တနိုင်ငံလုံးမှာ စက်သုံးဆီအခက်အခဲ အမြင့်ဆုံးကို ရောက်ရှိလာပြီး လူတိုင်းနီးပါး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရ



တနိုင်ငံလုံးမှာ စက်သုံးဆီအခက်အခဲ အမြင့်ဆုံးကို ရောက်ရှိလာပြီး လူတိုင်းနီးပါး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရ

ကိုမြင့်သူ (Radio NUG) ဩဂုတ် ၁၅၊ ၂၀၂၄

ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ စက်သုံးဆီအကျပ်အတည်းက အမြင့်ဆုံးကို ရောက်ရှိလာပြီး ရန်ကုန်မြို့က စက်သုံးဆီဆိုင် တော်တော်များများ ပိတ်ထားကြသလို စက်သုံးဆီ လာရောက်တန်းစီတဲ့ ကားတန်းကြီးကလည်း ပိုပြီးရှည်လျားလာပါတယ်။ သာကေတမြို့နယ်မှာရှိတဲ့ Yangon Petrol စက်သုံးဆီအရောင်းဆိုင်က ဒီကနေ့ မနက်မှာ ပိတ်ထားပေမယ့် ရှေ့ဆုံးက တန်းစီထားတဲ့ မန္တလေးမြို့ကို ပြန်ရမယ့် ကုန်တင်ယာဥ်တစ်စီးကတော့ စက် သုံးဆီ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျွန်တော်တို့က ဆီမလွယ်တဲ့အခါကျတော့ ခေါက်ကြေးသမားတွေက စားစရိတ်ထောင်းတာပေါ့။ စရိတ်တွေလည်း ထောင်းတယ်လေ။ ခေါက်ရေနဲ့ ရတာဆိုတော့ ခေါက်ရေမရရင် မကိုက် အဆင်မပြေဘူးလေ။ ဆီ မလွယ်တော့ အခု ဒုက္ခရောက်နေတာပေါ့။ ၇ ရက်နေ့က ထွက်လာတာပဲ ဒီကို ၈ ရက်နေ့ ရောက်တာပဲ။ တွက်သာကြည့်၊ ဒီနေ့ ၁၃ ရက်လား ၁၄ ရက်လား ရှိနေပြီ။ ၁.၁၇.၄၉ ခါတိုင်း တစ်လကို ၅ ခေါက်၊ ၆ ခေါက် ရတယ်။ အခုဆို လဝက်ကျိုးတော့မယ် တစ်ခေါက်ပဲ ရှိသေးတယ် ”

မန္တလေးမြို့ကနေ ကုန်အစုံကို တင်လာပြီး ရန်ကုန် ဆင်းလာတဲ့ အဲဒီကုန်တင်ကားက ကုန်ချပြီး မန္တလေးမြို့ကို ပြန်အတက်မှာ စက်သုံးဆီ ဝယ်မရလို့ ရန်ကုန်မြို့မှာ တစ်ပတ်ကြာ ပိတ်မိနေတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ကနေ သီလဝါမှာ ဆီလာတင်တဲ့ ဆီသယ်ယာဥ်မှာလည်း ဆီလိုသလောက် မရတဲ့အပြင် လမ်းပေါ်မှာ ရပ်ထားတဲ့ ဆီသယ်ယာဥ်ပေါ်မှာပဲ ဖြစ်သလို နေထိုင်စားသောက်ရပြီး ရေချိုးဖို့နဲ့ အပေါ့ အလေး စွန့်ဖို့တွေပါ ရှမ်းပြည်သားတွေ ဒုက္ခရောက်လာတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆီလာရောက်သယ်ဆောင်သူ ဝန်ထမ်းတစ်ဦးက အခုလို ပြောပါတယ်။

“အရင်ကတော့ ဆီတင်မယ်ဆိုရင် ခဏလေးပဲ။ နောက်ပိုင်းကျတော့ တစ်ထောင်လေး၊ နှစ်ထောင်လေး တင်ဖို့ကို တအားခက်တယ်။ အခက်အခဲ အကျပ်အတည်းကတော့ ရှိတာပေါ့။ ရေမချိုးရတာတွေ၊ အဲဒီရှေ့မှာ သွားစောင့်ရင် နေပူကြီးထဲမှာ စောင့်ရတာ။ ဆီမတင်ရတာ။ လုပ်ငန်းလည်း ပျက်တာပေါ့ ”

ရန်ကုန်မြို့ကို အကြောင်းကိစ္စအမျိုးမျိုးနဲ့ ရောက်ရှိလာတဲ့ အခြားဒေသခံတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရသလို ရန်ကုန်မြို့ခံတွေမှာလည်း စက်သုံးဆီအကျပ်အတည်းကို နေ့ ည မအိပ်နိုင်ဘဲ ခါးစည်းခံလာကြရပါတယ်။ ကုမ္ပဏီမှာ ယာဥ်မောင်းတာဝန်ရယူထားသူတစ်ဦးက ဆီရဖို့ မသေချာတဲ့ စက်သုံးဆီဆိုင်ရှေ့မှာ မနက် ၃ နာရီကတည်းက တန်းလာစီနေရပြီး နားချိန်တွေ ပိုနည်းလာတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်က ကြည့်ရင်တော့ ကျနော်တို့က ကုမ္ပဏီကားတွေ မောင်းရတာဆိုတော့ ကျနော်တို့ အချိန်တွေကို ကုမ္ပဏီကို ပေးလိုက်ရတာပေါ့။ အခုဆိုရင် ည ၃ နာရီကတည်းက တန်းစီရတယ်။ တန်းစီတယ်ဆိုတော့ အိမ်မှာ အိပ်ရမယ့်ဟာ မအိပ်ရဘူး။ တောက်လျှောက်တန်းစီရတယ်။ စီပြီးတော့ အခု ရလားဆိုရင် မသိဘူး”

စက်သုံးဆီအကျပ်အတည်းက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီးဆိုးရွားလာသလို ဒီကနေ့မှာတော့ အကျပ်အတည်းက အမြင့်ဆုံးကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ဆီဆိုင်တော်တော်များများက ရုံးချိန်မတိုင်ခင်ကတည်းက ဆီကားဝင်မှာ မဟုတ်တဲ့အတွက် ဆိုင်ပိတ်ကြောင်း ကြေညာထားကြပြီး အရည်အသွေးအလိုက် ဒီဇယ်၊ ပရီမီယံဒီဇယ်၊ 92 ၊ 95 ဓာတ်ဆီ စုံအောင် ရောင်းချနိုင်တာလည်း မရှိပါဘူး။ ဒါ့အပြင် ဆီဝယ်ယူသူ အမျိုးအစားတွေကိုလည်း ကန့်သတ်ထားပြီး မော်တော်ယာဥ်မှအပ ဆိုင်ကယ် ဘေးတွဲယာဥ်များ၊ နေအိမ်တွေမှာ မီးစက်နဲ့ အခြားအသေးသုံးတွေ အသုံးပြုဖို့အတွက် ဆီရောင်းချပေးတာ မရှိတော့ပါဘူး။ သာကေတမြို့နယ်က ဆိုင်ပိတ်ထားတဲ့ စက်သုံးဆီအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကတော့ ဆီပြတ်လပ်လာတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ဆီက အစ်မ မရလောက်ဘူး။ မရလောက်ဘူးဆိုတာ လောလောဆယ် ဆီကပြတ်သွားပြီ။ ဘယ်နေ့ရမလဲ မသိသေးတာ”

အကြမ်းဖက်စစ်တပ်ရဲ့ ညံ့ဖျင်းမှုက တနိုင်ငံလုံး မရှိမဖြစ် လှည့်လည်သုံးစွဲနေတဲ့ စက်သုံးဆီကို အချိန်မီ အလုံအ လောက် ဖြန့်ဖြူးပေးနိုင်တာမရှိဘဲ စက်သုံးဆီကြောင့်ဖြစ်တဲ့ အများပြည်သူ အကျပ်အတည်းတွေကလည်း ပိုပြီး ဆိုးရွားတဲ့အခြေအနေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

အရောင်းပိတ်ထားသော စက်သုံးဆီဆိုင်တစ်ဆိုင်အား သြဂုတ်လ ၁၄ရက်နေ့မှာသီလဝါအထူးစီးပွားရေးဇုန်အနီးတွေ့ရစဥ်...
Share:

No comments:

Post a Comment