၂၀၂၄ သြဂုတ်လ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံနဲ့ တွေ့ဆုံရာမှာ လေကြောင်းရန်ကာကွယ်ရေးEarly Warning System တွေ ပေးဖို့တောင်းဆိုခဲ့ကြောင်းယာယီသမ္မတအသိပေးဆို
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့
📌 ၃။ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးမွေးနေ့အမှတ်တရအနေဖြင့် ဝေးလံခေါင်ဖြား ဒေသများမှ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား လေးများအတွက် အာဟာရ ဒါနပြု ခဲ့
📌 ၄။ "ရခိုင်ပြည်နယ်တိုက်ပွဲများအတွက် စစ်တပ်ကရိုဟင်ဂျာများကို လူသားဒိုင်းလိုမျိုးအသုံးပြုတဲ့အနေအထားမျိုးတွေ တွေ့ရနေတယ်"လို့လူ့အခွင့်ရေးဝန်ကြီးပြောကြား
📌 ၅။ အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ကျဥ်းများကိုထောင်အဝင်နှင့် ထောင်ဗူးဝတို့မှာရိုက်နှက်မှုများလုပ်ဆောင်ရာ နိုင်ငံရေးအကျဉ်းသား ၄၀ကျော်ဦးခေါင်းနှင့် အခြားနေရာများတွင် ဒဏ်ရာများ ရရှိခဲ့
📌 ၆။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့သိမ်းတိုက်ပွဲသတင်းများအပါအဝင် ဇွန်လနှောင်းပိုင်းမှစ၍ပြန်လည်ဖြစ်ပွားလာသောတကျော့ပြန်တိုက်ပွဲများကြောင့် မြို့နယ်လေးခုမှ လူဦးရေ သုံးသောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေး
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ "တော်လှန်ရေးခရီး (၃) နှစ်ကျော်အတွင်းမှာ PDF ရဲဘော်တွေအနေနဲ့ထုသားပေသား ကျလာပြီးအောင်ပွဲခံဖို့ အဆင်သင့် ရှိတယ်"လို့ကာကွယ်ရေးဝန်ကြီးဆို
🚩 ၂။ ကရင်နီစစ်ဆင်ရေး တစ်နေရာတွင် အာဏာရူးစစ်ကောင်စီအား တွန်းလှန်ရင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ်(၉) တပ်ရင်း တွင်တာ၀န်ထမ်းဆောင်နေသော ရဲဘော်များကျဆုံး
🚩 ၃။ ဖလမ်းမြို့ စစ်ကောင်စီ ခလရ (၂၆၈) ခြေလျင်တပ်ရင်းမှ တပ်သားတဦးလက်နက်နှင့်အတူအလင်းဝင်လာ၍ ဆုကြေးသိန်း (၆၀)ရရှိ
🚩 ၄။ ငါန်းဇွန်မြို့နယ်က ငါန်းမြာကြီး စခန်းကိုတော်လှန်ရေးတပ်များယနေ့မနက် သိမ်းပိုက်နေပြီးလက်နက်နဲ့သုံ့ပန်းများသိမ်းဆည်းရမိ
🚩 ၅။ ဩဂုတ်လ(၁)ရက်မှ (၁၅) ရက် အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ အမှတ်(၅)တပ်မဟာနှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၅၇) ကြိမ်ဖြစ်ပွားခဲ့
🚩 ၆။ ပိုမိုကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး စစ်တပ် ပြိုလဲရေး မြန်ဆန်လာတော့မယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံနဲ့ တွေ့ဆုံရာမှာ လေကြောင်းရန်ကာကွယ်ရေးEarly Warning System တွေ ပေးဖို့တောင်းဆိုခဲ့ကြောင်းယာယီသမ္မတအသိပေးဆို
သြဂုတ်လ၁၉ရက်
အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံနဲ့ တွေ့ဆုံရာမှာ လေကြောင်းရန်ကာကွယ်ရေးEarly Warning System တွေပေးဖို့တောင်းဆိုခဲ့ကြောင်း ယာယီသမ္မတဒူဝါလရှီးလက သြဂုတ်လအတွင်း VOAသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာမှာ ပြောကြားထားပါတယ်။
"ကျနော်တို့အဓိက ကျနော့်အနေနဲ့ အဓိကဆွေးနွေးတာကတော့ အခုဖြစ်ပေါ်နေတဲ့ တော်လှန်ရေးမှာ စစ်ကောင်စီက လူမှု့ အသိုင်းအဝိုင်းအားလုံးကို ဖျက်စီးနေတာ ရက်ရက်စက်စက်ကို လုပ်နေတာတွေ ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ လက်တလော လိုအပ်တာတွေကို ကျနော်တို့ မြန်မြန်ကူညီပေးဖို့ တောင်းခဲ့ပါတယ်။ အဲဒါက ပြည်သူလူထုတွေကို လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေကို ကာကွယ်နိုင်ဖို့။ Early Warning System တွေ ပေးဖို့။ နောက်တခါ Non-lethal နဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ တတ်နိုင်သလောက် မြန်မြန်လေးပေးဖို့ အကြောင်းတွေကို ကျနော်တို့ လိုအပ်ပါတယ် ဆိုတဲ့အကြောင်း။ နောက်တခါ ပညာရေးတို့ ကျန်းမာရေးတို့ဆိုတာ ရပ်ထားလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ သူကတော့ ချိုးဖျက်နေတဲ့အတွက်ကြောင့် အဲ့ဒီဘက်တွေကို ချိတ်ဆက်ပြီးတော့ အမြန်ဆုံးကူညီပေးဖို့ပါ"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဦးဆောင်အဖွဲ့ဝင်တွေဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan နဲ့ USAID Asst. စီမံခန့်ခွဲသူ Schiffer တို့နဲ့သြဂုတ်လအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့
သြဂုတ်လ၁၉ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၄/၂၀၂၄) ကို ဩဂုတ်လ ၁၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းခဲ့တယ်လို့သတင်းရရှိပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ဝန်ကြီးဌာန၏ လုပ်ငန်းများနောက်ဆုံးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နိုင်ငံတော်ဝင်ငွေ ရရှိနိုင်ရေးလုပ်ငန်းစဥ်များ၊ အခွန်ကောက်ခံမှုဆိုင်ရာကိစ္စရပ်များ၊ စစ်ကောင်စီ၏ လက်ရှိဘဏ္ဍာရေးအခြေအနေများအပေါ် သုံးသပ်ချက်များနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်။
၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက မြေပြင်အခြေအနေများနှင့် ချိတ်ဆက်၍ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦး က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စများနှင့် မြေပြင်တွင် ကြုံတွေ့နေရသည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးမွေးနေ့အမှတ်တရအနေဖြင့် ဝေးလံခေါင်ဖြား ဒေသများမှ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား လေးများအတွက် အာဟာရ ဒါနပြု ခဲ့
သြဂုတ်လ၁၉ရက်
သြဂုတ်လ၁၈ရက်မှာ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးမှ အခုလို အသိပေးဆိုထားပါတယ်။
"မွေးနေ့ဆုတောင်းပေးတဲ့သူများအားလုံး ကျေးဇူးတင်ပါတယ်။၅၉ နှစ် အထိ ကျန်းကျန်းမာမာနဲ့ တိုင်းပြည်တာဝန်များကိုထမ်းဆောင်ခွင့်ရတာလဲ မင်္ဂလာ တပါးပါဘဲ။
မွေးနေ့အထိမ်းအမှတ်အဖြစ် ဝေးလံခေါင်ဖြား ဒေသများမှ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား လေးများအတွက် အာဟာရ ဒါနပြု ခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာပြည်ထောင်စုဝန်ကြီးဟာ ရှေ့တန်းရှိစစ်ရှောင်စခန်းများသို့ပါသွားရောက်၍ စစ်ရှောင်များကူညီထောက်ပံ့ခြင်းအလုပ်များကို
ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၄။ "ရခိုင်ပြည်နယ်တိုက်ပွဲများအတွက် စစ်တပ်ကရိုဟင်ဂျာများကို လူသားဒိုင်းလိုမျိုးအသုံးပြုတဲ့အနေအထားမျိုးတွေ တွေ့ရနေတယ်"လို့လူ့အခွင့်ရေးဝန်ကြီးပြောကြား
သြဂုတ်လ၁၉ရက်
"ရခိုင်ပြည်နယ်တိုက်ပွဲများအတွက် စစ်တပ်ကရိုဟင်ဂျာများကိုလူသားဒိုင်းလိုမျိုးအသုံးပြုတဲ့အနေအထားမျိုးတွေ တွေ့ရနေတယ်"လို့လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ရိုဟင်ဂျာအရေးလိုအပ်ချက်တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောဆိုထားပါတယ်။
"စစ်တပ်ကရိုဟင်ဂျာတွေကိုပစ်မှတ်ထားပြီးတော့ စစ်မှုမထမ်းမနေရဥပဒေကိုကျင့်သုံးတယ်။ဒီလိုကျင့်သုံးတဲ့အခါမှာတကယ့်ပြည့်ဝတဲ့စစ်ရေးစွမ်းရည်ဒါတွေမပေးပဲနဲ့ရှေ့တန်းကိုပို့ဆောင်ပြီးသေရင်သေပစေပေါ့။နောက်တခါတိုက်ပွဲအတွက်တိုက်တာမဟုတ်ပဲလူသားဒိုင်းလိုမျိုးအသုံးပြုတဲ့အနေအထားမျိုးတွေ တွေ့ရပါတယ်။ဒါတွေကကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာတွေ့ရပါတယ်။
စကစအနေနဲ့ရခိုင်ပြည်နယ်တိုက်ပွဲများအတွက်ရိုဟင်ဂျာများကို လူလိုချက်အတွက်အသုံးပြုလုပ်ဆောင်ပြီးသေဆုံးမှုတချို့လည်းရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၅။ အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ကျဥ်းများကိုထောင်အဝင်နှင့် ထောင်ဗူးဝတို့မှာရိုက်နှက်မှုများလုပ်ဆောင်ရာ နိုင်ငံရေးအကျဉ်းသား ၄၀ကျော်ဦးခေါင်းနှင့် အခြားနေရာများတွင် ဒဏ်ရာများ ရရှိခဲ့
သြဂုတ်လ၁၉ရက်
၂၀၂၄ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့တွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားအများစုပါဝင်သည့် အကျဉ်းသား ၃၀၀ ဦးကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ပြီးနောက် ထောင်အာဏာပိုင်များမှ ရန်သူသဖွယ်သဘောထားကာ ညှဥ်းပမ်းနှိပ်စက်မှုများကို ကျူးလွန်ခဲ့ကြတယ်လို့ သြဂုတ်လ၁၉ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ဖော်ပြပါတယ်။
အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ရောက်သည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ဦးချိုး(အကြောက်တရားသွင်း)သည့်အနေဖြင့် ထောင်အဝင်နှင့် ထောင်ဗူးဝ၌ ရိုက်နှက်မှုများကို စတင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ထိုသို့ ရိုက်နှက်မှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကျော်တို့သည် ဦးခေါင်းနှင့် အခြားနေရာများတွင် ဒဏ်ရာများ ရရှိခဲ့ကာ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားများကို ခြေကျင်းဒေါက်များ ခတ်ထားသည်မှာ တစ်လကျော်အထိ ကြာမြင့်စွာ ခတ်ထားခဲ့တယ်လို့ဆိုပါတယ်။
ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ၎င်းတို့ Black List သွင်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော်ကိုလည်း ရိုက်နှက်၍ တိုက်ထဲတွင်သာ ခြေကျင်း ဒေါက်ခတ်၍ထားထားတယ်လို့သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ရိုက်နှက်သူများထဲတွင် သာယာဝတီထောင်မှ အသက်(၅၀)ဝန်းကျင်အရွယ် ထောင်ဝန်ထမ်း စိုးမင်း ( တပ်ကြပ်)ဆိုသူသည် အဓိကပါဝင်နေပြီး ယခုလက်ရှိတွင် ပုံစံဟုဆိုကာ ဖိနှိပ်မှုများကို ထောင်အာဏာပိုင်များက ပေါ်ပေါ်တင်တင် ပြုလုပ်နေကြတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့သိမ်းတိုက်ပွဲသတင်းများအပါအဝင် ဇွန်လနှောင်းပိုင်းမှစ၍ပြန်လည်ဖြစ်ပွားလာသောတကျော့ပြန်တိုက်ပွဲများကြောင့် မြို့နယ်လေးခုမှ လူဦးရေ သုံးသောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေး
သြဂုတ်လ၁၉ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့သိမ်းတိုက်ပွဲသတင်းများအပါအဝင် ဇွန်လနှောင်းပိုင်းမှစ၍ပြန်လည်ဖြစ်ပွားလာသောတကျော့ပြန်တိုက်ပွဲများကြောင့် မြို့နယ်လေးခုမှ ခန့်မှန်းခြေ လူဦးရေ ၃၃,၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး၊ အရပ်သားထိခိုက်သေဆုံးမှုများနှင့် အိုးအိမ်တိုက်တာအဆောက်အအုံပျက်စီးမှုများစွာဖြစ်ခဲ့ရတယ်လို့ သြဂုတ်လအတွင်း UN OCHA Myanmarကအသိပေးထုတ်ပြန်ပါတယ်။
ဒါ့အပြင်မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်ကိုင်ပဋိပက္ခများအရှိန်မြင့်လာသဖြင့် မန္တလေးမြို့မြောက်ဘက်မြို့နယ်များရှိနေအိမ်များမှ ထောင်သောင်းချီသောအရပ်သားများ အိုးအိမ်စွန့်ခွာထွက်ပြေး နေကြရပါတယ်။
နိုင်ငံတစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ သန်းဝန်းကျင်မျှရှိမည်ဟု ခန့်မှန်းရကာ၊ လတ်တလောနေရပ်စွန့်ခွာခဲ့ကြရသူအများစုမှာ မုတ်သုံမိုးရာသီအတွင်း လျော်ကန်သည့်အမိုးအကာများမရှိဘဲ နေထိုင်နေကြရတယ်လို့ဖော်ပြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ "တော်လှန်ရေးခရီး (၃) နှစ်ကျော်အတွင်းမှာ PDF ရဲဘော်တွေအနေနဲ့ထုသားပေသား ကျလာပြီးအောင်ပွဲခံဖို့ အဆင်သင့် ရှိတယ်"လို့ကာကွယ်ရေးဝန်ကြီးဆို
သြဂုတ်လ၁၉ရက်
ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့်Myanmar Now သတင်းဌာနတို့၏ အင်တာဗျုး ကောက်နုတ်ချက်ကို ကာကွယ်ရေးဝန်ကြီးဌာနမှ သြဂုတ်လ၁၈ရက်ပြန်လည်ဖော်ပြရာ ဝန်ကြီးက အခုလိုဆိုထားပါတယ်။
"တော်လှန်ရေးခရီး (၃) နှစ်ကျော်အတွင်းမှာ PDF ရဲဘော်တွေအနေနဲ့ပိုပြီး ထုသားပေသား ကျလာတယ်လို့ ကျွန်တော် မြင်ပါတယ်။ တော်လှန်ရေးကာလဖြစ်တဲ့အတွက် အခက်အခဲတွေ၊ လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေကတော့ တောက်လျှောက် ကြုံခဲ့ရပါတယ်။ သို့သော် ကျွန်တော်တို့ ဖြေရှင်းနိုင်ခဲ့တယ်၊ ကျော်လွှားနိုင်ခဲ့တယ်။ အခုရော ပြည့်စုံပြီလားဆိုတော့ မပြည့်စုံသေးပေမယ့် ကျွန်တော်တို့ ရင်ဆိုင်မယ်၊ ကျော်လွှားမယ်၊ တိုက်ပွဲဝင်မယ်။ ကျွန်တော်တို့ အောင်ပွဲခံဖို့ အဆင်သင့် ရှိတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်"လို့ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များဟာမြို့သိမ်းတိုက်ပွဲများဆင်နွှဲလာနိူင်သည့်အထိမဟာဗျူဟာမြောက်တိုက်ခိုက်လာနိူင်ပြီဖြစ်ပါတယ်။
========================
🚩🚩 ၂။ ကရင်နီစစ်ဆင်ရေး တစ်နေရာတွင် အာဏာရူးစစ်ကောင်စီအား တွန်းလှန်ရင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ်(၉) တပ်ရင်း တွင်တာ၀န်ထမ်းဆောင်နေသော ရဲဘော်များကျဆုံး
သြဂုတ်လ၁၉ရက်
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ်(၉) တပ်ရင်း တွင်တာ၀န်ထမ်းဆောင်နေသော ရဲဘော် များဖြစ်ကြသည့် ရဲဘော် ရီမောင်းဒို (ခ)ပိန်းဆူ၊ရဲဘော် ဝီလျံ (ခ)ခွန်ဂျာ၊ ရဲဘော် သောမတ်(ခ) ရွှေနူး၊ရဲဘော် ဖေဘီယံ (ခ) ဘိုဒိုကင် ၊ရဲဘော်ထက်အောင်လွင် ၊ရဲဘော် မာချယ်လီနို(ခ)ပီးပီတို့ဟာသြဂုတ်လ၈ရက်ရက်နေ့တွင် ကရင်နီစစ်ဆင်ရေး တစ်နေရာတွင် အာဏာရူးစစ်ကောင်စီအား တွန်းလှန်ရင်းတိုင်းပြည် နှင့်လူမျိုးအတွက် ပေးဆပ်သွားခဲ့တယ်လို့ သြဂုတ်လအတွင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ်(၉) တပ်ရင်းကအသိပေးဖော်ပြပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် မိမိအသက်ကို ပဓာန မထားပဲ စွမ်းစွမ်းတမံထမ်းဆောင်ရင်း ပေးဆပ်သွားသည့် ရဲဘော်တို့အား ကရင်နီပြည်အာဇာနည် သူရဲကောင်းများအဖြစ် အလေးနီပြု ဂုဏ်ယူမှတ်တမ်းတင်အပ်တယ်လို့ဆိုထားပါတယ်။
========================
🚩🚩 ၃။ ဖလမ်းမြို့ စစ်ကောင်စီ ခလရ (၂၆၈) ခြေလျင်တပ်ရင်းမှ တပ်သားတဦးလက်နက်နှင့်အတူအလင်းဝင်လာ၍ ဆုကြေးသိန်း (၆၀)ရရှိ
သြဂုတ်လ၁၉ရက်
ချင်းပြည်နယ် ဖလမ်းမြို့ စစ်ကောင်စီ ခလရ (၂၆၈) ခြေလျင်တပ်ရင်းမှ တပ်သား ဇင်မျိုးအောင် ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က လက်နက်ခဲယမ်းနဲ့အတူ CNO/CNDF ထံသို့ အလင်းဝင်ရောက်လာခဲ့ပါတယ်လို့ သြဂုတ်လ၁၈ရက်မှာ ချင်းအမျိုးသားအဖွဲ့ချုပ်ကတရားဝင်အသိပေးထုတ်ပြန်ပါတယ်။
အဆိုပါ အလင်းဝင်ရောက်လာသူ တပ်သား ဇင်မျိုးအောင် သည် MA-1 (၁) လက်၊ ကျည်ဆံ (၁၅၀) တောင့် နှင့် အီနာဂါဗုံးသီး (၄)လုံး ယူဆောင်လာခဲ့ကာ CNO/CNDF မှ ဂုဏ်ပြုငွေ သိန်း (၆၀) ချီးမြှင့်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
🚩🚩 ၄။ ငါန်းဇွန်မြို့နယ်က ငါန်းမြာကြီး စခန်းကိုတော်လှန်ရေးတပ်များယနေ့မနက် သိမ်းပိုက်နေပြီးလက်နက်နဲ့သုံ့ပန်းများသိမ်းဆည်းရမိ
သြဂုတ် ၁၉ ရက်
ငါန်းဇွန်မြို့နယ်က ငါန်းမြာကြီး စခန်းကိုတော်လှန်ရေးတပ်များယနေ့မနက် သိမ်းပိုက်နေပြီးလက်နက်နဲ့သုံ့ပန်းများသိမ်းဆည်းရမိတယ်လို့ သြဂုတ်လ၁၉ရက်မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးဆိုပါတယ်။
"ယနေ့မနက် ငါန်းဇွန်မြို့နယ်က ငါန်းမြာကြီး စခန်း သိမ်းနေပြီးလက်နက်တွေရ၊ အရှင်မိလည်း ရှိ တယ်လို့သိရတယ်လို့ဆိုပါတယ်။
ဒါ့အပြင်စကစတပ်ဘက်က လေယာဥ်နဲ့ ၄ ကြိမ် ဗုံး လာကျဲကာ ဆီမီးခုံ ကလည်း လက်နက်ကြီးနဲ့ ပစ်ကူ ပေးတယ်လို့သိရပါတယ်။
========================
🚩🚩 ၅။ ဩဂုတ်လ(၁)ရက်မှ (၁၅) ရက် အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ အမှတ်(၅)တပ်မဟာနှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၅၇) ကြိမ်ဖြစ်ပွားခဲ့
သြဂုတ်လ၁၉ရက်
၂၀၂၄ခုနှစ်၊ဩဂုတ်လ(၁)ရက်မှ (၁၅) ရက် အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ အမှတ်(၅)တပ်မဟာနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၅၇) ကြိမ်ဖြစ်ပွားခဲ့တယ်လို့သြဂုတ်လအတွင်းစစ်ရေးသတင်းကို KNUဗဟိုကထုတ်ပြန်ထားပါတယ်။
အကြိမ်ကြိမ်ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ (၂၀)ဦးသေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ အမှတ်(၅) တပ်မဟာနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဖက်မှ ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ရိက္ခာများအား လေယာဉ်ဖြင့် ပို့ဆောင်ခြင်းတို့အား ပြုလုပ်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးဖြင့် (၅)ကြိမ်ပစ်ခတ်ခဲ့သောကြောင့် အရပ်သား(၁)ဦးနှင့် နွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
🚩🚩 ၆။ ပိုမိုကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး စစ်တပ် ပြိုလဲရေး မြန်ဆန်လာတော့မယ်လို့ဆို
သြဂုတ်လ၁၉ရက်
သြဂုတ်လ၁၉ရက်မှာစစ်ရေးသုံးသပ်ချက်များကို PDFInsightက အခုလို သုံးသပ်ဖော်ပြပါတယ်။
"မြေပြန့် ဒေသ တခုလုံး ခြုံကြည့်ရင် စစ်ကိုင်း၊ မန္တလေး နဲ့ မကွေးတိုင်းမှာ ရန်သူ့စစ်ခန်းတွေကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်တဲ့အထိ စစ်ရေးအရ အရှိန်မြင့်လာပါတယ်။ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန် နဲ့ နေပြည်တော် ဒေသမှာ ပြောက်ကျားတိုက်ခိုက်မှုတွေ၊ မြို့ပြ တိုက်ခိုက်မှုတွေကိုလဲ ပုံမှန် လုပ်ဆောင်နိုင်လာပါတယ်။ အလားအလာ တနိုင်ငံလုံး အတိုင်းအတာအရ ကြည့်ရင် စစ်အုပ်စုဟာ ထိုးစစ်ဆင်နွဲနိုင်ခြင်းမရှိတော့ဘဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်ကလဲ မဟာဗျူဟာ တန်ပြန်ထိုးစစ်ဆင်နွဲလာနိုင်ပါတယ်။ လာတော့မယ့်လတွေမှာ မြေပြန့် ဒေသမှာ အခုထက် ပိုမိုကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး စစ်တပ် ပြိုလဲရေး မြန်ဆန်လာမှာဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
မြို့ငယ်တွေ၊ မြို့လတ်တွေ အများစုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး အဖွဲ့တွေ ထိန်းချုပ်နိုင်လာမှာဖြစ်ပြီး မြို့ကြီးတွေ၊ စစ်တပ် အခိုင်အမာနယ်မြေတွေကို ဝန်းရံ ပိတ်ဆို့ထားနိုင်တော့မှာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီလို အခြေအနေ အောက်မှာ စစ်တပ်ရဲ့ နောက်တန်း စခန်းတွေ၊ လက်နက်စက်ရုံတွေ၊ လေတပ်စခန်းတွေဟာ လုံခြုံမှု ရှိတော့မှာ မဟုတ်ဘဲ အချိန်ပြည့်တိုက်ခိုက်ခံလာရမှာဖြစ်တယ်လို့ဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment