၂၀၂၄ မေလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကိုရီးယားလွှတ်တော်အမတ်များက မြန်မာပြည် စစ်အာဏာသိမ်းမှုမှ လွတ်မြောက်ပြီး ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် ဆက်လက် ထောက်ခံသွားမည်
📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၃။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၄။ မိခင်ဘာသာစကားကို အသုံးပြုတဲ့ သင်ရိုးညွန်းတန်းအသစ်ကို အသုံးပြုတော့မယ်လို့ SSPP ပညာရေးဌာနမှူးပြောကြား
📌 ၅။ အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်း အပတ်စဉ် (၂) သင်တန်းအတွက် တိုင်းနှင့် ပြည်နယ်အများစု၌ လူငယ်များကို ဖမ်းဆီး၍ အဓမ္မ လူသစ်စုဆောင်းကာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေပြီး ပညာသင်ယူနေဆဲ တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်
📌 ၆။ "ချစ်ခြင်းတည်စေ မနောမြေ"ကမ်ပိန်းလေးမှာ မေလ ၂၀ မှ ၃၀ ရက်နေ့အထိ ပါဝင်ကူညီအားဖြည့်သူတိုင်းအတွက် နွေဦးထီ လက်မှတ်တစောင်ဆီကို မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်မယ်
📌 ၇။ အကြမ်းဖက်စစ်အုပ်စု လက်ထဲ ရွှေစျေး၅၁သိန်းကျော်ဖြင့် စံချိန်တင်မြင့်တက်ပြီး ရွှေလုပ်ငန်းရှင်များအရောင်းပိတ်
၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကောင်စီ တပ်စခန်း ၁၀ ခုထက်မနည်း သိမ်းပိုက်ခဲ့ကြောင်း KIA ကြေညာ
🚩 ၂။ အာရက္ခတပ်တော်နဲ့ ဒေသခံ မူဆလင်ပြည်သူတွေကြား နိုင်ငံတကာရောက် အဖွဲ့အစည်းတချို့က စစ်ကောင်စီရဲ့ အာဘော်အတိုင်း သွေးခွဲနေ
🚩 ၃။ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ခြောက်ဦးသေ၊ ၁၁ ဦးဒဏ်ရာရ
🚩 ၄။ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းအား ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်း တိုက်ခိုက်
🚩 ၅။ ရွှေဘိုတွင် စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ
🚩 ၆။ မင်းကွန်းနယ်မြေ ရဲစခန်းကို အလစ်အငိုက် ဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိနိုင်ဟုဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကိုရီးယားလွှတ်တော်အမတ်များက မြန်မာပြည် စစ်အာဏာသိမ်းမှုမှ လွတ်မြောက်ပြီး ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် ဆက်လက် ထောက်ခံသွားမည်
မေလ ၂၀ရက်။
ကိုရီးယားလွှတ်တော်အမတ်များက မြန်မာပြည် စစ်အာဏာသိမ်းမှုမှ လွတ်မြောက်ပြီး ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ကိုရီးယားလွှတ်တော်အမတ်များနှင့် NUGပြည်ထောင်စုဝန်ကြီးများတွေ့ဆုံမှုကို မေလ၂၀ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ဟာ မေလ၂၀ရက် နံနက်ပိုင်းတွင် ကိုရီးယားလွှတ်တော် အမတ်များဖြစ်သည့် အီယုန်ဆောန်း၊ စောယောင်းဆော့ဂ်၊ အီဟတ်ယောင်၊ ယုန်ဟဲအင်း၊ ဆောင်ဂုံဝဲတက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဘတ်အွန်းဟုန်းတို့နှင့် တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
ဆွေးနွေးပွဲတွင် ကိုရီးယားလွှတ်တော်အမတ်များက မြန်မာပြည်စစ်အာဏာသိမ်းမှုမှ လွတ်မြောက်ပြီး ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း ထပ်လောင်းကတိပြုပြောကြားခဲ့ပါတယ်။
ဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာပြည် လက်ရှိအခြေအနေနှင့် NUG၏ လုပ်ဆောင်မှုများကို အကျဉ်းချုပ် ပြောဆိုရာတွင် "စစ်ကောင်စီသည် အဖက်ဖက်က ကျဆုံးနေပြီး၊ တော်လှန်ပြည်သူများဖက်က တိုးတက်အောင်မြင်နေကြောင်း၊ ထိန်းချုပ်နိုင်သည့် နယ်မြေများ တိုးပွားလာခြင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်နေခြင်း၊ ဖက်ဒရယ်တည်ဆောက်မှုကို အောက်ခြေမှ စတင်နေခြင်းများသည် NUG နှင့် တော်လှန်ပြည်သူများဘက်က တိုးတက်အောင်မြင်နေခြင်းဖြစ်ကြောင်း"ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထိုပြင် ကိုရီးယားနိုင်ငံက စစ်ကောင်စီကို နေရာပေး မဆက်ဆံသည့်မူကို ဆက်လက်ကျင့်သုံးရန် တိုက်တွန်းကြောင်း၊ ယခင် အစိုးရလက်ထက်က ချမှတ်ထားခဲ့သည့် စစ်ကောင်စီအပေါ် စစ်ရေး စီးပွားရေး ကန့်သတ်ထားမှုများကို ယခု အစိုးရလက်ထက်တွင် လျော့ပါးမသွားအောင် လွှတ်တော်မှ ထိန်းကျောင်းပေးရန် တိုက်တွန်းကြောင်း၊ ကိုရီးယား Posaco နှင့် စစ်ကောင်စီ အကျိုးတူလုပ်နေသည့် ကိစ္စများကို လွှတ်တော်မှ ထိန်းကျောင်းပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က NUG အစိုးရ၏ နယ်မြေထိန်းချုပ်နိုင်မှုနှင့် အခွန်ရမှုများကို ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
လွှတ်တော်အမတ် အီယုန်ဆောန်းက ကိုရီးယားအစိုးသည် စစ်ကောင်စီကို အသိအမှတ်မပြုသည့် မူဝါဒအား မပြောင်းလဲပါကြောင်း၊ လွှတ်တော်ကလည်း စောင့်ကြည့်နေပါကြောင်း၊ လူသားချင်းစာနာမှု အကူအညီ ပေးသွားရန်နှင့် ကိုရီးယားအစိုးရမှ တိုးတက်သည့် လုပ်ဆောင်မှုများ ဖြစ်ပေါ်လာရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
မေလ ၂၀ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၉/၂၀၂၄)ကို မေလ၂၀ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးဌာနများမှ ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
မေလ ၂၀ ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၁/၂၀၂၄)ကို မေလ၂၀ရက်က ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်စကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်မျာ တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ မိခင်ဘာသာစကားကို အသုံးပြုတဲ့ သင်ရိုးညွန်းတန်းအသစ်ကို အသုံးပြုတော့မယ်လို့ SSPP ပညာရေးဌာနမှူးပြောကြား
မေလ ၂၀ရက်။
Radio NUG
SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းနေထိုင်တဲ့ တိုင်းရင်းသားလူငယ်တွေရဲ့ ပညာရေးတိုးတက်ဖို့အတွက် မိခင်ဘာသာစကားကို အခြေခံတဲ့ (MTB-Mother Tongue- Based) သင်ရိုးညွန်းတန်းအသစ်ကို ဒီနှစ်ထဲစတင်အကောင်အထည်ဖော်သွားမယ်လို့ SSPP/SSA ပညာရေးဌာနမှူး စဝ်သီဟက မေလ(၁၉)ရက်နေ့က ပြောဆိုထားပါတယ်။
မိခင်ဘာသာစကားကို အသုံးပြုတဲ့ သင်ရိုးဖြစ်တာကြောင့် သင်ကြားရေးမှာ ပိုမိုလွယ်ကူထိရောက်ပြီး ကလေးတွေရဲ့ နားလည်မူစွမ်းရည်နဲ့ တွေးခေါ်နိုင်မှုစွမ်းရည်ပါ မြင့်မားတိုးတက်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီသင်ရိုးကို လက်တွေ့အသုံးပြုတဲ့အခါလွယ်ကူဖို့အတွက် ကျွန်တော်တို့ကပညာရေး မွမ်းမံသင်တန်း အပတ်စဥ်(၂)ကို ဖွင့်လှစ်ပြီးတော့ လေ့ကျင့်ပေးနေတယ်”လို့ ပညာရေးမှူး စဝ်သီဟ ကဆိုပါတယ်။
ပညာရေးမွမ်းမံသင်တန်း အပတ်စဥ်(၂)ကို ဧပြီလ (၂၂)ရက်နေ့က ဝမ်ဟိုင်းမှာဖွင့်လှစ်ခဲ့ပြီး ကျောင်းဆရာ/ဆရာမ (၁၇၂)ယောက်တက်ရောက်နေကာ အချိန်တစ်လကျော်ကြာမယ်လို့ သင်တန်းရဲ့ တာဝန်ရှိသူ ဆရာစိုင်းမိန်းထွန်းက ပြောပါတယ်။
“ဒီမွမ်းမံသင်တန်းဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ ခေတ်မီတဲ့သင်ကြားရေးစနစ်တွေနဲ့ ကလေးတွေကို သင်ကြားပို့ချနိုင်ဖို့ မိခင်ဘာသာစကားနဲ့သင်ကြားနည်းအပြင် ရှမ်းသမိုင်းနဲ့ အခြားပညာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။
ဒီသင်တန်းပြီးရင်တော့ သက်ဆိုင်ရာ ဒေသတွေမှာရှိတဲ့ ကျောင်းတွေကိုသွားရောက် တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပညာရေးမွမ်းမံသင်တန်းမှာ တက်ရောက်နေတဲ့ကျောင်း ဆရာစိုင်းနွံခေးကလည်း“ခုလို မွမ်းမံသင်တန်းဖွင့်ပေးတာကောင်းပါတယ်။ ကျွန်တော်တို့မှာမရှိတဲ့ အရည်အချင်းသစ်တွေကိုလည်း လေ့လာခွင့်ရတယ် ရှိပြီးသား အရည်အချင်းတွေလည်း ထပ်ခါထပ်ခါ လေ့ကျင့်နေရလို့ ပိုပြီးကျွမ်းကျင်လာတယ်”လို့ ပြောပါတယ်။
SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းအစိုးရကျောင်းမရှိတဲ့နေရာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာ SSPP/SSAရဲ့ပညာရေးဌာနက၂၀၁၃ ခုနှစ်ကနေ၂၀၂၄ခုနှစ်ထိကျောင်း ပေါင်းတစ်ရာကျော်ကို တည်ဆောက်ပေးနိုင်ခဲ့သလို အခမဲ့ပညာရေးစနစ်ကိုလည်း ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ SSPP/SSAပညာရေးဌာနက ပညာရေးအသုံးစရိတ်အနေနဲ့တစ်နှစ်ကို ကျပ်သိန်း(၅၀၀၀)ကျော် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်း အပတ်စဉ် (၂) သင်တန်းအတွက် တိုင်းနှင့် ပြည်နယ်အများစု၌ လူငယ်များကို ဖမ်းဆီး၍ အဓမ္မ လူသစ်စုဆောင်းကာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေပြီး ပညာသင်ယူနေဆဲ တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်
မေလ ၂၀ရက်။
အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်း အပတ်စဉ် (၂) သင်တန်းအတွက် တိုင်းနှင့် ပြည်နယ်အများစု၌ လူငယ်များကို ဖမ်းဆီး၍ အဓမ္မ လူသစ်စုဆောင်းကာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေပြီး ပညာသင်ယူနေဆဲ တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်တယ်လို့သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ မေလအတွင်း အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်း အပတ်စဉ် (၂) သင်တန်းအတွက် တိုင်းနှင့် ပြည်နယ်အများစု၌ လူငယ်များကို ဖမ်းဆီး၍ အဓမ္မ လူသစ်စုဆောင်းကာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေပြီး ထိုအထဲတွင် ပညာသင်ယူနေဆဲ တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်နေကြောင်း သိရှိရတယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်လူငယ်များကို အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်မှုများရှိလာပြီး စစ်မှုထမ်းရန်အတွက်မိသားစုများကို အဆက်အသွယ်ဖြတ်တောက်မှုများလည်းရှိနေပါတယ်။
ထို့အပြင်အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ကာ သာလွန်အင်အားသုံး၍ အကြမ်းဖက်လေ့ရှိသည့် စစ်အုပ်စုက ပြီးခဲ့သည့် သတင်းပတ်အတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိပြီး လူဦးရေ ၂၀၀၀ နီးပါးမှာ သံတွဲမြို့သို့ ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့AAPPကဖော်ပြပါတယ်။
========================
📌📌 ၆။ "ချစ်ခြင်းတည်စေ မနောမြေ"ကမ်ပိန်းလေးမှာ မေလ ၂၀ မှ ၃၀ ရက်နေ့အထိ ပါဝင်ကူညီအားဖြည့်သူတိုင်းအတွက် နွေဦးထီ လက်မှတ်တစောင်ဆီကို မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်မယ်
မေလ ၂၀ရက်။
"ချစ်ခြင်းတည်စေ မနောမြေ"ကမ်ပိန်းလေးမှာ မေလ ၂၀ မှ ၃၀ ရက်နေ့အထိ ပါဝင်ကူညီအားဖြည့်သူတိုင်းအတွက် နွေဦးထီ လက်မှတ်တစောင်ဆီကို မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်မယ်လို့ အောင်လံလွှင့်ချီနွေဦးထီမိသားစုက အသိပေးဖော်ပြထားပါတယ်။
"ချစ်ခြင်းတည်စေ မနောမြေ"ကမ်ပိန်းလေးမှာ မေလ ၂၀ မှ ၃၀ ရက်နေ့အထိ ပါဝင်ကူညီအားဖြည့်သူတိုင်းအတွက် နွေဦးထီ လက်မှတ်တစောင်ဆီကို မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်မယ့် အစီအစဥ်ဖြစ်ပါတယ်။
မေလ ၂၀ မှ ၃၀ ရက် အတွင်း မနောမြေ ကမ်ပိန်းမှာ Spring Development Bank ဖြင့် တိုက်ရိုက်လှူဒါန်းပြီး (သိို့မဟုတ်) FR များမှ တဆင့် စိတ်ကြိုက် ဆက်သွယ်ပြီး ပါဝင်ထောက်ကူပါ။ ရရှိလာတဲ့ ဂုဏ်ပြုလွှာ certificate နဲ့ အတူ အမည် ၊ email ကို နွေဦးထီ messenger m.me/nwayoohti မှာ ပို့ပေးပါ"လို့ဖော်ပြပါတယ်။
ပါဝင်ထောက်ကူသူအားစာရင်းသွင်း အတည်ပြု စစ်ဆေးပြီးတာနဲ့ နွေဦးထီ လက်မှတ်တစောင်ကို email စောင့်ယူဖို့လိုအပ်မှာဖြစ်ပါတယ်။
မနောမြေမှ ချစ်ခြင်းမေတ္တာတင်သာမက ကမ်ပိန်းပြီးတာနဲ့ ဂုဏ်ထူးဆောင် သန်းကြွယ် သူဌေးလောင်း ဖြစ်ခွင့်ပါ ဝေမျှနေတာမို့ အတူလက်တွဲ ပါဝင်ကြဖို့ နွေဦးထီမိသားစုမှ မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်ထားပါတယ်။
========================
📌📌 ၇။ အကြမ်းဖက်စစ်အုပ်စု လက်ထဲ ရွှေစျေး၅၁သိန်းကျော်ဖြင့် စံချိန်တင်မြင့်တက်ပြီး ရွှေလုပ်ငန်းရှင်များအရောင်းပိတ်
မေလ ၂၀ရက်။
အကြမ်းဖက်စစ်အုပ်စု လက်ထဲ ရွှေစျေး၅၁သိန်းကျော်ဖြင့် စံချိန်တင်မြင့်တက်ပြီး ရွှေလုပ်ငန်းရှင်များ အရောင်းပိတ်လိုက်ပြီလို့သတင်းရရှိပါတယ်။
မေလ၂၀ရက် ၁၆ ပဲရည်ရွှေတစ်ကျပ်သားကို ၅,၁၂၀,၀၀၀ကျပ်ပေါက်စျေးအထိမြင့်တက်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။
အဆိုပါရွှေစျေးမြင့်တက်၍ ရွှေဆိုင်များအရောင်းပိတ်ကာ ပြန်လည်ရောင်းချသူများထံကသာ ဝယ်ယူနေကြောင်း သတင်းရရှိပါတယ်။
"လပိုင်းပဲရှိသေးတယ်။ အခုကသိန်းနဲ့ချီကိုခုန်တက်တာ။ တချို့လည်း ဝယ်ထားတဲ့ရွှေတွေမရောင်းသေးဘူး။ ဆက်စောင့်ကြည့်နေတဲ့သဘောရှိတယ်"လို့ ပြည်တွင်းရှိပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူတဦးကလည်းဆိုပါတယ်။
ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရှိ ရွှေစျေးနှုန်း မြင့်တက်လာခြင်းဖြစ်နိုင်ပြီး ရွှေစျေးမြင့်တက်လာခြင်းကြောင့် လူမှုနေ့စဥ်ဘဝကို ထိခိုက်မှုတို့ရှိလာနိုင်တယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကောင်စီ တပ်စခန်း ၁၀ ခုထက်မနည်း သိမ်းပိုက်ခဲ့ကြောင်း KIA ကြေညာ
မေ ၂၀ရက်။
Radio NUG
ကချင်ပြည်နယ် လိုင်ဇာနဲ့ ဝိုင်းမော်အကြားက စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ကပြောကြားကြောင်း VOAမှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ ဝိုင်းမော်မြို့မှာ စစ်ရေးတင်းမာနေပြီး၊ ပူတာအို၊ မိုးမောက်၊ မံစီဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
ဗန်းမော်- မြစ်ကြီးနား ကားလမ်း၊ လိုင်ဇာနဲ့ ဝိုင်းမော်အကြားက စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို ပြီးခဲ့တဲ့ စနေနေ့ မနက်က စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေပိုင်းမှာ
တပ်စခန်း ကြီးငယ် ၈ခုလောက်ကို သိမ်းယူခဲ့တာလို့ သိရပါတယ်။
တနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်မှာတော့ တပ်စခန်း ၂ ခု ထပ်မံ သိမ်းယူခဲ့ပြီး ရွှေညောင်ပင် အခြေစိုက် ခမရ ၃၂၁ တပ်စခန်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက ပြောကြားထားပါတယ်။
ဒီတိုက်ပွဲတွေဟာ ၁၈ရက်နေ့က စတိုက်တာဖြစ်ပြီး ဒီ ၃ရက်အတွင်းမှာ အဓိက စခန်းကြီးတွေဖြစ်တဲ့ ဝထောင်ဘွမ်၊ ချေအင်အူဂေါင်၊ ကဇူး၊ လုံဇက်ဘွမ်အပါအဝင် အောင်မြေ၁၊ အောင်မြေ ၂၊ ခါးရှီ စတဲ့ စခန်းငယ်တွေပါဆို စခန်း ၁၀ခုခန့်ရှိကြောင်းသိရပါတယ်။
လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့နေရာဟာ ဝိုင်းမော်မြို့ တောင်ဘက် မြစ်ကြီးနား- ဗန်းမော် လမ်းကြောမှာဖြစ်ပြီ ဝိုင်းမော်မြို့ အရှေ့ဘက် ဝိုင်းမော် - ကန်ပိုက်တီလမ်းကြောက ဝူယန်နဲ့ ဝါးရှောင်ကြားမှာလည်း KIA နဲ့ ပူးပေါင်းတပ်တွေ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
ဝိုင်းမော်မြို့ဟာ စစ်ရေးအရ ခြိမ်းခြောက်ခံနေရတဲ့အခြေအနေမှာ ရှိနေချိန်မှာပဲ ပူတာအိုမြို့နယ်နဲ့ မိုးမောက်၊ မံစီဘက်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။
========================
🚩🚩 ၂။ အာရက္ခတပ်တော်နဲ့ ဒေသခံ မူဆလင်ပြည်သူတွေကြား နိုင်ငံတကာရောက် အဖွဲ့အစည်းတချို့က စစ်ကောင်စီရဲ့ အာဘော်အတိုင်း သွေးခွဲနေ
မေလ ၂၀ရက်။
Radio NUG
နိုင်ငံတကာရောက် အရပ်ဖက် အဖွဲ့အစည်းအမည်ခံတွေနဲ့ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတချို့က စစ်ကောင်စီရဲ့ အာဘော်အတိုင်း အာရက္ခတပ်တော်နဲ့ဒေသခံ မူဆလင်ပြည်သူတွေကြား ညီညွတ်မှုတွေကို ပြိုကွဲအောင် လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဒီနေ့ မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ RSO,ARSA, ARA အစရှိတဲ့ အဖွဲ့တွေနဲ့အတူ ပူးပေါင်းနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စစ်ကောင်စီရဲ့ အာဘော်အတိုင်း "ပုလင်းတူ ဗူးဆို့ "ဝါဒဖြန့် လုပ်ဆောင်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင်ပြည်နယ်မှာ နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း လူမျိုး၊ ဘာသာ မခွဲခြားဘဲ အရပ်သား ပြည်သူတွေကို တိုက်ပွဲတွေကြားကနေ ကယ်တင်ပေးနေတယ်လို့လည်း ဆိုပါတယ်။
အာရက္ခတပ်တော်က " စစ်အား စစ်စည်းကမ်းနှင့်အညီ တိုက်ပွဲဝင်ရမည် " ဆိုတဲ့စံကို လက်ကိုင်ထားပြီး အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မဆုံးရှုံးရအောင် အကောင်းဆုံး လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဒေသခံတွေရဲ့ နေအိမ်တွေမှာ ပြန်လည် မနေထိုင်နိုင်အောင် စစ်ကောင်စီက သင်တန်းပေးထားတဲ့ မူဆလင်တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးမှုတွေ အမြောက်အမြား ပြုလုပ်ခဲ့ပြီး စစ်ကောင်စီကိုယ်တိုင်ကလည်း မေလ ၁၇ ရက်နေ့မှာ ဘူးသီးတောင်မြို့ကို လေကြောင်းက တိုက်ခိုက်ပြီး မြို့ရဲ့ လူနေ အဆောက်အအုံအများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့က ဖော်ပြခဲ့တဲ့သတင်းတစ်ပုဒ်မှာတော့ အာရက္ခတပ်တော် AA က ဘူးသီးတောင်မြို့ကို ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်လို့ သေဆုံးဒဏ်ရာရသူ ရာနဲ့ချီရှိခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်ဟာလည်း
လုံး၀ မှန်ကန်ခိုင်လုံမှု မရှိကြောင်း AA ကသူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ငြင်းဆိုထားပါတယ်။
AA အနေနဲ့ တိုက်ပွဲတွေ မတိုင်ခင်ထဲကပင် စစ်တွေ၊ ကျောက်ဖြူ အစရှိတဲ့ မြို့ကြီးတွေက ပြည်သူတွေအနေနဲ့ အမြန်ဆုံးဘေးလွတ်ရာကို တိမ်းရှောင်ဖို့နဲ့ တိမ်းရှောင်ဖို့ အခက်အခဲရှိပါက AA အနေနဲ့ အတတ်နိုင်ဆုံး ကူညီမှုတွေ ပြုလုပ်ပေးသွားဖို့လည်း ကြိုတင်ကြေညာထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
========================
🚩🚩 ၃။ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ခြောက်ဦးသေ၊ ၁၁ ဦးဒဏ်ရာရ
မေလ ၂၀ရက်။
Radio NUG
မေလ ၂၀ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံခြောက်ဦး သေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ခတ်ချိုကျေးရွာကွက်သစ်တွင် မြစ်ကြီးနား ကြက်ပေါင်ခြံရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ရေးရုံးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး သုံးကြိမ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိသားစု တစ်စုအတွင်းမှ သုံးဦးသေဆုံးခဲ့ပါတယ်။
အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦးသေဆုံးပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သူ ၁၁ ဦးတွင် ငါးဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဆေးရုံနှင့် နီးစပ်သူများထံက သိရပါတယ်။
မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်က ခတ်ချိုကူးတို့ဆိပ်ကို ပိတ်လိုက်ကြောင်း သိရသည်။ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာအချို့တွင် နေအိမ်မီးလောင်မှုများရှိသော်လည်း ထိခိုက်ပျက်စီးမှုအတိအကျကို မသိရသေးပါ။
========================
🚩🚩 ၄။ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းအား ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်း တိုက်ခိုက်
မေလ ၂၀ရက်။
Radio NUG
မေလ ၁၈ရက်နေ့ မနက်၅နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းအား ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း
မင်းဘူးခရိုင် အမှတ်( ၅ )တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
စခန်းအား စီးနင်းတိုက်ခိုက်နေချိန်တွင် တက်တူတမံလမ်းဘက်မှ ရန်သူ့တပ်စစ်ကူယာဥ်တန်းအား တပ်ဖြတ်တောက်ရေးအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကားမိုင်းမိပြီး ထိခိုက်ကျဆုံးသူ ၁၀ယောက်ထက်မနည်းကြောင်း သိရပါသည်။
လက်နက်ကြီးလက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပီး စခန်းသိမ်းရန်ကြိုးစားခဲ့သော်လည်း ရန်သူ့တပ်များမှ အင်အားအလုံးအရင်းနှင့်တပ်ကူများ ရောက်ရှိလာသောကြောင့် မနက်၆နာရီခွဲအချိန်တွင် မိမိတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ရဲစခန်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ချိန်တွင် ရန်သူ့တပ်များ ထိခိုက်ကျဆုံးမှုများပြားကြောင်း တိုက်ပွဲအတွင်း ပါဝင်ခဲ့သော ရဲဘော်များမှ မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
မဟာမိတ်တပ်များဘက်မှ ရဲဘော်၂ယောက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လင်းဇင်းတိုက်နယ်ရဲစခန်းအား မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း/အမှတ်(၁)တပ်ရင်း/အမှတ်(၄) တပ်ရင်း ၊ စလင်းမြို့နယ် ပကဖ ၊ GZ ARMY ၊ MLDC ၊ SLN( PDF ) ၊ ဒေါင်းစစ်အောင် Local( PDF )နှင့် မိုးကြိုးပြောက်ကျား စသော မဟာမိတ်တပ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ရွှေဘိုတွင် စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ
မေလ ၂၀ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီး ပျူရွာတွင် ကျေးရွာ စာသင်ကျောင်းအတွင်း အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး တပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုန်းချတိုက်ခိုက်ခဲ့တယ်လို့ ရွေဘိုမြို့နယ် ပကဖ အဖွဲ့က ထုတ်ပြန်ပါတယ်။
မေလ ၁၉ ရက်၊ နေ့လည် ၃ နာရီ မိနစ် ၂၀ မှ ၅ နာရီ ခွဲအတွင်း ခွန်းတောင်းကြီးရွာ စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒရုန်း ၂ စီးဖြင့် ၆၀ မမ ဗုံးသီးများ ကြဲချပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းတစ်စီး ပစ်ချခဲ့ရပြီး ရန်သူ့နယ်မြေထဲ ပျက်ကျသွားခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က အသိပေးပါတယ်။
ပျက်ကျသွားတဲ့ ဒရုန်းကို ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီ ကင်းပုန်းများနဲ့ နှစ်ကြိမ်တိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒရုန်းကို လက်လွတ်ခဲ့ရပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံရဲ့ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ် ပကဖ PDO အဖွဲ့နှင့် မြို့နယ်ပကဖ PDO - Drone Team - Federal Wings တပ်ဖွဲ့၊ တိုက်နယ် (၁) ပကဖနှင့် တိုက်နယ် (၃) ပကဖ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ မင်းကွန်းနယ်မြေ ရဲစခန်းကို အလစ်အငိုက် ဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိနိုင်ဟုဆို
မေလ ၂၀ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မင်းကွန်းနယ်မြေ ရဲစခန်းကို အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ People Servant Force ( လက်ရုံးပြောက်ကျားတပ်ဖွဲ့ ) မှ သတင်းထုတ်ပြန်ပါတယ်။
မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေ ရဲစခန်းကို People Servant Force အဖွဲ့မှ ဦးဆောင်ပြီး လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အလစ်အငိုက် အချိန်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ People Servant Force အဖွဲ့က ဆိုပါတယ်။
မင်းကွန်းနယ်မြေ ရဲစခန်းဟာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း တော်လှန်ရေး တပ်ဖွဲ့တွေ လာရောက် တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီး ၄ ဦး သေဆုံးခဲ့ရပါသေးတယ်။
ယခု တိုက်ခိုက်မှုကိုတော့ People Servant Force ( လက်ရုံး ပြောက်ကျား တပ်ဖွဲ့ )မှ ဦးဆောင်ကာ နယ်မြေခံ ပကဖများ၊ တော်လှန်ရေး အင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment