24th AUG 2024 - Evening Daily News by Radio NUG

 


၂၀၂၄ သြဂုတ်လ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲ ကမ္ဘာကလည်း လက်မခံသင့်ဘူးလို့ ယာယီသမ္မတပြော

📌 ၂။ နွေဦးတော်လှန်ရေးဟာ သေချာပေါက်အောင်မြင်မယ်လို့ယုံကြည်ကြောင်းပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၃။ မျောက် ကျောက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုကို NUGကျန်းမာရေးဝန်ကြီးဌာနမှအသိပေးထုတ်ပြန်

📌 ၄။ နွေဦးတော်လှန်ရေး အောင်မြင်မှုပန်းတိုင်နဲ့ နီးလာပြီဖြစ်တာကြောင့် ပိုမိုညီညွတ်ကြဖို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ တိုက်တွန်း

📌 ၅။ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ အသိအမှတ်ပြုဖို့ ထောက်ခံပွဲ အမေရိကန်နယူးယောက်မြို့မှာကျင်းပမည်

📌 ၆။ စစ်တပ်ကဖမ်းဆီးထားတဲ့ ဗျိုင်းဖြူရွာသားတွေကို စစ်တွေထောင်တွင်းမှာ ရုံးထုတ်စစ်ဆေး

📌 ၇။ Mangfold Festivalတွင် ရောင်းချရရှိမယ့်ငွေကြေးများအားလုံးနွေဦးတော်လှန်ရေးသို့ လှူဒါန်းမယ်


၂၀၂၄ ခုနှစ် သြဂုတ်လ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆီဆိုင်မြို့က ဒေသခံ ဦးကို PDF တွေလို့စွတ်စွဲပြီး ဦးကို PNO ပြည်သူ့စစ်များက ပစ်ခတ်သတ်ဖြတ်

🚩 ၂။ စစ်အုပ်စုက စစ်ကြောင်းထိုးလာတဲ့အတွက် ယခုလအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဝ နီးပါး သေဆုံးလို့ PNLA ပြော

🚩 ၃။ ထီးချိုင့် မြတောင်ဗျူဟာအပါအဝင် တပ်စခန်းအားလုံးကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက် 

🚩 ၄။ နောင်ချိုမှာ TNLA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဆက်ဖြစ် 

🚩 ၅။ ရခိုင့်တပ်တော် AA ကို စစ်ကောင်စီနဲ့ ARSA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီ ဗိုလ်မှူး ဝန်ခံ

🚩 ၆။ ရေစကြိုမြို့နယ်ကနေ စခန်းစွန့်ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲ ကမ္ဘာကလည်း လက်မခံသင့်ဘူးလို့ ယာယီသမ္မတပြော


သြဂုတ်လ၂၄


မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲ ကမ္ဘာကလည်း လက်မခံသင့်ဘူးလို့ ယာယီသမ္မတဒူဝါလရှီးလက သြဂုတ်လအတွင်းပြုလုပ်ခဲ့တဲ့ VOAအင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။


"ကျနော်တို့အနေနဲ့တော့ ရွေးကောက်ပွဲဆိုတာ သူတို့အတွက် ထွက်ရပ်တခုအနေနဲ့ ထွက်ရမယ့် ထွက်လမ်းပေါ့ Exit Strategy အနေနဲ့ သူတို့ သုံးပါတယ်။ ဒါပေမယ့် စဥ်းစားကြည့်စေချင်ပါတယ်။ အင်မတန်မှ ကမ္ဘာကလည်း ထောက်ခံပြီးတော့ တော်တော့်ကို တရားမျှတတယ်ဆိုတဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုအောင်မြင်စွာ ပြီးဆုံးပြီး လူထုကိုလည်း တကယ်ပဲ အာဏာအပ်ထားပြီး ဖြစ်ပါတယ်။ အဲ့ဒါကို စစ်ကောင်စီကပဲ ဒါကို ဖျက်သိမ်းပစ်လိုက်တယ်။ဆိုတဲ့အခါကြတော့ သူက အခုထပ်ပြီး လုပ်မယ်ဆိုတော့က ဘယ်လို ပေတံနဲ့ တိုင်းပြီးတော့ ဒါက တရားမျှတတယ်လို့ လူထုက လက်ခံနိုင်တယ်လို့ ပြောလို့ရမှာလဲ။ ဘယ်လိုမှ ရလဒ်ကောင်းကောင်း မရနိုင်တဲ့ရွေးကောက်ပွဲဆိုတာကတော့ ကမ္ဘာကလည်း လက်မခံသင့်ဘူး။ ကျနော်တို့ ပြည်သူလူထုကလည်း ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိဘူး။ ကျနော်တို့ လိုချင်တာက အာဏာရှင်ကို လုံးဝဖျက်သိမ်းလိုက်ပြီးတော့ ပြည်သူတွေကြိုက်တဲ့ ပြည်သူ့ဆန္ဒနဲ့အညီ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ဖို့ ကြိုးစားနေကြတာ"လို့ယာယီသမ္မတကပြောပါတယ်။


အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၄င်းစိုးမိုးတဲ့နယ်မြေများမှာရွေးကောက်ပွဲကျင်းပဖို့ကို ကနဦးဆိုထားပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးဟာ သေချာပေါက်အောင်မြင်မယ်လို့ယုံကြည်ကြောင်းပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


သြဂုတ်လ၂၄


သြဂုတ်လအတွင်းပြုလုပ်ခဲ့တဲ့ ပြည်သူမှပြည်သူသို့အစီအစဥ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားခဲ့ပါတယ်။


"ကျနော်တို့သွားတဲ့တော်လှန်ရေးဟာ သေချာပေါက်အောင်မြင်မယ်လို့ယုံကြည်တယ်။အခုလည်းအောင်မြင်နေတယ်။ကျနော်တို့တတွေရဲ့ယုံကြည်ချက်၊ခံစားချက်တွေ၊ကျနော်တို့တတွေရဲ့တတ်သိနားလည်မှုတွေနဲ့ပန်းတိုင်ကိုအတူတူသွားနေတာကြောင့် တော်လှန်ရေးအောင်မြင်တယ်လို့မြင်တယ်။အသက်တွေ၊ဘဝတွေပေးထားပြီးအခြားဘာမှစွန့်လွှတ်စရာမရှိတော့အောင် စွန့်လွှတ်ခြင်းမျိုးနဲ့တိုက်ပွဲ ဝင်တာဖြစ်ပါတယ်"လို့ပြောပါတယ်။


အကြမ်းဖက်စကစဘက်တွင်ပေးဆပ်စွန့်လွှတ်လိုသူများမရှိတော့ဘဲ အကြမ်းဖက်စကစကိုယ်တိုင်အခြေအနေမကောင်းတော့ဘူးလို့ ဝန်ကြီးကပြောပါတယ်။


========================


📌📌 ၃။ မျောက် ကျောက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုကို NUGကျန်းမာရေးဝန်ကြီးဌာနမှအသိပေးထုတ်ပြန်


သြဂုတ်လ၂၄ရက်


မျောက် ကျောက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုကို  NUGကျန်းမာရေးဝန်ကြီးဌာနကအခုလို အသိပေးကြေညာထားပါတယ်။


Mpox ကျောက်ရောဂါဟာ Monkeypox ဗိုင်းရပ်ကြောင့်ဖြစ်ပွားသည့်ရောဂါဖြစ်ပြီး Clade I နှင့် Clade II ဟူ၍ မျိုးကွဲ ခု ရှိပြီး အဖြစ်များသော လက္ခဏာမှာ အရေပြားတွင် အနီစက်၊ အနီကွက်များ () ပတ်မှ () ပတ်ကြာသည်အထိ ဖြစ်ပွားနိုင်တယ်လို့ဖော်ပြပါတယ်။


အနီစက်၊ အနီကွက်များ ထွက်ပေါ်သည်နှင့်တစ်ပြိုင်နက်တည်း သို့မဟုတ် ထွက်ပေါ်ပြီးနောက် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း၊ ကျောအောင့်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်ကြောဂလင်းအဖုများ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်ကာ လူလူချင်း ကူးစက်ပြန့်ပွားနိုင်တယ်လို့ဖော်ပြပါတယ်။


အထူးသဖြင့် အနီးကပ်ထိတွေ့ခြင်းမှ ကူးစက်နိုင်ပြီး လူနာထိတွေ့ကိုင်တွယ်ထာသော အရာဝတ္ထုများနှင့် မျက်နှာပြင်မှတစ်ဆင့်လည်း လူသို့ ကူးစက်ပြန့်ပွားနိုင်ကာ ရောဂါပိုးရှိသော တောရိုင်းတိရစ္ဆာန်အချို့နှင့် ထိတွေ့မိရာမှတစ်ဆင့်လည်း လူသို့ ကူးစက်စေနိုင်တယ်လို့ဖော်ပြပါတယ်။


ရောဂါကာကွယ်ရန်နည်းလမ်းများအနေနဲ့လူနာနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်နှင့်

 လက်ကို ရေနှင့် ဆပ်ပြာ သို့မဟုတ် အယ်လ်ကိုဟောပါဝင်သော လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောရန်၊  မိမိတွင် ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက အနာဖေးများ ကွာကျပြီး အရေပြား အလွှာသစ် ဖြစ်ပေါ်လာသည်အထိ တစ်ဦးတည်း သီးသန့်ခွဲခြား၍ နေထိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာဖို့နဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိသော "တယ်လီကျန်းမာ" အခမဲ့အွန်လိုင်းဆေးခန်း သို့မဟုတ် နီးစပ်ရာ ဆေးရုံဆေးခန်းတွင် တိုင်ပင်ဆွေးနွေးဖို့အသိပေးကြေညာထားပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေး အောင်မြင်မှုပန်းတိုင်နဲ့ နီးလာပြီဖြစ်တာကြောင့် ပိုမိုညီညွတ်ကြဖို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ တိုက်တွန်း 


သြဂုတ်လ၂၄ရက်

 

အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်ရင်း၊ တပ်မနဲ့ဌာနချုပ်တွေအပြင် မြို့ပေါင်း ၈၀ နီးပါး သိမ်းပိုက်ထားနိုင်တဲ့ နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုပန်းတိုင်နဲ့ နီးလာပြီဖြစ်တာကြောင့် ပိုမိုသွေးစည်းညီညွတ်ကြပါစို့လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး အဖွဲ့က တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းယူမှု ရက်ပေါင်း ၁၃၀၀ ပြည့်တဲ့ ဩဂုတ်လ ၂၃ ရက်မှာ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့က ပြည်သူလူထုကိုပေးပို့တဲ့သဝဏ်လွှာကနေ တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။  

စစ်တပ်က အာဏာသိမ်းယူထားတဲ့ ရက်ပေါင်း ၁၃ဝဝ မှာ တော်လှန်ရေးအင်အားစုတွေဘက်က တနိုင်ငံလုံးအတိုင်းအတာနဲ့  မြို့ပေါင်း ၈၀ ခန့်အထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် တော်လှန်ရေးအောင်မြင်မှုပန်းတိုင်ဟာ နီးလာပြီလို့ တော်လှန် ပြည်သူများထံပေးပို့တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးကာလ ရက်ပေါင်း ၁၃၀၀ အတွင်း အသက်၊ ဘဝ၊ ခန္ဓာ၊ အိုးအိမ် ဆုံးရှုံးခဲ့ရသူများနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီး ဆုံးရှုံးခဲ့ရသူ တဦးချင်းစီတိုင်းကို အလေးနီပြုပြီး တရားမျှတမှုပြန်လည်ဖော်ဆောင်နိုင်ရေး ဆက်လက်လုပ် ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ 

ထို့အတူ မိမိတို့အားလုံးရဲ့ အန္တိမမျှော်မန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုရှိသော နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကြံ့ကြံ့ခံရင်း ယခုထက်ပိုမို သွေးစည်းညီညွတ်ကြပါစို့ ဟုလည်း ဆန္ဒပြုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်မှာ တိုင်းပြည်အာဏာကိုအဓမ္မ သိမ်းယူခဲ့ရာ ဩဂုတ် ၂၃ မှာ ရက်ပေါင်း ၁၃၀၀ ပြည့်‌မြောက်ခဲ့ပြီဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့တဲ့ အကြမ်းမဖက်အာဏာဖီဆန်မှုကနေ လက်ရှိအချိန်မှာ တမြို့ပြီးတမြို့ သိမ်းယူနိုင်တဲ့ လက်နက်ကိုင် ပြည့်သူ့တော်လှန်ရေးအဖြစ် တိုးတက်ပြောင်းလဲခဲ့ပြီလို့ သွေးစွန်းငွေဖြတ်‌တောက်ရေးအဖွဲ့က အသိပေးထား ပါသေးတယ်။

အခုလို အောင်မြင်မှုရခဲ့တာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်တွင်း ပြည်ပက တော်လှန်ရေးအင်အားစုများ၊ သပိတ်အင်အားစုများ၊ နိုင်ငံရေးအစုအဖွဲ့များ၊ ရပ်ရွာအခြေပြု အရပ်ဘက်အဖွဲ့အ စည်းများ၊ သမဂ္ဂများ၊ CDM အင်အားစုများ၊ စစ်အာဏာရှင်စနစ်ကိုတော်လှန်ရင်း ထောင်တွင်းအကျဉ်းချခံထားရသူများ၊ နွေဦးတော်လှန်ရေးမှာ အသက်ခန္ဓာနဲ့ အိုးအိမ်တွေ စွန့်လွှတ်ပေးဆပ်သွားကြတဲ့ အာဇာနည် သူရဲကောင်း အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်များနဲ့ ပြည်သူများ၊ အခြေအနေအရပ်ရပ်ကြောင့် CDM မလုပ်နိုင်ပေမယ့် တော်လှန်ရေး အင်အားစုများကို နည်းလမ်းမျိုးစုံနဲ့ ပံ့ပိုးထောက်ပံ့နေသူများ၊ နိုင်ငံတကာနဲ့ပြည်တွင်းမှာရှိတဲ့ ပြည်သူတရပ်လုံးရဲ့ ထောက်ပို့ မှုများ၊ အလှူရှင်များရဲ့ ပူးပေါင်းပါဝင်မှုနဲ့ သွေးစည်းညီညွတ်မှုတွေကြောင့်ဖြစ်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ အသိအမှတ်ပြုဖို့ ထောက်ခံပွဲ အမေရိကန်နယူးယောက်မြို့မှာကျင်းပမည်


သြဂုတ်လ၂၄ရက်


သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံကိုယ်စားပြုသံအမတ်အဖြစ်တရားဝင်အသိအမှတ်ပြုဖို့ ထောက်ခံပွဲအမေရိကန်နယူးယောက်မြို့မှာကျင်းပမယ်လို့ သြဂုတ်လ၂၄ရက် မှာ NYCBCမှ အမှုဆောင်ကိုနေတင်မြင့်က  Radio NUGကိုပြောပါတယ်။


"Credentials Committee အနေနဲ့ မဆုံးဖြတ်မခြင်းဒီကမ်ပိန်းကိုကျနော်တို့လုပ်ဆောင်သွားမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။


စက်တင်ဘာ၂၁ရက် New York City မှာမြန်မာအင်အားစုများစုရုံးကာထောက်ခံပွဲကိုကျင်းပသွားမှာဖြစ်ပြီးတော့ လာရောက်စုရုံးဆန္ဒထုတ်ဖော်ဖို့လည်းဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၆။ စစ်တပ်ကဖမ်းဆီးထားတဲ့ ဗျိုင်းဖြူရွာသားတွေကို စစ်တွေထောင်တွင်းမှာ ရုံးထုတ်စစ်ဆေး


သြဂုတ်လ၂၄ရက်

 

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုတာကိုခံနေရတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသားတွေ စစ်တွေမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရာကနေ စစ်တွေအကျဉ်းထောင်ရုံးမှာပြောင်းပြီး စစ်ဆေးနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

 

ဒီတပတ်ရုံးချိန်းမှာ ရုံးထုတ်တာ တရားရုံးမှာ မဟုတ်တော့ဘဲ ထောင်မှာပဲ ရုံးထုတ်တာဖြစ်တဲ့အတွက် ရုံးချိန်းလာတဲ့သူတွေ  ထောင်ဝမှာပဲ နေကြရတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေပြောဆိုချက်ကို ကိုးကားပြီး Western News က ဖောပြပါတယ်။


ဗျိုင်းဖြူရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇- နဲ့ တရားစွဲ ဆိုပြီး ခံပြသက်သေတွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

 

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေအဆိုအရ သက်သေ ဦး ခေါ်ရမှာဖြစ်ပြီး စစ်ဆေးနေတဲ့တရားခွင်ကို  မိသားစုဝင်တွေ ဝင်ခွင့်မရကြဘူးလို့ သိရပါတယ်။


စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဗျိုင်းဖြူကျေးရွာကို မေလ ၂၉ ရက်နေ့က ဝင်ရောက်စီးနင်းပြီး အမျိုးသားတွေကို ဖမ်းဆီးကာ လူ ၁၀၀ ခန့်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့အပြင် ၁၀၀ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

 

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ၁၀၀ ထဲက ၆၀ ကျော်ကို စစ်ကောင်စီက တရားစွဲထားပြီး အုပ်စုလိုက် ရုံးထုတ်စစ်ဆေးနေ တာလို့ သိရပါတယ်။


========================


📌📌 ၇။ Mangfold Festivalတွင် ရောင်းချရရှိမယ့်ငွေကြေးများအားလုံးနွေဦးတော်လှန်ရေးသို့ လှူဒါန်းမယ်


သြဂုတ်လ၂၄ရက်


နော်ဝေနိူင်ငံMangfold Festivalတွင် ရောင်းချရရှိမယ့် ငွေကြေးများအားလုံးနွေဦးတော်လှန်ရေးသို့ လှူဒါန်းမယ်လို့ သြဂုတ်လ၂၄ရက်မှာ CRPH support Group, Norwayက မဝတ်မှုန်ဝင်းက Radio NUGကိုပြောပါတယ်။


"ဒါက မြန်မာယဉ်ကျေးမှုပွဲကို Lillehammer မှာ လုပ်မယ်။ဒီပွဲတွေကို ကိုယ်တွေ arrangement လုပ်တယ်။ ရတာအကုန် တော်လှန်ရေးကိုလှူမယ်"လို့ပြောပါတယ်။


Myanmar Enhet I Mangfold Festivalတွင် ရောင်းချမယ့် စားစရာများမှာမြန်မာအစားမသောက်အများစုဖြစ်ပြီးစက်တင်ဘာ၁၄ရက်နေ့နော်ဝေနိူင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဆီဆိုင်မြို့က ဒေသခံ ဦးကို PDF တွေလို့စွတ်စွဲပြီး ဦးကို PNO ပြည်သူ့စစ်များက ပစ်ခတ်သတ်ဖြတ်


သြဂုတ်လ၂၄ရက်


ဆီဆိုင်မြို့က ဒေသခံ ဦးကို PDF တပ်ဖွဲ့ဝင်တွေလို့စွပ်စွဲဖမ်းဆီးကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က   ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA က ဩဂုတ်လ ၂၄ မှာ ထုတ်ပြန် ပါတယ်။

ဖမ်းဆီးခံရသူတွေထဲကတဦးဟာ PNO ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်တဲ့ စံမြဆိုသူနဲ့ ယောက်ဖတော်စပ်သူဖြစ်တာကြောင့် ကျပ် သိန်းနဲ့ ပြန်လည်ရွေးယူစေခဲ့ပြီး PNO ပြည်သူ့စစ်တပ်သားသစ်အဖြစ် အဓမ္မဆုဆောင်းခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA တပ်ဖွဲ့များရှိရာနေရာတွေကို စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေ စစ်ကြောင်းထိုးလာပြီး ပအိုဝ်းကျေးရွာတွေကို ပစ်ခတ်ဖျက်ဆီးလာတဲ့အတွက် ဩဂုတ်လအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးသွားတယ်ဆိုတဲ့သတင်း ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

PNO ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းရာမှာ အသက်မပြည့်သေးတဲ့ ကလေူငယ်တွေ ကိုပါ အဓမ္မစုဆောင်းနေတယ်လို့ သိရပါတယ်။

ဩဂုတ်လအတွင်း ငွေ ၁၀ သိန်းမထည့်နိုင်ရင် စစ်ကောင်စီအတွက် တပ်သားသစ်အဖြစ် စုဆောင်းမယ်လို့ PNO ပြည်သူ့ စစ်က ခြိမ်းခြောက်လာတဲ့အတွက် ကျေးရွာတွေကနေထွက်ပြေးလာတဲ့ အသက် ၁၄ နှစ်နဲ့ အသက် ၁၅ နှစ်အရွယ် ကလေးငယ် ဦးကိုလည်း ကယ်တင်ခဲ့တယ်လို့ PNLA က အသိပေးထားပါတယ်။ 

လက်ရှိမှာ အဆိုပါကလေးငယ် ဦးရဲ့ မိဘတွေနဲ့ အဆက်အသွယ်ရပြီဖြစ်တာကြောင့် မိဘဆွေမျိုးတွေထံ ပြန်လည်အပ်နှံ ခဲ့တယ်လို့ PNLA ကဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပအိုဝ်း တိုင်းရင်းသားပြည်သူတွေ အငတ်ဘေးကြုံတွေ့စေဖို့ရည်ရွယ်ပြီး ဆန် ဆီ ဆား စတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်များ အပါအဝင် လယ်ယာသုံးပစ္စည်းတွေ သယ်ယူခွင့် ပိတ်ထားတဲ့အပြင် ငွေကျပ် ရာနဲ့အထက်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ သယ်ယူလာရင်လည်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့က သိမ်းယူနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-PNLA က ထုတ်ပြန်ထားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA ဟာ ဘဝတူ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်အာဏာ ရှင်စနစ်အမြစ်ပြတ်ရေး တက်ကြွစွာပါဝင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်ပါတယ်။


========================


🚩🚩 ၂။ စစ်အုပ်စုက စစ်ကြောင်းထိုးလာတဲ့အတွက် ယခုလအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဝ နီးပါး သေဆုံးလို့ PNLA ပြော


သြဂုတ်လ၂၄ရက်


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA တပ်ဖွဲ့များရှိရာ နေရာတွေကို စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေ စစ်ကြောင်းထိုးလာပြီး ပအိုဝ်းကျေးရွာတွေကို ပစ်ခတ်ဖျက်ဆီးလာတဲ့အတွက် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးသွားတယ်လို့ PNLA ဘက်ကပြောပါတယ်။

ဒီတိုက်ပွဲတွေမှာ လက်နက်ငယ် ၁၄ လက်၊ ၆၀ မမ ပြောင်းတိုတလက်နဲ့ ဒရုန်း စင်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသေဆုံးခဲ့ရာမှာ ကျန်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၃၁ လောင်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့တယ်လို့လည်း အသိပေးထားပါ တယ်။

ဩဂုတ်လအတွင်း စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ပေါင် ၅၀၀ ဗုံးတွေနဲ့ ပေါင်း ၃၀၀ ဗုံးတွေ ပအိုဝ်းကျေးရွာတွေပေါ် ကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်ခတ်ခဲ့တဲ့အတွက် အိမ်တွေပျက်စီးသလို ထိခိုက်သေဆုံး မှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။  

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ ဆီဆိုင်မြို့နယ် မီရဲ့ကျေးရွာနဲ့ ထီရီးပွဉ်ရင်းကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးနဲ့ အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူပိုင်အိမ် လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ဦးထိခိုက်ဒဏ်ရာရရှိကာ တဦးသေဆုံးခဲ့ရတယ်လို့ PNLA ဘက်က ပြောပါတယ်။

ဒါ့အပြင် ဆီဆိုင်မြို့နယ် ပန်အောင်ကျေးရွာကိုလည်း စစ်ကောင်စီနဲ့ PNO က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ပန်အောင်ကျေးရွာက အသက် ၄ဝ အရွယ် ဒေသခံတဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ရသလို ၎င်းရဲ့ အသက် နှစ် အရွယ်သာရှိသေးတဲ့ သားဖြစ်သူလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဆီဆိုင်မြို့နယ် လွယ်ထွယ်ကျေးရွာအတွင်းသို့လည်း စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ အကြိမ် ၂၀ ကျော် ပစ်ခတ်တဲ့အတွက် ပြည်သူပိုင်အိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။

အခုလအတွင်းမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေက လက်နက်ကြီးနဲ့ လေယာဉ်တွေအသုံးပြုပြီး ပအိုဝ်းကျေးရွာကို တိုက်ခိုက်လာတဲ့အတွက် ပအိုဝ်းပြည်သူ ၃၀၀၀ ကျော် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရ တယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတဲ့အတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ အကူအညီးပေးကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၃။ ထီးချိုင့် မြတောင်ဗျူဟာအပါအဝင် တပ်စခန်းအားလုံးကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက် 


သြဂုတ်လ၂၄ရက်


စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာရှိတဲ့ မြတောင်ဗျူဟာစခန်းအပါအဝင် ဒေသတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ဩဂုတ် ၂၃ ရက်ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မြတောင်ဗျူဟာစခန်း အပါအဝင် ထီးချိုင့်၊ အင်းတော် ပင်လည်ဘူး၊ နဘားမြို့နယ်စတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မြတောင်မှာရှိတဲ့ ဗျူဟာစခန်းအပါအဝင် စခန်းအားလုံးကို ဩဂုတ် ၂၃ ရက် ညနေ နာရီမှာ KIA KPDF ABSDF စတဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တာလို့ KIA စစ်ရေးရုံးကလည်း ထုတ်ပြန်ထားပါတယ်။ 

ဗျူဟာအရ အရေးပါတဲ့ ထီးချိုင့်မြိုအရှေ့ဘက်ကမ်း မြတောင်ရွာလမ်းဆုံအနီးမှာရှိတဲ့ ကာကင်းစခန်း၊ ဧရာဝတီမြစ်ကူး တံတားပေါ်က ကာကင်းစခန်းနဲ့ ဖောင်တော်ဦးဘုရားအနီးမှာ တပ်စွဲထားတဲ့ စခန်းတွေကို ဩဂုတ်လ ၂၁ ရက်ကတည်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ KIA စစ်ရေးရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြတောင်ဒေသတိုက်ပွဲမှာ ဗျူဟာမှူးနဲ့အဖွဲ့ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတွေ များစွာရရှိတယ်လို့ သိရပေမယ့် ထုတ်ဖော်ပြသတာတော့မရှိသေးပါဘူး။

မြတောင်ကို သိမ်းလိုက်နိုင်တာကြောင့် ထီးချိုင့်မြို့ကိုရဖို့ မခက်တော့ဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်နေကြ ပါတယ်။

ထီးချိုင့်မြို့ဟာ စစ်ရေးအတွက် မဟာဗျူဟာကျတဲ့ ဆုံမှတ်ဖြစ်ပြီး မြတောင်ဗျူဟာ KIA လက်အောက်ကျရောက်သွားပြီလို့ စစ်ကောင်စီကိုထောက်ခံသူတွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြနေကြပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၃ရက်တာအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အလွန် အကျွံ အသုံးပြုခဲ့ရာမှာ စစ်ကောင်စီလေတပ်က ဗုံးအလုံးရေ ၅၀ မှ ၁၀၀ ကြား ကြဲချခဲ့တဲ့အတွက် ထီးချိုင့်မြိုပေါ်မှာရှိတဲ့ လူနေအိမ်အားလုံးနီးပါး ပျက်စီးခဲ့ရသလို အရပ်သားပြည်သူအချိုနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ နောင်ချိုမှာ TNLA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဆက်ဖြစ် 


သြဂုတ်လ၂၄ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း ရဲ့ ရက် ၆၀ မြောက်ဖြစ်တဲ့ ဩဂုတ် ၂၃ ရက်နေ့ စစ်ရေးသတင်းကို အသိပေးရာမှာ အခုလို ဖော်ပြခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအပါအဝင် မြို့နယ်အတွင်းက နားရှိုးရွာနဲ့ မကျီး‌‌ရေရွာ ဘုန်းတော်ကြီးကျောင်းတို့မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ အသိပေးထားပေမယ့် တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေ ကို ဖော်ပြမထားပါဘူး။ 

တောင်ခမ်းရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ၉၀၂ တပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့တကြိမ် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ဇူလိုင် ၁၀ ရက်က နောင်ချိုမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီ ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့အတွက် တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရခိုင့်တပ်တော် AA ကို စစ်ကောင်စီနဲ့ ARSA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီ ဗိုလ်မှူး ဝန်ခံ


သြဂုတ်လ၂၄ရက်

 

ရခိုင့်တပ်တော် AA ကို စစ်ကောင်စီတပ်က ARSA နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ လက်နက်ချအညံ့ခဲ့တဲ့ ဘူးသီးတောင် အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၅၃ တပ်ရင်းမှူးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ဇူလိုင်လ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့မှာ The Diplomat သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 


ဗိုလ်မှူးလှိုင်ဝင်းထွန်းရဲ့ ပြောဆိုချက်တွေအရ  ဘူးသီးတောင်မြို့နယ်မှာ မွတ်ဆလင် ၇၅၀ ဦးကို စစ်သင်တန်းပေးခဲ့ပြီး ARSA အဖွဲ့နဲ့လည်း စစ်ရေးအရ ပူးပေါင်းဖို့ စစ်ကောင်စီတပ်က ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ 


ဒါ့အပြင် ဘူးသီးတောင်မြို့ပေါ်က ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ စစ်ကောင်စီက စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေနဲ့ ARSA ကို စစ်ဘက်ရေးရာလုံခြုံးရေးတပ်ဖွဲ့ဘက်က စေခိုင်းခဲ့တယ်လို့လည်း ဗိုလ်မှူးလှိုင်ဝင်းထွန်း က ပြောပါတယ်။ 


ဘူးသီးတောင်မြို့က အရပ်သားတွေကို အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခံရာမှာ စစ်တပ်အရာရှိ အကြီးအကဲတွေလည်း ပါဝင်ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ 


ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲမှာ လူနေအိမ် ၂၈၇၂ လုံး ဖျက်ဆီးခံခဲ့ရပြီး ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း၊ ဗလီတလုံး၊ ဟိန္ဒူဘုရားကျောင်း ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း ကျောင်းပျက်စီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းဌာနတခု ဖြစ်တဲ့ Western News မှာ ဖော်ပြထားပါတယ်။ 


ရခိုင့်တပ်တော် AA ဟာ ဘူးသီးတောင်မြို့ကို ပြီးခဲ့သည့် ဇွန်လမှာ သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး မောင်တောမြို့ကို သိမ်းပိုက် နိုင်ဖို့ ထိုးစစ်ဆင်းတိုက်ခိုက်နေရာမှာ စစ်ကောင်စီဘက်က ၎င်းတို့သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေကိုပါ AA ကို တိုက်ခိုက်ဖို့ ခိုင်းစေနေတာရှိတယ်လို့ ဒေသခံတွေကလည်း အခိုင်အမာပြောဆိုထားပါတယ်။


========================


🚩🚩 ၆။ ရေစကြိုမြို့နယ်ကနေ စခန်းစွန့်ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး


သြဂုတ်လ၂၄ရက်


မကွေးတိုင်း ရေစကြိုမြို့နယ်မှာရှိတဲ့ ဟင်္သာပျူစောထီးကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ဆုတ်ခွာလာချိန် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးသွားတယ်လို့ Myingyan Black Tiger-MBT တပ်ဖွဲ့က ပြောပါတယ်။

ဟင်္သာကျေးရွာစခန်းက အင်အား ၄၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ သြဂုတ်၂၁ ရက်က စခန်းစွန့်ပြီး ပခန်းကြီးတပ်စခန်းဘက် ဆုတ်ခွာလာချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလို ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာသူတွေလည်း ရှိတယလို့ Myingyan Black Tiger-MBT တပ်ဖွဲ့က အသိပေးထားပါတယ်။

တိုက်ပွဲဟာ ၁၅ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး မောဂ္ဂလန်ရွာသင်္ချိုင်းကုန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ထိခိုက်သေဆုံးသူသွားသူတွေကို စစ်ကောင်စီတပ်က ကားတစီးနဲ့ လာကောက်သွားပြီး ပခုက္ကူဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရကြောင်းလည်း MBT က ထုတ်ပြန်ထားပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်- တပ်ရင်း Myingyan Black Tiger-MBT နဲ့ Dragon Brothers People Defense Force-YSO တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ရေစကြိုမြို့နယ် ဟင်္သာပျူစောထီးကျေးရွာစခန်းကို ရေစကြိုစပကဖနဲ့ မဟာမိတ်အဖွဲ့တွေ ၁၀ ရက်ကျော်ကြာတိုက်ခိုက် ပြီးနောက် စခန်းကိုမီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ဆုတ်ခွာသွားချိန်မှာ ထပ်မံတိုက်ခိုက် ခံရတာလည်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment