၂၀၂၄ သြဂုတ်လ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နွေဦးတော်လှန်ရေးကြီးမှသည် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားမည်ဟု NUCC ပြော
📌 ၂။ ရန်ကုန်မြို့လယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
📌 ၃။ ရန်ကုန်မြို့တော်မှာ ရှစ်လေးလုံးအရေးတော်ပုံ ၃၆ နှစ်ပြည့် ဘန်နာချိတ်ဆွဲ
📌 ၄။ ကျရှုံးနိုင်ငံအဖြစ်ကနေ ကယ်တင်နိုင်ဖို့ စစ်အာဏာရှင်တွေကို ဖယ်ရှားရမယ်လို့ KNU ပြော
📌 ၅။ စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ၂ရွာအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ လျှပ်စစ်မီးတပ်ဆင်ပေး
၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စကစတပ်များလက်နက်ချအလင်းဝင်ဖို့ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်းအား ကာကွယ်ရေးဝန်ကြီးဌာနကပြန်လည်ထုတ်ပြန်
🚩 ၂။ ဆီဆိုင်မြို့ မှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ဒေသခံ၃ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရ
🚩 ၃။ တိုက်ပွဲဇုန်မဟုတ်တဲ့ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီလုပ်ရပ်ကို ဟန့်တားပေးဖို့ တရုတ်အပါအဝင် နိုင်ငံတကာမိသားစုများကို ညီနောင်သုံးဖွဲ့ အကူအညီတောင်း
🚩 ၄။ ရေစကြိုနယ်က ကိုရင့်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
🚩 ၅။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် လယ်သစ်(အနောက်ကမ်း)ရွာရှိ နေအိမ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီး
🚩 ၆။ ကွတ်ခိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၆ ဦးရှိလာပြီး စျေးဆိုင်ခန်း ၄၀၀ ကျော် မီးလောင်ပျက်စီး
🚩 ၇။ပေါင်းတည်မှာ စစ်တပ် ရိက္ခာသယ်ယာဥ်ကို ကြားဖြတ်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နွေဦးတော်လှန်ရေးကြီးမှသည် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားမည်ဟု NUCC ပြော
ဩဂုတ်လ ၈ရက်
ရှစ်လေးလုံး-၈၈၈၈ လူထုအရေးတော်ပုံကြီးရဲ့ အခန်းဆက်ဖြစ်တဲ့ နွေဦးတော်လှန်ရေးကြီးမှသည် ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ရောက်တဲ့အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က သတင်းစကားပါးလိုက်ပါတယ်။
ဒီနေ့ ဩဂုတ်လ ၈ ရက်မှာ ကျရောက်တဲ့ ရှစ်လေးလုံး-၈၈၈၈ လူထုအရေးတော်ပုံ ၃၆ နှစ်ပြည့်အခမ်းအနားသို့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဂုဏ်ပြုသဝဏ်လွှာပို့ရာမှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနဲ့ ခေတ်အဆက်ဆက်လုပ်ခဲ့တဲ့ တော်လှန်ရေးများအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းများနဲ့ စွန့်လွှတ်ပေးဆပ်ခဲ့ကြသူ တယောက်စီတိုင်းကို လေးစားဂုဏ်ယူ စွာ ဦးညွတ်အလေးပြုကြောင်းလည်း ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ တပါတီအာဏာရှင်စနစ်နဲ့ စစ်တပ်ကြီးစိုးမှုအစဉ်အလာကို တပြည်လုံးမှာရှိတဲ့ လူမျိုးဘာသာစုံပါဝင်တဲ့ ပြည်သူ လူထုကြီးက တညီတညွတ်တည်း လက်တွဲဆန့်ကျင်တော်လှန်ခဲ့ ကြခြင်းဟာ ရှစ်လေးလုံး ၈၈၈၈ လူထုအရေးတော်ပုံကြီးရဲ့ ထူးခြားတဲ့ဝိသေသတရပ် ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
လူမျိုးအားလုံး ပြည်သူအားလုံးရဲ့ ဘုံရန်သူအစစ်ကို ရှစ်လေးလုံးက ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ အမျိုးသားတန်းတူမှုဆိုတဲ့ တော်လှန်ရေးများနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးအဖြစ် ပေါင်းစည်းနိုင်စေခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ သူပိုင် ငါဆိုင် ဂုဏ်ပြိုင် ဂုဏ်တု မပြုအပ်တဲ့ တော်လှန်ရေးဖြစ်တယ်လို့လည်း NUCC က သတိပေးထားပါတယ်။
ဒါ့ကြောင့် ခေတ်အဆက်ဆက် တော်လှန်ရေးများရဲ့ ကျိုးကြောင်းဆက်စပ်မှု၊ မျိုးဆက်အသီးသီးတို့ရဲ့ ဂုဏ်ကျေးဇူးများ၊ ခရီးရှည်တလျှောက် စိုက်ထူနိုင်ခဲ့ကြတဲ့ မိုင်တိုင်များကို အမြဲသတိရ အောက်မေ့ဆင်ခြင်ပြီး အင်အားစုအသီးသီးရဲ့ ပါဝင်မှု တွေကို အပြန်အလှန် တန်ဖိုးထားလေးစား လက်တွဲဆောင်ရွက်သွားခြင်းဖြင့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ အခန်းဆက်ဖြစ်တဲ့ နွေဦးတော်လှန်ရေးကြီးမှသည် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ မဆုတ်မနစ် တိုက်ပွဲဝင် သွားမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက တော်လှန်ရေးသစ္စာဖြင့် သန္နိဋ္ဌာန်ပြု သတင်းစကားပါးထားပါတယ်။
========================
📌📌 ၂။ ရန်ကုန်မြို့လယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
ဩဂုတ်လ ၈ရက်
စီးပွားရေးအချက်အချကြပြီး လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့လယ်မှာ ယနေ့ကျရောက်တဲ့ ၈ လေးလုံးအရေးတော်ပုံ ၃၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်လူထုသပိတ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ မြို့လယ်နေရာတွေမှာ '၈'ဂဏန်းနှင့် 'ငါတို့အလှည့် ပုန်ကန်အံတုရန်ကုန်လူထု' ကြွေးကြော်သံတွေပါတဲ့ တီရှပ်နဲ့ ပူပေါင်းအနီတွေသုံးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဓာတ်ပုံတွေကို အဖြူအမဲပြုလုပ်ထားတာဟာ အမှောင်ကြနေတဲ့တိုင်းပြည်ကို ရည်ရွယ်ခြင်းဖြစ်ပြီး အနီရောင်တခုတည်းကို ဖော်ပြထားခြင်းက လူထုလူတန်းစားတရပ်လုံးရဲ့ မြင့်မြတ်သော တော်လှန်ရေးကို ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အဆိုပါလှုပ်ရှားမှုဟာ တမျိုးသားလုံးနိုးကြားစေဖို့နဲ့ မတရားမှုကို ငြိမ်ခံမနေဘဲ ရုန်းကြွစေလို့တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ရန်ကုန်လူထုသပိတ်ကို ဦးဆောင်သူတွေဟာ ဩဂုတ်လ ၅ ရက်နေ့ကလည်း ရန်ကုန်မြို့က YBS ကားတွေပေါ်မှာ စစ်မှုထမ်းဥပဒေကိုဆန့်ကျင်တဲ့အနေဪနဲ့ "စစ်ကျွန်မခံနဲ့ ရန်ကုန်သားတွေ" စာသားပါ စတေကာတွေကပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်မှုတခု ပြုလုပ်ခဲ့ပါသေးတယ်။
========================
📌📌 ၃။ ရန်ကုန်မြို့တော်မှာ ရှစ်လေးလုံးအရေးတော်ပုံ ၃၆ နှစ်ပြည့် ဘန်နာချိတ်ဆွဲ
ဩဂုတ်လ ၈ရက်
ရန်ကုန်မြို့တော်တနေရာမှာ စစ်အာဏာရှင်ဆန်ကျင်ရေးရန်ကုန်အင်အားစု - AJAY ရဲဘော်တွေဦးဆောင်ပြီး ရှစ်လေးလုံး အရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ ဩဂုတ်လ ၈ ရက်မှာ ၈၈၈၈ ဘန်နာစာသား ချိတ်ဆွဲခဲ့ပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့စစ်အုပ်စုလက်အောက်ကနေ တပ်မတော်သားတွေ အမြန်ဆုံးရုန်းထွက်ပြီး ပြည်သူ လူထုနဲ့ပူးပေါင်းကြဖို့ နှိုးဆော်သတိပေးတဲ့ ဘန်နာကိုလည်း ပူးတွဲချိတ်ဆွဲခဲ့တယ်လို့ သိရပါတယ်။
ရှစ်လေးလုံးစိတ်ဓာတ်ကို ၃၆ နှစ်တိုင် လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ချေမှုန်းအမြစ်ပြတ်နိုင်ရေး ချီတက်တိုက်ပွဲဝင်ခဲ့တာကြောင့် ရန်သူစစ်အုပ်စုဟာ အဘက်ဘက်က အားနည်းပြိုကျနေပြီလို့လည်း အသိပေးထားပါတယ်။
အဆုံးသတ်အောင်ပွဲနဲ့အတူ ပန်းတိုင်ရောက်တဲ့အထိ ရှစ်လေးလုံး အရေးတော်ပုံကြီးအပါအဝင် ခေတ်အဆက်ဆက်ပေးဆပ် ခဲ့ကြတဲ့ အာဇာနည်အပေါင်းတို့ရဲ့ သွေးခင်းလမ်းပေါ်မှာ လူထုအောင်ပွဲရတဲ့အထိ ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းကြဖို့ လည်း AJAY ရဲဘော်များက ပြည်သူတရပ်လုံးကို တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ရန်ကုန်သပိတ်အင်အားစုတွေဟာ ဩဂုတ်လ ၆ ရက်နေ့ကလည်း ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်မှာ "မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း"၊ "The Future of Our Nation is in Our hand"၊ "ရပ်တန့်၍မရ" စာသားပါ ဘန်နာတွေကိုင်စွဲပြီး လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့ အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ်-စစ်သုံးစစ် အမြစ်ဖြတ်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသေးတယ်။
========================
📌📌 ၄။ ကျရှုံးနိုင်ငံအဖြစ်ကနေ ကယ်တင်နိုင်ဖို့ စစ်အာဏာရှင်တွေကို ဖယ်ရှားရမယ်လို့ KNU ပြော
ဩဂုတ်လ ၈ရက်
အာဏာရှင်အဆက်ဆက်ရဲ့ မှားယွင်းတဲ့လုပ်ဆောင်မှုတွေကြောင့် ကျရှုံးနိုင်ငံဖြစ်နေတာကို ကယ်တင်နိုင်ဖို့ဆိုရင် စစ်အာဏာရှင်တွေကို အပြီးတိုင်ဖယ်ရှားရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ပြောဆိုလိုက်ပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်မြောက် အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာကနေတဆင့် ပြည်သူတရပ် လုံးကို တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအေင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဦးနေဝင်းဦးဆောင်တဲ့ တပါတီ အာဏာရှင်စနစ်နဲ့ ယခင်စစ်ခေါင်းဆောင်တွေရဲ့ မှားယွင်းတဲ့လမ်းကို တစိုက်မတ်မတ် လျှောက်လှမ်းလာတဲ့အတွက် မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိခဲ့ပြီလို့ အသိပေးထားပါတယ်။
ဒါကြောင့် ပြည်သူတရပ်လုံးအနေနဲ့ အာဏာရှင်အသီးသီး မှားယွင်းပြီးခဲ့ပြီဖြစ်တဲ့ အမှားတွေ ဆက်လက်ကျူးလွန်ခွင့်မပေး ရေးနဲ့ ကျရှုံးနေတဲ့နိုင်ငံကို ကယ်တင်နိုင်မယ့် တခုတည်းသောနည်းလမ်းဟာ စစ်အာဏာရှင်အပါအဝင် မည်သည့်အာဏာရှင် စနစ်ကိုမဆို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက် ပြည်သူတရပ်လုံး စည်းလု့းညီညွတ် စွာနဲ့ ကဏ္ဍပေါင်းစုံကနေ ဆက်လက်တော်လှန်တိုက်ပွဲဝင်ကြဖို့ KNU က တိုက်တွန်းထားပါတယ်။
ထို့ပြင် ၃၆ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံသမိုင်းဟာ မေ့ပျောက်လို့မရတဲ့ လူထုအရေးတော်ပုံတခုဖြစ်ပြီး တပါတီအာဏာရှင်စနစ်ကို ဆန်ကျင်ကာ ဒီမိုကရေစီစနစ်ကို ကြွေးကျော်တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ဒီအရေးတော်ပုံကာလတလျောက် အသက် သွေး ချွေးနဲ့ ဘဝပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး တပါတီအာဏာရှင်စနစ်နဲ့ ဒီစနစ်ကနေ အသွင်းပြောင်သွားတဲ့ စစ်အာဏာရှင်စနစ်ကို ဆန်ကျင်ပြီး တိုက်ပွဝြင်ခဲ့ကြတဲ့ ကျောင်းသားပြည်သူများကို လည်း ဦးညွတ်ဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ၂ရွာအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ လျှပ်စစ်မီးတပ်ဆင်ပေး
ဩဂုတ်လ ၈ရက်
စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင်မြင်းမူမြို့နယ် ကုလားပြန်ကျေးရွာအုပ်စု ဦးနှောင်းကုန်းကျေးရွာနှင့် သရက်ကန်ကျေးရွာတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဩဂုတ်လ၆ရက်နေ့မှာ လျှပ်စစ်မီးလင်းရေး အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။
မီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းခရိုင် ပအဖ အတွင်းရေးမှူးလမ်းဗိုလ်၊ မြောင်မြိုနယ် ပအဖတာဝန်ခံ၊ ပလဖ တာဝန်ခံ ၊ရုံးအဖွဲ့အတွင်းရေးမှူး ၊ ဆက်သွယ်ရေးတာဝန်ခံ၊ လျှပ်စစ်နှင့်စွမ်းအင်တာဝန်ခံ ၊ အရာတော်မြို့နယ် ပကဖ ဒု-တာဝန်ခံ၊ မြင်းမူမြို့နယ် အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာတာဝန်ခံ၊ ခရိုင်လျှပ်စစ်နှင့် စွမ်းအင်တာဝန်ခံ နှင့် ကျေးရွာ ရပ်မိရပ်ဖများ၊ မီးလင်းရေးကော်မတီများ တက်ရောက်ခဲ့ကြပါတယ်။
ယခင်က လက္ထုတ္တောကျေးရွာမှ သွယ်တန်းရန် မပြီးပြတ်ဘဲ သရက်ကန်ရွာမှ အိမ်ခြေ ၈၅ လုံးရှိသော ဦးနှောင်းကုန်းကျေးရွာသို့ ၁၀၀ KVA ထရန်စဖွန်မာ တပ်ဆင်ပေးပြီး မီးလင်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အိမ်ခြေ ၅၈ လုံးရှိသော သရက်ကန်ကျေးရွာတွင်လည်း 50KVA ထရန်စဖွန်မာ တပ်ဆင်ပေးကာ မီးလင်းပေးနိုင်ခဲ့ပြီး NUGအစိုးရ၏ ဦးဆောင်မှုဖြင့် ခရိုင်၊မြို့နယ် တာဝန်ရှိသူများနှင့် ပြည်သူများ၏ ပံ့ပိုးကူညီခြင်းကြောင့် ဦးနှောင်းကုန်းကျေးရွာနှင့် သရက်ကန်ကျေးရွာတို့ကို တစ်နေ့တည်း မီးလင်းအောင်လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ကျေးရွာပြည်သူများမှ NUGအစိုးရအား ကျေးဇူးတင်ရှိတယ်လို့ ပြောကြားထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ချေမှုန်းသိမ်းပိုက်နိုင်မှုဟာ သမိုင်းဝင်အောင်ပွဲလို့ အရပ်ဘက်အဖွဲ့ ၂၅၉ ခုပြော
ဩဂုတ်လ ၈ရက်
အကြမ်းဖက်စစ်တပ်လက်အောက်မှာ သက်တမ်း ၆ဝ နီးပါး ရှိနေပြီဖြစ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြောက်ပိုင်း မဟာမိတ်တပ်တွေနဲ့ပူးပေါင်းအင်အားစုတွေ ချေမှုန်းသိမ်းပိုက်နိုင်မှုဟာ သမိုင်းတွင်တဲ့ အောင်ပွဲဖြစ်တယ်လို့ အရပ်ဘက် အဖွဲ့အစည်း ၂၅၉ ခုက ကြေညာချက်တစောင်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
၅၈ နှစ် သက်တမ်းရှိနေပြီဖြစ်တဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေနဲ့ ပူးပေါင်း အင်အားစုတွေ ချေမှုန်းသိမ်းပိုက်နိုင်ခြင်းနဲ့ ဗျူဟာမြောက်တဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများရဲ့ ပူးပေါင်းစွမ်းအားနဲ့အတူ စစ်ယန္တရားအစိတ်အပိုင်းတွေကို ချေမှုန်းဖြိုဖျက်နိုင်ခဲ့တဲ့ သမိုင်းတွင်သောအောင်ပွဲအဖြစ် အရပ်ဘက်အဖွဲ့တွေက မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။
မဟာမိတ်အင်အားစုတွေအနေနဲ့ စစ်ဆင်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမိန့်ပေး အသုံးချ စေခိုင်းခြင်းခံနေရတဲ့ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေကို နိုင်ငံတကာစစ်စည်းကမ်းတွေအတိုင်း လိုက်နာ ဆက်ဆံခဲ့တဲ့ နမူနာကောင်းတွေ ပြသနိုင်ခဲ့တဲ့အတွက်လည်း အသိအမှတ်ပြုကြိုဆိုတယ်လို့ အရပ်ဘက်အဖွဲ့တွေက အသိပေးထားပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက ၂၀၂၁ ဖေဖော်ဝါရီလမှာ တရားမဝင် အာဏာသိမ်းကြိုးပမ်းခဲ့မှုကို ဆန့်ကျင်တဲ့ နိုင်ငံအဝှမ်းက အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု CDM မှာပါဝင်ခဲ့သူများနဲ့ လူထုလူတန်းစားအသီးသီးနဲ့ အင်အားစုအသီးသီးရဲ့ ကြံ့ကြံ့ခံ ဆန့်ကျင်တော်လှန်လှုပ်ရှားမှုများကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစု များက နိုင်ငံရေးအရ ရပ်တည်ပံ့ပိုးခဲ့ကြတဲ့အတွက်လည်း အသိအမှတ်ပြုကျေးဇူးတင်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ဆိုထားပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြတဲ့ အရပ်သားပြည်သူတွေအပေါ် အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်နှိမ်နင်းမှု တွေကြောင့် လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းကို ရွေးချယ်ခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုအသီးသီးကိုလည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုများက တစိုက်မတ်မတ်ပံ့ပိုးနေတာကိုလည်း အရပ်ဘက်အဖွဲ့တွေ ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီပါဝင်ခဲ့တဲ့ ကရင်နီ တော်လှန်ရေးအင်အားစုများ၏ ၁၁၁၁ စစ်ဆင်ရေး၊ KNU/KNLA နှင့် မဟာမိတ်များ၏ ဒေသအလိုက် ပူးပေါင်းစစ်ဆင်ရေး များ၊ ကချင်လွတ်မြောက်ရေးတပ်မတော်-KIA နဲ့ ပူးပေါင်းမဟာမိတ်များရဲ့ ၀၃၀၇ စစ်ဆင်ရေး၊ ရခိုင်ဒေသနဲ့ တအာန်းဒေသ စစ်အုပ်စုကင်းစင်ရေး စစ်ဆင်ရေးများ၊ ဒေသအလိုက် ခုခံတော်လှန်နေတဲ့ LPDF/PDF များရဲ့ စစ်ဆင်ရေးများ စတဲ့ စစ်ဆင်ရေးတွေကြောင့် အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်စခန်းပေါင်းများစွာကို ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု အန္တရာယ်ကနေ ကင်းဝေးတဲ့ လွတ်မြောက်နယ်မြေတွေ ထူထောင်နိုင်ခဲ့ကြတဲ့ သမိုင်းမော်ကွန်းသစ်များအပေါ်ကိုလည်း အရပ်ဘက်အဖွဲ့တွေက ဂုဏ်ပြုထားပါတယ်။
အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းကိုချေမှုန်းရာမှာ ခါးသည်းဖွယ်ကောင်းတဲ့ စစ်ပွဲအောင်နိုင်ရေးအတွက် စုစည်းပံ့ပိုးထောက်ပံ့ ပေးကြတဲ့ အင်အားစုများ၊ ကြည်း၊ ရေ၊ လေ အကြမ်းဖက်စစ်ဆင်ရေးတွေကြောင့် နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူများကို ကာကွယ်စောင့်ရှောက်နေကြတဲ့ အင်အားစုများ၊ အခြေခံကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုတွေ ပံ့ပိုးကြတဲ့အင်အားစုများ၊ သတင်းအချက်အလက်တွေ လုံခြုံစွာစုစည်းပြီး စီမံခန့်ခွဲဆက်သွယ်ပေးကြတဲ့ အင်အားစုများ၊ အရေးကြီး၊အရေးပါတဲ့ တော်လှန်ရေးမျက်နှာစာအသီးသီးက အင်အားစုအသီးသီးကိုလည်း အရပ်ဘက်အဖွဲ့တွေက ကျေးဇူးတင်ဂုဏ်ပြုထား ပါတယ်။
တော်လှန်ရေးမျက်နှာစာအသီးသီးမှာ အောင်ပွဲတွေရရှိလာတာနဲ့အတူ သိမ်းပိုက်နယ်မြေတွေမှာ ပဋိပက္ခအနည်းဆုံးဖြစ်စေ ရေးနဲ့ တော်လှန်ရေးတခုလုံးရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးနှင့်ကလေးသူငယ်များအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လူမှုစီးပွားအခွင့်အရေးများအပါအဝင် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများနဲ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကားနှင့်ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများနဲ့ ဒေသခံ လူမျိုးပေါင်းစုံရဲ့ အခွင့်အရေးများကို တန်းတူထားလေးစားဆက်ဆံပြီး အာမခံချက်ပေးနိုင်ရေး အလေးထားဖော်ဆောင်ဖို့ လည်း အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ပြီး အရှိန်အဟုန်မြှင့်တင်ကြဖို့ ABSDF တိုက်တွန်း
ဩဂုတ်လ ၈ရက်
နွေဦးတော်လှန်ရေး တောင်းဆိုချက်များ အောင်မြင်ရေးနဲ့ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက် လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ စီးပွားရေးတိုက်ပွဲများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ဩဂုတ် ၈ရက်မှာကျရောက်တဲ့ ၃၆ နှစ်မြောက် ရှစ်လေးလုံး-၈.၈.၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့မှာ ABSDF က ကြေညာချက်တစောင်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံအတွက် အဓိပ္ပါယ်ရှိပြီး လက်တွေ့ကျတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ကို ဖော်ဆောင်နေ တဲ့ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တာကြောင့် ပိုပြီး လက်တွေ့ကျတဲ့ စုပေါင်းနိုင်ငံရေး ဦးဆောင်မှုတရပ် တည်ဆောက်နိုင်ဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကြပ်အတည်းအပါအဝင် အကြပ်အတည်းပေါင်းစုံကို စစ်အာဏာရှင်တွေ အနေနဲ့ ဘယ်နည်းနဲ့မှ ဖြေရှင်းနိုင်မှာမဟုတ်တဲ့အတွက် တိုက်ပွဲအရှိန်တွေမြှင့်တင်ကြဖို့ တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့ နီးစပ်ရာတော်လှန်ရေးအင်အားစုတွေဆီမှာ အလင်းဝင်ကြဖို့ လည်း တိုက်တွန်းထားပါတယ်။
ABSDF ဟာ လက်ရှိမှာ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ မန္တလေးအပါအဝင် ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
========================
🚩🚩 ၃။ ထားဝယ် မောင်မယ်ရှောင်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး
ဩဂုတ်လ ၈ရက်
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအတွင်းက ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွက်ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာမှာ စစ်သား ၁၃ ဦးသေဆုံးသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPPDF က ပြောပါတယ်။
ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ ယာယီစခန်းချတပ်စွဲပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူပိုင်အိမ်တွေကို ဖောက် ထွင်းခိုးယူနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဩဂုတ်လ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။
အဆိုပါစစ်ကြောင်းမှာ ထားဝယ်နဲ့ ရေဖြူက စစ်သားတွေပါဝင်ပြီး တိုက်ခိုက်မှုအတွင်း စစ်သား ၁၃ ဦးသေဆုံးပြီး ၂ဝ ခန့် ထိခိုက်ဒဏ်ရာရသွားပေမယ့် လက်နက်တွေ မရခဲ့ဘူးလို့လည်း YPPDF က အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPPDF၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA တပ်ခွဲ ၁ ၊ က္လားသစ္ဆတ်-ကျားသစ်နက်တပ်ဖွဲ့ နဲ့ ဘီလုံးပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးဘလို့ သိရပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် မိဘပြည်သူများအနေနဲ့ စစ်ရေးအသိရှိပြီး သတိပြုသွားလာနေထိုင်ကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ ဆီမီးခုံမြို့က စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရရှိ
ဩဂုတ်လ ၈ရက်
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံမြို့အရှေ့ဘက်က မြို့အဝင် စာသင်ကျောင်းရှေ့မှာရှိတဲ့ စစ်ဆေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဆီမီးခုံမြို့ အဝင် စာသင်ကျောင်းရှေ့က စစ်တပ်စစ်ဆေးရေးဂိတ်ကို မနေ့ ဩဂုတ်လ ၇ ရက် မနက် ၁၀ နာရီကျော်အချိန်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဂိတ်မှာရှိတဲ့ စစ်သား ၂ ဦးနဲ့ရဲ တဦး သေဆုံးသွားတာလို့ သိရပါတယ်။
အဆိုပါဂိတ်ကို လုပ်ငန်းခွင်သုံး ဖောကားကိုအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင်ကျောင်အတွင်းမှာရှိတဲ့ စစ်သား တဦးက အဆက်မပြတ် ပြန်လည်ပစ်ခတ်နေတဲ့အတွက် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်နဲ့ ခဲယမ်း တွေကို အလွယ်တကူကောက်ယူချိန်မရခဲ့ဘဲ အနီးမှာရှိတဲ့ သေဆုံးစစ်သားထံက သေနက် တလက်၊ ကျည် ၁၉ တောင့်၊ ဖုန်း တလုံးသာ ကောက်ယူနိုင်ခဲ့တယ်လို့ ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-မြင်းခြံနဲ့ Aung San's Blood Civilian Defense Force -ABCDF ဆိုတဲ့ မဟာမိတ်ညီနောင် ၂ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment