပြီး မံစီ၊ လွယ်ခမ်း ဗျူဟာ၊ ဒေါ့အင်ခန်စခန်း၊ မဒန်ယန်စခန်း၊ မိုင်းခေါင်စခန်းများဟာလည်း မတ်လ ၂၀ ရက်နဲ့ ၂၃ ရက် ညပိုင်းများမှာ တပ်စခန်းများကို စွန့်ခွာထွက်ပြေး သွားခဲ့ကြတာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ကော့ကရိတ် ကော့ဘိန်းရဲစခန်းကို ပူးပေါင်းအဖွဲ့များသိမ်းပိုက်၊ အယောက် ၂၀ကျော် အလံဖြူထောင်လက်နက်ချ


မတ်လ ၂၅ရက်။

မွန်နဲ့ ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ်ထဲက ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသည့် ရဲကင်းစခန်းအား မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။


အဆိုပါ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) မွန်ပြည်သစ်ခွဲထွက်(MNSP-AD) မွန်ပြည်လွတ်မြောက်ရေးတပ်တော် Mon Liberation Army ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၊ KNDO တပ်ရင်း စောနဂါးတပ်ဖွဲ့၊ SSDF ဒရုန်းတပ်ဖွဲ့ နှင့် အယ်ဖာဘတ်ဒရုန်းအဖွဲ့ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၄ရက် မနက် ၇နာရီကတည်းက တိုက်ခိုက်နေခဲ့တာဖြစ်ပြီး မတ်လ ၂၅ရက် ၁နာရီ ၄၅မိနစ်အချိန်မှာ သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်နှင့် ရဲစုစုပေါင်း အယောက် ၂၀ ကျော် လက်နက်ချခဲ့တယ်လို့ သိရပါတယ်။

သိမ်းပိုက်ရရှိသောကော့ဘိန်းရဲစခန်းအားမီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲအတွင်းအကြမ်းဖက် စစ်ကောင်စီမှ သုံ့ပန်း၂၃ဦး၊ သေဆုံးသူအလောင်း ၅လောင်းနှင့် လက်နက်၂၇လက်ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့်အကြိမ်ရေအများအပြား စစ်ကူပေးပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာစာသင်ကျောင်းနှင့်ပြည်သူလူထုနေအိမ်များစွာထိခိုက်ပျက်စီးခဲ့ရပြီး တိုက်ပွဲအတွင်း တော်လှန်းရေးရဲဘော်နှစ်ဦးမြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်မှလက်နက်ချအညံ့ ခံသူ၂၃ဦးနှင့်မိသားစုဝင်၁၈ဦးတို့အား လူအခွင့်ရေးနှင့်အညီထိန်းသိမ်းထား၍ အမျိုးသားညီညွတ်ရေးအစိုးရ NUGထံသို့စနစ်တကျလွဲပြောင်းပေးခဲ့ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၄။ ငဖဲမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး အရာရှိ သုံးဦး အပါအဝင် ၃၀ ခန့်သေဆုံး


မတ်လ ၂၅ ရက်။

Radio NUG

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသတွေကို စစ်ကြောင်းထိုးပြီး ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အရာရှိ ဦး အပါအဝင် စစ်သား ၃၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ မြေလတ်အသံက ဖော်ပြထားပါတယ်။


မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက တပ်ပြန်ဆုတ်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ငဖဲမြို့နယ်၊ မထုံးကျေးရွာနဲ့ ဂုတ်စီးရိုး ကျေးရွာကြားမှာ PRA-Magway ရဲ့ မောလုံစစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PRA-Magway စစ်ရေးတာဝန်ခံက ပြောပါတယ်။


တိုက်ပွဲအတွင်းမှာ မိုင်းကွင်းထဲကို ဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်ခန့်က မိုင်းတွင်းထဲမှာပဲ သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ အရာရှိ ယောက် ဝန်းကျင်ခန့်ပါကာ ယောက်က နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ယောက်မှာ ဒဏ်ရာနဲ့ ပြန်ဆွဲထုတ်ခဲ့ရတယ်လို့ သိရကြောင်း ၎င်းက ဆက်ပြောပါတယ်။


အဆိုပါ ခြေလျင်စစ်ကြောင်းမှာ စစ်ကောင်စီရဲ့ အမှတ် (၉၀၅) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (မစခ ၉၀၅) အမှတ် (၄၀၉) အမြောက်တပ်ရင်း (အမတ ၄၀၉) နဲ့ စကုဘက်က တပ်တွေလည်း ပါဝင်တယ်လို့ ၎င်း စစ်ရေးတာဝန်ခံက ဆိုပါတယ်။


၎င်းစစ်ကြောင်းဟာ စစ်မှုထမ်း ဥပဒေကို အကြောင်းပြုကာ တောင်ပေါ်ဒေသက လူငယ်တွေကို အဓမ္မ လူသစ်စုဆောင်းနေတဲ့ စစ်ကြောင်းဖြစ်ပြီး တိုက်ခိုက်ခံရအပြီးမှာ ပဒါန်း-အမ်း ကားလမ်းအတိုင်း ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို PRA-Magway (မောလုံစစ်ကြောင်း) က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရှေ့ဆက်လည်း မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးဖြစ်စေ တစ်ဖွဲ့ချင်းဖြစ်စေ စစ်ကောင်စီကို တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ PRA - Magway က အသိပေးထားပါတယ်။


========================


🚩🚩 ၅။ ရေးမြိုခံသင်းတံတားတိုက်ပွဲ ရေးဘီလူးတပ်ဖွဲ့ ရဲဘော် နှစ်ဦးကျဆုံး


မတ်လ ၂၅ ရက်။

Radio NUG

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေး ဂိတ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာ ရှိခဲ့သလို ကာကွယ်ရေးရဲဘော် အချို့လည်း ထိခိုက်ကျဆုံးခဲ့ရတယ်လို့ ရေးဘီလူးအဖွဲ့က အသိပေးထားပါတယ်။


 ဘီလူးနင်းမယ့်လမ်း စစ်ဆင်ရေးဒုတိယမြောက်အဖြစ် မတ်လ ၂၅ ရက် မနက်ပိုင်းတွင် ရေးမြို့နယ်က ခံသင်းတံတား စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးဘီးလူးအဖွဲ့က ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ဦး ကျဆုံးခဲ့ပြီး ရေးဘီလူးအဖွဲ့မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အသိပေးထားပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း ရေးမြို့နယ် ချောင်းတောင် စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးတာရှိခဲ့သလို ရေးဘီလူးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးလည်း ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။


ရေးဘီလူးတပ်ဖွဲ့အနေနဲ့ဘီလူးနင်းမယ့်လမ်း စစ်ဆင်ရေးကို နည်းမျိုးစုံဖြင့် ဖော်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့ကိုလည်း ရေးဘီလူးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၆။ အင်အား-၁၀၀ကျော်ပါ အကြမ်းဖက်စကစတပ်သားများ ခင်ဦးနယ် အနောက်ခြမ်းသို့ စစ်ကြောင်းထိုး၍  ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ


မတ်လ ၂၅ရက်။

အင်အား-၁၀၀ကျော်ပါ အကြမ်းဖက်စကစတပ်သားများ ခင်ဦးနယ် အနောက်ခြမ်းသို့စစ်ကြောင်းထိုး၍  ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရတယ်လို့ မတ်လ၂၅ရက်မှာ ခင်ဦးသတင်းမှန်ပြန်ကြားရေးကအသိပေးဖော်ပြပါတယ်။


"မတ်လ-၂၅ရက်၊ မနက်ပိုင်းမှာ ရေဦးမြို့ပေါ်မှ ခင်ဦးနယ် အနောက်ခြမ်းဘက် ခြေလျင်စစ်ကြောင်းထိုးနေခဲ့သော အင်အား-၁၀၀ကျော်ပါ အကြမ်းဖက်စကစတပ်သားများဟာ ခင်ဦးနယ် အနောက်ခြမ်း ပျဉ်ထောင်ပျူရွာနှင့် တဲစု ကျေးရွာအတွင်း အဖွဲ့ခွဲဝင်ရောက်နေခဲ့ပြီး ညနေပိုင်း၆နာရီခန့်မှစ၍ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးနေခဲ့ကြတာကြောင့် ပျက်ဆီးထိခိုက်မှု အခြေအနေကိုမသိရသေးဘူး"လို့ဖော်ပြပါတယ်။

အဆိုပါ စစ်ကြောင်းကြောင့် ခင်ဦးနယ် အနောက်ခြမ်းရှိ သရက်ပင်စု၊ ကားဆိပ်၊ ယာတော်၊မကျီးအုပ်၊ မြင်းဒေါင်း၊ ကျွန်းတောကြီး၊ မြင်းကျ၊ သာဝတ္ထိ၊ သရက်ကုန်း၊ တဲစု၊ ကင်းပြစ်၊သာဂရ၊ အင်တိုင်းကြီး စသည့်ကျေးရွာပေါင်း ၁၂ရွာမှ ဒေသခံ-၁သောင်းထက်မနည်း နေရပ်စွန့်ခွာ၍ မတ်လ ၂၅ရက်ညပိုင်းအထိ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါတယ်။


အဆိုပါစစ်ကြောင်းအား တားဆီးဖို့ကြိုးစားရင်း ဒေသခံရဲဘော်-၁ဦး ကျဆုံးခဲ့ကြောင်း ကနဦးသိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment