၂၀၂၄ သြဂုတ်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ
📌 ၂။ နွေဦးတော်လှန်ရေးတွင် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာပိုင်း အားကောင်းနေပြီး တော်လှန်ရေးနဲ့လူထုတသားတည်းဖြစ်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဆို
📌 ၃။ (၇၆)နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို NUG တရားရေးဝန်ကြီးဌာနကကြိုဆိုဂုဏ်ပြု
📌 ၄။ တစုတည်းနဲ့ရှေ့တိုးနိုင်မယ်ဆိုရင် တော်လှန်ရေးအမြန်ပြီးမယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်း ပြောကြားလိုက်
📌 ၅။ မောင်တောနယ်က မွတ်ဆလင် ၈၀၀ ခန့်ကို AA ထပ်မံကယ်ထုတ်
📌 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ(၉၉)ဦး သေဆုံးခဲ့ပြီးမန္တလေးတိုင်းနှင့်မကွေးတိုင်းမှာ သေဆုံးမှုအများဆုံးဖြစ်
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးကုတ်မြို့အနီးက ခလရ-၁၄၈ တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်
🚩 ၂။ ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံး
🚩 ၃။ လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် လူ၊ နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် အိမ်မွေးနွားများ ထိခိုက်
🚩 ၄။ မြိုင်နှင့် ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင် ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ၊ တိုက်ခိုက်မှု ရဟန်း ၁ ပါး ပျံလွန်တော်မူ
🚩 ၅။ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များ၏ အပတ်စဉ် ၅ သင်တန်းဆင်းပွဲ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ
သြဂုတ်လ ၉ရက်။
Radio NUG
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။
သြဂုတ်လ၉ရက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က တရားဝင်အသိပေးဖော်ပြပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးမှုကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၉)ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် ကျင်းပခဲ့တယ်လို့ဆိုပါတယ်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်၊ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံတို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးတွင် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာပိုင်း အားကောင်းနေပြီး တော်လှန်ရေးနဲ့လူထုတသားတည်းဖြစ်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဆို
သြဂုတ်လ ၉ရက်။
Radio NUG
နွေဦးတော်လှန်ရေးတွင် သတင်းနှင့်ဆက်သွယ်ရေး နည်းပညာပိုင်းအားကောင်းနေပြီး တော်လှန်ရေးနဲ့လူထုတသားတည်းဖြစ်နေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။
သြဂုတ်လအတွင်း PVTVရဲ့အထူးစကားဝိုင်းမှာ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။
"လူထုရဲ့ဒီတော်လှန်ရေးကိုထောက်ပြဝေဖန်တာတွေရော၊ အားမလိုအားမရဖြစ်တာတွေရော ထောက်ပြမှုတွေ ဒီတော်လှန်ရေးမှာရတယ်။ လူထုနဲ့တသားတည်းဖြစ်နေတယ်။ နောက်ပြီးသတင်းမပြတ်သွားဘူး။ ဒီဘက်ခေတ်မှာ ဆိုရှယ်မီဒီယာ၊ Twitterစတဲ့အိုင်တီနည်းပညာတွေရှိတော့ လူထုက NUGရဲ့လှုပ်ရှားမှုကိုသိတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ဘက်က အားကောင်းတာ လူထုကဘာဖြစ်ချင်လဲ။ မြေပြင်မှာဘာတွေဖြစ်နေလဲတန်းသိတယ်။ စစ်ကောင်စီလမ်းကြောင်းကဘယ်လဲ။ စစ်ကောင်စီကဘာတွေကလိမ်ကျနေလဲ။ ဒါတွေတန်းသိတော့အဲဒီအပိုင်းအားကောင်းတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် ယခင်တော်လှန်ရေးကာလဖွဲ့စည်းခဲ့သော NCGUBတွင် တပ်လက်ကိုင်မရှိခဲ့ဘဲ NUGအစိုးရလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးအပြင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များရှိနေခြင်းမှာ ကွာခြားချက်ဖြစ်ပြီး အားသားချက်ဖြစ်ကြောင်းဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ (၇၆)နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို NUG တရားရေးဝန်ကြီးဌာနကကြိုဆိုဂုဏ်ပြု
သြဂုတ်လ ၉ရက်။
Radio NUG
(၇၆)နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို NUG တရားရေးဝန်ကြီးဌာနကကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
ဖဆပလအစိုးရတပ်များသည် ၁၉၄၈ခုနှစ် ၊ ဩဂုတ်လ (၉)ရက်နေ့တွင် ကရင်နီပြည်ရှိ ကရင်နီအမျိုးသား အစည်းအရုံးဌာနချုပ်ရှိရာ မန်းလား(မြလဲ)ရွာကို မတရားကျူးကျော် တိုက်ခိုက်ခဲ့ကြသည့်အတွက် ကရင်နီအမျိုးသားများက ခုခံတော်လှန်စစ်ကို တိုက်ပွဲဝင်ခဲ့ကြသည်မှာ ယနေ့ဆိုလျင်(၇၆)နှစ်မြောက်သို့ တိုင်ခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။
ယနေ့အချိန်တွင် မြန်မာပြည်ဖွား တိုင်းရင်သားညီအစ်ကိုမောင်နှမများ အားလုံးသည် မြန်မာပြည်၏ အချုပ်အခြာအာဏာများပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်ရေးတို့အတွက် ကျောချင်းကပ်၍ ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်နေကြသည့် အချိန်ဖြစ်တယ်လို့ဖော်ပြပါတယ်။
သို့ဖြစ်၍ အာဏာရှင်စနစ် အမြစ်ပြတ်သုန်းရေးနှင့် ငြိမ်းချမ်းသာယာသော တိုင်းပြည်အတွင်း အတူတကွနေထိုင်သွားကြရန်အတွက် တော်လှန်ရေးမကြာမရှည် အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက်(၇၆)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အား ကြိုဆိုဂုဏ်ပြုအပ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ တစုတည်းနဲ့ရှေ့တိုးနိုင်မယ်ဆိုရင် တော်လှန်ရေးအမြန်ပြီးမယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်း ပြောကြားလိုက်
သြဂုတ်လ ၉ရက်။
Radio NUG
တစုတည်းနဲ့ရှေ့တိုးနိုင်မယ်ဆိုရင် တော်လှန်ရေးအမြန်ပြီးမယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်း ပြောကြားလိုက်ပါတယ်။
သြဂုတ်လအတွင်း အမေရိကန်ဘတ်ဖလိုးတွင်ကျင်းပသော ခွပ်ဒေါင်းအလံတင်အခမ်းအနားတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
"ကျနော်တို့မှာ ကျနော်တို့ပဲရှိတယ်ဆိုတဲ့ တကယ့်စကားတွေကြောင့် လက်ရှိမြေပြင်မှာထင်ဟပ်တဲ့စကားတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကိုအားဖြစ်စေပါတယ်။ ဒါကြောင့်ကျနော်တို့သည် ကိုယ့်ကိုယ်ကိုယ်တစုတည်းနဲ့ ရှေ့တိုးနိူင်မယ်ဆိုရင် ဒီတော်လှန်ရေးအမြန်ပြီးမယ်။ ကျနော်တို့မျှော်လင့်တဲ့ အနာဂတ် အမြန်ဆုံးရောက်မှာ ဖြစ်တဲ့အတွက်ကြောင့် အားလုံးဆက်လက် လက်တွဲပေးသွားကြဖို့ မေတ္တာရပ်ခံပါတယ်"လို့သံအမတ်ကြီးကဆိုပါတယ်။
လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့ဘုံသဘောတူညီချက်တို့ရယူထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ မောင်တောနယ်က မွတ်ဆလင် ၈၀၀ ခန့်ကို AA ထပ်မံကယ်ထုတ်
သြဂုတ်လ ၉ရက်။
Radio NUG
ရခိုင်ပြည် မောင်တောမြို့နယ်ထဲက ဗိုလ်မှူးရွာနဲ့ မောင်တောမြို့ အမှတ် ၈ ရပ်ကွက်မှာရှိတဲ့ ကညင်တန်းရွာက မွတ်ဆလင် ၈၀၀ ခန့်ကို ထပ်မံကယ်ထုတ်ပေးခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ဩဂုတ်လ ၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနဲ့ ကလေးငယ်တွေကို စစ်ကောင်စီနဲ့လက်နက်ကိုင်မွတ်ဆလင်တွေက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးပိတ်လှောင်ထားတာကြောင့် အချို့ဟာ အစာရေစာပြတ်လပ်မှုဒဏ် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၈ ရက်နေ့ မွန်းလွဲပိုင်းက မွတ်ဆလင်ရွာဖြစ်တဲ့ ဗိုလ်မှူးရွာက ဒေသခံပြည်သူ ၃၀၀ ခန့်ကို ဘေးကင်းရာနေရာကို ကယ်ထုတ်ပေးခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်မှာလည်း ကညင်တန်းရွာက မွတ်ဆလင် ၅၀၀ ခန့်ကို လုံခြုံရာနေရာထိ ကယ်ထုတ်ခဲ့တယ်လို့ ရခိုင့်တပ်တော်က ရုပ်သံမှတ်တမ်းနဲ့တကွ အသိပေးထားပါတယ်။
ရခိုင့်တပ်တော်အနေနဲ့ မောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီလက်ကျန် တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို မောင်တောမြို့သိမ်း တိုက်ပွဲကိုလည်း ဆင်နွှဲနေတာကြောင့် မောင်တောမြို့နဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံရွာသားတွေကို တိုက်ပွဲနဲ့လွတ်တဲ့နေရာတွေမှာ တိမ်းရှောင်နေကြဖို့ ဇွန်လ ၁၆ ရက်နဲ့ ဩဂုတ် ၇ ရက်မှာ အသိပေး ထုတ်ပြန်ခဲ့တယ်လို့ AA က ဆိုပါတယ်။
AA ဘက်က အခုလိုသတိပေးထုတ်ပြန်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့လက်နက်တပ်ပေးထားတဲ့ အစွန်းရောက်မွတ်ဆလင်အဖွဲ့တွေက ကျေးရွာတွေမှာနေထိုင်ကြတဲ့ ရွာသူရွာသားများကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ခေါ်ဆောင်ထားတာကြောင့် AA က ကယ်ထုတ်ပေးနေတာလို့ သိရပါတယ်။
ဩဂုတ်လ ၇ ရက်နေ့ကလည်း မောင်တောမြို့နယ် လသာရွာက ဒေသခံမွတ်ဆလင်တွေကို ရခိုင့်တပ်တော် AA က ကယ်ထုတ်ခဲ့ပါသေးတယ်။
========================
📌📌 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ(၉၉)ဦး သေဆုံးခဲ့ပြီးမန္တလေးတိုင်းနှင့်မကွေးတိုင်းမှာ သေဆုံးမှုအများဆုံးဖြစ်
သြဂုတ်လ ၉ရက်။
Radio NUG
နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ(၉၉)ဦး သေဆုံးခဲ့ပြီးမန္တလေးတိုင်းနှင့်မကွေးတိုင်းမှာ သေဆုံးမှုအများဆုံးဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ အမျိုးသမီး (၂၇)ဦးနှင့် အမျိုးသား(၇၂)ဦး စုစုပေါင်း (၉၉)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိုပါ (၉၉)ဦးအနက် မန္တလေးတိုင်းမှာ (၁၉)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းမှာ(၁၈)ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့ဆိုပါတယ်။
၎င်း(၉၉)ဦးတွင် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၄၅)ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပါတယ်။
ဩဂုတ်လ ၁ ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာ၌ အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် စစ်အုပ်စု၏ ပလောက်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၈၀ က ဆင်ထိုးကြီးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကိုကျော်မင်းစိုးသည် ကျည်စထိမှန်၍ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးကုတ်မြို့အနီးက ခလရ-၁၄၈ တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သိမ်းပိုက်
ဩဂုတ်လ ၉ရက်။
Radio NUG
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီးရွာအနီး မန္တလေး-မိုးကုတ်လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ် ခလရ - ၁၄၈ ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ မိုးကုတ်ဗျူဟာက ဩဂုတ်လ ၉ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
တအာင်းတပ် TNLA နဲ့ မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၉ ရက် ညနေ ၅ နာရီခန့်အချိန် အမှတ် ၁၄၈ ခြေလျင်တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ခလရ - ၁၄၈တပ်ဟာ မိုးကုတ်မြို့နဲ့ ၃၉ မိုင်အကွာ မန္တလေး - မိုးကုတ်လမ်းပိုင်းမှာရှိပြီး မိုးကုတ်မြို့သိမ်း တိုက်ပွဲကာလက မိုးကုတ်မြို့ခံပြည်သူတွေ စားနပ်ရိက္ခာပြတ်လပ်စေဖို့ ပိတ်ဆို့ခဲ့တဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။
ခလရ -၁၄၈ကို မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းယူပြီးတဲ့နောက် စစ်အုပ်စုက အဲ့ဒီဒေသတဝိုက်က ကျေးရွာတွေကို နေ့စဉ်နီးပါး လေကြောင်းကနေ ဗုံးကြဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ခလရ-၁၄၈ အပါအဝင် သပိတ်ကျင်းမြို့နယ်တောင်ပိုင်းက ရွှေတောဒေသတွေဖြစ်တဲ့ လိပ်ကျ၊ ဝက်သေ၊ ဖက်ရှည်၊ ကွင်း ၃၀ ရွာ၊ ကွင်း ၂၉ ရွာ၊ ရေထွက်၊ လက်ပံပြန့်၊ ကမ်းပါးနီ၊ မြေနီတောင်၊ ရေငတ်ပင်စတဲ့ ကျေးရွာတွေကို ဩဂုတ်လ ၆ ရက်ကစပြီး လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံး
ဩဂုတ်လ ၉ရက်။
RadioNUG
ဩဂုတ်လ ၈ ရက်နေ့ ညနေ ၃:၀၀ နာရီမှ ည ၉:၃၀ အထိ ရေးမြို့နယ် မြို့ဟောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ(AD)၊ YPDF ပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ(AD)က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲတွင် ရန်သူစစ်ကောင်စီတပ်မှ(၆)ဦး သေဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သိရပါတယ်။
ရေးမြို့နယ် ကမော့ကနင်ကျေးရွာ အခြေချ စစ်ကောင်စီတပ် ခလရ(၁၀၆)နှင့် ခမရ(၅၈၈)ပူးပေါင်းအင်အားဖြည့်ထားသည့် အင်အား(၁၂၀)ခန့်တို့သည် မြို့ဟောင်းကျေးရွာသို့ ဝင်ရောက်လာစဥ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ YPDF ရဲဘော်တစ်ဦး တိုင်းပြည်နှၚ့်လူမျိုးအတွက် အသက်ပေးသွားခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် လူ၊ နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် အိမ်မွေးနွားများ ထိခိုက်
ဩဂုတ်လ ၉ရက်။
RadioNUG
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၂၆၄မှ ဩဂုတ်လ ၁ ရက်နေ့၌ ချုံအင်းကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ(၂)လုံး၊ ဩဂုတ်လ ၂ ရက်နေ့၌ ဖျံတလင်းကျေးရွာသို့ ဒရုန်းဖြင့် (၁)ကြိမ်ပစ်ခတ်ခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့၌ ခမရ-၃၀၇မှ လက်နက်ကြီး ၁၂၀မမ (၃၃)လုံးကို ဖျံတလင်းသရဲကုန်းသို့ ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၃ ရက်နေ့ ညနေ၆နာရီအချိန်၌ ခလရ-၂၆၄မှ အလှိုင်ကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ (၁)လုံးပစ်ခတ်ခဲ့သောကြောင့်နေအိမ်(၁)လုံး၊ နွား(၂)ကောင်နှင့် ဦးကျော်စိုးလွင် အသက်(၃၅)နှစ် ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ်လ ၇ ရက်နေ့၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၂၆၄မှ လက်နက်ကြီး ၁၂၀မမကို လက်ခံကျေးရွာသို့ (၂)လုံး၊ ထိုးဝါးစိုက်ကျေးရွာသို့ (၄)လုံး၊ ပစ်ခတ်ခဲ့သောကြောင့် ထိုးဝါးစိုက်ကျေးရွာမှ နော်သဘလေးဖော (၁၁)နှစ်မှ လက်မောင်းနှင့် ဝမ်းဗိုက်ထိမှန်ပြီး နေအိမ်(၂)လုံးနှင့် ထိုးဝါးစိုက်ကျေးရွာ၏ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် လက်နက်ကြီး ၁၅၅မမ(၂)လုံး ကျောက်မှော်ဘုရားကြီးကျေးရွာသို့ ပစ်ခတ်ခဲ့သောကြောင့် နေအိမ်(၁)လုံး၊ နွား(၂)ကောင် ကျည်စထိမှန်ခဲ့ပြီး ကညင်ကျိုးကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ(၂)လုံး ပစ်ခတ်ခဲ့သောကြောင့် မောင်မြမ်းပိုက်ထက်(၂၇)နှစ်ကို ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မြိုင်နှင့် ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင် ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ၊ တိုက်ခိုက်မှု ရဟန်း ၁ ပါး ပျံလွန်တော်မူ
ဩဂုတ်လ ၉ရက်။
RadioNUG
ဩဂုတ်လ ၇ ရက်နေ့တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင် ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူအများအပြား ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေ တပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း ဒေသနှင့် မြိုင်နယ် အနောက်တောင်ပိုင်း ဒေသရှိ စစ်ဘေးရှောင်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် Mi - 35 ၊ ဂျက်ဖိုက်တာတို့ဖြင့် အကြိမ်ရေများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး အသက် ၄ နှစ်၊ ၇ နှစ်၊ ၁၃ နှစ် ၁၅နှစ်အရွယ် ကလေးငယ် ၅ဦးအပါအဝင် ပြည်သူအများအပြား ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ရွာသစ်စုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် သိမ်ဇရပ်သည် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြိုကျပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များ၏ အပတ်စဉ် ၅ သင်တန်းဆင်းပွဲ ပြုလုပ်
ဩဂုတ်လ ၉ရက်။
RadioNUG
ဩဂုတ်လ ၉ ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များ၏ အမှတ်စဉ် ၂/၂၀၂၄၊အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ်က သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဏကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရဲဘော်တစ်ယောက်ချင်းစီ၏ စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများ၊ စစ်အာဏာရှင်တော်လှန်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ပြောကြားခဲ့ကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment