28th MAR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မတ်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အသစ်ပြန် လည်တည်ဆောက်မည့် ဖက်ဒရယ်တပ်မတော်ကိုလည်း ဖက်ဆစ်သန္ဓေဆိုး ကင်းစင်ဖို့ NUGဆန္ဒပြု

📌 ၂။ ပြည်သူ့နွေဦးတော်လှန်ရေးဟာ "ဒုတိယဖက်ဆစ်တော်လှန်ရေး" ဖြစ်ပြီး အပြီးသတ် ပြည်သူ့အောင်ပွဲဆီ ဆက်လက်ချီတက်ကြမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေး

📌 ၃။ ဂျာမနီပါလီမန်အမတ်တစ်ဦးဖြစ်သူ Mrs. Renata Alt နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေးခဲ့

📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၅။ မြေပြင်ကျောင်းပေါင်းသုံးရာကျော်ကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာ

📌 ၆။ စစ်တပ်လက်ထက်မှာ မြန်မာ ပြည်သူပြည်သားများဟာ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေကို ရင်ဆိုင်ခံစားနေရတယ်လို့ ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးပြောကြား


၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆီဆိုင်မြို့သည် စစ်ပွဲဇုန်အတွင်း ကျရောက်နေပြီး တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူများ မြို့တွင်းသို့မဝင်ရန် PNLA သတိပေး

🚩 ၂။ ၁၁၁၁ စစ်ဆင်ရေး ငါးလ နီးပါး ကာလ အတွင်း KNDF  အမှတ်(၁၅) တပ်ရင်းမှ ရဲဘော် ()ဦး ကျဆုံးခဲ့

🚩 ၃။ မိုးမောက်မှာ စစ်ကောင်စီ တပ်ရင်း ခု ရှိတဲ့ အနက် ခုကို KIA သိမ်းပိုက်ထား

🚩 ၄။ ကျောက်တံတား ရဲစခန်းအနီး ဆူးလေမီးပွိုင့်တွင် ဗုံးပေါက်ကွဲပြီး ကလေးငယ် ဦး ဒဏ်ရာရ

🚩 ၅။ ကချင်ပြည်နယ်မှာ မတ်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြန်လည်ပြင်းထန် လာတာကြောင့် မြို့နယ် ၁၀ ခုမှာ လူပေါင်း ၁၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရ

🚩 ၆။ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှ ပြည်သူ ၅၀၀၀ ခန့် နေရပ်စွန့်ခွာ၍ အရေးပေါ်ရှောင်တိမ်းနေရ

🚩 ၇။ ရေစကြိုတွင် တသောင်းတန်ငွေစက္ကူအတု အရွက်တထောင်ကျော် သိမ်းဆည်းရမိ၍ PDF က မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================

📌📌 ၁။ အသစ်ပြန် လည်တည်ဆောက်မည့် ဖက်ဒရယ်တပ်မတော်ကိုလည်း ဖက်ဆစ်သန္ဓေဆိုး ကင်းစင်ဖို့ NUGဆန္ဒပြု


မတ်လ၂၇ ရက်

မတ်လ၂၇ ရက်မှာ ကျရောက်တဲ့ (၇၉)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ သဝဏ်လွှာပေးပို့ထားပါတယ်။


အတိတ်သမိုင်းတွင် မြန်မာပြည်သူလူထုတရပ်လုံး၏ လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာပိုင်စိုးခွင့်တို့ကို လက်နက်အားကိုးအနိုင်ကျင့်ကာ နယ်မြေချဲ့ထွင် သိမ်းပိုက်ခဲ့ကြသော နယ်ချဲ့ဖက်ဆစ်တပ်များ၏ မတရားဖိနှိပ်ညှင်းပမ်းမှုများကို နယ်မြေဒေသအသီးသီးရှိ တိုင်းရင်းသားပြည်သူများသည် ကနဦးတွင် သီးခြားတော်လှန်တိုက်ခိုက်ခဲ့ကြရာမှ နောက်ပိုင်းတွင် စုစည်းညီညွတ်မှုအားဖြင့် ပူးပေါင်း တော်လှန်တိုက်ခိုက်နိုင်မှသာ နယ်ချဲ့တို့ကို အပြီးတိုင် မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်မည်ကို သတိ ပြုမိလာခဲ့ကြပြီး အချင်းချင်းအကြား စုစည်းညီညွတ်မှု၊ အပြန်အလှန်ယုံကြည်လေးစား အသိအမှတ် ပြုမှုတို့ကို ခိုင်မာစွာ တည်ဆောက်၍ လက်တွဲညီညီဆောင်ရွက်ခဲ့မှုကြောင့် ဖက်ဆစ်နယ်ချဲ့ကို အောင် မြင်စွာ တော်လှန်တိုက်ခိုက်နိုင်ခဲ့ကြခြင်းဖြစ်တယ်လို့ဖော်ပြပါရှိပါတယ်။


ယခုအချိန်တွင် တိုင်းရင်းသားပြည်သူလူထု၏ အခွန်ဘဏ္ဍာများဖြင့် တည်ဆောက်ပေးထား သည့် နိုင်ငံ့ကာကွယ်ရေးယန္တရားသည် ကိုယ်ကျိုးအတ္တဖက်ပြီး ညံ့ဖျင်းသည့် ခေါင်းဆောင်မှုများကြောင့် ကာကွယ်ရေးစစ်တပ်မှ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ရန်ပြုခြိမ်းခြောက်လာသည့် ဖက်ဆစ်စစ်တပ်အသွင်သဏ္ဍာန်သို့ ကူးပြောင်းခဲ့သော အကြမ်းဖက်စစ်အုပ်စုကို ဒေသအလိုက် တော်လှန်တိုက်ခိုက်နေရသဖြင့် ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဟုပင် ရည်ညွှန်းရမယ်လို့ဆိုပါတယ်။


ခေတ်အဆက်ဆက် ပြည်တွင်း/ပြည်ပ ဖက်ဆစ် စစ်မိစ္ဆာများကို ရရာနည်းလမ်းဖြင့် တော်လှန် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးဖြစ်စဉ်များအတွင်း အသက်သွေး၊ ချွေး စတေးပေးဆပ်ခဲ့ကြသည့် တိုင်းရင်းသားပြည်သူများအားလုံး၏ စွန့်လွှတ်အနစ်နာခံမှုနှင့် တော်လှန်ရေးသစ္စာအဓိဋ္ဌာန်ကို  အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစဉ်အမြဲအောက်မေ့သတိရ လေးစားဦးညွတ်ပါကြောင်း အလေးအနက် ဖော်ပြထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အတိတ်သမိုင်းတွင်လည်း တိုင်းရင်းသား ပြည်သူများအားလုံးအကြား စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိအမှတ်ပြုမှုတို့ ဖြင့် အောင်ပွဲကို ဆွတ်ခူးနိုင်သကဲ့သို့ ယခုအကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်မှုတွင်လည်း တိုင်းရင်းသားပြည်သူများ အားလုံးအကြား ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ရင်း မကြာမီကာလတွင် ပြည်သူအားလုံးအတွက် အောင်ပွဲများ ဆွတ်ခူးနိုင်လိမ့်ဟု ယုံကြည်ပါကြောင်းနှင့် အသစ်ပြန် လည်တည်ဆောက်မည့် ဖက်ဒရယ်တပ်မတော်ကိုလည်း ဖက်ဆစ်သန္ဓေဆိုး ကင်းစင်ပြီး ပြည်သူကို အစဉ်အလေးထား ကာကွယ်ပေးသော ပြည်သူ့တပ်မတော်တစ်ရပ်အဖြစ် ထူထောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ ပြည်သူ့နွေဦးတော်လှန်ရေးဟာ "ဒုတိယဖက်ဆစ်တော်လှန်ရေး" ဖြစ်ပြီး အပြီးသတ် ပြည်သူ့အောင်ပွဲဆီ ဆက်လက်ချီတက်ကြမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေး


မတ်လ၂၇ရက်။

ပြည်သူ့နွေဦးတော်လှန်ရေးဟာ "ဒုတိယဖက်ဆစ်တော်လှန်ရေး" ဖြစ်ပြီး အပြီးသတ် ပြည်သူ့အောင်ပွဲဆီ ဆက်လက်ချီတက်ကြမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မတ်လ၂၇ရက်မှာ ဆိုရှယ်မီဒီယာမှာ အသိပေးရေးသားဆိုပါတယ်။


"ဒီကနေ့ မြန်မာပြည်သူတွေ ဆင်နွှဲနေတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးဟာ လွန်ခဲ့တဲ့ အနှစ် (၇၀) ကျော် ၁၉၄၅ ခုနှစ် မတ်လ ၂၇ရက်က ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးရဲ့ အဆက်ဖြစ်ပါတယ်။ တပ်မတော်သာအမိ တပ်မတော်သာအဖလို့ ဆိုင်းပုဒ်တင်လိုက်ကတည်းက မြန်မာစစ်အုပ်စုဟာ ဖက်ဆစ်ဝါဒအမွေခံများ ဖြစ်ကြောင်း ဗြောင်ထုတ်ဖော်ကြေညာပြီး ဖြစ်တယ်။ ဖက်ဆစ်ကို တော်လှန်ပြီး ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေ ဖက်ဆစ် စစ်ကျွန်ဘဝက လွတ်မြောက်စေဖို့ဟာ သမိုင်းပေးတာဝန် ဖြစ်တယ်။ ဒါကြောင့် ဒီကနေ့ ဆင်နွှဲနေတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးဟာ "ဒုတိယဖက်ဆစ်တော်လှန်ရေး" ဖြစ်တယ်လို့ ခံယူကြတယ်။ ဒုတိယဖက်ဆစ်တော်လှန်ရေးရဲ့ အလံတော်ကလည်း ၁၉၄၅ ပထမဖက်ဆစ်တော်လှန်ရေးရဲ့ အနီထဲက ကြယ်ဖြူပွင့် အလံတော်ကိုပဲ ဆက်ခံထားတာ ဖြစ်တယ်။ အနီထဲက ကြယ်ဖြူပွင့်ဟာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ တလုံးတစည်း စုစည်းညီညွတ်မှု ပြယုဂ် ဖြစ်ပါတယ်။ ဒီစုစည်းညီညွတ်မှုနဲ့ပဲ ပထမဖက်ဆစ်တော်လှန်ရေးကို အနိုင်တိုက်ခဲ့တယ်။ အခုလည်း အနီထဲက ကြယ်ဖြူပွင့် အလံတော်ကို လွှင့်ထူရင်း အပြီးသတ် ပြည်သူ့အောင်ပွဲဆီ ဆက်လက်ချီတက်ကြပါမယ်"လို့ဝန်ကြီးကဆိုပါတယ်။

ဒါ့အပြင်ဖက်ဆစ်သဘောဟာ  လူမျိုးခြား ဘာသာခြားကို မုန်းပြီး လူမျိုးကြီးဝါဒ ကျင့်သုံးကာ ကိုယ့်လူမျိုး အချင်းချင်း ကျွန်ပြုဆက်ဆံတဲ့သူတွေဖြစ်တယ်လို့ စစ်အုပ်စုကို ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ ဂျာမနီပါလီမန်အမတ်တစ်ဦးဖြစ်သူ Mrs. Renata Alt နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေးခဲ့


မတ်လ၂၇ရက်။

ဂျာမနီပါလီမန်အမတ်တစ်ဦးဖြစ်သူ Mrs. Renata Alt နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။


မတ်လ၂၇ရက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။


"ဂျာမနီနိုင်ငံ ပြည်ထောင်စုပါလီမန် ရုံးခန်းတွင် မစ္စစ်ရီနာတာ အဲလ်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်"လို့ဆိုပါတယ်။


ထိုကဲ့သို့ ဆွေးနွေးရာတွင် စကစအောက်တွင် အဆိုးရွားဆုံး အခြေအနေများဖြင့် ထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေး အကျဉ်းသား ၂၀,၂၇၄ ဦး၏ အခြေအနေ၊ ကျွန်တော်တို့ နိုင်ငံတွင် ဆယ်စုနှစ်များကြာ စစ်တပ်က မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အမျိုးသမီးများ၊ ကလေးများနှင့် အမျိုးသားများအပေါ်တွင် လက်နက်တစ်ခုအဖြစ် စနစ်တကျ အသုံးချခဲ့သည်ဟူသော မှတ်တမ်းတင်အချက်အလက်များနှင့်တကွ လွန်ခဲ့သည့် သုံးနှစ်အတွင်း အလားတူအကြမ်းဖက်မှုပုံစံများကို ပိုမိုအရှိန်မြှင့်ပြီး ကျူးလွန်လာခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


ထိုကဲ့သို့ ကြောက်စရာကောင်းသော ရာဇ၀တ်မှုများအတွက် တာဝန်ရှိသူအားလုံးကို တရားမျှတစေရန်၊ တစ်ဦးချင်း တိုက်ရိုက်ကျူးလွန်သူမှ ၎င်းတို့၏ အမြင့်ဆုံးအမိန့်ပေးအပ်သူများအထိ တရားမျှတမှုရှိစေရန် ပြင်းပြင်းထန်ထန် ထောက်ခံအားပေးကြောင်းပြောဆိုခဲ့ပါတယ်။


မစ္စစ် Alt သည် FDP ပါတီ (လစ်ဘရယ်ပါတီ) မှ ပါလီမန်အမတ်တစ်ဦးဖြစ်ပြီး ဂျာမနီ ဖက်ဒရယ်ပါလီမန်တွင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ၏ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


မတ်လ ၂၇  ရက်။

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး 

နိုင်သုဝဏ္ဏတက်ရောက်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၃/၂၀၂၄)ကို မတ်လ၂၇ရက်နေ့ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ တက်ရောက်

အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ မြေပြင်ကျောင်းပေါင်းသုံးရာကျော်ကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာ


မတ်လ၂၇ရက်။

မြေပြင်ကျောင်းပေါင်းသုံးရာကျော်ကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုကြောင်း မတ်လ၂၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက တရားဝင်အသိပေးကြေညာပါတယ်။


ပညာရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုလျှောက်လွှာတင်ထားသည့် ကျောင်းများအနက် စိစစ်ပြီး အသိအမှတ်ပြုရေး မူဝါဒ၁၁ချက်ကို လိုက်နာပါမည်ဟု ဝန်ခံကတိပြုသောမြေပြင်ကျောင်းပေါင်း ၃၀၃ ကျောင်းကို ကြားကာလ အခြေခံပညာ ပြည်သူ့ကျောင်းများအဖြစ်အသိအမှတ်ပြုလိုက်တယ်လို့ ဖော်ပြပါတယ်။

စိစစ်ဆဲ အွန်လိုင်းနှင့်မြေပြင် ပညာရေးကျောင်းများကိုလည်း ဆက်လက်အသိအမှတ်ပြုကြေညာပေးသွားမယ်လို့သိရပါတယ်။


========================


📌📌 ၆။ စစ်တပ်လက်ထက်မှာ မြန်မာ ပြည်သူပြည်သားများဟာ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေကို ရင်ဆိုင်ခံစားနေရတယ်လို့ ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးပြောကြား


မတ်လ၂၇ရက်။

စစ်တပ်လက်ထက်မှာမြန်မာ ပြည်သူပြည်သားများဟာ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေကို ရင်ဆိုင်ခံစားနေရတယ်လို့ ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan က မတ်လ ၂၇ရက်မှာ မြန်မာပြည်သူပြည်သားများအတွက် သတင်းစကားပါးဆိုလိုက်ပါတယ်။


"ပြည်သူပေါင်း၁၈သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိပြီး လူသုံးဦးအနက် တဦးမှာပဋိပက္ခများကြောင့် မိမိအိုးအိမ်များကို စွန့်ခွာထွက်ပြေးဖို့ ဖိအားပေးခံနေရပါတယ်။ မြန်မာစစ်တပ်လက်ထက်မှာ ပြည်သူပြည်သားများဟာ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေကို ရင်ဆိုင်ခံစားနေရပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်စစ်တပ်အနေနဲ့ မြန်မာပြည်သူပြည်သားများအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ယူကေအစိုးရက ဆက်လက် ကြိုးပမ်းအားထုတ် ကူညီပေးသွားမှာဖြစ်ကြောင်း ထပ်လောင်းအတည်ပြုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဆီဆိုင်မြို့သည် စစ်ပွဲဇုန်အတွင်း ကျရောက်နေပြီး တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူများ မြို့တွင်းသို့မဝင်ရန် PNLA သတိပေး


မတ်လ ၂၇ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပအိုဝ်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဆီဆိုင်မြို့ကလည်း စစ်ဇုန်အတွင်းကျရောက်နေတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ မြို့တွင်းကို လုံးဝမဝင်ကြဖို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် -PNLA က မတ်လ ၂၇ ရက်မှာ သတိပေးချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ဆီဆိုင်မြို့တွင်းနဲ့ ပတ်ဝန်းကျင်မှာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့တွင်းကို တင့်ကားတွေ သုံးပြီး ထိုးစစ်ဆင်နေသလို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့လည်း အဆမတန် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံ ပြည်သူတွေရဲ့ အိုးအိမ်တွေပျက်စီးနေတယ်လို့ PNLA က ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့တွင်းကို အချို့သောဒေသခံပြည်သူတွေ ဝင်ရောက်ဖို့ ကြိုးစားခဲ့တာတွေကြောင့် စစ်ကောင်စီ တပ်တွေနဲ့အပေါင်းအပါတွေရဲ့ ပစ်ခတ်ဖမ်းဆီးမှုတွေကြောင့် သေဆုံးတာတွေရှိသလို အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေသူတွေ ရှိလာတယ်လို့လည်း အသိပေးထားပါတယ်။

ဒါကြောင့် အရပ်သားပြည်သူတွေအနေနဲ့ ဆီဆိုင်မြို့အတွင်းကို အရဲစွန့်‌ပြီး ဝင်ရောက်တာတွေ လုံးဝမပြုလုပ်သင့်ဘူးလို့ PNLA က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မဲနယ်တောင်ဒေသကိုလည်း စစ်ကြောင်းထိုးနေပြီး ပအိုဝ်းကျေးရွာတွေက အိုးအိမ်တွေကို ဖျက်ဆီးနေတာကြောင့် ပြည်သူလူထုအနေနဲ့ PNLA ရဲ့ သတင်းထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ကြဖို့နဲ့ တရားဝင် အသိပေး ထုတ်ပြန်တာမရှိဘဲ ဆီဆိုင်မြို့တွင်းကိုမဝင်ကြဖို့ PNLA က ထပ်မံတိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ ၁၁၁၁ စစ်ဆင်ရေး ငါးလ နီးပါး ကာလ အတွင်း KNDF  အမှတ်(၁၅) တပ်ရင်းမှ ရဲဘော် ()ဦး ကျဆုံးခဲ့


မတ်လ ၂၇ရက်။

၁၁၁၁ စစ်ဆင်ရေး ငါးလ နီးပါး ကာလ အတွင်း KNDF  အမှတ်(၁၅) တပ်ရင်းမှ ရဲဘော် ()ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် ၁၅က အသိပေးဆိုပါတယ်။


"ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီအား တွန်းလှန်သည့် တော်လှန်ရေးတပ်ပေါင်းစုများ တစ်ညီတစ်ညွှတ်တည်း စစ်ဆင်ရေး ဆင်နွှဲခဲ့သော ၁၁၁၁ စစ်ဆင်ရေး ကာလ ငါးလနီးပါး ကာလအတွင်း မိမိတို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၁၅) မှ ရဲဘော် လေးဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်"လို့ ဖော်ပြပါတယ်။


၁၁၁၁ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း အရေးပါသော မြို့သိမ်း တိုက်ပွဲများအနက် ကရင်နီ တော်လှန်ရေး အင်အားစုများနှင့်အတူ စစ်ကောင်စီ၏ စစ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော ရှားတောမြို့သိမ်းတိုက်ပွဲနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့အနီး စစ်ကောင်စီ ထိုးစစ်အား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ခုခံစစ်ဆင်နွှဲ့ခဲ့သည့် တိုက်ပွဲများအတွင်း တပ်သား ခူးတီရယ်၊ တပ်သား ခူးဗျားရယ်၊ တပ်သား ခူးဘူးရယ်၊ တပ်သား ခူးတူရယ် တို့ ()ဦးမှာ တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာကျဆုံးခဲ့ရတယ်လို့ဆိုပါတယ်။


ကျဆုံးခဲ့ရသော ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ် (၁၅) တပ်ရင်း၊ တပ်ဖွဲ့ဝင် () ဦးအား လေးနက်စွာအလေးနီပြု၍ ကရင်နီ အမျိုးသားအာဇာနည်သူရဲကောင်းများအဖြစ် KNDF အမှတ် (၁၅)တပ်ရင်း မှ အစဥ်အမြဲ သမိုင်းမှတ်တမ်းတင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၃။ မိုးမောက်မှာ စစ်ကောင်စီ တပ်ရင်း ခု ရှိတဲ့ အနက် ခုကို KIA သိမ်းပိုက်ထား


မတ်လ ၂၇ ရက်။

Radio NUG

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြိုနယ်၊ မြစ်ကြီးနား - ဗန်းမော် လမ်းပိုင်းရှိ စစ်ကောင်စီ တပ်ရင်း ခုအနက် ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသခံများထံက သိရပါတယ်။


မတ်လ ၂၆ ရက်နေ့မှာ မိုးမောက်နယ်ထဲက ကုန်းလော ခမရ (၃၈၇) တပ်ရင်း၊ မြို့သစ် (၃၂၀) တပ်ရင်း၊ စလောင်းကုန်း (တာဝါတိုင်ကုန်း) လုံဂျာဘွမ် တပ်စခန်းတွေနဲ့ ကာကင်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခလရ (၄၃၇) တပ်ရင်း တစ်ခုသာ မိုးမောက် မြို့နယ်အတွင်း ကျန်ရှိနေတော့ပြီး ထိုစခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


KIA က ပြီးခဲ့တဲ့ မတ်လ ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အနီး ခလရ ၁၄၂ တပ်ရင်း၊ မတ် ၁၄ ရက်တွင် ဒါဆိုင်းကျေးရွာရှိ ခလရ ၂၃၇ တပ်ရင်း၊ မတ် ၁၈ ရက်တွင် ဆန်ဂန်၊ ခလုန်ကရုန်၊ အိုဂရိန်ဘွမ်၊ မန်ဒါ၊ ဖကော်နှင့် ဘွမ်ကပေါ်တပ်စခန်း၊ မတ် ၂၁ ရက်တွင် နွမ့်လန်အခြေစိုက် ခမရ ၄၃၈ တပ်ရင်း နှင့် ခမရ ၆၁၆ ဒုံးတပ်ရင်း၊ မတ် ၂၃ ရက်တွင် နောင်ကွန်အခြေစိုက် အမြောက်တပ် ၃၇၀ တပ်ရင်း တို့ကို သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တပ်စခန်းများကို KIA က မတ်လ ရက်နေ့မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့ရဲ့ တပ်စခန်းများကို စွန့်ခွာကာ ဗန်းမော်မြို့ပေါ်ကို ထွက်ပြေးကြသဖြင့် အချို့စခန်းများကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဗန်းမော်မြို့ခံ တစ်ဦးက ပြောပါတယ်။


လက်ရှိတွင် ဗန်းမော်မြို့အတွင်းတိုက်ပွဲများ ဖြစ်ပွားလာမှာကို စိုးရိမ်ကြတာကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ကျောက်တံတား ရဲစခန်းအနီး ဆူးလေမီးပွိုင့်တွင် ဗုံးပေါက်ကွဲပြီး ကလေးငယ် ဦး ဒဏ်ရာရ


မတ်လ ၂၇ ရက်။

Radio NUG


ရန်ကုန်မြို့လယ်ရှိ၊ ကျောက်တံတား ရဲစခန်းအနီး၊ ဆူးလေမီးပွိုင့်တွင် ဗုံးပေါက်ကွဲပြီး ကလေးငယ် ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ပြည်သူများထံက သိရပါတယ်။


မတ်လ ၂၇ ရက် (ဖက်စစ်တော်လှန်ရေးနေ့) နာရီ ၃၅ မိနစ် အချိန်မှာ ဆူးလေမီးပွိုင့်၊ ကုန်းကျော် တံတားအနီးတွင် ပြင်းအားကြီး ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။


ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ဦး အပါအဝင် ထိခိုက်မှုများ ရှိခဲ့ပြီး လက်တလောမှာ စစ်ကောင်စီ တပ်သားများက လမ်းများကို ပိတ်ဆို့ထားခဲ့တယ်လို့ သိရပါတယ်။


အခင်းဖြစ်ပွားရာ အနီးရှိ ပြည်သူတစ်ဦးရဲ့ ပြောကြားချက်အရ ဆူးလေမီးပွိုင့်အနီး၊ အနော်ရထာလမ်းမှာ ပါဆယ်ပုံးတစ်ခုကို ကော်ရှူနေတဲ့ ကလေးတွေက ယူဖွင့်ရာမှ ဗုံးထပေါက်ခဲ့တာဖြစ်ပြီး ကလေးငယ်နှစ်ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ လူနာတင်ကားတွေက လာရောက်သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။


မတ်လ ၂၇ ရက်နေ့ကို စစ်ကောင်စီက တပ်မတော်နေ့အဖြင့် ဂုဏ်ပြုအခမ်းအနား ကျင်းပနေတာကြောင့် ရန်ကုန်မြို့အနှံ့လုံခြုံရေး တင်းကျပ်ထားချိန်မှာ အခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။


အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။


========================


🚩🚩 ၅။ ကချင်ပြည်နယ်မှာ မတ်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြန်လည်ပြင်းထန် လာတာကြောင့် မြို့နယ် ၁၀ ခုမှာ လူပေါင်း ၁၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရ


မတ်လ၂၇ရက်။

ကချင်ပြည်နယ်မှာ မတ်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာကြောင့် မြို့နယ် ၁၀ ခုမှာ လူပေါင်း ၁၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။


မတ်လ၂၇ရက်အာရှနှင့် ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ ကို UN OCHA Myanmarကဖော်ပြပါတယ်။


ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူနေရပ်ကွက်တွေအပေါ်ကို ထိမှန်ခဲ့တာတွေရှိပါတယ်။ 


ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အပစ်အခတ်ရပ်စဲရေးပျက်ပြယ်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ လူပေါင်း ၁၄၈,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ခန့်မှန်းရတယ်လို့ဖော်ပြပါတယ်။


ကချင်ပြည်နယ်မှာတော့ မတ်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြန်လည်ပြင်းထန် လာတာကြောင့် မြို့နယ် ၁၀ ခုမှာ လူပေါင်း ၁၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ဖေဖော်ဝါရီလနှောင်းပိုင်းကစတင်တဲ့ တိုက်ပွဲတွေကြောင့် မုံရွာမြို့နယ်မှာ အရပ်သား ၂၅,၀၀၀ ခန့်နဲ့ ကလေးမြို့နယ်မှာ လူပေါင်း ၂၈,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ 


နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ဒသမ သန်း ကျော်လွန်လာနေပြီး ဒီအထဲကမှ လူဦးရေ ဒသမ သန်း‌ကျော်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၆။ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှ ပြည်သူ ၅၀၀၀ ခန့် နေရပ်စွန့်ခွာ၍ အရေးပေါ်ရှောင်တိမ်းနေရ


မတ်လ၂၇ရက်။

ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှပြည်သူ ၅၀၀၀ ခန့် နေရပ်စွန့်ခွာ၍ အရေးပေါ်ရှောင်တိမ်းနေရတယ်လို့ မတ်လ၂၇ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအသိပေးဖော်ပြပါတယ်။


"မတ်လ ၂၅ ရက်နေ့ မနက်တွင် ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ သပြေသာ၊ကျောင်းကုန်းနှင့် ဖိုကုန်းရွာ သုံးရွာအား စစ်ကောင်စီတပ်ဘက်မှ အင်အားသုံး၍ စစ်သင်တန်းတက်ရောက်ဖို့အတွက် စာရင်းကောက်ယူရန်ကြိုးစားခြင်းကြောင့် ထိုကျေးရွာသုံးရွာမှ ပြည်သူ ၅၀၀၀ ခန့် နေရပ်စွန့်ခွာ၍ အရေးပေါ်ရှောင်တိမ်းနေရတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည်  ကန့်ဘလူခရိုင်အတွင်းရှိ  ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် ၎င်းတို့စိုးမိုးထားသည့် ကျေးရွာအတော်များများအား အိမ်ထောင်စုစာရင်းနှင့် တိုက်စစ်ကာ  စစ်သင်တန်းတက်ရောက်ရန် အတင်းအကြပ်ဖိအားပေး၍ လျှောက်လွှာဖြည့်ခိုင်းခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

"အရင်ရက်တွေကတည်းက  ရွာတွေကို အိမ်ထောင်စုနဲ့တိုက်ပြီး စစ်သင်တန်းတက်ဖို့ လျောက်လွှာတင်ခိုင်းတာတွေလုပ်ဖို့  စစ်သားနဲ့ပျူတွေလာမှာလို့ပြောသံကြားနေရတာ။ဒီနေ့ကျ စစ်ကောင်စီဘက်က ရှေ့ကင်းတွေချပြီး  လက်နက်ကြီးတွေ ရမ်းပစ်ပြီး အင်အားနဲ့လာတာလို့ သိတော့၊ ဘယ်သူမှ မနေရဲကြဘူး၊ အကုန်ထွက်ပြေးရတာ။ ဒီစစ်ကောင်စီမကောင်းမှန်းသိသားနဲ့တော့ ကိုယ့်သားသမီးလည်း သင်တန်းအတက်မခံနိုင်ဘူး၊ သူတို့အတွက်လည်း အသေမခံပေးနိုင်ဘူး။ စစ်ရှောင်ရတာ တအားဒုက္ခရောက်တာတော့ သိတယ်။ မတတ်နိုင်ဘူး သူတို့လက်က လွတ်ဖို့အရေးကြီးတော့၊ ရှောင်ပြေးရတာပဲ"လို့ စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးမှ ရင်ဖွင့်ပြောပြထားပါတယ်။


========================


🚩🚩 ၇။ ရေစကြိုတွင် တသောင်းတန်ငွေစက္ကူအတု အရွက်တထောင်ကျော် သိမ်းဆည်းရမိ၍ PDF က မီးရှို့ဖျက်ဆီး


မတ်လ ၂၇ရက်။

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ တသောင်းကျပ်တန်ငွေစက္ကူအတု အရွက်ရေ တထောင်ကျော် သိမ်းဆည်းရမိခဲ့တာကြောင့် မီးရှို့ဖျက်ဆီးလိုက်တယ်လို့ Y.L.K - ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒေသခံပြည်သူတွေရဲ့တိုင်ကြားချက်အရ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာရှိတဲ့ ကျေးရွာတရွာမှာ နေထိုင်သူ အမျိုးသမီးတဦးရဲ့ အိမ်ကို Y.L.K - ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသတွင်းအဖွဲ့အစည်းတွေ ပူးပေါင်းရှာဖွေခဲ့ရာကနေ ကျပ်သိန်းတရာကျော်တန်ဖိုးရှိတဲ့ ကျပ်တသောင်းတန်ငွေစက္ကူ တထောင့်ဆယ့်လေးရွက်နဲ့ ကျပ်တထောင်တန် အတု ခြောက်ရွက်တွေ့ရှိခဲ့တာလို့ သိရပါတယ်။

ထိုငွေစက္ကူအတုများ ဆက်လက်မပြန့်ပွားစေဖို့ မတ်လ ၂၅ ရက်နေ့မှာ Y.L.K - ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မုတ်ဆိတ်ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

"ဆယ်သိန်းနဲ့ဝယ်ထားတဲ့ပိုက်ဆံတွေ၊ ပြည်သူတွေနောက်တခါ ဂျင်းမိကုန်မှာစိုးလို့ ပြည်သူတွေအချင်းချင်း ဒုက္ခ မပေးမိအောင် ဖမ်းဆီးပြီး မီးရှို့တာပါ။ တယောက်နဲ့တယောက် စာနာကြပါလို့ မေတ္တာရပ်ခံပါတယ်" လို့ ဗိုလ်မုတ်ဆိတ်က ပြောပါတယ်။

ပြည်သူလူထုအနေနဲ့လည်း ငွေစက္ကူများသုံးစွဲရာမှာ သေချာစွာကြည့်ရှုစစ်ဆေးဖို့နဲ့ စစ်ဆေးခြင်းမပြုမိတာကြောင့် ငွေစက္ကူအတုများ လက်ဝယ်ရောက်ရှိလာခဲ့ရင် ကိုယ်တိုင် မီးရှို့ဖျက်ဆီးခြင်း၊ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံအပ်နှံခြင်းများပြုလုပ်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ Y.L.K - ပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။

ငွေစက္ကူအတုမှန်းသိလျက်နှင့် ဆက်လက်သုံးစွဲနေပါက အမျိုးသားညီညွတ်ရေးအစိုးရ -NUG က ချမှတ်ထားတဲ့ ပြစ်မှုပြစ်ဒဏ်များအတိုင်း ထိရောက်စွာအပြစ်ပေးအရေးယူသွားမယ်လို့လည်း Y.L.K - ပြောက်ကျားတပ်ဖွဲ့က ထပ်မံသတိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment