၂၀၂၄ စက်တင်ဘာလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန် မှစတင်၍ ကလေးငယ်များ အပါအဝင် မြန်မာပြည်သူများအပေါ် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကိုအကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တယ်လို့ဆို
📌 ၂။ မြန်မာအရေးကိုကူညီဖြေရှင်းလိုပါကတရုတ်နိူင်ငံအပါအဝင်နိူင်ငံတကာအနေနဲ့ လက်ရှိအခြေအနေနဲ့မြန်မာပြည်သူလူထုသဘောထားကိုထည့်သွင်းစဥ်းစားဖို့လိုအပ်တယ်လို့ဆို
📌 ၃။ ရန်ကုန်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ အသွင်ယူကာ ဗီဒီယို၊ စာအတုတွေနဲ့ ဆက်ကြေးများလိမ်လည်တောင်းခံနေ
📌 ၄။ မေမြို့၊ မန္တလေးကျပြီဆိုတာနဲ့ တပြည်လုံးကျဖို့ (၉၀) ရာခိုင်နှုန်း လောက်သေချာသွားပြီလို့ဆို
📌 ၅။ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ပုလဲမြို့နယ် စစ်ရှောင်စခန်း၁ခုအားဆေးဝါးနှင့် မိုးကာအင်္ကျီ များလှူဒါန်း
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မန္တလေး နန်းတွင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုမှာ ဒုချုပ်စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ အပါအဝင် ၇ ဦးသေဆုံးလို့ BWM ထပ်မံအသိပေး
🚩 ၂။ TNLA သိမ်းထားတဲ့ မန်တုံမြို့ကို စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ဒေသခံတဦး ဒဏ်ရာရ
🚩 ၃။ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က မင်းလှမြို့နယ်မှာရှိတဲ့ ဘုရားစိန်ဖူးတော်တွေ ခိုးယူသွား တယ်လို့ ဒေသခံတွေပြော
🚩 ၄။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တိုက်ပွဲဖြစ်ပွားနေပြီး မြို့မဘုန်းကြီးကျောင်းထဲအရပ်သားထောင်နှင့်ချီပိတ်မိနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန် မှစတင်၍ ကလေးငယ်များ အပါအဝင် မြန်မာပြည်သူများအပေါ် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကိုအကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တယ်လို့ဆို
စက်တင်ဘာ၄ရက်
မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန် မှစတင်၍ ကလေးငယ်များ အပါအဝင် မြန်မာပြည်သူများအပေါ် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကိုအကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့တယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။
Executive Board of the United Nations Childrens Fund ၏ ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။
"စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန် မှစတင်၍ ကလေးငယ်များ အပါအဝင် မြန်မာပြည်သူများအပေါ် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ မြေပြင်တိုက်ပွဲများတွင် ဆက်တိုက် ရှုံးနိမ့်နေခြင်းနှင့် တပ်သာများ ဆုံးရှုံးနေခြင်း တို့ကြောင့် စစ်တပ်သည် အတင်းအကြပ် စစ်သားစုဆောင်းမှုကို လုပ်ဆောင်လျက်ရှိ ကြောင်း၊ ယင်းမှာ ရှိရင်းစွဲ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော နေရပ်စွန့်ခွာမှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်ချက်တို့ကို သာ၍ ဆိုးရွားစေပြီး ပြည်သူများ ကြုံတွေ့နေသည့် အကျပ်အတည်းအပေါ် ဒုက္ခဆင့်ကဲတိုးပွားစေကြောင်း"သံအမတ်ကြီးကပြောပါတယ်။
UNICEF ၏ ထုတ်ပြန်ချက်အရ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေ သော ဒုက္ခသည် ၁၈.၆ သန်းအနက် ၆ သန်းမှာ ကလေးငယ်များဖြစ်ကြောင်းသိရပါတယ်။
========================
📌📌 ၂။ မြန်မာအရေးကိုကူညီဖြေရှင်းလိုပါကတရုတ်နိူင်ငံအပါအဝင်နိူင်ငံတကာအနေနဲ့ လက်ရှိအခြေအနေနဲ့မြန်မာပြည်သူလူထုသဘောထားကိုထည့်သွင်းစဥ်းစားဖို့လိုအပ်တယ်လို့ဆို
စက်တင်ဘာ၄ရက်
မြန်မာအရေးကိုကူညီဖြေရှင်းလိုပါကတရုတ်နိူင်ငံအပါအဝင်နိူင်ငံတကာအနေနဲ့ လက်ရှိအခြေအနေနဲ့မြန်မာပြည်သူလူထုသဘောထားကိုထည့်သွင်းစဥ်းစားဖို့လိုအပ်တယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စက်တက်ဘာ၄ရက်မှာ Radio NUGကိုဖြေကြားထားပါတယ်။
((((ဦးနေဘုန်းလတ်-ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ))))
လက်ရှိမှာ တရုတ်နိူင်ငံဟာ မြန်မာနိူင်ငံတည်ငြိမ်အေးချမ်းရေးကိုလိုလားကြောင်းပြောကြားထားပြီး မြန်မာအရေးကိုကူညီလိုတယ်လို့ထုတ်ဖော်ပြောကြားထားပါတယ်။
========================
📌📌 ၃။ ရန်ကုန်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ အသွင်ယူကာ ဗီဒီယို၊ စာအတုတွေနဲ့ ဆက်ကြေးများလိမ်လည်တောင်းခံနေ
စက်တင်ဘာ၄ရက်
ရန်ကုန်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-၁ အမည်ကို အလွဲသုံးစားလုပ်ကာ စာအတုတွေနဲ့ ဗီဒီယိုအတုတွေဖြန်ချီကာ ပြည်သူ လူထုထံကနေ ဆက်ကြေးငွေ လိမ်လည်တောင်းခံနေတယ်လို့ ပကဖ အရင်းအမြစ်တွေက ပြောပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ အမည်ခံကိုအလွဲသုံးစားလုပ်ကာ လိမ်လည်ဆက်ကြေးကောက်နေသူတွေက သူတို့အနေနဲ့ တောထဲဝင်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မိဘပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေဆီကနေ ဆက်ကြေးမတောင်း ခဲ့ဘူးပေမယ့် အခု ငါတို့မြို့ ငါတို့ပြန်သိမ်းမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ငန်းရှင်တွေဆီကနေ ဆက်ကြေးတောင်းယူလိုပါတယ် ဆိုပြီး စာထုတ်တောင်းခ့နေတာပဲဖြစ်ပါတယ်။
အလှူခံနေမယ်ဆိုရင် အချိန်တွေနှောင့်နှေးပြီး လက်တကမ်းသာကွာဝေးတော့တဲ့ ပန်းတိုင်နဲ့ဝေးနေဦးမှာဖြစ်တာကြောင့် ဆက်ကြေးတောင်းရတာလို့ လိမ်လည်သူတွေရဲ့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
အခုလို ဆက်ကြေးတောင်းတဲ့ပစ်စာကို အဖက်မလုပ်တာ စစ်ကောင်စီအားကိုးနဲ့ မထိမဲ့မြင်လုပ်မယ်ဆိုရင် မြို့ပြ ပြောက်ကျားတပ်ခွဲတွေက လူကြီးမင်းတို့ကို အေးဆေးစွာနေထိုင်ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ပြောဆိုထား ပါသေးတယ်။
စာအတုထုတ်ပြီး လိမ်လည်နေသူတွေက မှတ်ချက်အနေနဲ့ ဆက်ကြေးငွေကို ကျပ် ၁ဝ သိန်း သတ်မှတ်ထားပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ အောက်ကဇုန် ၁ ဇုန် ၂ နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တာဝန်ခံတို့ရဲ့ လက်မှတ်တွေကို အသုံးပြုထား တာတွေ့ရပါတယ်။
ပကဖနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကနေ ပြည်သူလူထုအပေါ် အခုလို ငွေကြေးတောင်းခံတဲ့ လုပ်ရပ်တွေ လုံးဝ မရှိဘဲ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ပကဖလုပ်ငန်းလမ်းညွှန် စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီသာ ကျင့်သုံးလိုက်နာ လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အခုလို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အမည်တွေကို အလွဲသုံးစားလုပ်ပြီး ငွေကြေးကောက်ခံနေတာတွေဟာ ပြည်သူ လူထုနဲ့တော်လှန်ရေးအဖွဲ့တွေကြား အထင်အမြင်လွဲအောင်လုပ်ဆောင်လာတဲ့ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အသိ သတိရှိကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးတိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ မေမြို့၊ မန္တလေးကျပြီဆိုတာနဲ့ တပြည်လုံးကျဖို့ (၉၀) ရာခိုင်နှုန်း လောက်သေချာသွားပြီလို့ဆို
စက်တင်ဘာ၄ရက်
မေမြို့၊ မန္တလေးကျပြီဆိုတာနဲ့ တပြည်လုံးကျဖို့ (၉၀) ရာခိုင်နှုန်း လောက်သေချာသွားပြီလို့ စက်တင်ဘာ၄ရက်မှာ စစ်ရေးသုံးသပ်ချက်များဖော်ပြတဲ့ PDFInsightက သုံးသပ်ထားပါတယ်။
၁၀၂၇ ဒုတိယအကြော့ဆိုတာဟာ မန္တလေး၊ ရွှေဘို၊ မတ္တရာ၊ ဓနု စတဲ့ PDF တွေနဲ့ အခြားသော မြေပြန့် PDF တွေပါဝင်လာကြတဲ့ ရှမ်းမန်း စစ်ဆင်ရေးဆိုတာဖြစ်လာပါတယ်။ အခုဆိုရင်ဒီစစ်ဆင်ရေးဟာ မူဆယ်ကနေ နောင်ချိုလောက်အထိ လမ်းကြောကြီးတခုလုံးကို သိမ်းပိုက်နိုင်ပြီး မေမြို့၊ မန္တလေးမြို့ အထိခြိမ်းခြောက်လာတဲ့အခါမှာတော့ တရုတ်ဘက်က အကြီးအကျယ်ပူပန်လာတော့တာပါပဲ။အကြောင်းကတော့ မေမြို့၊ မန္တလေးကျပြီဆိုတာနဲ့ တပြည်လုံးကျဖို့ (၉၀) ရာခိုင်နှုန်း လောက်သေချာသွားလို့ပါပဲလို့ဖော်ပြပါတယ်။
လက်ရှိ မြန်မာ့အရေးမှာ စိန်ခေါ်မှုအသစ်တွေ ရှိလာနေတာတွေ့ရပေမယ့် မြန်မာ့နွေဦးတော်လှန်ရေးဟာ အောင်မြင်သွားနိုင်တဲ့ အဆင့်တခုကိုရောက်နေပြီလို့PDFInsightကဖော်ပြပါတယ်။
========================
📌📌 ၅။ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ပုလဲမြို့နယ် စစ်ရှောင်စခန်း၁ခုအားဆေးဝါးနှင့် မိုးကာအင်္ကျီ များလှူဒါန်း
စက်တင်ဘာ၄ရက်
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ပုလဲမြို့နယ် စစ်ရှောင်စခန်း၁ခုအားဆေးဝါးနှင့် မိုးကာအင်္ကျီ များလှူဒါန်းခဲ့တယ်လို့စက်တင်ဘာ၄ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကအသိပေးဆိုပါတယ်။
ပုလဲမြို့နယ် တောင်ပေါ်ဒေသတစ်နေရာစစ်ရှောင်ပြည်သူများအတွက် ဆေးပစ္စည်းများနှင့်ကလေးငယ် ၆၆ဦးအတွက် မိုးကာအင်္ကျီများလှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။
စုစုပေါင်းကုန်ကျငွေတန်ဖိုး ၁၄သိန်းကျော် ကုန်ကျခဲ့တယ်လို့သိရပါတယ်။
အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဟာအညာဒေသစစ်ရှောင်များကို နေ့စဥ်ထောက်ပံ့ကူညီပေးလျက်ရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မန္တလေး နန်းတွင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုမှာ ဒုချုပ်စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ အပါအဝင် ၇ ဦးသေဆုံးလို့ BWM ထပ်မံအသိပေး
စက်တင်ဘာ၄ရက်
မန္တလေးမြို့တော် နန်းမြို့တွင်းမှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကိုထိမှန်ပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ အပါအ၀င် ၇ ဦး သေဆုံးသွားတယ်လို့ Brave Warriors for Myanmar -BWM က ဒီနေ့ စက်တင်ဘာ ၄ ရက်မှာ ထပ်မံပြီး သတင်းထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာလ-၃ ရက် မနက်အစောပိုင်းက မန္တလေးနန်းတွင်းမှာရှိတဲ့ လပခ ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိ နေချိန်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၇ လုံး အောင်မြင်တယ်လို့ ဆိုပါတယ်။
နန်းတွင်းက ရှေ့တန်းအခြေချ ဆေးသိုလှောင်ရေးတပ် ရဆလ-၁ ကို ရှော့ဒုံးတလုံး၊ စစ်မြေပြင်ဆေးတပ်ရင်း မဆလ -၁ ကို တလုံး၊ အမှတ်-၁ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းကို တလုံး၊ လပခ တိုင်းရုံးကို ၂ လုံးနဲ့ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ် ထပရ - ၁၂၁ ကို ၂ လုံး ထိမှန်တယ်လို့ အသိပေးထားပါတယ်။
ရှော့တိုက်ဒုံးထိမှန်တာကြောင့် လပခ တိုင်းရုံး၊ စစ်ဆေးရုံနဲ့ စစ်မြေပြင်ဆေးတပ်ရင်း၊ စည်းရုံးရေး သင်တန်းကျောင်းတို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ဦး ဒဏ်ရာရမှာ အဲ့ဒီထဲက ဒုချုပ်စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အဆင့်ရှိသူနဲ့ အရာရှိအဆင့်တွေအပါအဝင် ၇ ဦး သေသွားတယ်လို့ BWM က ပြောပါတယ်။
လပခထဲ ကျရောက်ပေါက်ကွဲတဲ့ ရှော့တိုက်ဒုံး ၂ လုံးဟာ ဒုချုပ် စိုးဝင်း အိပ်တဲ့နေရာနဲ့ မီတာ ၄၀ အကွာမှာ ပေါက်ကွဲခဲ့တဲ့ အတွက် ဒုချုပ် စိုးဝင်းဟာ လပခ ကနေ နေပြည်တော်သို့ မနကက် ၄ နာရီ ၄၅ မိနစ်မှာ လေယာဉ်နဲ့ ထွက်ပြေးသွားတယ်လို့ ကြားသိရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ စစ်တိုင်းရုံးထဲက စစ်ကောင်စီနဲ့ တရုတ်တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အကြီးစား Drone Centre တခု ထိခိုက် ပျက်စီး သွားတယ်လို့လည်း BWM က ဆိုပါတယ်။
စိုးဝင်းဟာ လပခ မှာ အထိုင်ချပြီး တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲ ခုခံဖို့နဲ့ ရှမ်းမြောက်ကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို BWM ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့က လုပ်ဆောင်ခဲ့တာတာဖြစ်ပြီး ရှော့ဒုံးတွေ ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့ ရဲဘော်တွေအားလုံး သက်ဆိုင်ရာဌာနေအသီးသီးကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်လည်ရောက်ရှိနေပြီလို့လည်း စိတ်ပူနေ ကြမယ့် ပြည်သူလူထုကို အသိပေးထားပါတယ်။
စစ်အုပ်စုဘက်ကတော့ နန်းတွင်း လပခထဲက စစ်ခစန်းတွေ ရှော့ဒုံးထိမှန်တာမရှိဘူးလို့ ငြင်းဆိုထားပြီး နန်းမြို့ရိုးအပြင် ဘက်က စစ်စခန်းတွေ၊ စစ်တပ်ဂိတ်အနီးက လူနေရပ်ကွက်ထဲသာ ကျရောက်တယ်လို့ သတင်းဖြန့်ထားပါတယ်။
========================
🚩🚩 ၂။ TNLA သိမ်းထားတဲ့ မန်တုံမြို့ကို စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ဒေသခံတဦး ဒဏ်ရာရ
စက်တင်ဘာ၄ရက်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကတည်းက သိမ်းပိုက်ထားတဲ့ တအာင်းဒေသ မန်တုံမြို့ကို စစ်ကောင်စီက မနေ့ စက်တင်ဘာ ၃ ရက်ညပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့-TWO က ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ည ၁၁ နာရီခန့်အချိန်မှာ တိုက်လေယာဉ်နဲ့ ပေါင် ၃ဝဝ ဗုံးတွေ ၂ ကြိမ် ကြဲချခဲ့ရာ မန်တုံမြို့နယ် အောင်ချမ်းသာရပ်ကွက်၊ မြို့မတံတားအနီးက လက်ဖက်အချိုခြောက်စက်ရုံ ခလရ-၁၃၀ တပ်စခန်းကုန်းအတက်တို့မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လက်ဖက်စက်ရုံက အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူရှိတဲ့အပြင် လက်ဖက်စစ်ရုံနဲ့ အိမ် ၅ လုံး ပျက်စီးသွားတယ်လို့လည်း မန်တုံဒေသခံ တဦးက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဖက်စက်ရုံထိခိုက်ပျက်စီးမှုများတယ်လို့ TWO ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါဟာ TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကို စစ်ကောင်စီက အကြမ်းဖက်အုပ်စုအဖြစ်ကြေညာပြီး နောက်တရက်မှာပဲ TNLA ထိန်းချုပ်ထားတဲ့မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ မန်တုံအပါအဝင် မြို့ ၇ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အခုနှစ် ဇွန်လ ၂၅ ရက် မှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးဒုတိပိုင်းမှာ နောင်ချို၊မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။
စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်တိုင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက် နေတာကြောင့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့နယ်တို့က အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံး ခဲ့သလို တိုက်ပွဲဖြစ်တာမရှိတဲ့ နမ့်ဆန်၊ ကွတ်ခိုင်နဲ့ မန်တုံမြို့တို့ကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ဒေသခံ လူထုအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက တိုက်တွန်းထားပါတယ်။
မန်တုံမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ TNLA ရဲ့ အုပ်ချုပ်ရေးလည်ပတ်နေတဲ့ မြို့တမြို့လို့ သိရပါတယ်။
========================
🚩🚩 ၃။ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က မင်းလှမြို့နယ်မှာရှိတဲ့ ဘုရားစိန်ဖူးတော်တွေ ခိုးယူသွား တယ်လို့ ဒေသခံတွေပြော
စက်တင်ဘာ၄ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် မင်းလှမြို့နယ်အတွင်းက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာ စေတီ ၂ ဆူက စိန်ဖူးတော်တွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ ဒီအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဩဂုတ်လ ၃ဝ ရက်နေ့ညပိုင်းမှာ စိန်ဖူးတော်တွေကို ခိုးယူသွားတာလို့ ဆိုပါတယ်။
မင်းလှမြို့နယ် ဦးတိုကညင်ပင်အုပ်စု ဦးတိုမြန်မာစုကျေးရွာက နေလကျောင်းတိုက်အတွင်းမှာရှိတဲ့ ရွှေပြည်အေး အောင်တော်မူ စေတီတော်ကြီးက ဘုရားစိန်ဖူးတော်ကို ဩဂုတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီခန့်မှာ ခိုးယူသွားတယ်လို့ ပြောပါတယ်။
ညပိုင်းတွေမှာ ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် ရွာသားတွေအပြင်မထွက်တဲ့အချိန် ည ၁၁ နာရီခန့်မှာ သေနတ်တွေနဲ့ ခြိမ်းခြောက်ပစ်ခတ်ပြီး ခိုးယူကာ ကားနဲ့ ပြန်ထွက်သွားကြတာလို့လည်း အသိပေးပါတယ်။
စိန်ဖူးတော် ခိုးယူခံရတဲ့ ရွှေပြည်အေးအောင်တော်မူစေတီတော်ဟာ စစ်ကောင်စီတပ်သားတွေ သွားလာမှုများတဲ့ ဦးတို-စမ်းဘုတ် ကားလမ်းဘေးမှာ တည်ရှိပြီး စိန်ဖူးတော်ရဲ့ ကာလတန်ဖိုးဟာ ကျပ်သိန်း ၄၀၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်။
ထို့အတူ မင်းလှမြို့နယ် စာနီစုအုပ်စု တာကလေးကျေးရွာက ဘုန်းကြီးကျောင်းအတွင်းမှာရှိတဲ့ စေတီတော်က စိန်ဖူးတော် လည်း ဩဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီခန့်မှာပဲ စစ်ကောင်စီတပ်ဖွဲ့က ခိုးယူသွားတယ်လို့ ဒေသခံတွေရဲ့အဆိုကို ကိုးကားပြီး Tharyarwaddy 8 City သတင်းဌာနက ဖော်ပြထားပါတယ်။
လူငယ်တွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကားတစီး ရန်ကုန်-ပြည်လမ်းဘေးမှာထိုးရပ်ပြီး ဘုရားစိန်ဖူးတော်ကို ခိုးယူသွားကြ တာလို့ ဆိုပါတယ်။
စစ်သားတွေဆင်းလာချိန်မှာ ခွေးဟောင်သံတွေကြားရပြီး သေနတ်ပစ်ခတ်သံကြောင့် ခွေးတွေငြိမ်သွားပြီး ခဏအကြာမှာ ကားနဲ့ ပြန်ထွက်သွားကြတာလို့လည်း အသိပေးထားပါတယ်။
စိန်ဖူးတော်ခိုးယူခံရတဲ့ စေတီတော်တည်ရှိရာ ဘုန်းကြီးကျောင်းဟာ တာကလေးကျေးရွာတောင်ဘက်အစွန် ရန်ကုန်-ပြည် ကားလမ်းအနောက်ဘက် လမ်းဘေးမှာတည်ရှိပြီး အခိုးခံရတဲ့စိန်ဖူးတော်ရဲ့ကာလတန်ဖိုးဟာ ကျပ်သိန်း ၂၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။
လူငယ်တွေကို နေ့ရောညပါ ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘုရားစိန်ဖူးတော်တွေကို လိုက်လံခိုးယူနေ တာကြောင့် မင်းလှမြို့နယ်အတွင်းမှာရှိတဲ့ ဘုရားစေတီတွေက စိန်ဖူးတော်တွေ ထပ်မံအခိုးမခံရအောင် သတိထားကြဖို့ ဒေသတွင်းမှာရှိတဲ့ သံဃာတော်တွေက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တိုက်ပွဲဖြစ်ပွားနေပြီး မြို့မဘုန်းကြီးကျောင်းထဲအရပ်သားထောင်နှင့်ချီပိတ်မိနေ
စက်တင်ဘာ၄ရက်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တိုက်ပွဲဖြစ်ပွားနေပြီး မြို့မဘုန်းကြီးကျောင်းထဲအရပ်သားထောင်နှင့်ချီပိတ်မိနေတယ်လို့ စက်တင်ဘာ၄ရက်မှာ အင်းတော်IR Teamက အတည်ပြုဆိုထားပါတယ်။
"ကျွန်တော်တို့ကြားတာတော့ ၂၀၀ကျော်လောက်ပဲကြားထားတာ အခုက တထောင်လောက်ကြီးဆိုတော့ အရမ်းများတာပေါ့။ပိတ်မိနေတဲ့ ပြည်သူတွေ ဘေးကင်းကြပါစေ"လို့ဆိုထားပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့ကစလို့အင်းတော်မြို့မှာနှစ်ဘက်တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲအတွင်းပိတ်မိနေတဲ့အရပ်သားများဟာ မြို့မဘုန်းကြီးကျောင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး အရပ်သားတထောင်နီးပါးပိတ်မိနေတယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment