၂၀၂၄ ဇူလိုင်လ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ရှုံးစစ်ကောင်စီဟာ Non CDMဝန်ထမ်းတွေကို ပင်လစာပေးရန် ဘတ်ဂျက်လိုငွေက အကြီးအကျယ်ပြနေပြီလို့ ဝန်ကြီးဦးတင်ထွန်းနိုင်ပြောကြား
📌 ၂။ မြန်မာတွေကို ကာကွယ်ဖို့ R2Pရဲ့ မူဝါဒကို ကျင့်သုံးရေး ဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း
📌 ၃။ မန္တလေးဒေသအတွက် ကြားကာလအစီအမံ(မူကြမ်း)ဖော်ထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ကိစ္စရပ်များကို မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီပါဝင်ဆွေးနွေး
📌 ၄။ သံတွဲ၊ ငပလီ ဝန်းကျင်တွင် ULA/AA ရဲ့ နာမည်ကိုအသုံးပြုပြီး အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံမှုများရှိနေ
📌 ၅။ ကချင်ဒေသ ရေဘေးသင့်ပြည်သူများအတွက် NUGPayကတဆင့်ပါဝင်လှူဒါန်းနိူင်
📌 ၆။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ Broken Dreams ရုပ်ရှင်ပြပွဲကို အောင်မြင်စွာပြသနိုင်ခဲ့
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး သုံ့ပန်း ၁၆ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ
🚩 ၂။ မိုးကုတ်-မန္တလေးလမ်းမှာ ပြင်ဦးလွင်ခရိုင် ပကဖ အဖွဲ့ဝင်တွေ တိုက်ပွဲဝင်လျက်ရှိတယ်လို့အသိပေး
🚩 ၃။ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လအတွင်း ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးများကို သတင်းထုတ်ပြန်
🚩 ၄။ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၁မိုင် ရွာသစ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ ဖောကား၂စီးအား PDFများက လက်ဦးမှုရယူ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
🚩 ၅။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)(၈)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား
🚩 ၆။ သရက်ကန် ပျူစောထီးကျေးရွာကို Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၇။ စစ်ကောင်စီက ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း CDF Matupi ထုတ်ပြန်
🚩 ၈။ ကျောက်မဲနှင့် သီပေါတွင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၅ ဦးကျော် ထိခိုက်ဒါဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ရှုံးစစ်ကောင်စီဟာ Non CDMဝန်ထမ်းတွေကို ပင်လစာပေးရန် ဘတ်ဂျက်လိုငွေက အကြီးအကျယ်ပြနေပြီလို့ ဝန်ကြီးဦးတင်ထွန်းနိုင်ပြောကြား
ဇူလိုင်လ ၂ရက်။
စစ်ရှုံးစစ်ကောင်စီဟာ Non CDMဝန်ထမ်းတွေကို ပင်လစာပေးရန် ဘတ်ဂျက်လိုငွေက အကြီးအကျယ်ပြနေပြီလို့ ဝန်ကြီးဦးတင်ထွန်းနိုင်ပြောကြားလိုက်ပါတယ်။
ဇူလိုင်လ၂ရက် စီမံ၊ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုရှယ်မီဒီယာမှာရေးသားပြောပါတယ်။
"အခုကိုပဲ အခွန်တိမ်းရှောင်တဲ့သူတွေကို ဘီလူးကြိမ်းကြိမ်းပြီး ခြိမ်းခြောက်တဲ့စာတွေ ထထုတ်နေတာကိုကြည့်ရင် မြင်သာပါတယ်..။ ဒီဒဏ်ကို စစ်ရှုံးကောင်စီ လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့ မိသားစုဝင်တွေ၊ Non-CDM ဝန်ထမ်းတွေနဲ့ ကြံ့စိမ်းပါတီဝင်တွေပါမကျန် အကုန်လုံး ခါးစည်းခံနေရပြီဖြစ်ပါတယ်..။ ငါတို့က နေသာသပ၊ လေညာက.. လစာတိုးပေးရင် ခံနိုင်ပါသေးတယ်လို့ မျှော်တလင့်လင့် ဇာတ်ကားရိုက်ဖို့လည်း စိတ်တောင် မကူးပါနဲ့..။ စစ်ရှုံးကောင်စီအနေနဲ့ သူ့ဟာသူရပ်တည်ဖို့တောင် အနိုင်နိုင်ဖြစ်နေလို့..တိုင်းပြည်နဲ့ပြည်သူ ဘာဖြစ်ဖြစ် အခုလို မိုက်မိုက်ကန်းကန်း၊ သွေးရူးသွေးတန်းတွေ ထလုပ်နေတာပဲ..။ လက်ရှိလစာအတိုင်း ဆက်ပေးထားဖို့တောင် ဘတ်ဂျက်လိုငွေက အကြီးအကျယ်ပြနေပါပြီ..။ သူ့တပ်သူ ဟန်မပျက်ထိန်းထားဖို့ လက်ရှိ လစာ၊ ရိက္ခာ ဘတ်ဂျက်က တနှစ်ကို ကျပ်ဘီလီယံ ၂,၀၀၀/- လောက် လိုပါတယ်..။ အရပ်ဖက် Non CDM ဝန်ထမ်းတွေရဲ့ လစာ၊ ခံစားခွင့်တွေ ထည့်တွက်ရင် အနည်းဆုံး ကျပ်ဘီလီယံ ၆,၀၀၀/- လောက် မဖြစ်မနေလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင်စကစဟာ ငွေစက္ကူတွေ အလုံးအရင်း ဆက်ရိုက်ထုတ်ဖို့ကလွဲလို့ တခြားနည်းလမ်းမရှိတော့ဘူးလို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ မြန်မာတွေကို ကာကွယ်ဖို့ R2Pရဲ့ မူဝါဒကို ကျင့်သုံးရေး ဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း
ဇူလိုင်လ ၂ရက်။
Radio NUG
စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်းစစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုအလိုက် ရှင်းလင်းမှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ဇူလိုင် ၁ ရက်က ကျင်းပခဲ့တဲ့ ကာကွယ် တားဆီးရေးဆိုင်ရာအစည်းအဝေးပွဲ (R2P)မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ဖို့ လိုအပ်နေပြီး စစ်တပ်က ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုအန္တရာယ်တွေကနေ ကာကွယ်ဖို့ ဘာတွေစောင့်ဆိုင်းနေလဲဆိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လိုက်ပါတယ်။
၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံမှာ အတည်ပြုခဲ့တဲ့ R2P ( ကာကွယ်ပေးရန်တာဝန်ရှိမှု)အရ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးပြီး ပြည်သူကိုကာကွယ်ဖို့ နိုင်ငံတကာက အရေးယူဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် အဆင်သင့်ရှိနေဖို့ အရေးပါတယ်လို့လည်း ပြောပါတယ်။
မြန်မာအပါအဝင် ကမ္ဘာ့နေရာဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကုလသမဂ္ဂအနေနဲ့ တားဆီးပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ သံအမတ်ကြီးက ထောက်ပြထားပါတယ်။
တစ်ဖက်မှာလည်း မြန်မာမှာ စစ်ကောင်စီက ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတာက နိုင်ငံတကာ အသိုင်းအဝိုင်းက ပြည်သူတွေကို စောင့်ရှောက်ဖို့ ပျက်ကွက်နေတဲ့ ထင်ရှားတဲ့သာဓက တစ်ခုဖြစ်တယ်လို့လည်း ထပ်ပြောပါတယ်။
ဒါ့ကြောင့် လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်မှုတွေကို ပြည်သူတွေက ခါးစည်းခံနေရတယ်လို့ ဖော်ပြထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ၂၀၀၅ ခုနှစ်မှာ ပေးအပ်ခဲ့တဲ့ R2P ကတိကဝတ်အတိုင်း မြန်မာနိုင်ငံအပေါ် ကတိတည်ထိန်းသိမ်းကျင့်သုံးကြဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ မန္တလေးဒေသအတွက် ကြားကာလအစီအမံ(မူကြမ်း)ဖော်ထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ကိစ္စရပ်များကို မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီပါဝင်ဆွေးနွေး
ဇူလိုင်လ ၂ရက်။
မန္တလေးဒေသအတွက် ကြားကာလအစီအမံ(မူကြမ်း)ဖော်ထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ကိစ္စရပ်များကို မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ ပါဝင်ဆွေးနွေးခဲ့ပါတယ်။
မန္တလေးဒေသ တော်လှန်ရေးအင်အားစုများကြား ပုံမှန် တွေ့ဆုံမှုအစည်းအဝေးကို (ဇူလိုင်လ ၂ ရက်)မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။
တွေ့ဆုံညှိနှိုင်းကြရာမှာ- မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Region Hluttaw - CRMH) အပါအဝင် မန်းဒေသကိုယ်စားပြု ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထုလှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂ ကျောင်းသား လူငယ် အမျိုးသမီး အင်အားစုများ၊ CDM ဆိုင်ရာအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူများ အစရှိသဖြင့် ကဏ္ဍပေါင်းစုံမှ တော်လှန်ရေး ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက် (၃၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် မန္တလေးဒေသအတွက် လက်ရှိတော်လှန်ရေးကာလ(ဝါ)ကြားကာလအစီအမံ(မူကြမ်း)ဖော်ထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ကိစ္စရပ်များ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး တက်ရောက်လာသူများအကြား အမြင်သဘောထားများကို ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
ဒါ့အပြင် မန္တလေးဒေသမှ တော်လှန်ရေးအင်အားစုများအားလုံး ပိုမို လွှမ်းခြုံကျယ်ပြန့်ပြီး စုစည်းခိုင်မာကာ ရှေ့ဆက်၍ တော်လှန်ရေးအလုပ်များကို အရှိန်ကောင်းသထက် ကောင်းအောင် ပူးပေါင်း၊ လက်တွဲ၊ ဖော်ဆောင်နိုင်ရေးအတွက်လည်း ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၄။ သံတွဲ၊ ငပလီ ဝန်းကျင်တွင် ULA/AA ရဲ့ နာမည်ကိုအသုံးပြုပြီး အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံမှုများရှိနေ
ဇူလိုင်လ ၂ ရက်။
Radio NUG.
မသမာသူ လူတစုက ULA/AA ရဲ့ နာမည်ကို အသုံးပြုပြီး သံတွဲ၊ ငပလီ ပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းရှင်များထံမှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံမှုများ ရှိနေကြောင်း ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်(ULA)က အသိပေး ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော် (AA) အနေနဲ့ သံတွဲမြို့ရှိ စစ်ကောင်စီ တပ်စခန်းများ အပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသေးတဲ့ စစ်စခန်းများ အားလုံးကို မရပ်မနား ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲများ ပြင်းထန်နေတာကို အခွင့်ကောင်းယူပြီး အခုလို ငွေလိမ်လည် တောင်းယူတာတွေ ဖြစ်ပွားနေတာပါ။
ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်နဲ့ အာရက္ခတပ်တော် အနေဖြင့် အခုလို အခွန်ကောက်ခံခြင်း၊ ငွေကြေး တောင်းခံခြင်းမျိုး လုပ်ဆောင်နေတာ မရှိကြောင်း ဇူလိုင်လ ၂ ရက်နေ့မှာ ULA/AA က အသိပေး ထုတ်ပြန်ထားပါတယ်။
ထို့ပြင် ULA/AA ရဲ့ နာမည်ကို အသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံ နေသူများ အနေနဲ့ ၎င်းတို့ရဲ့ လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် သတိပေးထားပြီး အခုလို ခြိမ်းခြောက်ငွေညှစ် တောင်းခံမှုများ ထပ်မံရှိလာပါက ULA/AA ဗဟို ဌာနချုပ်နှင့် သံတွဲဒေသ တာဝန်ခံများထံကို အချိန်မရွေး တိုက်ရိုက် ဆက်သွယ်ပြီး စုံစမ်းမေးမြန်း နိုင်ကြောင်း ပြည်သူများကို အသိပေးထားပါတယ်။
========================
📌📌 ၅။ ကချင်ဒေသ ရေဘေးသင့်ပြည်သူများအတွက် NUGPayကတဆင့်ပါဝင်လှူဒါန်းနိူင်
ဇူလိုင်လ ၂ရက်။
ကချင်ဒေသ ရေဘေးသင့်ပြည်သူများအတွက် NUGPayကတဆင့် ပါဝင်လှူဒါန်းနိူင်တယ်လိူ့သိရပါတယ်။
ဇူလိုင်လ ၂ရက် NUGPay စီမံဌာနကတရားဝင်အသိပေးဖော်ပြပါတယ်။
"NUGPay ၏ Disaster Relief Fund အစီအစဉ်ဟာ အမြဲတမ်းအတွက် ဖြစ်ပြီး Campaign ရက်စွဲ သတ်မှတ်ထားခြင်း မရှိပါ။ ကူညီကယ်ဆယ်ရေး ရံပုံငွေဖြစ်တဲ့အတွက် ရံပုံငွေ ရှိနေသမျှ အကူအညီလိုအပ်နေတဲ့ သဘာဝဘေးသင့် ပြည်သူတွေထံ လှူဒါန်းနေမှာ ဖြစ်ပါတယ်။ ယခုအခါ ကချင်ဒေသ ရေဘေးသင့်ပြည်သူများအတွက် ရံပုံငွေလက်ခံရရှိသမျှကို လှုဒါန်းသွားမှာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
NUGPay ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ကြေညာခြင်း မပြုမီကပင် လာရောက်လှူဒါန်းထားမှုများလည်းရှိနေပြီလို့သိရပါတယ်။
========================
📌📌 ၆။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ Broken Dreams ရုပ်ရှင်ပြပွဲကို အောင်မြင်စွာပြသနိုင်ခဲ့
ဇူလိုင်လ ၂ရက်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ Broken Dreams ရုပ်ရှင်ပြပွဲကို အောင်မြင်စွာပြသနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
Broken Dreams Film Show in Paris ဇွန်လ ၃၀ ရက်နေ့က ပါရီမြို့မှာ United Bonds France ကဦးဆောင်ပြီး ပြင်သစ်ရောက်မြန်မာများရဲ့အားနဲ့ Broken Dreams ရုပ်ရှင်ပြပွဲကို အောင်မြင်စွာပြသနိုင်ခဲ့ပါတယ်။
ရုပ်ရှင်ပြပွဲမှ ရရှိငွေ (2260) ယူရိုရရှိခဲ့ပြီး လေလံတင်ပန်းချီကား အားပေးခဲ့သူ မနန်းကိုလည်း ကျေးဇူးတင်အသိမှတ်ပြုတယ်လို့ဆိုပါတယ်။
ရရှိသမျှတွေကို Broken Dreams အဖွဲ့သားများကတဆင့် မြေပြင်သို့ပေးပို့သွားမှာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး သုံ့ပန်း ၁၆ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ
ဇူလိုင်လ ၂ ရက်။
Radio NUG.
ရှမ်းမန်း စစ်ဆင်ရေးကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၆ ဦးနဲ့ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိ ခဲ့တယ်လို့ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၆ ရက်နေ့နှင့် ဇွန်လ ၂၈ ရက်နေ့ တို့မှာ ပြင်ဦးလွင်ခရိုင် (ပကဖ)နဲ့ မတ္တရာမြို့နယ် (ပကဖ) တို့က အဆိုပါ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၁၆ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကာ MA-13 (၁)လက်၊ MA-11 (၁)လက်၊ MA-4 (၁)လက်၊ BA72K - ၁ လက်၊ G-3 (၉)လက်၊ ခြောက်လုံပြူး (၁)လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီ စစ်ကူစစ်ကြောင်းကို ၁၆ ကြိမ်ထိ မိုင်းဆွဲတိုက်ခိုက် နိုင်ခဲ့ပြီး ကား ၅ စီးကို ဖြတ်တောက် နိုင်ခဲ့ကာ ကား ၄ စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ မိုးကုတ်-မန္တလေးလမ်းမှာ ပြင်ဦးလွင်ခရိုင် ပကဖ အဖွဲ့ဝင်တွေ တိုက်ပွဲဝင်လျက်ရှိတယ်လို့အသိပေး
ဇူလိုင်လ ၂ရက်။
မိုးကုတ်-မန္တလေးလမ်းမှာ ပြင်ဦးလွင်ခရိုင် ပကဖ အဖွဲ့ဝင်တွေ တိုက်ပွဲဝင်လျက်ရှိတယ်လို့အသိပေးဆိုပါတယ်။
ဇူလိုင်၂ရက် ပကဖအသံကတရားဝင်အသိပေးဖော်ပြပါတယ်။
"မိုးကုတ်-မန္တလေး လမ်းပိုင်း စစ်မျက်နှာမှာ ပြင်ဦးလွင်ခရိုင် ပကဖ အဖွဲ့ဝင်တွေ တိုက်ပွဲဝင်လျက်ရှိပါတယ်။ ခရိုင်ပကဖ တာဝန်ခံနဲ့ ဒုတာဝန်ခံတို့က အနီးကပ် လမ်းညွှန်လျက်ရှိပါတယ်။ ရှမ်းမန်း စစ်ဆင်ရေးမှာ ပကဖ အဖွဲ့တွေလဲ ဟန်ချက်ညီ ပါဝင်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ကို ချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
ပြည်သူ့ စစ်မဟာဗျူဟာကို အဓိက အကောင်အထည်ဖော်ရတဲ့ ပကဖတွေဟာ တိုက်ပွဲနဲ့ အနီးဆုံးနေရာမှာ ရှိနေတယ်လို့ ပကဖအသံကအသိပေးဆိုပါတယ်။
========================
🚩🚩 ၃။ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လအတွင်း ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးများကို သတင်းထုတ်ပြန်
ဇူလိုင်လ ၂ရက်။
မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လအတွင်း ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးများကို သတင်းထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်၂ရက်နေ့မွန်ပြည်တော်လှန်ရေးတပ်(MSRF)ကတရားဝင်အသိပေးဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရေဖြူမြို့နယ် သာယာမွန်ကျေးရွာအနီး၌ နံနက် ၁၀:၀၅ နာရီအချိန်မှ မွန်းလွဲ ၂:၄၀ နာရီအချိန်အထိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်နှင့် မိမိတို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲတွင် ရန်သူစစ်ကောင်စီဘက်မှ အရာရှိတစ်ဦး(၂ပွင့်) အပါအဝင် ၇ဦး ကျဆုံးကာ ၆ဦး နှင့်အထက်ထိခိုက်ဒဏ်ရာရကြောင်း သိရပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်နေစဉ် ရန်သူဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သာယာမွန်ကျေးရွာရှိ နေအိမ်တအိမ်ကို ထိခိုက်ပျက်စီးပြီး မိသားစုဝင် ၄ဦး(ကလေးငယ် ၂ဦးအပါအဝင်)အသက်ဆုံးရှုံးခဲ့ရပါတယ်။
အလားတူ၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ရေဖြူမြို့နယ် ရာဖူးကျေးရွာထဲတွင် ရန်သူစစ်ကောင်စီတပ်များရောက်ရှိနေသည်ကို မဟာမိတ်ပူးပေါင်းတပ်များသတင်းရရှိခဲ့၍မွန်လွဲ ၁:၀၅ နာရီ အချိန်တွင်မဟာမိတ် ပူးပေါင်းတပ်များမှ ဒရုန်း(Drone)ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ တပ်ရင်းမှူးအဆင့်ရှိသူ ခလရ - ၂၇၃ မှ ဗိုလ်မှူး သန်းဌေးအောင် နှင့် ရဲဘော် ၃ဦး ကျဆုံးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးတွင် နံနက် ၇:၅၄ နာရီအချိန်မှ မွန်လွဲ ၃:၀၀ နာရီအချိန်အထိ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲတွင် ရန်သူစစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတဦးအပါအဝင် ၃၈ ဦး ကျဆုံးကာ အများအပြားထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရပြီး ရန်သူစစ်ကောင်စီထံမှ MA-2 လက်နက်တစ်လက် သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
ထိတွေ့တိုက်ပွဲတွင် ရန်သူစစ်ကောင်စီဘက်မှ ၁၂၂မမ၊ ၈၁မမ တို့ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်၊ ဒါ့အပြင် လေကြောင်းပစ်ကူဖြင့် ၄ကြိမ် တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
========================
🚩🚩 ၄။ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၁မိုင် ရွာသစ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ ဖောကား၂စီးအား PDFများက လက်ဦးမှုရယူ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
ဇူလိုင်လ ၂ရက်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၁မိုင် ရွာသစ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ ဖောကား၂စီးအား PDFများက လက်ဦးမှုရယူ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပါတယ်။
ဇူလိုင်၂ရက်တောင်ပိုင်းတိုင်းစစ်ဒေသက စစ်ရေးသတင်းကိုဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၂)၊ တပ်ရင်း ၃၅၀၁ ဘုရင့်နောင်စစ်ကြောင်းသည် ဇွန်လ ၂၉ရက်၊ နံနက် ၉:၃၀ နာရီအချိန်၊ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၁မိုင် ရွာသစ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ ဖောကား၂စီးအား လက်ဦးမှုရယူ၍ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။
စစ်ဆင်ရေးတွင်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရစစ်သား၅ဦးအနက်မှ ဒဏ်ရာပြင်းထန်သူ စစ်သား၂ဦးကို နေပြည်တော်ဆေးရုံသို့ ပို့ဆောင်လိုက်တယ်လို့သိရှိရပါတယ်။
========================
🚩🚩 ၅။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)(၈)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား
ဇူလိုင်လ ၂ရက်။
Radio NUG
တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ နောင်ချိုမြို့ရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းတွင် နံနက်(၁၀)နာရီမှ ညနေ (၄:၂၀)နာရီအထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာမှ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား လက်နက်ကြီး (၁၆)လုံး ပစ်ကူခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
လေကြောင်းပစ်ကူများပါ အသုံးပြုတိုက်ခိုက်ပြီး စစ်အင်အား (၅၀) ဦးလည်း ပြန်လည်ဖြည့်တင်းမှု ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
နောင်ချိုမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များမှာ စကခ(၁) လက်အောက်ခံ ခမရ(၁၁၄)၊ ခမရ (၁၁၅)နှင့် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၁)၊ ခမရ (၃၀၃)၊ ခမရ(၃၀၆)တို့ ပူးပေါင်းတိုက်ခိုက်နေပြီး ခမရ (၁၁၄)နှင့် (၁၁၅)တပ်စခန်းများကို တအာင်းတပ်မတော်မှ သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိသည့် တပ်ဖွဲ့ဝင်အချို့မှ (၆၀၆) ဒုံးတပ်သို့ သွားရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂ရက်နေ့ မနက် (၆)နာရီအချိန်တွင် တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြို့ရှိ စစ်ကောင်စီ ခမရ(၅၀၁)(၅၀၂) တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့မှ မကျီးပင် ဒေသကို နံနက် (၁၁၁:၂၅)အချိန်တွင် စစ်ကောင်စီဘက်မှ (၁၂၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ သရက်ကန် ပျူစောထီးကျေးရွာကို Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်
ဇူလိုင်လ ၂ ရက်။
Radio NUG.
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာကို Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Force – UG အဖွဲ့ထံက သိရပါတယ်။
ဇွန်လ ၃၀ ရက် မနက် ၈ နာရီမှာ အဆိုပါ သရက်ကန် ပျူရွာကို Rocket ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တာဖြစ်ပြီး နောက်ထပ် နာရီဝက်ခန့် အကြာမှာလည်း Rocket ၅ လုံး ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့ ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်သားများ ရွာပြင်ထွက်အလာကို ပစ်ခတ်တိုက်ခိုက်ရန် ချဉ်းကပ်စောင့်ဆိုင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က တုံပြန်မှုတစုံတရာ မပြုလုပ်ဘဲ ဘန်ကာတွေထဲမှာသာ ပုန်းအောင်းနေခဲ့တာကြောင့် မဟာမိတ် ရဲဘော်များ အထိခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်က ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိတယ်လို့ အတွင်းသတင်းအရ သိရပြီး အသေးစိတ်ကို ထပ်မံစုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်တပ်ဖွဲ့၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂)၊ Cobra Oneı Taty-PKU 1 Thurain-TR နဲ့ Young Force – UG တို့က ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ စစ်ကောင်စီက ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း CDF Matupi ထုတ်ပြန်
ဇူလိုင်လ ၂ ရက်။
Radio NUG.
မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ခရစ်ယာန်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဘာသာရေး အဆောက်အအုံများနဲ့ ပြည်သူနေအိမ်များကို အကြောင်းမဲ့ပစ်မှတ်ထားပြီး ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ CDF Matupi က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် မတိုင်ခင် မြို့သိမ်းတိုက်ပွဲ ကာလအတွင်းမှာ ဂျက်ဖိုက်တာများဖြင့် အခုလို ဘာသာရေး အဆောက်အဦးများကို အကြောင်းမဲ့ ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ယူနီယံ ဓမ္မကောလိပ် (Union Theological College (UTC)) ၊ မတူပီနှစ်ခြင်း အသင်းတော် (Matupi Baptist Church) ၊ ထပ်ဒွန်းနှစ်ခြင်းဘုရားကျောင်း (That Dun Memorial Baptist Church) အစရှိတဲ့ အထင်ကရ ဘာသာရေး အဆောက်အဦးများ အပါအဝင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့တယ်လို့ CDF Matupiက ဓါတ်ပုံမှတ်တမ်းများနှင့်တကွ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
========================
🚩🚩 ၈။ ကျောက်မဲနှင့် သီပေါတွင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၅ ဦးကျော် ထိခိုက်ဒါဏ်ရာရ
ဇူလိုင်လ ၂ ရက်။
Radio NUG.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲနှင့် သီပေါမြို့နယ်တွင် စစ်ကောင်စီက အရပ်သား နေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် ၃ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက်(၈)တွင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံး ခဲ့တယ်လို ဆိုပါတယ်။
အလားတူ ဇူလိုင်လ ၁ ရက်နေ့ ည ၆ နာရီခွဲတွင်လည်း သီပေါမြို့၊ စံဖိတ်ကွက်သစ်အတွင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ထို့အပြင် ပြီးခဲ့တဲ့ တိုက်ပွဲကာလ ၆ ရက်တာအတွင်း စစ်ကောင်စီရဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး အပါအဝင်၊ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂၅ ဦး သေဆုံးခဲ့ကာ ၃၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၅၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment