ကိုမြင့်သူ (Radio NUG) ဩဂုတ် ၉၊ ၂၀၂၄
အစေ့ထုတ်ပြောင်းက မြန်မာ့လယ်ယာထွက်ကုန်တွေထဲမှာ ထိပ်တန်းပို့ကုန်ဖြစ်ပြီး တိရစ္ဆာန်အစာ အသုံးပြုဖို့အတွက် ထိုင်းနိုင်ငံကိုအများဆုံး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ကြက်စာ၊ ဝက်စာအဖြစ် အသုံးပြုနေတဲ့ အစေ့ထုတ် ပြောင်းကြမ်းတွေကို စိုက်ဧကအများဆုံး ရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်းက ဒေသတွေမှာ စားစရာအမည်သစ်တစ်ခုအနေနဲ့ စားသုံးလာကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပင်းတယမြို့နယ်က အစေ့ထုတ်ပြောင်းကြော် ရောင်းချသူ တစ်ဦးက အခုလို ပြောပါတယ်။
“အဲဒါ ပြောင်းကြမ်း၊ ကြက်တွေ ကျွေးတဲ့ဟာ အဲ့လိုမျိုး ပြောင်းကြမ်း။ တအားစားကောင်းတယ်။”
အစေ့ထုတ်ပြောင်းကို ခြွေပြီး မွနေအောင် ကြော်ပြီးတဲ့နောက် ပါကင်အိတ်အသေးလေးတွေနဲ့ထည့်ပြီး ပြန်လည် ရောင်းချတဲ့ ဆိုင်တွေကို ဈေးပတ်လိုက်ပြီး လှည့်လည်ရောင်းချနေကြတဲ့ မြေပဲနဲ့ ပဲလှော်မျိုးစုံ၊ နေကြာစေ့နဲ့ ဒေသ ထွက်ကုန် အရောင်းဆိုင် လေးတွေမှာ တွေ့မြင်နိုင်ပါတယ်။ အစေ့ထုတ် ပြောင်းမျိုး အများစုက ပြည်ပက တင်သွင်းလာတဲ့ မျိုးစေ့တွေကိုပဲ အဓိကထား သုံးစွဲနေကြတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ အစေ့ထုတ်ပြောင်း စိုက်ဧက ၁.၃ သန်းနီးပါးအထိ ရှိခဲ့ပြီး တနိုင်ငံလုံးအနှံ့အပြားမှာ စိုက်ပျိုးထုတ်လုပ်တဲ့ မျိုးကွဲပေါင်းက ၈၁ မျိုးအထိ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အစေ့ထုတ်ပြောင်းကို တိရစ္ဆာန်အစာအပြင် လူတို့ကပါ စားသုံးလာတဲ့အခါ စနစ်တကျ စိုက်ပျိုးသုံးစွဲတာမရှိတဲ့ မျိုးဗီဇပြုပြင်ထားတဲ့ GMO မျိုးစေ့တွေ ပါဝင်နေမယ်ဆိုပါက ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတယ်လို့ စိုက်ပျိုးရေးပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။
“ ဒီ GMO သီးနှံပေါ်မှာ ဘယ်လိုထုတ်ထားသလဲဆိုတဲ့ Theory Background ပေါ်မှာ မူတည်ပြီးကြည့်မယ်ဆိုရင်တော့ ပြောလို့ရပါတယ်။ GMO သည်အန္တရာယ်မရှိဘူးလို့။ ဒါပေမဲ့ သုံးစွဲသူရယ်၊ စိုက်ပျိုးတဲ့သူတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ သူတို့သည် စည်းမဲ့ကမ်းမဲ့ စိုက်ပျိုးမယ်၊ စည်းမဲ့ကမ်းမဲ့ တင်သွင်းမယ်၊ စောစောက ပြောတဲ့ စည်းကမ်းဘောင်ပေါ့နော်။ Regulations တို့ ဘာတို့မရှိဘူးဆိုရင်တော့ ဒါ ပတ်ဝန်းကျင်ပေါ်မှာ အန္တရာယ်ဖြစ်စေတယ်။ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတယ်ဆိုတာက အပင်တွေ၊ မျိုးတွေရောသွားတာတို ဒါမျိုးလေးတွေပေါ်မှာ အန္တရာယ်ဖြစ်စေတယ်။ စားလို့ကတော့ လူကို အန္တရာယ်ဖြစ်စေနိုင်တယ် ဆိုတာမျိုးတော့ မတွေ့ထားဘူးပေါ့နော်”
မြန်မာနိုင်ငံအနှံ့ စိုက်ပျိုးထုတ်လုပ်နေတဲ့ နှံစားပြောင်း၊ ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်း စတဲ့ ပြောင်းမျိုးအုပ်စုတွေမှာ GMO မျိုးစေ့တွေပါဝင်ခြင်း ရှိ၊ မရှိကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို မှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ အစေ့ထုတ်ပြောင်းမျိုးစေ့တွေကို နောက်ဆုံး စစ်ဆေးထားခဲ့ပြီး လက်ရှိ အချိန်မှာတော့ GMO ပြုလုပ်ထားတဲ့ အစေ့ထုတ်ပြောင်းမျိုးစေ့တွေ စိုက်ပျိုးနေခြင်း ရှိ၊ မရှိကိုတော့ စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။
မျိုးဗီဇပြုပြင်ထားတဲ့ GMO မျိုးစေ့တွေကို ပိုးမွှား၊ ရောဂါဒဏ်ခံနိုင်ဖို့နဲ့ အသီးအရည်အသွေးပိုပြီး ကောင်းမွန်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့ ထုတ်လုပ်ထားတဲ့ အဲ့ဒီမျိုးစေ့တွေကို သုံးစွဲဖို့က ကမ္ဘာမှာ ခွင့်ပြုဖို့နဲ့ ခွင့်မပြုဖို့ဆိုတဲ့ အုပ်စုနှစ်စုကွဲပြားနေပြီး မြန်မာအပင်ဇီဝနည်းပညာကျွမ်းကျင်သူတွေကတော့ GMO မျိုးစေ့နဲ့ပတ်သက်ပြီး အန္တရာယ်မရှိနိုင်ဘူးလို့ ယူဆထားကြပါတယ်။ လတ်တလောမှာတော့ အိမ်နီးချင်းနိုင်ငံတွေမှာ တိရစ္ဆာန်အစာအဖြစ် အသုံးပြုနေ တဲ့ ဒေသမျိုး ပြောင်းကြမ်းတွေကို မြန်မာနိုင်ငံမှာ လိုအပ်ချက်အရ စားစရာ အမည်သစ်တစ်ခုအနေနဲ့ စားသုံးလာနေကြတာ ဖြစ်ပါတယ်။
(တိရစ္ဆာန်အစာအတွက်ကြိတ်ခွဲအသုံးပြုသောအစေ့ထုတ်ပြောင်းအား လူတိုစားသုံးရန် ပြင်ဆင်ထားသည်ကို ပင်းတယစျေးအတွင်းတွေ့မြင်ရစဥ်)
No comments:
Post a Comment