၂၀၂၄ ဇူလိုင်လ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NLD အစိုးရလက်ထက် ကောက်ခံခဲ့တဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပမာဏ ငွေကျပ်ဘီလီယံ ၂,၂၀၀သာရှိပေမယ့် စစ်ကောင်စီလက်ထက်ကောက်ခံတဲ့ပမဏကျပ်ဘီလီယံ ၂,၈၀၀ နီးပါးရှိနေ
📌 ၂။ တက္ကသိုလ်ဝင်ခွင့်လျောက်ထားလာကြသော ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာများအား စိစစ်အတည်ပြုနေပြီလို့ ပညာရေးဝန်ကြီးဌာနကြေညာ
📌 ၃။ မြင်းခြံခရိုင်က သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာပါဝင်လာတဲ့အတွက် သပိတ်မှောက်တဲ့ မြို့နယ် ၁၇ ခုအထိရှိလာ
📌 ၄။ လောင်းလုံးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ လူစည်းရုံးရေးအသိပညာပေးလှုပ်ရှားမှု ပြုလုပ်
📌 ၅။ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃ သန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရ
📌 ၆။ ဇွန်လတလတာအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၈) ဦးနှင့် အမျိုးသား (၇၁) ဦး စုစုပေါင်း (၁၁၉) ဦး သေဆုံးခဲ့
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မတ္တရာ၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်ရင်းကို PDF က တိုက်ခိုက် သိမ်းပိုက်မှု NUGဝန်ကြီးများ ချီးကျူးဖော်ပြ
🚩 ၂။ မတ္တရာနယ် လေကြောင်းရန်ကာကွယ်ရေးတပ်က ဖမ်းမိတဲ့သုံ့ပန်းတွေနဲ့မိသားစုဝင်တွေကို အသက်အန္တရယ် အာမခံကြောင်း မန္တလေး -PDF ပြော
🚩 ၃။ အရာတော်နယ်က စစ်တပ်အထိုင်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်တိုက်ခိုက်
🚩 ၄။ တအာင်းတပ်နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းကို PSLF/TNLA ဒုစစ်ဦးစီးချုပ် ကွင်းဆင်းကြည့်ရှု
🚩 ၅။ လားရှိုးမြို့ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၇ ဦးသေဆုံး
🚩 ၆။ ကျောက်ပန်းတောင်းနယ်က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ချစ်သိန်း ပစ်ခတ်ခံရပြီး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NLD အစိုးရလက်ထက် ကောက်ခံခဲ့တဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပမာဏ ငွေကျပ်ဘီလီယံ ၂,၂၀၀သာရှိပေမယ့် စစ်ကောင်စီလက်ထက်ကောက်ခံတဲ့ပမဏကျပ်ဘီလီယံ ၂,၈၀၀ နီးပါးရှိနေ
ဇူလိုင်၃ရက်
NLD အစိုးရလက်ထက် ကောက်ခံခဲ့တဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပမာဏ ငွေကျပ်ဘီလီယံ ၂,၂၀၀သာရှိပေမယ့် စစ်ကောင်စီလက်ထက်ကောက်ခံတဲ့ပမဏကျပ်ဘီလီယံ ၂,၈၀၀ နီးပါး ရှိတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိူင်က ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုလိုက်ပါတယ်။
"စစ်ရှုံးကောင်စီက မီးစတဖက်၊ ဓါတ်ဆီပုံးတဖက်နဲ့ တိုင်းပြည်စီးပွားရေးကို မီးဟုန်းဟုန်းတောက်အောင် ရှို့နေပါပြီ..။ဆူပါမားကတ်တွေ၊ ဆန်စက်တွေ၊ ဆန်ဆိုင်တွေဖမ်းနေတဲ့အချိန်မှာပဲအခွန်အကောက်တွေကို စံချိန်တင် ကောက်နေပြန်ပါတယ်။အထူးသဖြင့် ပြည်သူလူထုရဲ့ စားသုံးမှုအပေါ် ဝန်ပိစေတဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ဒီဘဏ္ဍာနှစ်မှာ ဘယ်ခေတ်မှာမှ မကောက်ခံခဲ့တဲ့ စံချိန်တင် ပမာဏ ကောက်ခံတယ်။NLD အစိုးရလက်ထက် ကောက်ခံခဲ့တဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပမာဏက ငွေကျပ်ဘီလီယံ ၂,၂၀၀/- လောက်ရှိပေမယ့် စစ်ရှုံးကောင်စီလက်ထက် ယခုနှစ်ကောက်ခံတဲ့ပမာဏက ကျပ်ဘီလီယံ ၂,၈၀၀/- နီးပါး ရှိပါတယ်။ အရပ်သားအစိုးရလက်ထက် အများဆုံးပမာဏထက် ကျပ်ဘီလီယံ ၆၀၀/- ပိုတိုးကောက်ခံလာတာပါ"လို့ဝန်ကြီးကဆိုပါတယ်။
ကုန်သွယ်လုပ်ငန်းခွန်ဆိုကိုစားသုံးသူပြည်သူကကျခံရတဲ့ အခွန်ဖြစ်ပြီးနေ့စဉ် စားတာ၊ သောက်တာ၊ ရောင်းတာ၊ ဝယ်တာ အစစအပေါ်မှာ မူလကျသင့်ငွေတန်ဘိုးအပေါ် ၅ % အပိုဆောင်း စားသုံးသူကပေးဆောင်နေရတယ်လို့ဆိုပါတယ်။
========================
📌📌 ၂။ တက္ကသိုလ်ဝင်ခွင့်လျောက်ထားလာကြသော ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာများအား စိစစ်အတည်ပြုနေပြီလို့ ပညာရေးဝန်ကြီးဌာနကြေညာ
ဇူလိုင်၃ရက်
တက္ကသိုလ်ဝင်ခွင့်လျောက်ထားလာကြသော ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာများအား စိစစ်အတည်ပြုနေပြီလို့ ဇူလိုင်၃ရက်မှာ ပညာရေးဝန်ကြီးဌာနမှ ကြေညာခဲ့ပါတယ်။
ဇူလိုင်၁ရက်ညသန်းခေါင်အချိန်မှစတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်ခွင့်လျောက်ထားလာကြသော ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာများအား စိစစ်အတည်ပြုခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်တယ်လို့ဆိုပါတယ်။
မှန်ကန်ပြည့်စုံသော လျှောက်လွှာများကို Verified ပေးနေပြီဖြစ်ပြီး အချက်အလက်မပြည့်စုံသောလျှောက်လွှာများကို လိုအပ်သည့်အချက်အလက်များ MES မှတဆင့် ပြန်လည်တောင်းခံနေပြီဖြစ်တယ်လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ MES အကောင့်များအား စောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
📌📌 ၃။ မြင်းခြံခရိုင်က သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာပါဝင်လာတဲ့အတွက် သပိတ်မှောက်တဲ့ မြို့နယ် ၁၇ ခုအထိရှိလာ
မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက သံဃာတော်တွေ အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုမှာ ပါဝင်လာခဲ့ပြီး ဇူလိုင် ၂ ရက်နေ့က ပြည်သူလူထုနဲ့အတူ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
မြင်းခြံခရိုင်ထဲက မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တို့ပါဝင်လာတာဖြစ်တဲ့အတွက် ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ထားတဲ့မြို့နယ် ၁၇ ခုထိရှိလာခဲ့တာဖြစ်ပါတယ်။
မြင်းခြံခရိုင်အတွင်းက သံဃာတော်တွေနဲ့ပြည်သူလူထုစုပေါင်းပါဝင်တဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်လှုပ်ရှားမှုကို ဇူလိုင်လ ၂ ရက်နေ့က မြင်းခြံခရိုင်အတွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီလှုပ်ရှားမှုမှာ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၃ တပ်ရင်း၊ အမှတ် ၈ တပ်ရင်း၊ မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ တယ်လို့ သိရပါတယ်။
စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်တာကို ချောင်းဦးမြို့နယ်ကသံဃာတော်တွေ ဇွန်လ ၂၃ ရက်က စတင် ခဲ့တာဖြစ်ပြီး ပခုက္ကူ၊ ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မုံရွာ၊ မြိုင်၊ ဝက်လက်၊ မြင်းမူ၊ အရာတော်၊ ဘုတလင်၊ ထားဝယ်၊ ပေါက်၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီး စတဲ့ တိုင်း ၄ တိုင်း မြို့နယ် ၁၇ ခုက သံဃာတော်တွေ ပူးပေါင်းပါဝင်လာခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့က ပစ်ခတ်သတ်ဖြတ် လိုက်ပြီးတဲ့နောက် သံဃာတော်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အဆက်အဆံမပြုဖို့ တညီတညွတ်တည်း ဆုံးဖြတ် ခဲ့ကြပြီး ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
========================
📌📌 ၄။ လောင်းလုံးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ လူစည်းရုံးရေးအသိပညာပေးလှုပ်ရှားမှု ပြုလုပ်
ဇူလိုင်လ ၃ ရက်
ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ၊ လူထုစည်းရုံးရေးဆပ်ကော်မတီမှ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ကျေးရွာစျေးတစ်စျေးမှာ လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု သွားရောက်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ မြေပြင်တိုက်ပွဲတွေမှာ စစ်ရေးအရအရေးနှိမ့်နေချိန် ပြည်သူတွေက လူထုတိုက်ပွဲတွေမှာ ပူးပေါင်းပါကြပြီး စစ်ကောင်စီကို နိုင်ငံရေးအရ အပြင်းအထန်ထိုးနှက်တိုက်ခိုက်ကြဖို့နဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ စည်းရုံးဟောပြောခဲ့ပါတယ်။
ထို့နောက်'ဖက်ဆစ်စစ်တပ် အလိုမရှိ၊ စစ်မှုထမ်းဥပဒေ အလိုမရှိ၊ ပြည်သူချင်းသတ်ခိုင်းတဲ့ အကြံယုတ် အလိုမရှိ၊ ဖိရင်ကြွ ထိရင်ချ တဦးကောင်းနဲ့ မရ၊ လူထုနည်းနဲ့ ဆန့်ကျင်ကြ'ဆိုတဲ့ ခေါင်းစဥ်နဲ့ လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေခဲ့ပါတယ်။
========================
📌📌 ၅။ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃ သန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရ
ဇူလိုင်၃ရက်
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃ သန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ဇူလိုင်လအတွင်း UN OCHA Myanmarမှ အသိပေးဖော်ပြပါတယ်။
"မြေမြှုပ်မိုင်းများ ပျံ့နှံ့နေမှု၊ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေ အပြင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ရှိရင်းစွဲ အခြေအနေကပင် ဆိုးရွားပြီးဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ပိုမို ဆိုးရွားလာစေပါတယ်။ တစ်နိုင်ငံလုံးမှာ လူဦးရေ ၃ သန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာရနိုင်ကြောင်း ခန့်မှန်းထားရှိပါတယ်။ အသစ် နေရပ်စွန့်ခွာ လူထုကတော့ မုတ်သုံရာသီရဲ့ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကြားမှာ သင့်လျော်တဲ့ မှီခိုရာနေရာမရှိဘဲ နေထိုင်နေကြရပါတယ်"လို့ဆိုပါတယ်။
မကြာသေးမီက ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်မှုနဲ့ သိမ်းပိုက်မှုတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ ၎င်းတို့ တာဝန်ထမ်းဆောင်နေတဲ့ လူထုတွေအပေါ် အန္တရာယ်ကျရောက်နိုင်မှုတွေ ပိုမိုမြင့်တက်လာနေတယ်လို့ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ မကြာသေးမီ လတွေအတွင်းက တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ အမျှ လူထောင်ပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်ဟာ ခြောက်လတိုင်ခဲ့သည့်တိုင် ရန်ပုံငွေရရှိမှု အလွန်နည်းပါးနေပြီး ရန်ပုံငွေရရှိမှု အခြေအနေပြ မှတ်တမ်းအရ လိုအပ်ချက်ရဲ့ ၁၂ ရာခိုင်နှုန်းမျှသာ ရန်ပုံငွေ ရရှိပါသေးတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၆။ ဇွန်လတလတာအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၈) ဦးနှင့် အမျိုးသား (၇၁) ဦး စုစုပေါင်း (၁၁၉) ဦး သေဆုံးခဲ့
ဇူလိုင်၃ရက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၈) ဦးနှင့် အမျိုးသား (၇၁) ဦး စုစုပေါင်း (၁၁၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပါတယ်။
ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၉) ဦးနှင့် ၆၀ နှစ်အထက် သတ်ဖြတ်ခံရသူ (၁၇) ဦး ပါဝင်တယ်လို့သိရပါတယ်။
ထို့ပြင် ၎င်း (၁၁၉) ဦးအနက် ရခိုင်ပြည်နယ်မှာ (၄၂) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၅၆) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။
ထို့ပြင် တစ်လတာအတွင်း နိုင်ငံတဝန်း၌ စစ်အုပ်စုက အမျိုးသမီး (၁၅) ဦး၊ အမျိုးသား (၃၃) ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး စုစုပေါင်း (၄၉) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဆိုပါ (၄၉) ဦးအနက် ရန်ကုန်တိုင်းမှာ (၃၀) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မတ္တရာ၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်ရင်းကို PDF က တိုက်ခိုက် သိမ်းပိုက်မှု NUGဝန်ကြီးများ ချီးကျူးဖော်ပြ
ဇူလိုင်၃ရက်
မတ္တရာ၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်ရင်းကို PDF က တိုက်ခိုက် သိမ်းပိုက်မှု NUGဝန်ကြီးများ ချီးကျူးဖော်ပြခဲ့တယ်လို့သတင်းရရှိပါတယ်။
ဇူလိုင်၃ရက်မှာ နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ" PDFဆိုတာ"လို့ဖော်ပြထားပြီး တိုက်ခိုက်မှုရုပ်သံကိုဖော်ပြခဲ့ပါတယ်။
အလားတူ NUGလူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးကလည်း "ကြည်နူးပိတီဖြစ်ရသော"လို့အသိပေးဖော်ပြထားပါတယ်။
ဇူလိုင် ၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က မတ္တရာမြို့ နယ်၊ အမှတ် ၁၀၁၄ လေ ကြောင်း ရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းကို သိမ်းပိုက်ရရှိကြောင်း သိမ်း ဆည်းရရှိသော လက်နက်ခဲယမ်းများနှင့်တကွ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ထုတ်ပြန်ချက်တွင် မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်တပ်ဘက်မှ ဖမ်းဆီးရမိ စစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ ၆၄ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ တပ်မိသားစုဝင်များဖြစ်သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း ၁၁၇ ဦးခန့်ကိုလည်း ကောင်း မွန်စွာ ထိန်းသိမ်းထားကြောင်း ၊ ထို့ပြင် စစ်တပ်၏ လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်းဆိုထားပါတယ်။
========================
🚩🚩 ၂။ မတ္တရာနယ် လေကြောင်းရန်ကာကွယ်ရေးတပ်က ဖမ်းမိတဲ့သုံ့ပန်းတွေနဲ့မိသားစုဝင်တွေကို အသက်အန္တရယ် အာမခံကြောင်း မန္တလေး -PDF ပြော
မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ကနေ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို အသက်အန္တရာယ်အာမခံကြောင်း မန္တလေး-PDF တာဝန်ရှိသူက တွေ့ဆုံရှင်းပြခဲ့ပါတယ်။
မတ္တရာမြို့နယ် လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တွေ စီးနင်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို မန္တလေး- PDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက မနေ့ ဇူလိုင်လ ၂ ရက်နေ့ညပိုင်းမှာ တွေ့ဆုံပြီး ရှင်းပြခဲ့တာဖြစ်ပါတယ်။
ခင်ဗျားတို့ကို လုံးဝသတ်တာဖြတ်တာ၊ နှိပ်စက်တာ ကျွန်တော်တို့လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံတကာ စစ်စည်းမျဉ်း စည်းကမ်းတွေ၊ သုံ့ပန်းတွေကိုဖမ်းမိရင် လုပ်ရတဲ့ စစ်ဥပဒေတွေ အဲ့ဒီဥပဒေတွေအတိုင်း စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကျွန်တော်တို့ ခင်ဗျားတို့ကို ဆက်ဆံမယ်လို့ မန္တလေး-PDF တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ် စခန်း၊ ပန်းသလဲတောင်တပ်စခန်း၊ ရေစိုတောင်တပ်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုးတပ်စခန်း၊ ကျောက်ခလုတ် တပ်စခန်းနဲ့ Alpha ဘိလပ်မြေစက်ရုံထဲက စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင်တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
စစ်တပ်စခန်းသိမ်းတိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ စစ်သုံပန်းတွေနဲ့ လက်နက်ချအညံ့ခံသူ ၆၄ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သုံပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားတဲ့အပြင် တပ်မိသားစုဝင်တွေဖြစ်တဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များ စုစုပေါင်း ၁၁၇ ဦးခန့်ကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ မန္တလေး- PDF ကထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မဟာမိတ်တပ်တွေနဲ့အတူ ဟန်ချက်ညီ တိုက်ပွဲဝင်လျက်ရှိပြီး နောင်ချို၊ မိုးကုတ်၊ ကျောက်မဲနဲ့ မတ္တရာမြို့နယ်တို့မှာရှိတဲ့ စစ်မျက်နှာတွေမှာ စစ်ဆင်ရေးဖော်ဆောင် နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တခုဖြစ်ပါတယ်။
========================
🚩🚩 ၃။ အရာတော်နယ်က စစ်တပ်အထိုင်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာရှိတဲ့ အကြမ်း ဖက်စစ်ကောင်စီရဲ့ စခတ-၁၀ အထိုင်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်တွေက ရှော့တိုက်ဒုန်းနဲ့ ဇူလိုင် ၂ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
အဲဒီအကြမ်းဖက် စစ်စခန်းကို အရာတော်မြို့နယ် ပကဖ တိုက်နယ်အမှတ်-၄ တာဝန်ခံ မင်းသားကြီး ကွပ်ကဲမှုနဲ့အတူ အရာတော်မြို့နယ် ပကဖ ရဲဘော်ပါကြီး ဦးစီးတဲ့ အရာတော်မြို့နယ် ပကဖ တိုက်နယ်အမှတ် ၄၊ ၅၊ ၁၂၊ မုံရွာခရိုင် တပ်ရင်း-၆ တို့က ပူပေါင်းပါဝင်တဲ့အဖွဲ့က လက်လုပ်ရှော့တိုက်ဒုန်း ၆ လုံးအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်တပ်စခန်းအတွင်း ရှော့တိုက်ဒုန်း ၃ လုံးကျရောက်ခဲ့ရာမှာ တလုံးက ရန်သူ့အဆောက်အအုံပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တာကြောင့် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ၆ ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
========================
🚩🚩 ၄။ တအာင်းတပ်နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းကို PSLF/TNLA ဒုစစ်ဦးစီးချုပ် ကွင်းဆင်းကြည့်ရှု
တအာင်းတပ်မတော်-TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကို PSLF/TNLA ဒုစစ်ဦးစီး ချုပ် -၁ ဗိုလ်မှူးကြီး တားမုံကြော့ ဦးဆောင်တဲ့အဖွဲ့ မနေ့ ဇူလိုင်လ ၂ ရက်မှာ ကွင်းဆင်းကြည့်ရှုခဲ့တယ်လို့ ဒေသတွင်းသတင်း ဌာနတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနက ဖော်ပြပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်းကို ဇွန်လ ၃၀ ရက်မှာ တအာင်းတပ်နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် PSLF/TNLA ဒုစစ်ဦးစီးချုပ်-၁ ဗိုလ်မှူးကြီး တားမုံကြော့ ဦးဆောင်တဲ့အဖွဲ့ အခုလို လာရောက်ကြည့်ရှုစစ်ဆေးခဲ့တဲ့ ဖြစ်ပါ တယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သလို စစ်သုံ့ပန်း ၁၅ ဦးထက်မနည်းနဲ့ လက်နက်ခဲယမ်းတွေ ကိုလည်း TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ TNLA နဲ့အတူ အခြားတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) နဲ့ မိုးကုတ်ဗျူဟာတို့လည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် TNLAနဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တွေထဲက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ စစ်စခန်း ၃ဝ ကျော် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ လားရှိုးမြို့ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၇ ဦးသေဆုံး
တအာင်းပြည် တပ်မဟာ-၆ စစ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီနဲ့ပစ်ခတ်တာကြောင့် ဒီနေ့ ဇူလိုင် ၃ ရက်မှာ အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၃ ရက် မနက် ၈ နာရီခွဲခန့်အချိန်မှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးတွေထဲက ကျည်တလုံးဟာ လာရှိုး မြို့ပေါ် အမှတ် ၁ ရပ်ကွက်ထဲက အိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲတာကြောင့် အိမ်ထဲမှာရှိနေတဲ့ မိသာစုဝင် ၆ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အတူ လားရှိုးမြို နမ့်ပေါင်ကျေးရွာထဲက နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရမျိုးသမီးတဦးသေဆုံးညီ့း အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
လားရှိုးမြို့ ပတ်ပတ်လည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက ဒီနေ့ ဇူလိုင်လ ၃ ရက် မနက် ၄ နာရီခန့်အချိန်က စတင်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေ ကလည်း ပြောပါတယ်။
အဲဒီလို စစ်ကောင်စီတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ရာမှာ လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်၊ ဗျူဟာလမ်းအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုတခုထဲက မိသားစုဝင် ၆ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
အခုလို တိုက်ပွဲတွေဖြစ်လာတဲ့အတွက် လားရှိုးမြို့ပေါ်မှာ လူအသွားအလာကျဲသွားပြီး မြို့ခံတွေအနေနဲ့ စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က လားရှိုးမြို့ ပတ်ပတ်လည်ကို လက်နက်ကြီးတွေ မစ်ဇိုင်းတွေနဲ့ ဇွန်လ ၃ ရက် မနက် ၁၁ နာရီဝန်းကျင်အထိ ဆက်လက်ပစ်ခတ်နေဆဲဖြစ်တာကြောင့် လားရှိုး-တန့်ယမ်း-မိုင်းရယ်လမ်းပိုင်းဟာ ကားအသွားအလာ လုပ်လို့မရတော့ဘူး လို့ သိရပါတယ်။
ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊သီပေါမြို့တို့မှာလည်း တအာင်းတပ်မတော်- TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်နေရာမှာ စစ်ကောင်စီဘက်က လေကြောင်း၊ လေနက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ပြည်သူပိုင်အိမ် အလုံး ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၆။ ကျောက်ပန်းတောင်းနယ်က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ချစ်သိန်း ပစ်ခတ်ခံရပြီး သေဆုံး
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် မဲထီးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်သိန်း ကို ပြည်သူ့ကာကွယ် ရေးအဖွဲ့တွေက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် သေဆုံးသွားတယ်လို့ Chauk Guerilla Force – CGF က ဒီနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်းထဲက ချောက်မြို့နယ်နဲ့ထိစပ်နေတဲ့ မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် မဲထီးကျေးရွာက အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးချစ်သိန်းကို ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီခွဲခန့်အချိန်မှာပစ်ခတ်ရှင်းလင်းခဲ့ တာလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်သိန်းရဲ့အိမ်ကိုရောက်ရှိလာချိန်မှာ ချစ်သိန်းအနေနဲ့ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် မအောင်ခဲ့ဘူးလို့ ဆိုပါတယ်။
အခု ပစ်ခတ်ရှင်းလင်းမှုကို Chauk Guerilla Force – CGF ၊ အာဠာဝက မြို့ပြပျောက်ကျားတပ်ဖွဲ့ နဲ့ ကျောက်ပန်းတောင်း ဇီးကွက်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ချစ်သိန်းထံကနေ ဖုန်းတလုံးသိမ်းဆည်းခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်ရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ပျူစောထီးနဲ့ အုပ်ကြီးတွေကို ဆက်လက်အရေးယူရှင်းလင်းသွားမှာဖြစ်ပြီး ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်တွေ အမြစ်ပြတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Chauk Guerilla Force – CGF က သတိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment