၂၀၂၄ စက်တင်ဘာလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်သူလူထုတစ်ရပ်လုံးအား လူသားဒိုင်းသဖွယ် အသုံးချရန် ကြိုးစားသော လုပ်ရပ်ကို ခုခံတော်လှန်ရန်နှင့် ကမ္ဘာအရပ်ရပ်က နိုင်ငံများ ပြည်သူ့နွေဦးတော်လှန်ရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် NUG တိုက်တွန်း
📌 ၂။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ
📌 ၃။ ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို အိမ်နီးနားချင်းနိုင်ငံတွေအပါအဝင် နိုင်ငံအားလုံးက လေးစားပေးဖို့ အင်မတန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသတင်းစကားပါးဆို
📌 ၄။ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၀င်တွေကို ပဋိပက္ခနှင့်ငြိမ်းချမ်းရေးပညာရပ်များအား သြစတြေးလျNUG ကိုယ်စားလှယ်မျှဝေသင်ကြား
📌 ၅။ ညီနောင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာဟာ TNLA အပေါ် သက်ရောက်မှု မရှိဘူးလို့ TNLA တုန့်ပြန်၊ TNLAကို တရုတ်ခေါ်တွေ့
📌 ၆။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ 'Payap University' မှာ"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ပြသမယ်
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တပ်ဖွဲ့ဝင် ရဲဘော်များအပြင် စစ်ဘေးရှောင်ပြည်သူများ၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေး
🚩 ၂။ စဉ့်ကူးမြို့နယ်အတွင်းက ဆင်ဝိုင်း ၂၁ ဝိုင်းကို PLA တပ်ရင်း ၂၂၂ မှ ထိန်းသိမ်း စောင့်ရှောက်ထား
🚩 ၃။ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ စစ်ကောင်စီဂိတ်စခန်းအား RC Planeများဖြင့် Drop ဗုံးများ ကြဲချ
🚩 ၄။ မူးမြို့နယ်အတွင်း ပြည်သူများအား ဖမ်းဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား အဓမ္မသိမ်းယူခြင်းများ ကျူးလွန်
🚩 ၅။ ရပ်စောက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိ
🚩 ၆။ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက် ခံရပြီးနောက် ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ဦးအား အကြောင်းမဲ့ ပစ်သတ်
🚩 ၇။ စစ်မှုထမ်းတပ်သားတစ်ဦး ရှေ့တန်းတစ်နေရာမှ လာရောက်ခိုလုံ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်သူလူထုတစ်ရပ်လုံးအား လူသားဒိုင်းသဖွယ် အသုံးချရန် ကြိုးစားသော လုပ်ရပ်ကို ခုခံတော်လှန်ရန်နှင့် ကမ္ဘာအရပ်ရပ်က နိုင်ငံများ ပြည်သူ့နွေဦးတော်လှန်ရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် NUG တိုက်တွန်း
စက်တင်ဘာလ ၃ရက်။
Radio NUG
အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုတစ်ရပ်လုံးအား လူသားဒိုင်းသဖွယ် အသုံးချရန် ကြိုးစားသော လုပ်ရပ်ကို ခုခံတော်လှန်ရန်နှင့် ကမ္ဘာအရပ်ရပ်က နိုင်ငံများ ပြည်သူ့နွေဦးတော်လှန်ရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းနှိုးဆော်သည့် ထုတ်ပြန်ချက် ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်တွင်-
အကြမ်းဖက်စစ်အုပ်စုသည် စစ်မှုမထမ်းမနေရဥပဒေကို အတင်းအကြပ် အသက်သွင်းပြီး အသက်(၁၈) နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များကို လူသားဒိုင်းအဖြစ် အဓမ္မစေခိုင်းရန် ဆောင်ရွက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၆ ရက်နေ့တွင် “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့” အမည်ဖြင့် လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကို ထပ်မံဖွဲ့စည်းကာ အသက် (၃၅) နှစ်မှ အသက် (၆၅) နှစ်အတွင်းရှိ သက်ကြီးပိုင်းပြည်သူလူထုကို အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းရန် ပြင်ဆင်ကြိုးပမ်းလာသည်ကို တွေ့ရကြောင်း၊
ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအားလုံး၏ ညီညွတ်မှုအင်အားကြောင့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး အဘက်ဘက်တွင် ရှုံးနိမ့်မှုများ ကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ သက်ဆိုးရှည်ရေး တစ်ခုတည်းအတွက် တိုင်းပြည်နှင့် ပြည်သူလူထုတစ်ရပ်လုံးကို ဓားစာခံများသဖွယ်၊ လူသားဒိုင်းများသဖွယ် အသုံးချနိုင်ရန် ရူးရူးမိုက်မိုက် ကြိုးပမ်းလာခြင်း ဖြစ်ကြောင်း
စစ်အာဏာရှင်စနစ်ဘေးဆိုးသည် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး တစ်ဦးတစ်ယောက်ချင်းစီတိုင်းအပေါ် ကျရောက်လာပြီဖြစ်သလို မည်သူမျှ မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်တော့သည်မှာ ပိုမိုထင်ရှားလာပြီဖြစ်ပြီး လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး၏ အင်အားကို အထင်သေးလျှော့တွက်သော အကြမ်းဖက် စစ်အုပ်စုအား “မိမိတို့ပြည်သူလူထုတရပ်လုံးသည် စစ်အာဏာရှင်ပြုသမျှ ခေါင်းငုံ့ခံမည့် သူများမဟုတ်” ဆိုသည်ကို အခိုင်အမာပြသ၍ နည်းလမ်းပေါင်းစုံဖြင့် ပြတ်ပြတ်သားသား ခုခံတော်လှန် ဆန့်ကျင်ကြရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ကမ္ဘာအရပ်ရပ်က နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး ကြုံတွေ့ခံစားနေကြရသော နာကျင်ခံစားရမှုများအားလုံး၏ အရင်းအမြစ်သည် စစ်အာဏာရှင်များနှင့် ၎င်းတို့၏ မတရား သောအမိန့်များကို လိုက်ပါဆောင်ရွက်နေသော တပ်ရင်း၊ တပ်ဖွဲ့၊ တပ်သားများ ဖြစ်ကြောင်းကို သိရှိ နားလည်စေချင်ပြီး အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအားလုံးကို လူသားဒိုင်းအဖြစ် အသုံးချလာသောလုပ်ရပ်များ ရပ်တန့်စေရေး ထိရောက်သော လုပ်ဆောင်မှုများကို ဆောင်ရွက်ကြရန်နှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းနှိူးဆော်ထားပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ
စက်တင်ဘာလ ၃ရက်။
RadioNUG
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ထုတ်ပြန်ကြေညာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ ရွေးကောက်ခံအရပ်သားအစိုးရအား အဓမ္မအာဏာသိမ်းရန် ကြိုးစားမှုကျူးလွန်ခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည့်အပြင် အာဏာရှင်စနစ် ပြန်လည် အသက်သွင်းရန် ကြိုးစားအားထုတ်ရာတွင် နိုင်ငံတော်ယန္တရားများကို အသုံးချ၍ ပြည်သူလူထုကို အကြမ်းဖက်မှု၊ ကြောက်ရွံ့ထိတ်လန့်စေမှု စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်မှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဟု အမည်ရှိသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီအား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၁၀/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ကြောင်း
ထပ်မံ၍ တရားရေးဝန်ကြီးဌာနက “အိမ်စောင့် အစိုးရအဖွဲ့”ဟု အမည်ရှိသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၃/၂၀၂၁)ဖြင့် မတရားအသင်းအဖြစ် ကြေညာခဲ့ကြောင်း အမိန့်ကြော်ငြာစာမှာ ပါရှိပါတယ်။
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသော “အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့” ဟုအမည်ရှိသည့် ယင်းအဖွဲ့သည် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သည့် United League of Arakan (ULA)/ Arakan Army (AA)၊ The Myanmar National Democratic Alliance Army (MNDAA) နှင့် Ta’ang National Liberation Army (TNLA) တို့အား အကြမ်းဖက်အုပ်စုအဖြစ် တရားမဝင် ကြေညာခဲ့ကြောင်း တွေ့ရှိရပြီး မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသော “အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့” ဟု အမည်ရှိသည့် ယင်းအဖွဲ့၏ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) နှင့် (၂/၂၀၂၄) တို့သည် တရားမဝင်ကြောင်း ကြေညာထားပါတယ်။
ထို့ပြင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသည့် “အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့” ဟု အမည်ရှိသော ယင်းအဖွဲ့သည် အကြမ်းဖက်အုပ်စု ဖြစ်သည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိသဖြင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် “ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့”ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပြီး ယင်းအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်သည်ဟု ဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို အိမ်နီးနားချင်းနိုင်ငံတွေအပါအဝင် နိုင်ငံအားလုံးက လေးစားပေးဖို့ အင်မတန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသတင်းစကားပါးဆို
စက်တင်ဘာလ ၃ရက်။
RadioလNUG
ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို အိမ်နီးနားချင်းနိုင်ငံ တွေအပါအဝင် နိုင်ငံအားလုံးက လေးစားပေးဖို့ အင်မတန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသတင်းစကားပါးဆိုလိုက်ပါတယ်။
စက်တင်ဘာ၃ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
"ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ဆိုတာဟာ စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ဖြတ်တိုက်ဖျက်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝအာမခံချက်ပေးနိုင်တဲ့ ခိုင်မာသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါ တယ်။ ဒီယုံကြည်ချက်နဲ့အတူ ပြည်သူ တစ်ရပ်လုံးဟာ အသက်တွေစွန့်၊ ဘဝတွေ စွန့်ပြီး ဒီကနေ့ထိ နောက်မဆုတ်တမ်း တိုက်ပွဲ ဝင်နေကြတာ ဖြစ်ပါတယ်။ ဒီလို ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို အိမ်နီးနားချင်းနိုင်ငံတွေအပါအဝင် နိုင်ငံအားလုံးက လေးစားပေးဖို့ အင်မတန် အရေးကြီးကြောင်း အစိုးရအဖွဲ့ အစည်းအဝေးက တစ်ဆင့် သတင်းစကားပါးလိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်မြန်မာ့အရေးကို စိတ်ဝင်တစားနဲ့ ကူညီဖြေရှင်းပေးကြဖို့ ကြိုးစားနေကြတဲ့ နိုင်ငံများအားလုံးကို အထူးကျေးဇူးတင်ရှိတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၀င်တွေကို ပဋိပက္ခနှင့်ငြိမ်းချမ်းရေးပညာရပ်များအား သြစတြေးလျNUG ကိုယ်စားလှယ်မျှဝေသင်ကြား
စက်တင်ဘာလ ၃ရက်။
Radio NUG
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်တွေကို ပဋိပက္ခနှင့်ငြိမ်းချမ်းရေးပညာရပ်များအား သြစတြေးလျNUG ကိုယ်စားလှယ်မျှဝေသင်ကြားခဲ့ပါတယ်။
စက်တင်ဘာ၃ရက်မှာ သြစတြေးလျ NUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကအသိပေးဆိုပါတယ်။
"ကိုယ်လေ့လာဆည်းပူးထားတာလေး မျှဝေဖြစ်တယ်။ ဒီနေ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၀င်တွေကို ကိုယ်လေ့လာဆည်းပူးထားတာလေး မျှဝေဖြစ်တယ်၊ စာသင်ချိန် (၇) ချိန်အပြီး အဆုံးသတ်ချိန်မှာ အဖွဲ့၀င်တွေက အသုံးတဲ့တယ်၊ အသုံး၀င်တယ်၊ အကျိုးရှိတယ်ဆိုလို့ ဖြစ်ရတဲ့ပီတိ ဒါနဲ့ပဲ အားတွေရှိတယ်"လို့ဆိုပါတယ်။
သြစတြေးလျNUGကိုယ်စားလှယ်ရုံးဟာ သံတမာန်ရေးရာကိစ္စရပ်များအပြင် တော်လှန်ရေးအထောက်အပံ့များလည်းပေးအပ်လျက်ရှိပါတယ်။
========================
📌📌 ၅။ ညီနောင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာဟာ TNLA အပေါ် သက်ရောက်မှု မရှိဘူးလို့ TNLA တုန့်ပြန်၊ TNLAကို တရုတ်ခေါ်တွေ့
စက်တင်ဘာလ ၃ရက်။
RadioလNUG
ညီနောင်မဟာမိတ် ၃ ဖွဲ့ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းဟာ စစ်ကောင်စီရဲ့ အလုပ်သာဖြစ်ပြီး တအာင်းတပ်မတော်- TNLA အပေါ် သက်ရောက်မှု မရှိဘဲ TNLA ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ရည်မှန်းချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက တုန့်ပြန် ပြောဆိုထားတယ်လို့ ရွှေဖီမြေသတင်းက ဖော်ပြထားပါတယ်။
“သူကြေညာခြင်း မကြေညာခြင်းက သူ့အပိုင်းဖြစ်တယ်။ ကျွန်မတို့ရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်အတိုင်း သွားနေတာ ဖြစ်တယ်” လို့ လွေးယေဦးက ပြောဆိုထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ နိုင်ငံပိုင် အဆောက်အအုံ ဖျက်ဆီးတာ၊ လမ်းတံတား မိုင်းခွဲဖျက်ဆီးတာ၊ လူနေထူထပ်တဲ့ နေရာကို လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပြီး တိုက်ခိုက်တာနဲ့ လူသစ် အတင်းအဓမ္မ စုဆောင်းတာတွေ လုပ်နေတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ စွပ်စွဲချက်သာ ဖြစ်တယ်လို့ လွေးယေဦးက ဆိုပါတယ်။
ဒါ့အပြင် TNLA ကို ဩဂုတ် ၃၀ ရက်မှာ တရုတ်နိုင်ငံက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ အတည်ပြု ပြောဆိုပါတယ်။
“ ဩဂုတ်လ ၃၀ ရက်မှာ ကျမတို့ PSLF/TNLA က ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တယ်။ ဆွေးနွေးပွဲ ရလဒ်က ဘာတွေဆွေးနွေးတယ်ဆိုတာကိုတော့ မသိရသေးပါဘူး” လို့ လွေးယေဦးက ပြောထားပါတယ်။
ဩဂုတ် ၃၀ ရက်မှာ TNLA အပြင် ဩဂုတ်လ ၂၇ ရက်နေ့မှာ ‘၀’တပ်ဖွဲ့ UWSA၊ ဩဂုတ် ၂၈ ရက်နေ့မှာ ကချင်တပ်မတော် KIAတို့နဲ့လည်း တရုတ်ရဲ့ အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းက တွေ့ဆုံခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။
========================
📌📌 ၆။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ 'Payap University' မှာ"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ပြသမယ်
စက်တင်ဘာလ ၃ရက်။
Radio NUG
စက်တင်ဘာလ ၆ ရက် (သောကြာနေ့) - ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ 'Payap University' မှာ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ပြပွဲ ကျင်းပမယ်လို့ဆိုပါတယ်။
ပြပွဲနေ့မှာ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" Film Screening အစီစဥ်မှာ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကား ၄ ကားကို အားပါးတရ ခံစားကြည့်ရှုနိုင်မှာ ဖြစ်တဲ့အပြင် Talk Session, Myanmar Performance, Singing Concert တွေနဲ့အတူ မြန်မာအစားအသောက်၊ အဝတ်အထည်များနဲ့ Artists' Shelter ရဲ့ Merchandise တွေကိုပါ ခင်းကျင်းရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ပြပွဲက ရရှိမယ့် လက်မှတ်ရောင်းရငွေအားလုံးနဲ့ အလှူခံရရှိငွေ အားလုံးဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ ရွက်ဖျဉ်တဲ၊ စားသောက်ကုန်တွေအပြင် စိုက်ပျိုးဖို့ သီးနှံမျိုးစေ့တွေကိုပါ ထောက်ကူနိုင်ဖို့ ရည်ရွယ်တယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တပ်ဖွဲ့ဝင် ရဲဘော်များအပြင် စစ်ဘေးရှောင်ပြည်သူများ၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေး
စက်တင်ဘာလ ၃ရက်။
Radio NUG
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ဆေးတပ်ဖွဲ့မှ ရဲဘော်များသည် တပ်ဖွဲ့ဝင်ရဲဘော်များအပြင် စစ်ဘေးရှောင်ပြည်သူများ၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေးလျက်ရှိကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လအတွင်း တပ်ဖွဲ့ဝင်ရဲဘော် ၉၁ ဦးနှင့် စစ်ဘေးရှောင်ပြည်သူ ၃၂၈ ဦးကို ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အများစုသည် ဖျားနာ၊ ညောင်းကိုက်၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ယားနာများ အဖြစ်များကြပြီး သက်ကြီးပိုင်းများအနေဖြင့် သွေးတိုး၊ မောပန်း၊ အားကျစသည့် ရောဂါများသာ တွေ့ရှိခဲ့ရကာ စစ်ဘေးရှောင်အမျိုးသမီးငယ်တစ်ဦး မြွေကိုက်ခံရတာနှင့် တောင်သူသိမ်းချိန် နှမ်းရိတ်ရင်း တံစဉ်ပြတ်ရှဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့ဝင်ရဲဘော်များအပြင် နီးစပ်ရာ ပြည်သူလူထုများ၊ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပြီး ဆေးဝါးများ လှုဒါန်းလိုပါက ဆက်သွယ်လှုဒါန်းနိုင်ပါကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ စဉ့်ကူးမြို့နယ်အတွင်းက ဆင်ဝိုင်း ၂၁ ဝိုင်းကို PLA တပ်ရင်း ၂၂၂ မှ ထိန်းသိမ်း စောင့်ရှောက်ထား
စက်တင်ဘာလ ၃ ရက်။
Radio NUG
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် အတွင်းရှိ ပြည်သူပိုင် ဆင်ဝိုင်း ၂၁ ဝိုင်းကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA တပ်ရင်း ၂၂၂ က ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ PLA က သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနဲ့ ဆင်အုပ်၊ ဆင်ထိန်းများ၊ မိသားစုများဟာ ဘေးကင်းရာ PLA ထိန်းချုပ် နယ်မြေအတွင်းကို ဇူလိုင်လ ၁၀ ရက်နေ့က စတင်ကာ ရှောင်တိမ်းလာကြတာလို့ ဆိုပါတယ်။
PLA ထိန်းချုပ်နယ်မြေအတွင်းမှာ နဂိုမူလက ဆင်ဝိုင်း ၁၀ ဝိုင်း ရှိနေခဲ့ပြီး ယခုအခါ စဉ့်ကူး မြို့နယ်က ဆင်ဝိုင်း ၁၁ ဝိုင်း ထပ်မံပြောင်းရွှေ့ လာတာကြောင့် ယခုအချိန်မှာ ဆင်ဝိုင်း ၂၁ ဝိုင်း ဆင်ကောင်ရေ ၁၃၈ ကောင်ထိကို ထိန်းသိမ်းစောင့်ရှောက် ပေးထားတာလို့ သိရပါတယ်။
အဆိုပါ ဆင်ဝိုင်းများကို ပြည်သူပိုင် ရတနာများအဖြစ် ထိမ်းသိမ်းကာကွယ် စောင့်ရှောက် ပေးထားမှာ ဖြစ်ပြီး ပြည်သူ့ဒီမိုကရေစီ အစိုးရသစ် လက်ထက်မှာ ပြန်လည်အပ်နှံသွားမှာဖြစ်တယ်လို့ PLA က အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ စစ်ကောင်စီဂိတ်စခန်းအား RC Planeများဖြင့် Drop ဗုံးများ ကြဲချ
စက်တင်ဘာလ ၃ရက်။
Radio NUG
စက်တင်ဘာ (၂)ရက်နေ့ နေ့လယ်ခင်းအချိန်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်းအား RC Planeများဖြင့် Drop ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း Shwe Nyar Myae PDFမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ပွဲတွင် စကစဘက်မှ အထိအခိုက်များ ရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
၄င်းစကစ ဂိတ်စခန်းသည် ပြည်သူလူထုအား မတရား ဆက်ကြေးကောက်ခံနေသော ဂိတ်စခန်းတစ်ခုဖြစ်ပြီး စကစ အထိအခိုက် အသေးစိတ် အချက်အလက်များအား သိရှိရပါက ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုအား ဒေါင်းအလံလွှင့်မည့် စေတမာန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Shwe Nyar Myae PDFတို့မှ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ရွှေညာမြေတပ်ဖွဲ့အတွက် မိုးတွင်းရိက္ခာ ဆန်အိတ်ရေ (၅၀)အလှူခံခြင်းမှ အိတ်ရေ (၇၀)ကျော်ထိ ရရှိခဲ့ပြီး ဝယ်ယူဖြည့်တင်းပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မူးမြို့နယ်အတွင်း ပြည်သူများအား ဖမ်းဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား အဓမ္မသိမ်းယူခြင်းများ ကျူးလွန်
စက်တင်ဘာလ ၃ရက်။
Radio NUG
ဩဂုတ်လ ၂၇ ရက်နေ့တွင် မူးမြို့နယ် လည်ပတ်ကျေးရွာအတွင်း တပ်စွဲထားသည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၃၅၁) တပ်မှ ကျွဲနွားကျောင်းသည့် ပရဲစီ ရွာသား စောကော်လာသူးနှင့် ရေလဲရွာသား ဦးသန်းထွန်းလင်း တို့အား ဖမ်းဆီးထားပြီး ၎င်းတို့၏ နွား(၂)ကောင်ကိုပါ ဖမ်းဆီးယူဆောင်သွားခဲ့တဲ့အပြင် ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မသိမ်းယူခြင်းတို့ ကျူးလွန်လျက်ရှိကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ထို့ပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ထောင်ထားသော မြေမြုပ်မိုင်းနင်းမိ၍ ပြည်သူ (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ ည ၁၀နာရီအချိန်တွင်လည်း ခမရ (၄၃၉)တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ရာ ပေါက်ဇလုတ် ကျေးရွာအတွင်း ကျရောက်ပြီး ပေါက်ဇလုတ်ရွာသား ဦးမြင့်ငွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိ၍ ကျွန်းကုန်းညောင်ခြေထောက် ကျေးရွာနေ ၁၈ နှစ်အရွယ် ကိုပြည့်ဖြိုးထက်၏ ခြေခြင်းဝတ် နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ကလည်း လိပ်ပေါရွာတွင် တပ်စွဲထားသည့် ခမရ (၃၀၆) ဖြူးတပ်ရင်းမှ ပြည်သူပိုင် ဆန်များနှင့် မြေဩဇာများ၊ အခြားအသုံးအဆောင်များ အဓ္ဓမသိမ်းယူခဲ့သည့်အပြင် ထိုနေ့ ညနေ ၆နာရီအချိန်၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် အာဏာအကြမ်းဖက်စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာကြီးအင်း ရွာသား ကိုမျိုးထွေး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာကြီးအင်းကျေးရွာ၊ နိုကလော်ကျေးရွာ နှင့် တောင်စုကျေးရွာရှိ ပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ရပ်စောက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိ
စက်တင်ဘာလ ၃ရက်။
Radio NUG
စက်တင်ဘာလ (၃)ရက်နေ့ နံနက် (၁၀:၁၅)အချိန်တွင် ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်၊ ဝါးပြားကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် လေးကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)မှ သတင်းထုတ်ပြန်ပါတယ်။
ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း အသက် (၆၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦးအပါအဝင် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက် ခံရပြီးနောက် ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ဦးအား အကြောင်းမဲ့ ပစ်သတ်
စက်တင်ဘာလ ၃ ရက်။
Radio NUG
မကွေးတိုင်း၊ ထီးလင်းမြို့နယ် မြောက်ပိုင်း၊ ရေမျက်နီရွာ ကာကင်းစခန်းက ပြန်ဆုတ်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပြည်သူ ၃ ဦးကို အကြောင်းမဲ့ ပစ်သတ် ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲခန့်မှာ အင်အား ၈၂ ဦးပါ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ဂန့်ဂေါခရိုင် တပ်ရင်း ၅ ရင်း စုဖွဲ့မှုမှ ရဲဘော်များက မိုင်း ၅ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရခဲ့တာတွေလည်း ရှိတယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း (15/16/17) - YRA ထီးလင်း က ထုတ်ပြန်ထားပါတယ်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးထားတဲ့ ဓါးစားခံများအနက် ၃ ဦးကို စက်တင်ဘာ ၂ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်က ပစ်သတ်ခဲ့တာဖြစ်ပြီး အလောင်းတွေကို ထီးလင်းမြို့နားက တောစပ်မှာ စွန့်ပစ်ထားတာပါ။
အခြားဖမ်းဆီးခံထားရတဲ့ ဓါးစာခံများအနက် လျှော်ဖြူပင်ရွာက ပြည်သူ ၈ ဦးမှာ ပြန်လည်လွတ်မြောက် လာခဲ့ပြီး သတ်ခံရသူ ၃ ဦးနဲ့အတူ ဖမ်းခံထားရတဲ့သူ တဦးလည်း ညဦးပိုင်းမှာ ထွက်ပြေးလွတ်မြောက် ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ စစ်မှုထမ်းတပ်သားတစ်ဦး ရှေ့တန်းတစ်နေရာမှ လာရောက်ခိုလုံ
စက်တင်ဘာလ ၃ရက်။
Radio NUG
စက်တင်ဘာလ(၁)ရက် ညနေ(၄)အချိန်တွင် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် အမှတ်(၅၅၆)တပ်ရင်းအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား မင်းခန့် ကိုယ်ပိုင်အမှတ်(တ-၅၈၆၄၂၈)သည် ရှေ့တန်းတစ်နေရာမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး လာရောက်ခိုလှုံခဲ့ကြောင်း တနင်္သာရီမြို့နယ်ပကဖမှ သတင်းထုတ်ပြန်ပါတယ်။
တပ်သား မင်းခန့်သည် ဟင်္သာတမြို့နယ်၊ ဇရပ်ကွင်းအုပ်စုတွင် နေထိုင်သူဖြစ်ပြီး လမ်းခရီးတစ်နေရာတွင် စစ်ကောင်စီမှ ပေါ်တာဆွဲ အဓမ္မတပ်သားစုဆောင်းခြင်း ခံလိုက်ရလို့ စစ်သင်တန်းကို စကက (၆)ဟင်္သာတတွင် ၆ လအကြာ သင်တန်းတက်ခဲ့ရကာ ဇူလိုင်လ (၂၆)ရက်တွင် စစ်မှုထမ်း အပတ်စဉ် (၂)သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။
နှစ်လနီးပါး တာဝန်ထမ်းဆောင်ခဲ့ရပြီး စစ်ကောင်စီ (၁၀၁)တပ်ရင်းမှ တပ်သားအသစ်အဖြစ် ရှေ့တန်းပို့ခြင်းခံလိုက်ရပြီး စက်တင်ဘာလတွင် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ အခွင့်အရေးရလို့ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း တပ်သားမင်းခန့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment