၂၀၂၄ မေလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ သပိတ်ကျင်းတွင် ပျူစောထီး (၇) ဦးကို တိုက်နယ် ပကဖ မှ အရှင်ဖမ်းဆီးခဲ့
📌 ၂။ တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံး
📌 ၃။ ပခုက္ကူ အရှေ့ချောက်ကန်ကျေးရွာ၌ စ-က-စ တပ်ဆွဲထားသော ဘုန်းကြီးကျောင်း စစ်ဆေးရေးဂိတ်အား ပစ်ခတ်တိုက်ခိုက်
📌 ၄။ ရေမျက်နီရဲကင်းစခန်းမှ ကင်းထောက်ထွက်လာသော စကစတပ်သားများနှင့် ကင်းပုန်းဝပ်နေသော pdf ရဲဘော်များ အပြန်အလှန်ပစ်ခတ်
၂၀၂၄ ခုနှစ် မေလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ NUG နိုင်ငံခြားရေးဝန်ကြီးဌာနဟာ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေနဲ့ တရားမဝင်ဘူးဆိုတာကို နိုင်ငံတကာသိအောင်ဆောင်ရွက်ပေးနေတယ်လို့ ဝန်ကြီးဆို
🚩 ၂။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံ (International Labour Conference – ILC) တွင် မြန်မာအရေးကို ထည့်သွင်းဆွေးနွေးဖော်ပြဖို့ လူ့အခွင့်အရေးဝန်ကြီး တိုက်တွန်းခဲ့
🚩 ၃။ NUG ကာကွယ်ရေး ဒုဝန်ကြီး တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃)၊ Saw Dragon Drone အထူးတပ်ဖွဲ့သင်တန်းသို့ သွားရောက်စစ်ဆေးကာရဲဘော်များကို အားပေးစကားပြောကြား
🚩 ၄။ အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် နှင့် သက်ဆိုင်သူအားလုံးကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို တင်းတင်းကျပ်ကျပ် လိုက်နာရန် အရေးကြီးတယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဆို
🚩 ၅။ မတရားမှုကို တော်လှန်ရာ၌ သျှမ်းပြည်လူထုတိုင်းတွင် တာဝန်ရှိသဖြင့် တော်လှန်ရေးဆင်နွှဲရာတွင် သျှမ်းပြည်လူထုများ ပါဝင်ပူးပေါင်းဆင်နွှဲကြပါရန် RCSS တိုက်တွန်း
🚩 ၆။ ပုသိမ်-မုံရွာလမ်းပိုင်း အထက်မင်းလှမြို့နယ်အတွင်းရှိ အဓိက ဆက်သွယ်ရေးလမ်းပိုင်းအချို့အား အထက်မင်းလှမြို့နယ် ပကဖ ရဲဘော်များမှ စစ်ဆေး
🚩 ၇။ ကနီမြို့နယ်မှာ The Way Music Film Family ရဲ့ အကူအညီနဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က လေပြေနီ သမဂ္ဂစာကြည့်တိုက်ကို ဖွင့်လှစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ သပိတ်ကျင်းတွင် ပျူစောထီး (၇) ဦးကို တိုက်နယ် ပကဖ မှ အရှင်ဖမ်းဆီးခဲ့
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အဖွဲ့ဝင် (၇) ဦးကို အရှင် ဖမ်းဆီး ရမိခဲ့တယ်လို့ မေလ (၂၀) ရက်မှာ သပိတ်ကျင်း တိုက်နယ် (ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့ ထံမှ သိရပါတယ်။
သပိတ်ကျင်းမြို့နယ်က ချောင်းကြီး၊ လိပ်ကျ၊ ကျောက်ဖြူ၊ ဇရပ်ကွင်း၊ (၄) မိုင်၊ (၆) မိုင်၊ တွင်းငယ်၊ ဝတ်နေ၊ ကွင်း (၃၀) အစရှိတဲ့ ကျေးရွာများမှ ပျူစောထီး အဖွဲ့ဝင် (၇) ဦးကို ဖမ်းဆီးရမိ ထားတယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ ဦးဆောင်သူ ဗိုလ်ဇီးရိုးဝမ်းက ဆိုပါတယ်။
ဖမ်းဆီးခံထားရ သူများမှာ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာ၊ ရေအေးတွင်းကျောင်းမှာ အထိုင်ချထား တဲ့ စစ်ကောင်စီတပ်နဲ့ အမှတ် (၁၃) တပ်များမှာ သင်တန်းတက်ရောက် ထားကြသူများ ဖြစ်တယ်လို့ (စဥ့်ကူး) ကင်းထောက် မြေပြင် သတင်းမှန် ပြန်ကြားရေး အဖွဲ့ဝင် တစ်ဦးက ပြောပြပါတယ်။
အဆိုပါ ပျူစောထီး သင်တန်းဆင်းများကို စစ်ဆေးရာမှာ သင်တန်း (၇) ရက်မှ (၁၄) ရက်အထိ တက်ခဲ့ရပြီး လစာငွေအဖြစ် ကျပ် ခြောက်သောင်းမှ ရှစ်သောင်းကြား ရရှိတယ်လို့ ဗိုလ်လင်းယုန် တပ်ဖွဲ့ထံမှာ ဝန်ခံခဲ့ကြောင်း သိရပါတယ်။
၎င်းပျူစောထီး အဖွဲ့ဝင်များထံမှ လက်လုပ် တစ်တောင့်ထိုးနှင့် တူးမီးသေနတ်များကိုသာ သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထားပြီး ဖမ်းဆီးခံ ပျူစောထီး အဖွဲ့ဝင်များကို မည်သို့ ဆက်လက် ဆောင်ရွက်မယ် ဆိုတာကို မသိရသေးပါဘူး။
သပိတ်ကျင်း မြိုနယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်းများ အားလုံးနဲ့ ပြည်သူ့စစ် သင်တန်းဆင်းများ အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြဖို့ကို သပိတ်ကျင်း တိုက်နယ် (ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့ က သတိပေး ထားတာ ဖြစ်ပါတယ်။
========================
📌📌 ၂။ တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံး
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၈၆) ကနေ ထွက်လာတဲ့ စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ သံလွင်တိုင်းမ်း သတင်းဌာနက ဖော်ပြထားပါတယ်။
မေလ (၁၈) ရက်နေ့၊ မနက် (၁၁) နာရီခန့်မှာ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထွက်လာတဲ့ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ကို လယ်တောင်ယာ ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
နှစ်ဖက်ပစ်ခတ်မှု ၁၀ မိနစ်နီးပါး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပြထားပါတယ်။
ပြီးခဲ့တဲ့ မေ (၁၃) ရက်ကလည်း တနင်္သာရီ မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး (၃) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး စစ်ကောင်စီနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တွေကြား ရက်ရှည်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
========================
📌📌 ၃။ ပခုက္ကူ အရှေ့ချောက်ကန်ကျေးရွာ၌ စ-က-စ တပ်ဆွဲထားသော ဘုန်းကြီးကျောင်း စစ်ဆေးရေးဂိတ်အား ပစ်ခတ်တိုက်ခိုက်
မေလ (၂၁) ရက် ယနေ့တွင် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာ၌ စ-က-စ တပ်ဆွဲထားသော ဘုန်းကြီးကျောင်း စစ်ဆေးရေးဂိတ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Pakokku People Defense Force PPDF က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ယခုဖြစ်စဥ်တွင် အရှေ့ချောက်ကံကျေးရွာရှိ ပြည်သူများသည် စ-က-စတပ်သားများနှင့် အကြောင်းရင်းမရှိ စကားပြောဆိုနေကြသဖြင့် လုပ်ငန်းစဥ်အား များစွာအနှောက်အယှက် ဖြစ်စေခဲ့သောကြောင့် နောက်နောင်များတွင် အကြောင်းအရင်းမရှိ စ-က-စများနှင့် ပတ်သက်ဆက်နွယ်သဖြင့် မိမိတို့လုပ်ငန်းစဥ်များကြောင့် ထိခိုက်မှုများ ရှိလာခဲ့ပါက တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်း သတိပေးထားပါတယ်။
========================
📌📌 ၄။ ရေမျက်နီရဲကင်းစခန်းမှ ကင်းထောက်ထွက်လာသော စကစတပ်သားများနှင့် ကင်းပုန်းဝပ်နေသော pdf ရဲဘော်များ အပြန်အလှန်ပစ်ခတ်
မေလ (၁၉) ရက်၊ ည (၁၀) နာရီခွဲအချိန်ခန့်တွင် ရေမျက်နီရဲကင်းစခန်းမှ ကင်းထောက်ထွက်လာသော စကစတပ်သားများနှင့် ကင်းပုန်းဝပ်နေသော ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17)-YRA ထီးလင်းမှ ရဲဘော်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း YRA ထီးလင်းက သတင်းထုတ်ပြန်ပါတယ်။
(၂) နာရီကျော်ကြာသည်အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၂) ဦးသေ၊ (၂) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး မိမိတို့ဖက်မှ ဒုတပ်စိတ်မှူး သက်ခိုင်ကျော် (အသက် ၂၄ နှစ်) သည် ရန်သူ့လက်နက်ကြီး ထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ရဲဘော်သက်ခိုင်ကျော်၏ ရုပ်အလောင်းအား ၎င်း၏ ဇာတိရွာ၌ ကောင်းမွန်စွာသင်္ဂြုလ်ပေးခဲ့ပြီး ပြည်သူများ လိုလားတောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ YRA ရဲဘော်များအနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ NUG နိုင်ငံခြားရေးဝန်ကြီးဌာနဟာ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေနဲ့ တရားမဝင်ဘူးဆိုတာကို နိုင်ငံတကာသိအောင်ဆောင်ရွက်ပေးနေတယ်လို့ ဝန်ကြီးဆို
မေလအတွင်း ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဝန်ကြီးဌာနရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။
"ကျမတို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဓိက ဆောင်ရွက်တာ စစ်ကောင်စီက ဘာတွေကျူးလွန်တယ်ဆိုတာရယ်၊ သူတို့ ဘာကြောင့်တရားမဝင်ဘူးဆိုတာရယ် နိုင်ငံတကာသိအောင်ဆောင်ရွက်တယ်။ နောက်တခုက နိုင်ငံတကာက စစ်အာဏာသိမ်းမှုကို အသိအမှတ်မပြုဘူး။ ဆန့်ကျင်တယ်။ စစ်ကောင်စီက တရားဝင်အစိုးရမဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်သူ့ကိုယ်စားလှယ်အဖြစ် နိုင်ငံတကာကအသိအမှတ်ပြုလက်ခံတွေ့ဆုံပြီး မြန်မာပြည်သူများ၏အသံကို နားထောင်ပေးခဲ့ကြောင်း၊ ထို့အတွက်ကြောင့် စကစ၏ အာဏာသိမ်းမှုကိုလက်မခံခြင်းမရှိဘဲ ယနေ့အချိန်အထိ ဆန့်ကျင်နေခြင်း ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
========================
🚩🚩 ၂။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံ (International Labour Conference – ILC) တွင် မြန်မာအရေးကို ထည့်သွင်းဆွေးနွေးဖော်ပြဖို့ လူ့အခွင့်အရေးဝန်ကြီး တိုက်တွန်းခဲ့
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (International Labour Conference – ILC) တွင် မြန်မာအရေးကိုထည့်သွင်းဆွေးနွေးဖော်ပြဖို့ မေလအတွင်း နယူးဇီလန်နိုင်ငံ ခရီးစဥ်တွင် တာဝန်ရှိသူတို့ကို တိုက်တွန်းခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းမီဒီယာသို့ ပြောကြားလိုက်ပါတယ်။
"လာမယ့် ဇွန်လ ILC လို့ ခေါ်တဲ့ နိုင်ငံတိုင်းကအလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကိုယ်စားလှယ်တွေ သုံးပွင့်ဆိုင် တွေ့ဆုံတာ ရှိပါမယ်။ ဒီကာလအတွင်းမှာ အလုပ်ရှင်နဲ့ အလုပ်သမားသမဂ္ဂများ မြန်မာနိုင်ငံအရေးကို သူတို့ရဲ့အခွင့်အလမ်းရတိုင်း ထည့်သွင်းပြီးဖော်ပြဖို့၊ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို အားလုံးတင်ပြဖို့ရယ်၊ ILC က တဆင့် NUGကိုအသိအမှတ်ပြုရေး၊ ပြစ်မှုကျူးလွန်ထားတဲ့ စကစကို ILO ကတဆင့် နောက်ထပ်ပြစ်မှုဆိုင်ရာအရေးယူရေး ဒါတွေကို ကတိပြုပြောကြားခဲ့ပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။
လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (International Labour Conference – ILC) တွင် စစ်အာဏာရှင်အုပ်စုသည် မြန်မာပြည်ကို ကိုယ်စားမပြုသင့်ကြောင်း အဆိုအတွက် ထောက်ခံချက်ကို CTUM Myanmar က ကောက်ခံလျက်ရှိပါတယ်။
========================
🚩🚩 ၃။ NUG ကာကွယ်ရေး ဒုဝန်ကြီး တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃)၊ Saw Dragon Drone အထူးတပ်ဖွဲ့သင်တန်းသို့ သွားရောက်စစ်ဆေးကာရဲဘော်များကို အားပေးစကားပြောကြား
NUG ကာကွယ်ရေး ဒုဝန်ကြီးရဲ့ခရီးစဉ်နှင့် ပတ်သက်လို့ တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မေလ (၂၁) ရက်မှာ အခုလို အသိပေးဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်သည် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃) ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Saw Dragon Drone အထူးထပ်ဖွဲ သင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲသို့ တက်ရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဖော်ပြပါတယ်။
ထို့နောက် သင်တန်းသားများအား ဒုဝန်ကြီးမှ လက်ရှိစစ်ရေးအခြေအနေများကို ပြောကြား၍ ရဲဘော်များနှင့် ရင်းနှီးစွာ စကားပြောခြင်း၊ စိတ်ဓာတ်ခွန်အားပေးခြင်းများကို ဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
🚩🚩 ၄။ အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် နှင့် သက်ဆိုင်သူအားလုံးကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို တင်းတင်းကျပ်ကျပ် လိုက်နာရန် အရေးကြီးတယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဆို
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် နှင့် သက်ဆိုင်သူအားလုံးကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို တင်းတင်းကျပ်ကျပ် လိုက်နာရန် အရေးကြီးတယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက မေလအတွင်းမှာ ဆိုရှယ်မီဒီယာကတဆင့် အခုလို ပြောပါတယ်။
"ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ မြေပြင်သတင်းအချက်အလက်များကို လက်ခံရရှိထားပါတယ်။ အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် အရေးတကြီး လိုအပ်လျက်ရှိနေပြီး သက်ဆိုင်သူအားလုံးကနေ မှန်မှန်ကန်ကန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို တင်းတင်းကျပ်ကျပ် လိုက်နာရန် အရေးကြီးပါတယ်။ ရိုဟင်ဂျာအရပ်သားများသည် ထိခိုက်မှု အလွယ်ဆုံး အခြေအနေမှာ ရှိနေပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတော် ICJ မှ အကာအကွယ်ပေးရမည့်သူများအဖြစ် သတ်မှတ်ထားပါတယ်။ ဖြစ်ပေါ်နေသည့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်နေပြီး အချိန်တန်သောအခါတွင် တရားမျှတမှုကို ဆောင်ရွက်ပေးရမှာဖြစ်တယ်"လို့ ဒုဝန်ကြီးက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရှုံး အထိနာနေတဲ့ အကြမ်းဖက် စကစဟာ လူမျိုးရေးပဋိပက္ခအသွင်ဖြစ်ပွားအောင် ဖန်တီးနေလျက်ရှိပါတယ်။
========================
🚩🚩 ၅။ မတရားမှုကို တော်လှန်ရာ၌ သျှမ်းပြည်လူထုတိုင်းတွင် တာဝန်ရှိသဖြင့် တော်လှန်ရေးဆင်နွှဲရာတွင် သျှမ်းပြည်လူထုများ ပါဝင်ပူးပေါင်းဆင်နွှဲကြပါရန် RCSS တိုက်တွန်း
(၆၆)နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနား ထုတ်ပြန် ကြေညာချက်တွင် မတရားမှုကို တော်လှန်ရာ၌ သျှမ်းပြည်လူထုတိုင်းတွင် တာဝန်ရှိသဖြင့် တော်လှန်ရေးဆင်နွှဲရာတွင် သျှမ်းပြည်လူထုများ ပါဝင်ပူးပေါင်းဆင်နွှဲကြပါရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က တိုက်တွန်းထားပါတယ်။
သျှမ်းအမျိုးသားတော်လှန်ရေးနေ့သည် တော်လှန်ရေးခရီးရှည်တလျှောက်တွင် ကျဆုံးခဲ့သော တော်လှန်ရေး မျိုးချစ်ပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် ကိုယ်လက်အင်္ဂါများ ပေးလှူစွန့် လွတ်ခဲ့ကြသည့် တော်လှန်ရေးသမားတို့အား ဂုဏ်ပြုအသိအမှတ်ပြုသော နေ့ထူးနေ့မြတ်ကြီး ဖြစ်ပြီး တိုင်းပြည်နှင့် အမျိုးသားရေးအတွက် တော်လှန်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသည့် တော်လှန်ရေးခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များအား ရည်စူး၍ ကောင်းမှုကုသိုလ်ပြု လှူဒါန်းခြင်း အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းသွားမယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ ပုသိမ်-မုံရွာလမ်းပိုင်း အထက်မင်းလှမြို့နယ်အတွင်းရှိ အဓိက ဆက်သွယ်ရေးလမ်းပိုင်းအချို့အား အထက်မင်းလှမြို့နယ် ပကဖ ရဲဘော်များမှ စစ်ဆေး
ဒီသတင်းနှင့်ပတ်သက်ပြီး မေလ (၂၁) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က အခုလို အသိပေးဖော်ပြပါတယ်။
ပုသိမ်-မုံရွာလမ်းပိုင်း မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်းရှိ အဓိက ဆက်သွယ်ရေးလမ်းပိုင်းအချို့အား အထက်မင်းလှမြို့နယ် ပကဖ ရဲဘော်များမှ ခရီးသည်ပြည်သူများအား မိတ်ဆက်စကားပြောခြင်း၊ စစ်ကောင်စီထုတ်ကုန်ပစ္စည်းများအား သယ်ဆောင်ခွင့် ကန့်သတ်၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများအား ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း မပြုလုပ်ကြရန် ပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။
========================
🚩🚩 ၇။ ကနီမြို့နယ်မှာ The Way Music Film Family ရဲ့ အကူအညီနဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က လေပြေနီ သမဂ္ဂစာကြည့်တိုက်ကို ဖွင့်လှစ်
လေပြေနီသမဂ္ဂစာကြည့်တိုက်ကို The Way Music Film Family ရဲ့ အကူအညီနဲ့ မေလ (၁၉) ရက်နေ့မှာ ဦးဆောင်ဖွင့်လှစ်ခဲ့တယ်လို့ ကနီဗကသများအဖွဲ့ချုပ်က အခုလို အသိပေးဖော်ပြပါတယ်။
ကနီမြို့နယ်မှာ The Way Music Film Family ရဲ့ အကူအညီနဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က လေပြေနီသမဂ္ဂစာကြည့်တိုက်ကို မေလ ၁၉ ရက်နေ့မှာ ဦးဆောင်ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
The Way Music Film Family ဟာ လက်ရှိမှာ စစ်ဘေးရှောင်နဲ့ တော်လှန်ရေးအတွက် လိုအပ်သောအရာများကို ပံ့ပိုးကူညီလျက် ရှိပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment