၂၀၂၄ သြဂုတ်လ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း အမှန်တကယ် ကျူးလွန်ခဲ့ဟုဆိုကာ ဆလိုင်းအိုက်ဇက်ခင်ကို လက်ရှိရာထူးမှ ထုတ်ပယ်
📌 ၂။ လားရှိုးအကျဉ်းထောင်အား ညီနောင်(၃)ဖွဲ့မှ ထိန်းသိမ်းနိုင်ပြီးနောက် MNDAA မှ PSLF/TNLA ထံ တအာင်းလူမျိုး အကျဉ်းသား (၁၁၈)ဦး လွှဲပြောင်းပေးအပ်
📌 ၃။ ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စကစမှ လူနေအိမ်များသို့အကြောင်းမဲ့ ဝင်ရောက်မီးရှို့သဖြင့် လူနေအိမ် ၁၈လုံး မီးလောင်ကျွမ်း
📌 ၄။ စစ်ကောင်စီတပ် တပ်စွဲမှုကြောင့် ဘန့်ဘွေးရွာခံတွေ တိမ်းရှောင်နေရချိန် နေအိမ်ရှိ ပစ္စည်းတွေ စစ်တပ်က ခိုးယူဖောက်ထွင်းနေ
📌 ၅။ အာဏာသိမ်းကာလအတွင်း ကရင်နီဒေသမှာ အရပ်သား ၆၇၀ နီးပါးသေဆုံး
၂၀၂၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်ကို စစ်ကူလာတဲ့ စကခ ၁၂ စကခမှုး ဗိုလ်မှုးကြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်
🚩 ၂။ ကရင်နီ ဒေသ၏ ဇူလိုင်လ ၁ လတာအတွင်း စစ်ရေး အခြေအနေများကို KNDF ထုတ်ပြန်
🚩 ၃။ ကျောက်မဲတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအပြင်းအထန် အသုံးပြုကာခုခံတိုက်ခိုက်
🚩 ၄။ မြင်းမူမြို့အဝင်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ
🚩 ၅။ ဒုအရာခံဗိုလ် (အငြိမ်းစား)ပြည်သူ့စစ် အမာခံ တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း အမှန်တကယ် ကျူးလွန်ခဲ့ဟုဆိုကာ ဆလိုင်းအိုက်ဇက်ခင်ကို လက်ရှိရာထူးမှ ထုတ်ပယ်
ဩဂုတ်လ ၃ရက်။
RadioNUG
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်သည် ဌာနတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်းကို အမှန်တကယ် ကျူးလွန်ခဲ့သည့်အတွက် လက်ရှိရာထူးမှ ထုတ်ပယ်လိုက်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီ သတင်းထုတ်ပြန်ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် တိုင်ကြားသူ၊ သက်သေ၊ နှင့် တိုင်ကြားခံရသူတို့အား တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် တိုင်ကြားခံရသူသည် ကာယကံရှင်/တိုင်ကြားသူ က မလိုလား၊ မနှစ်သက်၊ စိတ်အနှောက်အယှက်ကြီးစွာဖြစ်ရသည့် အပြုအမူများအား ကြိမ်ဖန်များစွာ ထပ်တလဲလဲလုပ်ဆောင်ခဲ့ခြင်းများသည် ထင်ရှားသည့်အတွက် တိုင်ကြားခံရသူ ဆလိုင်းအိုက်ဇက်ခင် သည် လိင်ပိုင်းဆိုင်ရာထိပါး နှောက်ယှက်ခြင်းအား အမှန်တကယ် ကျုးလွန်ခဲ့သည်ဟု ဗဟိုကော်မတီက ဖော်ပြထားပါတယ်။
ကျုးလွန်သူ၏ လုပ်ရပ်များသည် နိုင်ငံရပ်ခြားတစ်နေရာ၌ မြန်မာ့တော်လှန်ရေး အစိုးရ၏ ရုံးတွင် တာဝန်ခံရမည့် တာဝန်အရှိဆုံးပုဂ္ဂိုလ်၏ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု၊ တာဝန်ခံခြင်းကင်းမဲ့မှုဖြစ်ပြီး အထူးသဖြင့် အကာအကွယ်ပေးရန် တာဝန်အရှိဆုံးသူက ကျုးလွန်ခြင်းဖြစ်သဖြင့် လုံးဝလက်သင့်မခံရမည့်၊ ထိရောက်စွာ တုံ့ပြန်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း ဗဟိုကော်မတီက ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ဆလိုင်းအိုက်ဇက်ခင်အား လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုကို ကျုးလွန်သည့်အတွက် ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့တွင် လက်ရှိတာဝန်များမှ ရပ်နား၊ ထုတ်ပယ်ခဲ့ပြီး နစ်နာမှုနှင့် အခက်အခဲများအတွက် နစ်နာသူနှင့် လုပ်ဖော်ကိုင်ဖက် မျက်မြင်သက်သေများအား သင့်လျော်သည့် အထောက်အပံ့အစီအမံကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ လားရှိုးအကျဉ်းထောင်အား ညီနောင်(၃)ဖွဲ့မှ ထိန်းသိမ်းနိုင်ပြီးနောက် MNDAA မှ PSLF/TNLA ထံ တအာင်းလူမျိုး အကျဉ်းသား (၁၁၈)ဦး လွှဲပြောင်းပေးအပ်
သြဂုတ်လ ၃ရက်။
RadioNUG
လားရှိုးမြို့အကျဉ်းထောင်အား ဇူလိုင်လ (၂၄)ရက်နေ့၌ ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ ထိန်းသိမ်းနိုင်ပြီးနောက် စကစ၏ အကျဉ်းထောင်တွင် အကျဉ်းကျနေရသည့် တအာင်းအမျိုးသား အကျဥ်သား(၁၁၈)ဦးတို့ကို ကိုးကန့်တပ်ဖွဲ့ MNDAAမှ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ကိုးကန့်တပ်မတော် MNDAA ဦးဆောင်၍ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ လားရှိုးမြို့ရှိ စစ်အာဏာရှင်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားအား ဖယ်ရှားတိုက်ဖျက်ရေးတိုက်ပွဲ ဆင်နွှဲရာတွင် လားရှိုးအကျဉ်းထောင်အား သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
လွှဲအပ်ပေးသည့်အကျဉ်းသား (၁၁၈)ဦးတွင် မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲခံရသူအကျဉ်းသား (၅)ဦး၊ မသင်္ကာမှုဖြင့် (၁၅)ဦး၊ လောင်းကစားမှုဖြင့် (၁)ဦး၊ အရေးပေါ်ထုတ်ပြန်သည့်အမိန့် Martial Law ဥပဒေဖြင့် (၃)ဦး၊ ရဲပြေးမှုနှင့် လဝက အမှု (၄)ဦး၊ ဓါးပြတိုက်မှု (၂)ဦး၊ ရဲစီးမှု(၁)ဦး၊ လူကုန်ကူးမှု (၂)ဦး၊ မူးယစ်မှု (၈၆)ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
အကျဉ်းသားများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာနမှ လက်ခံနေရာချမှတ်ပေးထားပြီး သက်ဆိုင်ရာအမှုအသီးသီးကို ပြန်လည်စိစစ်ကာ ပြန်လွှတ်ပေးခြင်း၊ ပြစ်မှုဆိုင်ရာ ပြန်လည်အရေးယူခြင်းစသည့်လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာမိသားစုထံနှင့် PSLF/TNLAထံ မရောက်ရှိသေးသည့် တအာင်းနိုင်ငံအကျဥ်းသားများလည်း မိသားစုထံ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် မဟာမိတ် MNTJP/MNDAAထံ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးသတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စကစမှ လူနေအိမ်များသို့အကြောင်းမဲ့ ဝင်ရောက်မီးရှို့သဖြင့် လူနေအိမ် ၁၈လုံး မီးလောင်ကျွမ်း
ဩဂုတ်လ ၃ရက်။
RadioNUG
ဩဂုတ်လ ၃ရက်နေ့ မနက်အစောပိုင်း ၂နာရီခန့်အချိန်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ ကျောက်ထုအမြှောက်တပ် အမတ(၃၆၈)မှ အင်အား ၁၂၀ခန့်ပါ စကစစစ်ကြောင်းသည် ကျောက်ထုမြို့အမြှောက်တပ်မှ စတင်ထွက်ခွာခဲ့ပြီး မင်းကြည့်ကျေးရွာမှတဆင့် လက်ပန်း၊ ပဆုပ်ကျေးရွာများသို့ ရောက်ရှိကာ ယင်းမှတဆင့် အနိမ့်ကျေးရွာသို့ ရောက်ရှိပြီး မနက် ၁၀နာရီခွဲခန့် အချိန်မှစတင်ကာ အပြစ်မဲ့ပြည်သူများ၏ လူနေအိမ်များအား မီးရှို့ဖျက်ဆီးကြောင်း ယောအလင်းက သတင်းထုတ်ပြန်ပါတယ်။
စကစ၏ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၃၀ခန့်ရှိသော အနိမ့်ကျေးရွာမှ လူနေအိမ် ၁၈လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
စကစစစ်ကြောင်းသည် အနိမ့်ကျေးရွာအား မီးရှို့ဖျက်ဆီးပြီးနောက် နေ့လယ် ၂နာရီအချိန်ခန့်တွင် အနိမ့်ကျေးရွာမှ လာရာလမ်းအတိုင်း ပြန်ဆုတ်လာရာ ညနေ ၆နာရီအချိန်ခန့်တွင် အမတ(၃၆၈)ကျောက်ထုအမြှောက်တပ်သို့ ပြန်လည် ဝင်ရောက်သွားကြောင်းသိရပါတယ်။
ဩဂုတ်လ ၁ရက်နေ့ကတော့ ကျောက်ထု အမြှောက်တပ်ထဲမှာ အိမ်ထောင်ကျနေတဲ့ အနိမ့်ကျေးရွာက အမျိုးသမီးတစ်ဦး တပ်ထဲမှာမနေချင်တော့လို့ ထွက်ပြေးတာရှိလို့ မီးလာရှို့တဲ့ သဘောမျိုး ပြည်သူကို ချပြချင်လို့ လာရှို့တာဖြစ်နိုင်ပြီး ကျောက်ထုတပ်ထဲမှာရှိနေတဲ့ ယောနယ်ကလူတွေ ထွက်မပြေးရဲအောင်နဲ့ ထွက်ပြေးလာလို့ လက်ခံထားရင် မီးရှို့ခံရနိုင်တယ်ဆိုတဲ့ သတင်းမျိုး ပြည်သူကို ပေးချင်တာလို့ ဒေသခံတစ်ဦးက ပြောကြားထားပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီတပ် တပ်စွဲမှုကြောင့် ဘန့်ဘွေးရွာခံတွေ တိမ်းရှောင်နေရချိန် နေအိမ်ရှိ ပစ္စည်းတွေ စစ်တပ်က ခိုးယူဖောက်ထွင်းနေ
ဩဂုတ်လ ၃ရက်။
RadioNUG
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးရွာမှာ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရချိန်မှာပဲ စစ်ကောင်စီတပ်က နေအိမ်တွေ ဖောက်ထွင်းပြီး ပစ္စည်းတွေကို ခိုးယူနေတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ြပထားပါတယ်။
ရွာခံတွေကို ပေးမဝင်ဘဲ ရွာမှာရှိတဲ့ သူခိုးတချို့နဲ့ ပူးပေါင်းပြီး ရွာမှာကျန်ခဲ့တဲ့ ပစ္စည်းတွေခိုးယူနေကြကာ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေ ပြန်ယူချင်ရင် ငွေဆယ်ဂဏန်းပေးမှ ပေးဝင်တယ်လို့ သိရပါတယ်။
ရွာခံတွေက နီးစပ်ရာ ရွာတွေဖြစ်တဲ့ အင်းဝိုင်း၊ ညောင်ထောက်၊ ပိန်အင်းရွာဘက်တွေမှာ တိမ်းရှောင်နေရပြီး တချို့က ပြင်ဦးလွင်နဲ့ မန္တလေးမြို့တွေဖက်ကို ရှောင်နေကြတယ်လို့ ဖော်ပြထားပါတယ်။
ဘန့်ဘွေး၊ ကျောင်းကုန်း၊ ညောင်ကုန်း၊ ကြူအင်း၊ ကုန်းမို့၊ ကုန်းကြီး၊ အင်းဝိုင်းရွာချင်းဆက်ထားတဲ့ လမ်းတွေလည်း ဘက်ဟိုး(မြေကော်ကား)ဖြင့် မြောင်းတူးကာ လမ်းကြောင်းဖြတ်တောက်ထားပြီး
ဆက်သွယ်ရေးလိုင်းတွေလည်း ATOM ကလွဲပြီး ကျန်တဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၅။ အာဏာသိမ်းကာလအတွင်း ကရင်နီဒေသမှာ အရပ်သား ၆၇၀ နီးပါးသေဆုံး
သြဂုတ်လ ၃ရက်။
Radio NUG
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ခွဲအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့တွေနဲ့ ကယားပြည်နယ်တို့မှာ စစ်ဘေးဒုက္ခသည်တွေအပါအဝင် အရပ်သား ၆၆၇ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က သြဂုတ်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းကာလအတွင်း တိုက်ပွဲ ၁၁၈၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၆၅၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း PKPF ရဲ့ ထုတ်ပြန်ချက်မှာ သိရပါတယ်။
တိုက်ပွဲကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၅၂ ခု၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၆ ခုနဲ့ လူနေအိမ် ၂၆၈၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူဟာ ၁၆၂ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ သြဂုတ်လ ၂ ရက်နေ့အထိ စာရင်တွေအရ အာဏာသိမ်း သုံးနှစ်ခွဲအတွင်း နိုင်ငံတစ်ဝန်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅၄၇၂ ဦး သေဆုံးခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်ကို စစ်ကူလာတဲ့ စကခ ၁၂ စကခမှုး ဗိုလ်မှုးကြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်
သြဂုတ်လ ၃ရက်။
RadioNUG
ရှမ်းပြည်နယ် လာရှိုးမြို့၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူလာတဲ့ စကခ ၁၂ ရဲ့ စကခမှုး ဗိုလ်မှုးကြီး အောင်ကျော်မိုးဟာ လားရှိုးမြို့ မရောက်ခင်မှာပဲ ကိုယ့်ကိုအဆုံးစီရင်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကော့ကရိတ်ဖက်ကနေ ချီတက်လာတဲ့ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တပ်နဲ့ ကိုးကန့်တပ် MNDAA တို့ တန့်ယန်းမြို့နယ် ဟိုနရွာမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး၊ MNDAA ရဲ့ နယ်မြေကျွမ်းကျင်မှုနဲ့ လက်ဦးမှုရှိစွာ ကြားဖြတ်လိုက်ခိုက်ခဲ့တာတွေကြောင့် စစ်ကောင်စီတပ်သား အယောက် ၅၀နီးပါးသေဆုံးသွားခဲ့ကာ စစ်ကားအများအပြားလည်း မီးလောင်ပျက်ဆီးသွားတယ်လို့ သိရပါတယ်။
လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မရောက်ခင် လမ်းခရီးမှာပဲ MNDAA ပူးပေါင်းတပ်တွေရဲ့ သတ်ကွင်းထဲကို ရောက်ရှိသွားခဲ့တာဖြစ်ပြီး၊ ထိခိုက်ကျဆုံးမှုများ များနေချိန်မှာ အထက်က ဖိအားနဲ့ စိတ်ဓာတ်ကျမှုတွေကြောင့် အခုလို အဆုံးစီရင်သွားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
"စကခမှုးအနေနဲ့ MNDAA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေရဲ့ သတ်ကွင်းထဲလည်း ရောက်နေသလို၊ အတူပါလာတဲ့ ဗျူဟာမှုးကလည်း ကားမတော်တဆမှုလား၊ MNDAA ရဲ့ပစ်ခက်မှုကြောင့်လား မသိဘူး ခြေထောက်နှစ်ဘက်လုံး ကျိုးထားပြီး ဘာမှ စီမံလို့ မရတော့တဲ့ အခြေအနေမှာ၊ သူအနေနဲ့လည်း အဖမ်းခံရတော့မယ့် အနေအထားကိုမြင်လာပြီး စိတ်ဓာတ်ကျသွားပုံလည်း ရတယ်"
"အဖမ်းခံရမှာလည်း စိုးရိမ်သလို၊ သတ်ကွင်းထဲကလည်း ဖောက်မထွက်နိုင်တဲ့အဆုံး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်" လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုထားပါတယ်။
========================
🚩🚩 ၂။ ကရင်နီ ဒေသ၏ ဇူလိုင်လ ၁ လတာအတွင်း စစ်ရေး အခြေအနေများကို KNDF ထုတ်ပြန်
ဩဂုတ်လ ၃ ရက်။
Radio NUG
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ၂၀၂၄ ဇူလိုင်လ တလတာအတွင်း ကရင်နီဒေသ စစ်ရေးအခြေအနေများကို ဩဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်လာပါတယ်။
ကရင်နီ ပြည်နယ်မှာ ဇူလိုင်လအတွင်း လွိုင်ကော်၊ ဖားဆောင်းနဲ့ ဒီမော့ဆို မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ရှမ်းတောင်နယ်စပ်ရှိ ဖယ်ခုံ၊ ပင်လောင်းနဲ့ ညောင်ရွှေ မြို့နယ်များမှာလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ အစပိုင်းမှာ လွိုင်ကောမြို့ရှိ မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသဘက်ကို စစ်ကြောင်းများ ဖြန့်ခွဲပြီး ထိုးလာတဲ့ စစ်ကောင်စီတပ်များအား KNDF နဲ့ ပူးပေါင်းတပ်များက ဇူလိုင် ၄ ရက်နေ့မှစပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မိုင်းလုံး၊ ရွာတန်းရှည်၊ GTC ကျောင်း၊ မြကလပ်တောင်၊ ထူဒူငံသနှင့် ပန်ကန်းတို့မှာ တလတာလုံး နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များခဲ့သလို လက်နက် ၄ လက်နှင့် ခဲယမ်း မီးကျောက်များ၊ အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့တဲ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး လက်နက်နဲ့တကွ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
အလားတူ ရှမ်းတောင် ဒေသမှ ကရင်နီ ပြည်နယ်ဖက်ကို ဦးတည် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ ဆောင်းပြောင်း၊ နောင်ဝိုး ကျေးရွာတလျောက်မှာ ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၂ ရက်နေ့ထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် PNO တပ်ဖွဲ့ဝင် ၂၀ နီးပါးကို ရှင်းလင်းနိုင်ခဲ့ပြီး အထိုင်စခန်း ကုန်း ၁ ခုနဲ့ ရဲစခန်းတို့ကို သိမ်းပိုက် မီးရှို့ရှင်းလင်းနိုင်ခဲ့ကာ လက်နက် ၁၅ လက်နှင့် ခဲယမ်း မီးကျောက်များ၊ အသုံးအဆောင်များနဲ့ စစ်သုံးပန်းများကိုပါ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဇူလိုင် ၁၈ ရက်မှစပြီး ညောင်ရွှေမြို့နယ်နဲ့ ဖယ်ခုံမြို့နယ် အစပ်က မှော်ဘီ-ဆီဆိုင် လမ်းပေါ်ရှိ စစ်ကောင်စီနှင့် PNO ပူးပေါင်း လွယ်လုံစခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်တို့အား မီးရှို့ရှင်းလင်းနိုင်ခဲ့ကာ ရန်သူ ၃၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ငယ် ၁၅ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လအတွင်း လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်းတလျောက်က ပြည်သူလူထု နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်း တခုကို ဇူလိုင်လ ၁ ရက် နေ့လည် ၁ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်နေအိမ် ၅ လုံးနဲ့ စာသင်ကျောင်းတခု ထိခိုက်ပျက်စီးခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ကျောက်မဲတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအပြင်းအထန် အသုံးပြုကာခုခံတိုက်ခိုက်
ဩဂုတ်လ ၃ ရက်။
Radio NUG
‘၁၀၂၇ စစ်ဆင်ရေး’ အပိုင်း (၂) ရက် ၄၀ မြောက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း အပြင်းအထန် အသုံးပြုကာ ခုခံတိုက်ခိုက်နေတယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
TNLA တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းဖြစ်တဲ့ စကခ -(၁)၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းတို့ကို ဩဂုတ်လ ၃ ရက်၊ မနက် ၉ နာရီအချိန်မှာ TNLA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ စခန်းကုန်းအနီးနှင့် ပတ္တမြားစေတီ အနီးတဝိုက်ကို Jet Fighter နဲ့ ၉ ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဂေါက်ကွင်း အနီးတဝိုက်နှင့် ခမရ (၅၀၁၊ ၅၀၂)တပ်အနီးကို Y 12 နဲ့ ဗုံး (၂၂)လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် သြဂုတ်လ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂)တပ်စခန်းအတွင်းကို Y 12 ဖြင့် လက်နက်ခဲယမ်းများ ၉ ကြိမ်တိုင် လာရောက်ကြဲချ ပေးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မြင်းမူမြို့အဝင်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ
ဩဂုတ်လ ၃ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင်မှာ တပ်စွဲထားပြီး ပြည်သူများကို ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီ တပ်သားနှင့် ရဲပူးပေါင်း အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ဩဂုတ်လ ၂ ရက် နေ့လည် ၃ နာရီ အချိန်က မြင်းမူမြို့ အဝင်မှာ ဆက်ကြေး ကောက်နေတဲ့ စစ်သားနှင့် ရဲပူးပေါင်းအင်အား ၁၀ ဦးခန့်ကို 79 mm ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနီးနားကို ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သားများ တကွဲတပြားစီ ထွက်ပြေးသွားကြပြီး ထိခိုက်မှုကို မသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို (Moe Nyo Revolution Force - MNRF, စစ်ကိုင်းမြို့နယ် တိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ ၂ , Dog Killer People Defence Force - DK MMU) ညီနောင်မဟာမိတ် သုံးဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဒုအရာခံဗိုလ် (အငြိမ်းစား)ပြည်သူ့စစ် အမာခံ တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့
ဩဂုတ်လ ၃ ရက်။
Radio NUG
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့မှ တံတားဦးလေတပ်ဘက်ကို မောင်းနှင်လာမည့် စစ်ကောင်စီ ယာဉ်တန်းအတွက် ရှေ့ပြေးအနေဖြင့် မိုင်းပွိုင်များကို ခြေလျင်လာရှာတဲ့ စစ်ကောာင်စီရဲ့ ပြည်သူ့စစ် အမာခံတဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRA က သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ရှင်းလင်းခံရသူမှာ စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ်ရာထူးဖြင့် ပင်စင်ယူထားတဲ့ ကိုယ်ပိုင်အမှတ် (လပခ (စထဟ)/၁၇၉၉၇) အောင်မြိုင် ဆိုသူဖြစ်ပြီး လက်ရှိမှာ ပြည်သူ့စစ် အမာခံအဖြစ် တာဝန်ထမ်းဆောင် နေတယ်လို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုကို ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRA ၊ ကျောက်ဆည် KDDF ၊ ကျောက်ဆည် ဒေါင်းမင်းညီနောင် ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment