၂၀၂၄ ဇူလိုင်လ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG နဲ့ CRPH က ဦးဆောင်ပြီး ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မည်
📌 ၂။ မြန်မာနိူင်ငံက အမျိုးသမီးနှင့်ကလေးသူငယ်များအခြေအနေကို တစ်နှစ်မှာနှစ်ကြိမ်ကုလသမဂ္ဂကိုတင်ပြခဲ့တယ်လို့ ဝန်ကြီးနော်စူဆန်နာလှလှစိုးအသိပေးပြောကြား
📌 ၃။ သက်တမ်းကုန် Passport စာအုပ်များ ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) နှင့် နေထိုင်ခွင့် (Visa) များ သက်တမ်းတိုးပေးဖို့ထိုင်းအစိုးရကို NUGတောင်းဆို
📌 ၄။ အကြမ်းဖက်စစ်တပ်က ယခုကာလအတွင်းလုပ်ဆောင်မှုမှန်သမျှစစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကထင်ထင်ရှားရှားကိုမြောက်နေပြီလို့ဆို
📌 ၅။ စစ်အာဏာရှင်များက တရားဥပဒေစိုးမိုးရေးကို အလုံးစုံဖျက်ဆီးခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ပေါ်စေရန် ဖန်တီးခဲ့တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား
📌 ၆။ လွိုင်ကော်မြို့က ယဥ်ကျေးမှုပြတိုက်မှာရှိတဲ့ ကရင်နီရိုးရာ ရှေးဟောင်းပစ္စည်းများကိုထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ IEC ထုတ်ပြန်
📌 ၇။ ကျောက်ဖြူကနေလာတဲ့ ရခိုင်တိုင်းရင်းသား ဒေါက်တာဦးကို ဆိုသူကို စစ်ထောက်လှမ်းရေးက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီး
📌 ၈။ မိုးညိုမှာ မြစ်ရေအတက်ကြမ်းနေတာကြောင့် ကျေးရွာ ၇၀ ကျော် ရေဘေးကြုံနေ
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ကောလင်းခရိုင်ရှေ့တန်းစစ်မြေပြင်သို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ရောက်ရှိ၍တပ်ရင်းကိုစစ်ဆေးခဲ့
🚩 ၂။ ကျောက်ထုအမြောက်တပ်က အကြောင်းမဲ့လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
🚩 ၃။ ရှမ်းမြောက်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆ ဦး ထပ်မံသေဆုံး
🚩 ၄။ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် ၂ စစ်ဒေသပြည်သူလူထုမှ ရှေ့တန်းပြန်ရဲဘော်များကိုဂုဏ်ပြုကြိုဆို
🚩 ၅။ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် မြို့နယ် ၅ ခုက စစ်ဘေးရှောင်လာသူ သုံးသောင်းကျော်ရှိလာပြီလို့ SSPP ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG နဲ့ CRPH က ဦးဆောင်ပြီး ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မည်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ-CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ဦးဆောင်ပြီး ၇၇ နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၁၉ ရက် မြန်မာစံတော်ချိန် မနက် ၉ နာရီခွဲမှာ ပြုလုပ်သွား ဖို့ရှိပါတယ်။
ဒီအခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရတို့ ပူးပေါင်းပြီး Zoom platform ကနေ ကျင်းပမှာဖြစ်ပါတယ်။
ဒါ့အပြင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို "ရဲရင့်စိတ်နဲ့ ဆက်ချီတက် အာဇာနည်မျိုးဆက်" ခေါင်းစဉ်နဲ့ ပြုလုပ်မှာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားမှာလည်းဖြစ်ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကိုတော့ CRPH ၊ NUG ၊ PVTV ၊ Radio NUG ၊ DVB ၊ Mizzima ၊ခေတ်သစ် ၊ နွေဦးအသံ ၊ People's Spring ၊ D Day Channel ၊ သံလွင်တိုင်းမ် ၊ ဒီလမ်း နဲ့ Red Peacock အစရှိတဲ့ လူမှုကွန်ယက်စာမျက်နှာတွေ ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၂။ မြန်မာနိူင်ငံက အမျိုးသမီးနှင့်ကလေးသူငယ်များအခြေအနေကို တစ်နှစ်မှာနှစ်ကြိမ်ကုလသမဂ္ဂကိုတင်ပြခဲ့တယ်လို့ ဝန်ကြီးနော်စူဆန်နာလှလှစိုးအသိပေးပြောကြား
ဇူလိုင်၁၈ရက်
မြန်မာနိူင်ငံက အမျိုးသမီးနှင့်ကလေးသူငယ်များအခြေအနေကို တစ်နှစ်မှာနှစ်ကြိမ်ကုလသမဂ္ဂကိုတင်ပြခဲ့တယ်လို့ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးက တွေ့ဆုံမေးမြန်းခန်းတခုမှာ အသိပေးပြောကြားခဲ့ပါတယ်။
"အရင်ကတည်းကတည်းက ကရင်ပြည်နယ်၊ကချင်ပြည်နယ်မှာ စကစဟာ မကြာခဏသတ်ဖြတ်မှုတွေဖြစ်ပါတယ်။အရင်တုန်းကတော့ သတင်းမီဒီယာမှာ မဖော်ပြနိူင်တော့ သတင်းစီးဆင်းမှုအားမကောင်းတာရယ်နဲ့ လူတွေကသိပ်မသိကြဘူး။အခုကတော့ဖြစ်တာနဲ့ချက်ချင်းကုလသမဂ္ဂပါတင်ပြနိူင်ခဲ့တယ်။ကျမတို့ဝန်ကြီးဌာနအနေနဲ့ တစ်နှစ်မှာနှစ်ကြိမ် အမျိုးသမီးများအခြေအနေ၊ကလေးသူငယ်များအခြေအနေကိုသံအမတ်ကြီးဦးကျော်မိုးထွန်းကတဆင့် ကုလသမဂ္ဂ ကိုအမြဲတမ်းတင်ပြနေပါတယ်"လို့ဆိုပါတယ်။
အဆိုပါတင်ပြမှုများကြောင့် ကုလသမဂ္ဂ နှင့်အာဆီယံတို့ကဆုံးဖြတ်ချက်များထွက်ပေါ်သော်လည်း မြန်မာနိူင်ငံအတွက်ထိရောက်သောဆုံးဖြတ်အရေးယူမှုမတွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၃။ သက်တမ်းကုန် Passport စာအုပ်များ ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) နှင့် နေထိုင်ခွင့် (Visa) များ သက်တမ်းတိုးပေးဖို့ထိုင်းအစိုးရကို NUGတောင်းဆို
ဇူလိုင်လ ၁၈ ရက်ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် စပ်လျဉ်း သည့် သဘောထားထုတ်ပြန်ချက်ကို NUGအလုပ်သမားဝန်ကြီးဌာနကအခုလို ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုသည် ပြည်တွင်းရှိ မြန်မာအလုပ်သမားများ အပါ အဝင် ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက် ဖိနှိပ်၊ သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်နေ သည်သာမက ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် လည်း နည်းမျိုးစုံဖြင့် ဖိနှိပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
အဆိုပါ အခြေအနေတွင် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးကို အလေး ထားသော ထိုင်းနိုင်ငံ အစိုးရ၊ လွှတ်တော်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိုင်းပြည်သူများ အနေဖြင့် လွတ်လပ်၍ တရားမျှတမှုရှိသည့် ထိုင်းနိုင်ငံအတွင်း မြန်မာအကြမ်းဖက်စစ်ကောင်စီ၏ အခြေခံအခွင့်အရေးများ ချိုးဖောက်၍ မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်နေမှုများကို ခွင့်မပြုစေလို ကြောင်းနှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်းဖော်ပြပါတယ်။
ထို့အပြင် ထိုင်းအစိုးရအနေဖြင့် အထောက်အထားမရှိသေးသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများအား Non Thai Identification Card (ပန်းရောင်ကတ်) ထုတ်ပေးခြင်း အစီအစဉ်များကို အမြန်ဆုံးစတင်ပေးရန်၊ Non Thai Identification Card (ပန်းရောင်ကတ်)၊ Work Permit စသည့် အထောက်အထားများ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ အတွင်း လွတ်လပ်စွာ သွားလာ၊ နေထိုင်၊ အလုပ်လုပ်ကိုင်ခွင့်ပြုရန်၊ထိုင်းနိုင်ငံတွင်း မြန်မာအကြမ်းဖက်စစ်ကောင်စီ၏ CI ထုတ်ပေးခြင်း လုပ်ငန်းစဉ် များကို ရုပ်သိမ်းပေးရန်/ ခွင့်မပြုရန်နှင့် ထိုင်းအစိုးရအနေဖြင့်လည်း CI မဖြစ်မနေ လုပ်ရမည် ဟူသည့် မူဝါဒအား ပြန်လည်သုံးသပ်ပေးရန်စတဲ့အချက်များကိုတောင်းဆိုထားပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်က ယခုကာလအတွင်းလုပ်ဆောင်မှုမှန်သမျှစစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကထင်ထင်ရှားရှားကိုမြောက်နေပြီလို့ဆို
ဇူလိုင်၁၈ရက်
အကြမ်းဖက်စစ်တပ်က ယခုကာလအတွင်းလုပ်ဆောင်မှုမှန်သမျှစစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကထင်ထင်ရှားရှားကိုမြောက်နေပြီလို့လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဇူလိုင်လအတွင်းတွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောကြားခဲ့ပါတယ်။
"ဥပမာဘီလူးစစ်ကြောင်းတို့လိုသူတို့စစ်ကြောင်းသွားရာလမ်းတလျှောက်လုပ်ဆောင်တာ။စစ်ကြောင်းတွေကစနစ်တကျအမိန့်ပေးစနစ်တွေနဲ့သွားနေတာတွေ့ရတယ်။အကြမ်းဖက်စစ်တပ်ကအရပ်သားမှန်သမျှကိုလေကြောင်းကဖြစ်ပစေ။လက်နက်ကြီးနဲ့ဖြစ်ပစေ။တွေ့သမျှနေရာမှာအရပ်သားကိုသတ်ဖြတ်တာ။နေအိမ်နဲ့ရိက္ခာတွေကိုမီးရှို့တာ။အခုဆိုရင်နိူင်ငံရေးအကျဥ်းသားတွေပါအစုလိုက်အပြုံလိုက်နှိပ်စက်တိုက်ပိတ်လုပ်ဆောင်တာ။ရည်ရွယ်ချက်နဲ့ကိုလုပ်ဆောင်တာ။အဲဒီတော့ဒီကာလအတွင်းမှာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကထင်ထင်ရှားရှားကိုမြောက်နေတာဖြစ်တယ်။အရပ်သားတွေရှိတဲ့နေရာကိုလေကြောင်းနဲ့တမင်သက်သက်ကိုပစ်ခတ်တယ်။ဒီနေရာမှာအရပ်သားတွေရှိတယ်။ဒီနေရာမှာဆေးရုံ၊ကျောင်းတွေရှိတယ်။အဲဒါတွေကိုပစ်ခတ်တာကရာဇဝတ်မှုမြောက်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ဗျိုင်းဖြူရွာတွင်အကြမ်းဖက်စကစတပ်စစ်ကြောင်းဟာအရပ်သားများအပေါ်၂၀၂၄ ခုနှစ်မေလအတွင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကျူးလွန်ခဲ့ပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင်များက တရားဥပဒေစိုးမိုးရေးကို အလုံးစုံဖျက်ဆီးခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ပေါ်စေရန် ဖန်တီးခဲ့တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား
ဇူလိုင်၁၈ရက်
ဇူလိုင်၁၇ရက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ၂၀၂၄ ခုနှစ် အဆင့်မြင့်အရာကြီးများအဆင့် နိုင်ငံရေးရာဖိုရမ်၊ ဝန်ကြီးအဆင့် အထွေထွမူဝါဒရေးရာဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားလိုက်ပါတယ်။
"ဝမ်းနည်းဖွယ်ရာ အကောင်းဆုံးမှာ စစ်အာဏာရှင်များသည် တရားဥပဒေစိုးမိုးရေးကို အလုံးစုံဖျက်ဆီးခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ပေါ်စေရန် ဖန်တီးခဲ့ကြောင်း၊ ဤအခြေအနေ အချက်အလက်များကို ပြီးခဲ့သည့်နှစ်များတလျှောက် မိမိအနေဖြင့် စိတ်မချမ်းမြေ့စွာဖြင့် အဆက်မပြတ် ပြောကြားနေရကြောင်း၊ ယခင်ကရရှိထားသော စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုမှုများသည် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဆုတ်ယုတ်သွားသည်မှာ လျစ်လျူရှု၍ မရအောင် လွန်စွာသိသာထင်ရှားလွန်းပါကြောင်း၊ စစ်တပ်၏ ခွဲခြားမှုမရှိ မြင်တွေ့ရာ ပြည်သူများအပေါ် တိုက်ခိုက်မှုများနှင့် ညံ့ဖျင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုတို့၏ မြန်မာပြည်သူများနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းမှု အပေါ် တစိုက်မတ်မတ် ခြိမ်းခြောက်နေကြောင်း"သံအမတ်ကြီးကပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီမှ အပြစ်မဲ့ အရပ်သားပြည်သူ (၅,၄၀၀) ကျော် သတ်ဖြတ်ခဲ့ပြီးလူပေါင်း (၃.၁) သန်း ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရကာ လူပေါင်း (၁၈.၆) သန်း မှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိကြောင်းသံအမတ်ကြီးကပြောပါတယ်။
========================
📌📌 ၆။ လွိုင်ကော်မြို့က ယဥ်ကျေးမှုပြတိုက်မှာရှိတဲ့ ကရင်နီရိုးရာ ရှေးဟောင်းပစ္စည်းများကိုထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ IEC ထုတ်ပြန်
လွိုင်ကော်မြို့က ယဥ်ကျေးမှုပြတိုက်အတွင်းမှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းတွေကို အရေးပေါ် ရွေ့ပြောင်း ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဇူလိုင် ၁၇ ရက် ညမှာ ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု လက် နက်ကြီး တွေနဲ့ ပစ်ခတ်မှုတိုက်ခိုက်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အများပြည်သူပိုင်အိမ်တွေနဲ့ အများပြည်သူပိုင် အဆောက် အအုံများအပါအဝင် ဘာသာရေးအဆောက်အအုံ များစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မသမာသူတွေရဲ့ ဖောက်ထွင်းခိုးယူမှုတွေကြောင့် အများပြည်သူပိုင်ပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုတွေ ရှိခဲ့ တယ်လို့ သိရပါတယ်။
ထိုကာလအတွင်း စစ်ကောင်စီရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေကြောင့် လွိုင်ကော်မြို့ ယဥ်ကျေးမှုပြတိုက်အတွင်းမှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းတွေ ပျောက်ပျက်ဆုံးရှုံးရမယ့်အရေးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် ပြတိုက်အတွင်းမှာရှိတဲ့ ရိုးရာအသုံးအဆောင်တွေ ရိုးရာတူရိယာတွေ ရိုးရာလက်နက် ကိရိယာတွေ ရိုးရာအဆင် တန်ဆာပစ္စည်းတွေနဲ့ ဖားစည် စတာတွေ မပျောက်ပျက်ရအောင် လုံခြုံစိတ်ချရတဲ့နေရာကို အရေးပေါ် ရွေ့ပြောင်းထိန်းသိမ်း စောင့်ရှောက်ခဲ့ရတယ်လို့ IEC ရဲ့ ထုတ်ပြန်ထားပါတယ်။
သမိုင်းအစဥ်အဆက် ကရင်နီနယ်ကို အုပ်ချုပ်ခဲ့ကြတဲ့ စော်ဘွားများနဲ့ကရင်နီလူမျိုးစု၊ မျိုးနွယ်စုများ မြတ်နိုးတန်ဖိုးထားခဲ့ကြ တဲ့ ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းများ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရမှာ ကရင်နီ လူမျိုးစု၊ မျိုးနွယ်စုများနဲ့ ကရင်နီပြည် ပြည်သူပြည်သားအားလုံးမှာ တာဝန်အပြည့်အဝရှိတယ်လို့လည်း IEC က အသိပေး ပါတယ်။
ကရင်နီပြည် လွိုင်ကော်မြို့နယ်ထဲက နယ်မြေတွေဆုံးရှုံးထားတဲ့ စစ်ကောင်စီဟာ ဇွန်လဆန်းကစပြီး ၎င်းတို့ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကလည်း အသိပေးထားပါတယ်။
========================
📌📌 ၇။ ကျောက်ဖြူကနေလာတဲ့ ရခိုင်တိုင်းရင်းသား ဒေါက်တာဦးကို ဆိုသူကို စစ်ထောက်လှမ်းရေးက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ လေယာဉ်နဲ့လာတဲ့ အသက် ၆၀ အရွယ် ရခိုင်တိုင်းရင်းသား ဒေါက်တာဦးကိုဆိုသူကို စစ်ထောက်လှမ်းရေးက အကြောင်းပြချက် တစုံတရာမပေးဘဲ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးလိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့က ကျောက်ဖြူကနေ ထွက်ခွာလာတဲ့လေယာဉ် ရန်ကုန်လေဆိပ်ကိုဆိုက်ရောက်ချိန်မှာ ခရီးသည် အဖြစ် လိုက်ပါလာတဲ့ ရခိုင်တိုင်းရင်းသား ဆရာဝန် ဒေါက်တာ ဦးကို ဆိုသူကို စစ်တပ်က လေဆိပ်ထဲထိ ဝင်ရောက်ဖမ်းဆီး ခဲ့တာလို့ ဆိုပါတယ်။
ဒေါက်တာဦးကိုဟာ Posco International -OGT က ဝန်ထမ်းတဦးဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကို မသိရ သေးဘဲ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေါက်တာ ဦးကိုရဲ့ မိတ်ဆွေတွေကလည်း ဒေသတွင်းသတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
ထို့အတူ ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၆ ရပ်ကွက်နဲ့သမိုင်းမှာနေတဲ့ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင် ရခိုင်တိုင်းရင်းသား လူငယ် ၃ ဦးကိုလည်း စစ်ကောင်စီတပ်က ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီခန့်အချိန်မှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ရခိုင်လူငယ် ၃ ဦးစလုံးဟာ အိမ်ထောင်သည်တွေဖြစ်ပြီး အဆက်အသွယ်မရတော့တာကြောင့် ၎င်းတို့ရဲ့ ဇနီးသည်တွေ စိုးရိမ်ပူပန်နေကြတယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်မှာ စစ်ရှုံးနေချိန် ရန်ကုန်မြို့ကို ရွှေ့ပြောင်းနေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မိသားစုဝင်များကို အကြောင်းမဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။
ရန်ကုန်မြို့ကို စစ်ဘေးလာရှောင်ကြတဲ့ ရခိုင်ပြည်နယ်က ပြောင်းရွှေ့လာသူတွေ ဧည့်စာရင်းလာတိုင်ရင် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်အဆင့်ဆင့်ကို အကြောင်းကြားဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
========================
📌📌 ၈။ မိုးညိုမှာ မြစ်ရေအတက်ကြမ်းနေတာကြောင့် ကျေးရွာ ၇၀ ကျော် ရေဘေးကြုံနေ
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင်ထဲက မိုးညိုမြို့နယ်မှာ မြစ်ရေအတက်ကြမ်းနေတာကြောင့် ကျေးရွာ ၇၀ ကျော် ရေဘေးကြုံနေ၇တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မိုးညိုမြို့နယ်မှာရှိတဲ့ ရေကာတာတွေ ကျိုးပေါက်မှာ စိုးရိမ်နေတာကြောင့် ကျေးရွာ ၇၀ ကျော်က ဒေသခံတွေ ရေဘေးကြုံ နေရတာဖြစ်ပါတယ်။
မိုးညိုမြို့နယ် ဆုံကုန်းအုပ်စု သံပုရာခုံကျေးရွာအနီးမှာရှိတဲ့ ရေကာတာနဲ့ ဖန်ခါးပင်အုပ်စု သာယာကုန်းရွာအနီးမှာရှိတဲ့ ရေကာတာတို့ဟာ ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းကစပြီး တာဘောင်ကိုရေကျော်လာတဲ့အတွက် မြေဖို့တာတွေ လုပ်နေကြပေမယ့် မြစ်ရေဆက်တက်နေတာကြောင့် ရေကာတာကျိုးပေါက်မှာကို စိုးရိမ်နေရတယ်လို့ ဒေသတင်းသတင်း တွေကိုဖော်ပြနေတဲ့ Tharyarwaddy 8 City သတင်းဌာနက အသိပေးထားပါတယ်။
လက်ရှိမှာ မြစ်ရေထပ်တက်နေတာကြောင့် ရေကာတာတွေ တောင့်ခံနိုင်ဖို့ မလွယ်ဘူးလို့ ဒေသံတွေက ပြောဆိုနေပါတယ်။
မိုးညိုမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်နဲ့ မြစ်မခမြစ်တို့ဟာ ဇူလိုင်လ ၁၇ ရက်နေ့အထိ စိုးရိမ်ရေအမှတ် အထက် ၃ ပေကျော် ရောက်ရှိနေတဲ့အတွက် ကျေးရွာ ၇၀ ကျော် ရေဘေးကြုံနေရပြီး ကျွန်းညို၊ စိန်တိုင်၊ ဆင်မနိုင်၊ ဆင်ခေါင်း၊ ပြည်တော်သာ၊ တောင်ယာဖျား၊ ရေကင်း၊ ရေချမ်းအိုး၊ ရွှေခဲ၊ ရှစ်ကွက်၊ လက်ပံခုံ၊ ဟင်္သာချောင်၊ အောင်ချမ်းသာ စတဲ့ကျေးရွာတွေက ပြည်သူတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
အချို့ရွာတွေမှာဆိုရင် သောက်သုံးရေနဲ့ စားသောက်စရာ ပြတ်လပ်နေပြီး ရောဂါဖြစ်တာတွေလည်းရှိနေပေမယ့် သွားလာဖို့ ခက်ခဲတာကြောင့် အကူအညီမရကြဘူးလို့ မိုးညိုဒေသခံအချို့က ပြောဆိုနေကြပါတယ်။
ဇူလိုင်လဆန်းပိုင်းကစပြီး ဧရာဝတီမြစ်နဲ့ မြစ်မခမြစ်ရေ မြင့်တက်လာမှုကြောင့် မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၂ က မိုးစပါး ၁၃၇၇ ဧကအပါအဝင် သီးနှံစိုက်ဧက စုစုပေါင်း ၁၅၇၅၁ ဧက ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ကောလင်းခရိုင်ရှေ့တန်းစစ်မြေပြင်သို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ရောက်ရှိ၍တပ်ရင်းကိုစစ်ဆေးခဲ့
ဇူလိုင်၁၈
စစ်ကိုင်းတိုင်း၊ကောလင်းခရိုင်ရှေ့တန်းစစ်မြေပြင်သို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ရောက်ရှိ၍တပ်ရင်းကိုစစ်ဆေးခဲ့တယ်လို့ ဇူလိုင်၁၈ရက်မှာ ကောလင်းခရိုင်တပ်ရင်းအမှတ်၂က အသိပေးဆိုပါတယ်။
"ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးကို မြေပြင်မဆင်းဘူးလားလို့ ပြောပြောနေကြသူများ ခင်ဗျာ။ကျွန်တော်တို့တပ်ရင်းတွေက လုံခြုံရေးအရ သတင်းမထုတ်ပြန်တာပဲရှိတာပါ။ဖော်ပြပါပုံများကတော့ လွန်ခဲ့တဲ့၂လ ကျော်ကကျွန်တော်တို့ ကောလင်းခရိုင်၊အမှတ်(၂)တပ်ရင်းရဲ့ ရှေ့တန်းစစ်မြေပြင်ရှိရှေ့တန်းရဲဘော်တွေကို ဝန်ကြီးအနေနဲ့ ကိုယ်တိုင်လာရောက်တွေ့ဆုံအားပေးရင်း လိုအပ်တာများညွှန်ကြားခဲ့စဥ်က မှတ်တမ်းဓာတ်ပုံအချို့ပဲဖြစ်ပါတယ်ခင်ဗျာ"လို့ဖော်ပြပါတယ်။
ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဟာ ယခင်ကလည်းကချင်ပြည်နယ်ရှိရှေ့တန်းစစ်မြေပြင်များသို့ သွားရောက်ခဲ့ပါတယ်။
========================
🚩🚩 ၂။ ကျောက်ထုအမြောက်တပ်က အကြောင်းမဲ့လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
မကွေးတိုင်း ကျောက်ထုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီး တွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ယောအလင်းတန်းက ပြောပါတယ်။
မနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီခန့်အချိန်မှာ ကျောက်ထုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ အမြောက်တပ် ၁၂၀ မမ လက်နက်ကြီးနဲ့ အနောက်တောင်၊ အနောက်၊ အနောက်မြောက်ဘက် စတဲ့အရပ်မျက်နှာတွေကို ၁၇ ချက်ခန့်ပစ်ခတ်ခဲ့ရာ ကြန်တောကျေးရွာထဲက နေအိမ်တလုံးပေါ်ကို လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသသတင်းတွေ ကို ဖော်ပြနေတဲ့ ယောအလင်းတန်းက ကိုအောင်ကြီးက အသိပေးပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၅ နှစ်အရွယ် ဦးဝင်းအောင်ဟာ ဦးခေါင်းနောက်စေ့ကနေ လက်နက်ကြီးကျည် ဖောက်ဝင်ဒဏ်ရာရပြီး သေဆုံးခဲ့ကာ အသက် ၆၃ နှစ်အရွယ် ဦးသိန်းဝင်းနဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်သန်းအေးတို့က ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ကျောက်ထုမှာရှိတဲ့ အမတ- ၃၆၈ အမြောက်တပ်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဘုန်းဝင်း (စစ်တက္ကသိုလ်အပတ်စဉ် ၄၅) က ဦးဆောင်ကာ ဇူလိုင်လ ၁၅ ရက် ညပိုင်းကစတင်ကာ တိုက်ပွဲဖြစ်တာမရှိဘဲ အနီးအနားကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ သိရပါတယ်။
ဒါကြောင့်ဒေသခံပြည်သူများအနေနဲ့ နေအိမ်အပေါ်ထပ်တွေမှာ မအိပ်စက်ကြဖို့နဲ့ လက်နက်ကြီးဒဏ်ခံနိုင်တဲ့ အမိုးအကာ တွေအောက်မှာ သတိဝရိယရှိရှိနဲ့ နေထိုင်အိပ်စက်ကြဖို့ ယောအလင်းတန်းက မေတ္တာရပ်ခံထားပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၈ ရက် မနက်မှာလဲ အဲဒီအမြောက်တပ်က ၁၂ဝ မမ လက်နက်ကြီးနဲ့ ၄ ကြိမ် ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် အနီးအနားမှာရှိတဲ့ မိဘပြည်သူများနဲ့ လယ်စိုက်နေကြတဲ့တောင်သူတွေအနေနဲ့ လက်နက်ကြီးဒဏ်ခံနိုင်မယ့်နေရာတွေမှာ ရွေးချယ်နေထိုင်ကြဖို့ မိမိတို့လုံခြုံရေး၊ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ကြဖို့လည်း အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ရှမ်းမြောက်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆ ဦး ထပ်မံသေဆုံး
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ လာရှိုးမြို့နယ်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆ ဦး ပွဲချင်းပြီးသေဆုံးပြီး တဦး ဒဏ်ရာရကာ အိမ် ၄ လုံးမီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော်-TNLAက ထုတ်ပြန်ထားပါတယ်။
တအာင်းပြည် တပ်မဟာ ၂ ဒေသနဲ့ တပ်မဟာ ၆ ဒေသဖြစ်တဲ့ လားရှိုးနဲ့ကျောက်မဲမြို့နယ်အတွင်း စစ်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအခြေအနေကို ဇူလိုင်လ ၁၇ ရက်နေ့ညမှာ အသိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဇူလိုင်လ ၁၆ ရက်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးတလုံး ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝင်းထဲက အရပ်သား နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၄၀ အရွယ် အမျိုးသမီးတဦးနဲ့ အမျိုးသား ၂ဦး ပွဲချင်းပြီး သေဆုံးခဲ့ရ တယ်လို့ ဆိုပါတယ်။
ထို့ပြင် ရပ်ကွက် ၈ မှာရှိတဲ့ ကားဝမ်ရှော့ဆိုင်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မီးလောင်မှုဖြစ် ခဲ့ပြီး ကား၃စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။
အလားတူ လားရှိုးမြို့ ရပ်ကွက် ၁ ထဲမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မိသားစုဝင် ၃ဦး လက်နက်ကြီးစ ထိမှန်သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မိုးကုတ်အရှေ့ပိုင်း ညောင်လေးပင်မှာလည်း လက်နက်ကြီးကျည်တလုံး နေအိမ်ပေါ် ကျရောက်ခဲ့တာကြောင့် အမျိုးသားတဦး ဒဏ်ရာရခဲ့ကာ ချမ်းမြေ့သာယာရပ်ကွက်နဲ့ ရေပူမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ ပြီး အိမ် ၃ လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့ ဇူလိုင် ၁၄ ရက်ညကနေ ၁၈ ရက်ညအထိ အပစ်ရပ်ထားမယ်လို့ အသိပေးထားပေမယ့် စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် တိုက်ပွဲတွေကတော့ လက်ရှိအချိန်အထိ နေ့စဉ်ဖြစ်ပွားနေခဲ့ပါတယ်။
TNLA နဲ့ မဟာမိတ်တပ်တွေ ဇွန်လ ၂၅ ရက်ကစပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ လေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၆ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
========================
🚩🚩 ၄။ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် ၂ စစ်ဒေသပြည်သူလူထုမှ ရှေ့တန်းပြန်ရဲဘော်များကိုဂုဏ်ပြုကြိုဆို
ဇူလိုင်၁၈ရက်
ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် ၂ စစ်ဒေသပြည်သူလူထုမှ ရှေ့တန်းပြန်ရဲဘော်များကိုဂုဏ်ပြုကြိုဆိုခဲ့ကြောင်းကို ဇူလိုင်လ ၁၈ရက်မှာ ပြည်သူဒီမိုကရက်တစ်တပ်တော်က အသိပေးဖော်ပြပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် ၂ စစ်ဒေသပြည်သူလူထုမှ ရှေ့တန်းပြန်ရဲဘော်များကိုဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ဆိုပါတယ်။
တော်လှန်ရေးကို ပြည်သူနဲ့အတူ ဆုံးခန်းတိုင် ဆင်နွှဲကြဖို့လည်း ပြည်သူဒီမိုကရက်တစ်တပ်တော်ကတိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် မြို့နယ် ၅ ခုက စစ်ဘေးရှောင်လာသူ သုံးသောင်းကျော်ရှိလာပြီလို့ SSPP ပြော
ရှမ်းမြောက်ဒေသ စစ်ဆင်ရေး ဒုတိယလှိုင်းကြောင့် မြို့နယ် ၅ ခုက စစ်ဘေးရှောင်လာသူ သုံးသောင်းကျော်ရှိလာပြီလို့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/ SSA က အသိပေးပြောဆိုလိုက်ပါတယ်။
သီပေါမြို့နယ် ဆင်ကျော့ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်လာသူ ၄၀၀ ကျော်ကို ဇူလိုင်လ ၁ဝ ရက်နေ့က ကူညီထောက်ပံ့ပေးခဲ့တာနဲ့ပတ်သက်လို့ အခုလိုအသိပေးလိုက်တာဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသ စစ်ဆင်ရေး ဒုတိယလှိုင်းကြောင့် လားရှိး၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြိုနယ်တို့က စစ်ဘေးရှောင် လူဦးရေ စုစုပေါင်း ၃ သောင်းကျော်အထိရှိလာတာလို့ ဆိုပါတယ်။
တအာင်းတပ်မတော်-TNLA နဲ့ မဟာမိတ်တပ်တွေက ဇွန်လ ၂၅ ရက်ကစပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ဖော်ဆောင်ကာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေသလို ဇူလိုင် ၃ ရက်နေကစပြီး ကိုးကန့်တပ်မတော် -MNDAA နဲ့ မဟာမိတ် တွေကလည်း လားရှိုးမြို့ကို ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
အခုလို တိုက်ပွဲတွေပြင်းထန်နေတာမှာ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် တိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး မြို့ခံအများစုလည်း စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ဘေးတိမ်းရှောင်နေသူများအနက် လားရှိုးကနေ သီပေါမြိုနယ်ဘက်ကို နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ လားရှိးမြို့နယ် နဲ့ မိုင်းရယ်မြိုနယ်က ဒေသခံပြည်သူတွေ ဆင်ကျော့ဘုန်းကြီးကျောင်းမှာရောက်ရှိနေပြီး ၎င်းတို့စားဝတ်နေရေးအတွက် အကူအညီပေးခဲ့တယ်လို့ SSPP က ဆိုပါတယ်။
ဆင်ကျော့ကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင် ၄၀၀ ကျော်ကို SSPP/SSA က ကျပ် ၂၅ သိန်း ကျော်တန်ဖိုးရှိတဲ့ စားသောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းတွေ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသက တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ နေ့စဉ်ရှိနေရာမှာ စစ်ဆင်ရေးစတင်ချိန်ကနေ ဇူလိုင်လ ၁၇ ရက်နေ့အထိ အရပ်သား ၇၆ ဦးထက်မနည်းသေဆုံးကာ ၁၁၂ ဦး ဒဏ်ရာရခဲ့တယ် လို့ တအာင်းတပ် TNLA က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment