၂၀၂၄ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလ ၇၄ နှစ်ပြည့် မွေးနေ့ ဆုတောင်းစကား NUG သမ္မတရုံးမှ ဆုမွန်ကောင်းတောင်း
📌 ၂။ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိူင်ငံမှာ အကြမ်းဖက်မှုတွေသာ ပိုတိုးနေပြီး ဒါကို အဆုံးသတ်နိုင်ဖို့လိုအပ်တယ်လို့ IIMMအကြီးအကဲ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းပြောကြား
📌 ၃။ East-West Center က ဒေါက်တာမီမီဝင်းဘတ်ကို မြန်မာ့အရေးစွမ်းဆောင်မှုအသိအမှတ်ပြုဆု ပေးအပ်
📌 ၄။ မသန်စွမ်းသူများနှင့် ကျန်းမာရေးကြောင့် ရိက္ခာဖြန့်ဝေရာသို့ မလာရောက်နိုင်သူများဆီသို့ လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှု ကော်တီအဖွဲ့မှ ရိက္ခာပစ္စည်းများ သွားရောက်ဖြန့်ဝေ
📌 ၅။ မကွေးတိုင်းစစ်ရှောင်များကို ပုလဲမြို့နယ်မှ ကူညီထောက်ပံ့
📌 ၆။ ထောင်အတွင်း မုဒိန်းကျင့်ခဲ့မှုအား ထိရောက်စွာ အရေးယူပေးရန် တောင်းဆို
📌 ၇။ သီတင်းတပတ်အတွင်း နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ (၅၀) ဝန်းကျင်ခန့် သေဆုံးခဲ့ရ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)က ဦးစီးပေးအပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ်(၈)သင်တန်းဆင်းပွဲ ပြုလုပ်
🚩 ၂။ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ရဲဘော်(၁၈၂)ဦး ပါဝင်သော သင်တန်းအမှတ်စဥ် -(၃) သင်တန်းဆင်းပွဲ ပြုလုပ်
🚩 ၃။ မိုင်းရယ်မြို့မှာ SSPP က အင်အားလျှော့ချနေပြီး စစ်ကောင်စီတပ်တွေ အင်အား အလုံးအရင်း ဖြည့်တင်း
🚩 ၄။ ပခုက္ကူမြို့နယ် နယ်မြေ(၂)အတွင်းရှိ ဆုတ်ခွာသွားသည့် စစ်ကောင်စီကာကင်းစခန်းတစ်ခုကို ဝင်ရောက်ရှင်းလင်း
🚩 ၅။ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလ ၇၄ နှစ်ပြည့် မွေးနေ့ ဆုတောင်းစကား NUG သမ္မတရုံးမှ ဆုမွန်ကောင်းတောင်း
စက်တင်ဘာလ ၉ရက်။
Radio NUG
စက်တင်ဘာလ ၉ရက်နေ့တွင် ကျရောက်တဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ၇၄ နှစ်ပြည့် မွေးနေ့ ဆုတောင်းစကား NUG သမ္မတရုံးမှ ဆုမွန်ကောင်းတောင်းထားပါတယ်။
သမ္မတကြီး ဒူဝါလရှီးလ၏ ၇၄ နှစ်ပြည့် မွေးနေ့မင်္ဂလာ အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်လာရေး ဆင်နွှဲလျက်ရှိသည့် လူထု နွေဦးတော်လှန်ရေး အောင်ပွဲရသည်အထိ ကျန်းမာစွာဖြင့် ဆက်လက် တာဝန် ထမ်းဆောင်နိုင်ပါစေကြောင်းလည်း ဆန္ဒမွန်ပြုပါကြောင်း၊
နောင်လာမည့် မွေးနေ့ရက်များကို စစ်အာဏာရှင်နှင့် အာဏာရှင်မျိုးစုံ အုပ်စိုးမှုလက်အောက်မှ ကင်းဝေးသော၊ လွတ်လပ် ငြိမ်းချမ်း သာယာဝပြောသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် မိသားစုဝင်များ၊ ပြည်သူလူထုများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေကြောင်း လေးနက်စွာ ဆုမွန်ကောင်း တောင်းလိုက်ပါသည်ဟု ဖော်ပြထားပါတယ်။
========================
📌📌 ၂။ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိူင်ငံမှာ အကြမ်းဖက်မှုတွေသာ ပိုတိုးနေပြီး ဒါကို အဆုံးသတ်နိုင်ဖို့လိုအပ်တယ်လို့ IIMMအကြီးအကဲ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းပြောကြား
စက်တင်ဘာလ ၉ရက်။
Radio NUG
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိူင်ငံမှာ အကြမ်းဖက်မှုတွေသာ ပိုတိုးနေပြီး ဒါကို အဆုံးသတ်နိုင်ဖို့လိုအပ်တယ်လို့ IIMMအကြီးအကဲ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၇ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအကြီးအကဲ Mr. Nicholas Koumjianကပြောပါတယ်။
"စစ်တပ်က အာဏာသိမ်းခဲ့တာ သုံးနှစ်ခွဲကြာခဲ့ပါပြီ။ ဒါပေမဲ့လည်း အကြမ်းဖက်မှုတွေသာ ပိုတိုးနေပါတယ်။ မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်နေကြပြီး အိမ်နီးချင်းနိုင်ငံတွေလည်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြသူတွေရဲ့ ဝန်ကို ထမ်းပိုးနေရပါတယ်။ ရှင်းရှင်းပြောရရင် စကားလုံးတွေသက်သက်က မလုံလောက်ပါ။ အဖွဲ့ဝင်နိုင်ငံအားလုံး၊ အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်းနေတဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ အားထုတ်မှုတွေကို ပံ့ပိုးပေးဖို့၊ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးသံသရာကို အဆုံးသတ်နိုင်ဖို့အတွက် အကူအညီပေးဖို့ လိုအပ်နေပါတယ်"လို့ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့ စစ်ရေးအရှိန် မြင့်တက်နေပြီး၊ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားထောင်နဲ့ချီကာ ထိခိုက်လျက်ရှိတယ်လို့ Mr. Nicholas Koumjianက အစီရင်ခံတင်သွင်းပြောပါတယ်။
========================
📌📌 ၃။ East-West Center က ဒေါက်တာမီမီဝင်းဘတ်ကို မြန်မာ့အရေးစွမ်းဆောင်မှုအသိအမှတ်ပြုဆု ပေးအပ်
စက်တင်ဘာလ ၉ရက်။
Radio NUG
စက်တင်ဘာ ၈ ရက်က ဟာဝိုင်အီမှာပြုလုပ်ခဲ့တဲ့ Town Hall Meeting တွင် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီအခြေစိုက် East-West Center က မြန်မာ့ဒီမိုကရေစီအရေးမှာ တက်ကြွစွာပါဝင်နေတဲ့ ဒေါက်တာမီမီဝင်းဘတ်ကို မြန်မာ့အရေးစွမ်းဆောင်မှုအသိအမှတ်ပြုဆု ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာတဝန်း ပြည်သူ့သံတမန်ဆက်ဆံရေးကဏ္ဍတွေမှာ ဦးစီးဦးဆောင် လုပ်ဆောင်နေတဲ့ East West Center အဖွဲ့ကြီးက ဆုချီးမြှင့်တာဟာ စစ်အာဏာရှင် တွန်းလှန်နေတဲ့ တော်လှန်ရေးတွက် နိုင်ငံတကာနဲ့ ပိုပြီးထိတွေ့ဆက်ဆံနိုင်မယ့် အခွင့်အလမ်းတွေ အားကောင်းသွားပါတယ်လို့ ဒေါက်တာမီမီဝင်းဘတ်က ပြောဆိုပါတယ်။
East West Center ဟာ အမေရိကန်ကွန်ဂရက်က ၁၉၆၀ ပြည့်နှစ်မှာ စတင်ထူထောင်ခဲ့တဲ့ ပညာရေးနဲ့ သုတေသနအဖွဲ့အစည်းဖြစ်ပြီး အရှေ့နဲ့ အနောက်အကြား ယဉ်ကျေးမှုနဲ့ နည်းပညာဆိုင်ရာဖလှယ်ရေး ဗဟိုဌာနလည်းဖြစ်ကာ အင်ဒို-ပစိဖိတ်ဒေသက ပြည်သူတွေနဲ့ နိုင်ငံတွေအကြားမှာ နားလည်မှုအားကောင်းဖို့အတွက် အမေရိကန်အစိုးရရဲ့ စစ်အေးခေတ် သံတမန်ရေးကြိုးပမ်းမှုမှာ East West Center က အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
East West Center က အသိအမှတ်ပြုဆုပေးအပ်တာနဲ့ တပြိုင်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုအခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့ကလည်း ဒေါက်တာမီမီဝင်းဘတ်ကို မြန်မာ့အရေးလှုပ်ရှားမှုတွေအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ဂုဏ်ရည်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ပြီး၊ တစ်ကမ္ဘာလုံးရှိ မြန်မာပြည်ဖွား တိုင်းရင်းသားတွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်တာကာ အများအကျိုးဆောင်တဲ့ မြန်မာနိုင်ငံသားတွေကို နှစ်စဉ် ဆုချီးမြှင့်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူမှာပြုလုပ်တဲ့ Town Hall Meeting ကို ဟာဝိုင်အီ၊ တက္ကဆက်၊ ဆန်ဖရန်စ္စကို၊ မယ်ရီလန်းပြည်နယ်ရောက် မြန်မာတွေနဲ့ စင်ကာပူက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ မသန်စွမ်းသူများနှင့် ကျန်းမာရေးကြောင့် ရိက္ခာဖြန့်ဝေရာသို့ မလာရောက်နိုင်သူများဆီသို့ လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှု ကော်တီအဖွဲ့မှ ရိက္ခာပစ္စည်းများ သွားရောက်ဖြန့်ဝေ
စက်တင်ဘာလ ၉ရက်။
RadioNUG
လားရှိုးမြို့နယ်တွင် ရပ်ကွက်အသီးသီးနှင့် ကျေးရွာများသို့ ရိက္ခာပစ္စည်းများ ဖြန့်ဝေမှု ပြီးဆုံးသော်လည်း မသန်စွမ်းသူများနှင့် ကျန်းမာရေးကြောင့် ရိက္ခာဖြန့်ဝေရာသို့ မလာရောက်နိုင်သူများဆီသို့ လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှု ကော်တီအဖွဲ့မှ ရိက္ခာပစ္စည်းများ သွားရောက်ဖြန့်ဝေခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၆ ရက်တွင် လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှု ကော်တီအဖွဲ့မှ ဆန်၊ ဆီနှင့် အခြားရိက္ခာပစ္စည်းများ သယ်ယူလာပြီး ဖြန့်ဖြူးရေး စခန်းများသို့ မသွားနိုင်ခဲ့ကြသော ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများကို တစ်အိမ်တက် တစ်အိမ်ဆင်း သွားရောက်၍ ရိက္ခာပစ္စည်းများ သွားရောက်ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။
ဆင်းရဲနွမ်းပါးမှုကြောင့် ထိရောက်သောကုသမှုကို မခံယူနိုင်တဲ့ လူနာများနှင့် သက်ကြီးရွယ်အိုများကို လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် ပုံမှန် လုပ်ငန်းများ ပြန်လည်စတင်နေပြီ ဖြစ်ပြီး လူနာများအား ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ကုသပေးရန် တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ မကွေးတိုင်းစစ်ရှောင်များကို ပုလဲမြို့နယ်မှ ကူညီထောက်ပံ့
စက်တင်ဘာလ ၉ရက်။
Radio NUG
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောမြို့ အပါအဝင် အနီးကျေးရွာ ၇ ရွာမှ ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာများအနီး လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် တိုက်ခိုက်လာသောကြောင့် လူဦးရေ ၁၃၀၀ ခန့် ပုလဲမြို့နယ်အတွင်းသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပြီး အဆိုပါ စစ်ဘေးရှောင်များအား တိုက်နယ် ၈အတွင်းရှိ ကျေးရွာပအဖ၊ ပကဖများ၊ တိုက်နယ် ၈ ပအဖ၊ ပကဖများမှ မြို့နယ်ပအဖ၊ ပကဖများကို သတင်းပို့ပြီး ဒေသခံဘုန်းတော်ကြီးများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပေါင်းကာ နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း၊ အစားအသောက်များ ကျွေးခြင်းများ စီမံဆောင်ရွက်ပေးခဲ့ကြကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုလဲမြို့နယ်မှ သတင်းထုတ်ပြန်ပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံမှ စက်တင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ဒေသခံ တိုက်နယ် ၈ ပအဖ၊ ပကဖများ တိုက်နယ်လူသားစာနာတာဝန်ခံများ၊ မြို့နယ်ပလဖ အဖွဲ့ဝင်များနှင့်အတူ စစ်ဘေးရှောင်များ ထားရှိသည့်နေရာများအား သွားရောက်ကြည့်ရှု့ပြီး စစ်ဘေးရှောင်ပြည်သူများအား အားပေးစကားများ ပြောကြားပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှုများ ပေးဖို့ အကောင်းဆုံး ဝိုင်းဝန်း ကြိုးစားပေးမည့်အကြောင်း ပြောကြားခြင်း၊ စစ်ကြီးအတွင်း တော်လှန်ရေးကာလအတွင်း အစစအရာရာ သတိမပေါ့ဘဲ စစ်ရေးသတိ၊ လေကြောင်းရန်သတိတို့ မပျက်နားစွန့်နေကြဖို့ရန် ပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ဒေသခံကူညီဆောင်ရွက်ပေးနေကြသော တိုက်နယ် ၈ ပအဖ၊ ပကဖများ စစ်ရှောင်များ စနစ်တကျ ကူညီဆောင်ရွက်ရန် ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ၎င်းကော်မတီထံသို့ မြို့နယ်လူသားစာနာရံပုံငွေထဲမှ ထောက်ပံ့ငွေ၊ ခရိုင်လူသားစာနာထံမှ ထောက်ပံ့ငွေများ၊ အလှုရှင်များမှ လှူဒါန်းငွေများ စုစုပေါင်း ၈၂ သိန်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ ထောင်အတွင်း မုဒိန်းကျင့်ခဲ့မှုအား ထိရောက်စွာ အရေးယူပေးရန် တောင်းဆို
စက်တင်ဘာလ ၉ရက်။
Radio NUG
အင်းစိန်အကျဉ်းထောင်တွင် ဩဂုတ်လ(၂၀)ရက်နေ့က မုဒိမ်းမှုဖြင့် အကျဥ်းကျနေသည့် ဇင်မျိုးကို(ခ)မျိုးကြီးသည် နိုင်ငံရေးအကျဉ်းသားတစ်ဦးအပေါ် အဓမ္မပြု(မုဒိမ်း)ကျင့်ခဲ့မှုအား ထိရောက်စွာ အရေးယူပေးရန် PPNM မှ တောင်းဆိုထားပါတယ်။
အင်းစိန်ထောင်အာဏာပိုင်များသည် အဆိုပါဖြစ်စဉ်အား သတင်းဖုံးထားခဲ့ပြီး ယခုလို သတင်းဖုံးထားခြင်းသည် မုဒိမ်းပြုကျင့်သူအား အကာအကွယ်ပေးထားခြင်းဟု PPNMအနေဖြင့် သတ်မှတ်ကြောင်း ဖော်ပြထားပါတယ်။
မုဒိမ်းမှု ကျူးလွန်ခဲ့သူ ဇင်မျိုးကို(ခ)မျိုးကြီး (ဘ)ဦးမျိုးမင်းဆွေအား ရာဇဝတ်ဥပဒေနှင့် အကျဉ်းထောင်ဥပဒေအရ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ထိရောက်စွာ ပြုရမည်ဖြစ်ကြောင်း၊
"ထောင်အတွင်း မုဒိမ်း ထိရောက်စွာ အရေးယူပေး"
"နိုင်ငံရေးအကျဉ်းသားတွေဟာ လိင်အသုံးချခံမဟုတ်"
"ထောင်ထဲက သူရဲကောင်းတွေကို ကာကွယ်ကြ"
"နိုင်ငံရေးအကျဉ်းသားများရဲ့ လိင်အခွင့်အရေးကို ထိပါးစော်ကားခွင့်မရှိ" စသည့် စာသားများဖြင့် တောင်းဆိုထားပါတယ်။
========================
📌📌 ၇။ သီတင်းတပတ်အတွင်း နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ (၅၀) ဝန်းကျင်ခန့် သေဆုံးခဲ့ရ
စက်တင်ဘာလ ၉ရက်။
Radio NUG
သီတင်းတပတ်အတွင်း နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ (၅၀)ဝန်းကျင်ခန့် သေဆုံးခဲ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့် သီတင်းတပတ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ မန်တုံ၊ နမ့်ခမ်းနှင့် နောင်ချိုမြို့နယ်တို့တွင်လည်းကောင်း၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်း၊ နွားထိုးကြီးနှင့် ကျောက်ပန်းတောင်း မြို့နယ်တို့တွင်လည်းကောင်း၊ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည် မြို့နယ်တို့တွင်လည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ (၅၀)ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး လူနေအဆောက်အအုံများစွာနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက် ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအများစုကို အင်အား ၁၈၀ ခန့်ပါရှိသော စစ်အုပ်စုနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ နောက်ဆုံးပတ်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာအတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စက်တင်ဘာလ ၆ ရက်နေ့အထိ နေအိမ် နှစ်ရာဝန်းကျင်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)က ဦးစီးပေးအပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ်(၈)သင်တန်းဆင်းပွဲ ပြုလုပ်
စက်တင်ဘာလ ၉ရက်။
Radio NUG
စက်တင်ဘာ(၈)ရက်နေ့ မနက်ပိုင်းတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)က ဦးစီးပြီး ပေးအပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ်(၈)သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ် ပြီးစီးခဲ့ကြောင်း PRF က သတင်းထုတ်ပြန်ပါတယ်။
ဒေသန္တရစစ်ရေးအခြေနေအရ သင်တန်းဆင်းပွဲအခမ်းအနားကို ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ ယာယီဌာနချုပ်မှာ အကျဉ်းချုပ်သာ ပြုလုပ်ခဲ့ပြီး သင်တန်းကာလဟာ အချိန် တစ်လခွဲခန့်ကြာမြင့်ခဲ့သလို သင်တန်းကာလ အခက်အခဲများကို ကျော်ဖြတ်ကာ တပ်သားသစ်ရဲဘော်(၃၆)ဦး သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခြေခံစစ်သင်တန်းမှာ အခြေခံ စစ်ရေးပြ၊ စစ်နည်းဗျူဟာ၊ စစ်ဗျူဟာ၊ မိုင်းသင်တန်း စတဲ့ သင်ခန်းစာများအပြင် တပ်ဦးရဲ့ လမ်းညွှန်နိုင်ငံရေးအတွေးခေါ် အခိုင်အမာတည်ဆောက်ရေးအတွက် တပ်တွင်းနိုင်ငံရေးသင်တန်းကိုပါ ထည့်သွင်း ပို့ချပေးအပ်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုစည်းရုံးရေးကော်မတီ၏ စစ်ဘက်ဆိုင်ရာနိုင်ငံရေးဌာနက ဦးဆောင်ကာ တပ်ဦးတပ်ဖွဲ့ဝင် ဖြစ်လာမယ့် ရဲဘော်များကို တပ်ဦးရဲ့ နိုင်ငံရေးကြေညာစာတမ်း၊ တပ်ဦးဖြတ်သန်းခဲ့သည့် သမိုင်းမှတ်တမ်း၊ ဒီမိုကရေစီဗဟိုဦးစီးချုပ်ကိုင်မှု-ဒီစီ၊ စစ်သုံးစစ်၊ အနုပဋိလောမ ပို့ချချက်၊ ငါတို့ရဲ့ တွေးခေါ်မျှော်မြင်ပုံစနစ် အစရှိတဲ့ တပ်ဦးက ကိုင်စွဲလျက်ရှိတဲ့ နိုင်ငံရေးသဘောတရားများအပါဝင် လက်တွေ့မြေပြင်နဲ့ ပေါင်းစပ်ကိုက်ညီတဲ့ လူထုစည်းရုံးရေးနည်းနာ နိုင်ငံရေးအတွေးအခေါ်လက်နက်ကိုပါ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင်ဆင်နွှဲသွားဖို့ ပြင်ဆင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့အတွက် လက်နက်ကိုင်တော်လှန်လိုသူ တပ်ဖွဲ့ဝင်သစ်များ ဝင်ရောက်လျှောက်ထားလိုပါက ပြည်သူ့တော်လှန်ရေးတပ်ဦး၏ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန Page Messagerနဲ့ Mail တို့မှတဆင့် ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ရဲဘော်(၁၈၂)ဦး ပါဝင်သော သင်တန်းအမှတ်စဥ် -(၃) သင်တန်းဆင်းပွဲ ပြုလုပ်
စက်တင်ဘာလ ၉ရက်။
Radio NUG
ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ရဲဘော် (၁၈၂)ဦးပါဝင်သော သင်တန်းအမှတ်စဥ် - (၃)ကို (၂)လခွဲတိတိ သင်တန်ပေးခဲ့ပြီး စက်တင်ဘာ ၇ရက်နေ့တွင် ဒေသတွင်း တစ်နေရာမှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း မြိုင် ပကဖမှ သတင်းထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲသို့ မြိုင် ပကဖတာဝန်ခံနှင့် ပေါက်အုပ်ချုပ်ရေး၊ ကာကွယ်ရေးတာဝန်ခံ၊ ကမ္မတပ်ပေါင်းစု တာဝန်ခံများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
မြိုင်ပကဖတာဝန်ခံ ကိုလက်ယာမှ သင်တန်းသားများကို ရဲဘော်များအား သစ္စာဓိဌာန်နှင့်အညီ ကျင့်ကြံနေထိုင်သွားရန်နှင့် စိတ်ဓာတ်၊ စည်းကမ်း၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးများကို တပ်ဖွဲ့ဝင် တစ်ဦးချင်းစီအလိုက် အမြဲသိရှိနေစေရန် အမှာစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပေါက်အုပ်ချုပ်ရေး/ကာကွယ်ရေးတာဝန်ခံ ကိုယ်စား ဗိုလ်လရောင်မှလည်း ပြည်သူလူထု အားကိုးတန်ဖိုးထားရသည့် ရဲဘော်များဖြစ်အောင် နေထိုင်သွားရန်နှင့် တိုက်ခိုက်ရေးစွမ်းရည် မြင့်မားနေစေရန် ၊ အနီးကပ်အုပ်ချုပ်ရသည့် ခေါင်းဆောင်များမှ အမြဲလေ့ကျင့်ပေးနေရန် လိုအပ်မည်ဖြစ်ပြီး ကိုယ်စီအခက်အခဲနှင့် ကျန်းမာရေးကိစ္စများကို နေ့စဥ်သတင်းပို့စနစ်ဖြင့် အဆင့်ဆင့် တင်ပြသွားကြရန် ပြောကြားခဲ့ပါတယ်။
သင်တန်းကျောင်းအုပ်ကြီး ဆရာကျောင်းမှ အခြေခံစစ်ပညာ လေ့ကျင့်သင်ကြားရေးကာလတွင် ပင်ပန်းဆင်းရဲခြင်းကို ညည်းညူခြင်းမရှိ စိတ်ဓာတ်ခွန်အား စည်းကမ်းကောင်းမွန်စွာဖြင့် လိုက်နာဆောင်ရွက်ပေးခဲ့ကြသော ရဲဘော်အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အနာဂတ်အတွက် စစ်ကောင်စီအား တော်လှန်ရာတွင် ရဲဘော်ကောင်းများ ဖြစ်စေရန် ကိုယ်စီအသိတရားရှိစွာဖြင့် ထိုးထွင်းကြံဆ လုပ်ဆောင်စေလိုကြောင်း မှာကြားထားခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းသားရဲဘော်များမှ စစ်ကြောင်းပုံဖြင့် ခေါင်းဆောင်အသီးသီးအား ချီတက်အလေးပြုခြင်း၊ အမှာစကားများ ပြောကြားခြင်း၊ အလံကိုင် သစ္စာဆိုခြင်း၊ သွေးသစ္စာသီချင်း သီဆိုကာ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ မိုင်းရယ်မြို့မှာ SSPP က အင်အားလျှော့ချနေပြီး စစ်ကောင်စီတပ်တွေ အင်အား အလုံးအရင်း ဖြည့်တင်း
စက်တင်ဘာလ ၉ရက်။
Radio NUG
အကြမ်းဖက်စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ယာယီ အခြေစိုက်ထားတဲ့ မိုင်းရယ်မြို့ထဲ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA က အင်အား တစ်ဖြည်းဖြည်းလျှော့ချနေပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ဖြည်တင်းနေတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၄ ရက်က မြို့ပေါ်ကနေ SSPP ကား အစီး ၂ဝ လောက်နဲ့ အများကြီး ပြန်ထွက်သွားကြနောက် အဲနေ့မှာပဲ အကြမ်းဖက်စစ်သားတွေလည်း ကျေးသီးလမ်းကနေ အများကြီး ပြန်ဝင်လာကြကာ မြို့ခံတွေကတော့ အကြမ်းဖက်စစ်တပ်က ရမခဌာနချုပ်ထားတာ မကြိုက်ကြသလို သူတို့လာမှ ပိုဆိုးလာနိုင်တယ်တယ်လို့ မြို့ခံတွေက ပြောဆိုထားပါတယ်။
မိုင်းရယ်တပ်စခန်းတွေထဲ တပ်မိသားစုဝင်တွေ မရှိကြတော့ဘဲ နေ့တိုင်း စစ်သားတွေ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၉ ရက်ကလည်း စစ်တပ်ဘက်က အင်အား အလုံးအရင်း လာဖြည့်တင်းနေတဲ့အတွက် မြို့ခံတွေ စိုးရိမ်ကြကာ ပစ္စည်းတွေ သိမ်းနေကြပြီး ဆိုင်အချို့လည်း ပိတ်ထားတယ်လို့ သိရပါတယ်။
၂ဝ၂၃ အောက်တိုဘာ ၆ ရက်ကတည်းက မိုင်းရယ်မြို့နယ်ထဲက မိုင်းဟ ပြည်သူ့စစ်နယ်မြေထဲ ကိုးကန့်နဲ့ "ဝ"ဒေသကနေ ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ တရုတ်ငွေလိမ်ဂိုဏ်း (ကျားဖြန်)တွေလည်း မိုင်းဟအုပ်စု နမ့်အွန်ရွာက ၂ နေရာနဲ့ မန်ကြူအုပ်စုက ၃ နေရာမှာ နေရာအသစ်တွေ ရှင်းပြီး ပြန်နေထိုင်ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ပခုက္ကူမြို့နယ် နယ်မြေ(၂)အတွင်းရှိ ဆုတ်ခွာသွားသည့် စစ်ကောင်စီကာကင်းစခန်းတစ်ခုကို ဝင်ရောက်ရှင်းလင်း
စက်တင်ဘာလ ၉ရက်။
Radio NUG
စက်တင်ဘာလ ၉ရက်နေ့ မနက်တွင် ပခုက္ကူမြို့နယ် နယ်မြေ(၂)အတွင်းရှိ ဆုတ်ခွာသွားသည့် စစ်ကောင်စီကာကင်းစခန်းတစ်ခုကို မြိုင် ပကဖနှင့် ဒေသတွင်းကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဧရာဒေါင်းအဖွဲ့၊ KMRFအဖွဲ့တို့နှင့် ပူးပေါင်း၍ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း ကမ္မတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ပါတယ်။
ဆုတ်ခွာသွားသည့် ပခုက္ကူ-မင်းတပ်လမ်းမကြီး၏ နံဘေး(ညောင်ပင်လှ စခန်းလမ်းခွဲ)ရှိ ကာကင်းစခန်းသည် ၂၀၂၄ခုနှစ် မတ်လတွင် ကန်တော်၊ ဖလံအို ကာကင်းစခန်းများနှင့်အတူ နေရာယူအထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီစခန်းတစ်ခုဖြစ်ပြီး ညောင်ဂျစ်ပင်ပျူစခန်းတွင် ပူးပေါင်းခံစစ်ပြင်သည့် အနေအထားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
စက်တင်ဘာလ ၉ရက်။
RadioNUG
စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရပါတယ်။
ဗုံးများ ကြဲချခဲ့သည့်အပြင် လေယာဉ်ပေါ်မှ ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့ရာ အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာသည် KNU အုပ်ချုပ်မှုအောက်အတွင်း ရောက်ရှိနေသော ကျေးရွာတစ်ခုဖြစ်ပြီး လက်နက်ကိုင်များ တပ်စွဲခြင်းမရှိတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment